← Chapters

မင်းရဲ့လက်ကိုးချောင်းကို လက်ရှစ်ချောင်းဖြစ်အောင်လုပ်ပစ်မယ်

Vol. 38 Ch. 531

မင်းရဲ့လက်ကိုးချောင်းကို လက်ရှစ်ချောင်းဖြစ်အောင်လုပ်ပစ်မယ်

Vol. 38 Ch. 531

အခန်း (၅၃၁) မင်းရဲ့လက်ကိုးချောင်းကို လက်ရှစ်ချောင်းဖြစ်အောင်လုပ်ပစ်မယ်

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ချောင်းများဖြင့် လှံရှည်ပမာ ထိုးနှက်တိုက်ခိုက်သည်သာမက ဂဠုန်ခြေသည်းများကို ဆန့်ထုတ်လျှက် ထိုးစိုက်ကုတ်ခြစ်လိုက်သည်။

သိုင်းကွက်ပြောင်းလဲသည်ဆိုသော်လည်း ‘ဂဠုန်ဝေလငါးနတ်ဘုရားလက်သည်း’ ကို ‘မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်’ နှင့် ပေါင်းစပ်အသုံးပြု တိုက်ခိုက်ခြင်း ဖြစ်၏။

ထို့ပြင် နျန်ချန်ကို တိုက်ခိုက်နေသော သူ၏အရှိန်အဟုန်က လုံးဝ နှေးကွေးခြင်း မရှိပေ။

နျန်ချန်က ဒေါသတကြီးဖြင့်...

“ဘာလဲ... လက်သည်းသိုင်းချင်း ယှဉ်ချင်တာလား”

အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော နဂါးကိုကောင်လက်ချောင်း၏စွမ်းအားဖြင့် သွေးနီရောင်နဂါးကြီးက အောက်ဘက်သို့ ပြင်းထန်စွာ ကုတ်ဆွဲချလိုက်သည်။

သွေးနီရောင်နဂါးများစွာ ပျံသန်းထွက်ပေါ်လာစဉ် မိုးနှင့်မြေသည် ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုသည်ပင် ထိုခဏတွင် နှေးကွေးသွားပြီး အချိန်စီးဆင်းမှု ရပ်တန့်သွားသည့်အလား ထင်မှတ်ရ၏။

နျန်ချန်က သွေးနီနဂါးဂိုဏ်း၏ အပြင်းထန်ဆုံး လူသတ်တိုက်ကွက်ဖြစ်သော “နဂါးကိုးကောင်နတ်ဘုရားလက်သည်း” ကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းပင်။ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးရရှိသည့်အခါ နျန်ချန်၏မျက်ဝန်းများက အလင်းရောင်များတောက်ပလျှက် ကြမ်းတမ်းသော နဂါးကိုးကောင်လက်ချောင်းက ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ဖဝါးကို ထိမှန်သွားသည်။

လက်သည်းချင်း ၊ လက်ချောင်းချင်း ရိုက်ခတ်မိကြပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ ကြောက်မက်ဖွယ်ရာစွမ်းအားက ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်တစ်ဖက်ကို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေသည်။

တစ်ချိန်တည်းမှာပင် ရှန်စစ်ချန်နှင့် သွေးနီနဂါးဂိုဏ်းမှသိုင်းသမားများက ရန်ကျောက်ကဲကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြ၏။

သွေးနီနဂါးများစွာ မိုးမြေကိုထိုးခွင်းသည့်အလား လေထုထဲဖြတ်သန်းလာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံ လျှင်မြန်စွာ ဝင်ရောက်လာသည်။

ရန်ကျောက်ကဲကတော့ ထိုက်စန်းတောင်ကြီးပမာ တည်ငြိမ်နေသည်ပင်။

နဂါးကိုးကောင်လက်ချောင်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ချိန် ကိုယ်ပွားခန္ဓာတစ်ခုလုံး ကြောက်မက်ဖွယ်ရာ တုန်ခါသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချက်ချင်းပင် ဒဏ္ဍာရီလာဝေလငါးကြီးအဖြစ် ပြောင်းလဲသွားပြီး ရေထဲမှ ခုန်ထွက်လိုက်သည့်အခါ အတောင်ပံများကို ကျယ်ပြန့်စွာဖြန့်ကားလျှက် ဂဠုန်ငှက်ကြီးအသွင် ပြောင်းလဲသွားသည်။

ကြီးကျယ်ခမ်းနားပြီး အသက်ဝင်နေသော ချီစွမ်းအားနှင့် သွေးစွမ်းအားများက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဖြတ်သန်းထွက်ပေါ်လာသည်။

ဆန့်ထုတ်ထားသော သူ၏လက်သည်းများက တိုက်ကွက် ပြောင်းလဲလိုက်၏။

သူက မိုးမြေကိုဖမ်းဆုပ်သည့်အလား လက်သီးဆုပ်လိုက်ပြီး နဂါးကိုးကောင်လက်ချောင်း၏ လက်ဖဝါးအလယ်တည့်တည့်သို့ ပြင်းထန်စွာထိုးနှက်ချလိုက်သည်။ ထို့နောက် လက်ဖဝါးကိုပြန်ပြီး ဖြန့်လိုက်သည်။

လက်သီးဆုပ်ရာမှ လက်ဖဝါးဖြန့်လိုက်သည့်အခါ လှံရှည်တစ်ခု လက်ဖဝါးအလယ်သို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည့်အလား ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ လက်သည်းချက်က ပတ်ဝန်းကျင်တစ်ခုလုံးကို ကျော်လွန်သွားပြီး နှေးကွေးသွားသောအချိန်စီးကြောင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

နျန်ချန် အနည်းငယ် မျက်နှာပျက်သွား၏။

ရန်သူအသုံးပြုလိုက်သော မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည် တိုက်ကွက်သည် အခန့်မသင့်ပါက သူ့လက်ဖဝါးကို ထုတ်ချင်းပေါက်သွားစေနိုင်သည်။

“လှည့်စားတဲ့တိုက်ကွက်ပဲ...”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက “ဂဠုန်ဝေလငါးနတ်ဘုရားလက်သည်း” သိုင်းကွက် ထုတ်ဖော်လိုက်ခြင်းမှာ တကယ်တော့ ရန်သူကို မျှားခေါ်သည့် ဗျူဟာတစ်ခုသာ ဖြစ်သည်။

နျန်ချန် ဒေါသထွက်သွားသော်လည်း စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်းမရှိဘဲ တိကျသောဆုံးဖြတ်ချက်ဖြင့် ပြန်လည်တိုက်ခိုက်သည်။

သူက သိုင်းကွက်ကို ယာယီပြောင်းလဲလိုက်ပြီး နဂါးကိုးကောင်လက်ချောင်းဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုတော့ဘဲ ထူးခြားသည့် စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သည်။ နဂါးလက်သည်းများပမာ ချွန်မြထက်ရှနေသော နဂါးကိုးကောင်လက်ချောင်း လက်အိတ်အစွပ်မှ သွေးနီရောင်အလင်းတန်းများ တောက်ပလာ၏။

အလင်းတန်းတစ်ခုစီတွင် မတူညီသော သွေးနီရောင်နဂါးကိုးကောင်ရှိနေပြီး နဂါးများက တစ်လုံးတစ်စည်းထဲ ပေါင်းစပ်သွားသည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားလှံရှည်က ထိုးခွဲတိုက်ခိုက်လိုက်သည့်အခါ သွေးနီရောင်နဂါးများ ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်တွင် သွေးမှုံများ လွင့်ပျံသွားသည်။

တစ်ချိန်တည်းမှာပင် နျန်ချန်နှင့် သူ၏အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော သွေးနီရောင်နဂါးကြီး နောက်သို့လွင့်ထွက်သွား၏။ သို့သော် နျန်ချန်က တည်ငြိမ်စွာပင် ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

ထိုအချိန် သူ့ထံဝင်ရောက်တိုက်ခိုက်လာ‌သော သွေးနီနဂါးဂိုဏ်းသားများကို ရန်ကျောက်ကဲက အ‌ရေးမစိုက်ဟန် လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။

သူက လက်ဖဝါးကို အထက်သို့ အသာပင့်မြှောက်ပြီးမှ အောက်သို့ ဖိနှိပ်ချလိုက်၏။

သူ့ကို ပထမဆုံးဝင်ရောက်တိုက်ခိုက်လာသူက အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည်။ ထိုသူက သွေးနီနဂါးဂိုဏ်း၏ ဝါရင့်အကြီးအကဲတစ်ယောက်လည်း ဖြစ်၏။

ထိုသူ၏လက်ချောင်းများက နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ပြောင်းလဲသွားပြီး သူ၏ သွေးကြောဆုံချက်များမှ အင်းသင်္ကေတများ ထွက်ပေါ်လာကာ ထိုအင်းသင်္ကေတများ တစ်ခုနှင့်တစ်ခု ရစ်ခွေထိခတ်လျှက် သွေးနီရောင်နဂါးများအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် နဂါးများစွာ အချင်းချင်းပေါင်းစပ်သွားပြီး နဂါးကိုးကောင် ထွက်ပေါ်လာသည်။

ထိုသိုင်းပညာကို ရန်ကျောက်ကဲ ယခင်က တွေ့မြင်ဖူးသည်။

မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ဟိုင်ကျန့်ကျယ်နှင့်တိုက်ခိုက်စဉ်က ထိုသိုင်းပညာကို အသုံးပြုခဲ့သည်ပင်။ သို့သော် အမတဝိညာဉ်အဆင့်ရှိသော ဟိုင်ကျန့်ကျယ်နှင့်ယှဉ်လျှင် အမတလက်ဖွဲ့အဆင့်ရှိသော ဤအကြီးအကဲ၏ တိုက်ခိုက်မှုက ပိုမိုစွမ်းအားမြင့်မားပေ၏။

ရန်သူ၏တိုက်ခိုက်မှုက အရှိန်အဟုန်ပြင်းထန်သည့်တိုင် ရန်ကျောက်ကဲက အရေးမစိုက်ဘဲ သူ၏လက်ဖဝါးကို ဖြည်းညင်းစွာ ‌အောက်သို့ ဖိချလိုက်သည်။

သို့သော် သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲ၏မျက်လုံးထဲတွင် ထို လက်ဖဝါးက သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးကို ဖိနှိပ်လိုက်သည့်အလား ခံစားရသည်။

ကောင်းကင်တစ်ခုလုံး ပြိုကျသွားပြီ...။

သူ့စိတ်ထဲတွင် ရန်ကျောက်ကဲက ကောင်းကင်ကိုးထပ်အထက်တွင် မြင့်မားစွာမတ်တတ်ရပ်နေပြီး သူ၏ တန်ခိုးစွမ်းအားက အနှိုင်းမဲ့ လွှမ်းမိုးနိုင်စွမ်းဖြင့် ပြည့်နက်နေသည်။ ထိုလူငယ်က ပိုမိုမြင့်မားသော ဘုံကမ္ဘာတစ်ခုမှ သူ့ကို ငုံ့ကြည့်နေသည့်အလား ခံစားရ၏။

ရန်ကျောက်ကဲ လက်ဝါးရိုက်ချက် ကျဆင်းလာသည့်အခါ မိုးမြေ ပြောင်းပြန်လန်သွားပြီး ကောင်းကင်ကြီး ပြိုကျလာသည့်ပမာ ဖြစ်သည်။

သူ၏လှုပ်ရှားမှုက အလျှင်စလိုမဟုတ်သလို နှေးကွေးလေးလံခြင်းလည်း မရှိပေ။ သို့သော် ထိုလက်ဖဝါးမှ လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ပေ။

မိုးနှင့်မြေကြားတွင် အသက်ရှင်သန်သောလူသားတစ်ယောက်အနေဖြင့် မိုးမြေပြောင်းပြန်လန်သွားသည့်အခါ သေခြင်းတရား ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲအနေဖြင့် ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် မိုးမြေကို အမှန်တကယ် ပြောင်းပြန်လှန်ရန် မဖြစ်နိုင်ကြောင်း သိရှိသည်။

သို‌သော် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က သူ့စိတ်အာရုံတစ်ခုလုံးကို လွှမ်းမိုးသွားပြီး လက်ဝါးရိုက်ချက်ကျရောက်လာသည်ကို သိရှိသည့်တိုင် ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပေ။

ထိုခဏတွင်...

ဒဏ္ဍာရီများထဲတွင်သာ တည်ရှသော ထိပ်တန်းအဆင့် သိုင်းပညာတစ်ခုဖြစ်သည့် “စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်” သည် သေမျိုးလူသားလောကတွင် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေ၏။

ရန်‌ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကျဆင်းလာသည်နှင့် ထိုသူ၏ အမတအင်းသင်္ကေတများ တစ်စစီ ပြိုကျသွားသည်။

များပြားလှစွာသော ဝိညာဉ်သင်္ကေတများ တစ်ခုပြီးတစ်ခု တစ်စစီ ကွဲကြေသွားပြီးနောက် သွေးနီရောင်နဂါးများမှာလည်း အရိုးများအသားများ ကြေမွအက်ကွဲသွားပြီး ကြောက်မက်ဖွယ်ရာ အော်ညည်းသံများ ထွက်ပေါ်လာသည်။

ရှန်စစ်ချန်နှင့်အခြားသူများမှာ ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ သူတို့ဂိုဏ်းမှ ဝါရင့်အကြီးအကဲ လက်ဝါးဖြင့် ရိုက်ချခံရသည်ကို ကြက်သေသေလျှက် ငေးကြောင်ကြည့်နေမိကြသည်။ ထိုအကြီးအကဲမှာ ဦးနှောက်များပေါက်ထွက်လျှက် အသားစများ နေရာအနှံ့ပျံ့ကျဲကာ အသက်ပျောက်သွားပေပြီ။

သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများအားလုံး အံ့အားသင့်လျှက် ရှိကြသည်။

ရန်ကျောက်ကဲသည် အလွန်စွမ်းအားမြင့်မားပြီး ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သည့် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သိရှိထားသည့်တိုင် အဆင့်တူများဖြစ်သော ရေသလင်းနန်းတော်မှ ကျန်းဟောက်ချန် ၊ ကျန်လုန်ဂိုဏ်းမှ လီရှန်တို့ကိုသာ အနိုင်ယူနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ ထိုလူငယ်က ဤအတိုင်းအတာထိ စွမ်းအားမြင့်မားနေမည်ဟု တွေးထင်မထားခဲ့ပေ။

လက်ဝါးတစ်ချက်တည်းဖြင့်...။

သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားသော သိုင်းဆရာသခင်တစ်ယောက်ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။

ရှန်စစ်ချန်က အမတလက်ဖွဲ့နှောင်းပိုင်းအဆင့်ဖြစ်သော်လည်း မြင်ကွင်းကိုကြည့်ရင်း တစ်ကိုယ်လုံး‌အေးစက်သွားပြီး ဦးခေါင်းထဲ သွေးစောင့်တက်သွားတော့သည်။

ထိုအချိန် ပြင်းထန်သော နှစ်ဖက်တိုက်ပွဲကြောင့် သီးခြားနယ်မြေမှာ ပြိုကျလုနီးပါး ဖြစ်လာလေသည်။

နက်ရှိုင်းသော ချိုင့်ဝှမ်းအောက်ဘက် မြေပြင်က အပြည့်အဝ အက်ကွဲသွားပြီး အတွင်းမှ အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအချိန် ကျောက်စိမ်းဓားက ပြင်းထန်စွာတုန်ခါသွားသည်ကို ခံစားရပြီး ချက်ချင်းပြန်လည် အားပျော့သွားသည်။

ရန်ကျောက်ကဲ မျက်မှောင်တစ်ချက်ကြုံ့ရင်း အလင်းတန်းထွက်ပေါ်လာရာ အောက်ဘက်သို့ ဆင်းသက်သွား၏။

နျန်ချန်က တိုက်ခိုက်ရန်ဟန်ပြင်လိုက်သော်လည်း ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလွန်လွှမ်းမိုးနိုင်စွမ်း မြင့်မားပြီး နေရာအနှံ့သွေးမှုံများ ပိတ်ဆို့ထားသည့်တိုင် လှုပ်ရှားမှုက ရပ်တန့်သွားခြင်း မရှိပေ။

သူက နဂါးကိုးကောင်လက်ချောင်း၏ လက်ဖဝါးအလယ်ဗဟိုသို့ ထိုး‌ဖောက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ လက်သည်းဖြင့် ကုတ်ခြစ်ချလိုက်သည်။

နဂါးကိုးကောင်လက်ချောင်းမှ ပြင်းထန်သောစွမ်းအားများ ပေါက်ကွဲထွက်လာချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဂဠုန်ဝေလငါးနတ်ဘုရားလက်သည်းဖြင့် နျန်ချန်၏ လက်ချောင်းတစ်ချောင်းကို ဖမ်းဆုပ်လိုက်သည်။

နျန်ချန် အလွန်အမင်း မျက်နှာပျက်ယွင်းသွား၏။

အောက်သို့ဆင်းသွားသည့် ရန်ကျောက်ကဲမျက်နှာထက်တွင် အေးစက်သောအပြုံးတစ်စထင်ဟပ်လာချိန် နျန်ချန်ရှေ့တွင်ရှိနေသော ‌မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း ရက်စက်ကြမ်းတမ်းစွာ ပြုံးလိုက်၏။

“ဟားဟား... နဂါးကိုးကောင်လက်သည်းဘုရင် နျန်ချန် တဲ့လား ၊ ဒီနေ့ကစပြီး လက်ရှစ်ချောင်းဘုရင်လို့သာ ခေါ်ပေတော့...”

ရန်ကျောက်ကဲအသံ ပဲ့တင်ထပ်ထွက်ပေါ်လာချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော နဂါးကိုးကောင်လက်ချောင်း လက်အိတ်အစွပ်စွပ်ထားသည့် နျန်ချန်၏ လက်ချောင်းတစ်ချောင်းကို ဆွဲဖြုတ်ချိုးချေ ပစ်လိုက်သည်။

နျန်ချန် နာကျင်စွာ အော်ဟစ်လိုက်၏။

သူ၏ လက်ချောင်းတစ်ချောင်းကို ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဖြတ်တောက်ပစ်လိုက်ပေပြီ။ သူ၏ ညာဘက်လက်ညှိုး ပြတ်တောက်ကျသွားပြီး သွေးမှုံများအဖြစ် ပြောင်းလဲသွားလေတော့သည်။

All Chapters