← Chapters

လက်ချောင်းရှစ်ချောင်းကိုချန်ထားတာ အကောင်းမဟုတ်ဘူး

Vol. 38 Ch. 532

လက်ချောင်းရှစ်ချောင်းကိုချန်ထားတာ အကောင်းမဟုတ်ဘူး

Vol. 38 Ch. 532

အခန်း (၅၃၂) လက်ချောင်းရှစ်ချောင်းကိုချန်ထားတာ အကောင်းမဟုတ်ဘူး

လက်ချောင်းကိုးချောင်းပါရှိသော အထွတ်ထိပ်မှော်ဝင်လက်နက် “နဂါးကိုးကောင်လက်ချောင်း”။

သို့သော် ထိုလက်ချောင်းများထဲမှတစ်ခုမှာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ပြန်လည်ရယူနိုင်ခြင်း မရှိတော့ပေ။

ရှန်စစ်ချန်နှင့် အခြားသူများ အလွန်တရာ ထိတ်လန့်သွားချိန် နျန်ချန်၏ မျက်လုံးများက ပေါက်ထွက်လုနီးပါး နီရဲပြူးကျယ်လျှက် ရှိ၏။

သူက ဆက်လက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် သူတို့ရှိနေသော သီးခြားနယ်မြေက တဟုန်ထိုး ပြိုကျလာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရန်ကျောက်ကဲနောက်သို့လိုက်သွားပြီး အောက်ဘက်ရှိ တောက်ပသောအလင်းတန်းဆီသို့ ခုန်ဝင်သွားသည်။

နျန်ချန်က သူ့ဒဏ်ရာကို အရေးမစိုက်နိုင်ဘဲ ‌ဒေါသတကြီးအော်ဟစ်ရင်း ကျန်ရှိနေသည့် လက်သည်းရှစ်ချောင်းဖြင့် ရန်ကျောက်ကဲကို ရိုက်ချလိုက်ချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်မြှောက်ကာ တားဆီးလိုက်၏။

လက်ဝါးရိုက်ချက်နှစ်ခု လေထုထဲတွင် ထိပ်တိုက်တွေ့သွားပြီးနောက် နျန်ချန် အပေါ်သို့ လွင့်ထွက်သွားသည်။ ထိုအချိန် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အောက်ဖက်ရှိ အလင်းတန်းများထွက်ပေါ်လာရာဆီသို့ ဆင်းသက်သွား၏။

ရန်ကျောက်ကဲက...

“အခု ငါ့တူလေးကို ရှာရမှာမို့လို့ မအားသေးဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ စိတ်ချ... ၊ ဒီကိစ္စ မပြီးသေးဘူး ၊ မင်းရဲ့ လက်ချောင်းရှစ်ချောင်းကို ချန်ထားတာ အကောင်းမဟုတ်ဘူး ၊ ဒီကိစ္စတွေပြီးသွားရင် အကုန်ဖြတ်ပစ်မယ်”

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း နျန်ချန်၏ဒေါသတကြီး အော်ဟစ်သံက ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

သူတို့အားလုံး ရန်ကျောက်ကဲနောက်သို့လိုက်ရန် ဟန်ပြင်လိုက်စဉ် မူလကအက်ကွဲနေသည့် သီးခြားနယ်မြေက တဟုန်ထိုးပြိုကျလာသဖြင့် ကိုယ့်အသက်မသေအောင် အရင်ဆုံး ကာကွယ်လိုက်ကြရ၏။

ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်ငြိမ်သက်သွားချိန် အောက်ဘက်မှ ထွက်ပေါ်နေသောအလင်းတန်းသည်လည်း ပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

နျန်ချန်၏မျက်နှာက ကြေကွဲပက်လက်ဖြစ်နေပြီး ကြောက်စရာကောင်းလောက်အောင် မှောင်မှိုင်းနေသည်။ အနားတွင်ရှိနေသော သွေးနီနဂါးဂိုဏ်းသားများမှာလည်း စိတ်ပျက်လက်ပျက် ခံစားနေကြရ၏။

“ဆရာ...”

ရှန်စစ်ချန်က နျန်ချန်အနားရောက်လာပြီး ညာဘက်လက်မှ သွေးထွက်နေသည့်ဒဏ်ရာကို စိုးရိမ်စွာကြည့်လိုက်သည်။

နျန်ချန်က...

“သူတို့ယူသွားတဲ့ နဂါးလက်သည်းတစ်ချောင်းရဲ့ တည်နေရာကို ငါ အာရုံခံနိုင်တယ် ၊ ဒီ ကောင်စုတ်လေးနဲ့ ဟို ခွေးသားလေး ရှီကျွင်း ပြေးမလွတ်ပါဘူး”

ရှန်စစ်ချန်က ခေါင်းညိတ်ရင်း...

“ဓားအသင်္ချေရေကန်က ဂိုဏ်းချုပ်’ယန်ကန်း’ ကို ကျွန်တော် ဆက်သွယ်ထားတယ် ၊ ရေသလင်းနန်းတော်ကလူတွေ ရောက်လာမှာ စိုးရိမ်ရတယ်လေ”

နျန်ချန်က...

“ရေသလင်းနန်းတော်က ငါတို့နှစ်ဖက်လုံးကို ဆုံးရှုံးစေချင်မှာပဲ ၊ အဲဒီရန်ကျောက်ကဲက ချန်လီတောင်ဘက်က ရပ်တည်တယ်ဆိုတော့ ရေသလင်းနန်းတော်နဲ့ ချန်လီတောင်က အဆင်ပြေနိုင်ပါဦးမလား”

သူက ဆက်ပြောသည်။

“ငါ့မြေးသေသွားပြီဆိုတဲ့သတင်းကို အားလုံးသိအောင် ပြောလိုက်ပါ ၊ ဒင်းတို့ ငါ့အကြောင်း ကောင်းကောင်းသိစေရမယ် ၊ ငါ့ကိုတားဆီးတဲ့သူအကုန်လုံး ငါ့ရန်သူပဲ”

နျန်ချန်၏ အကြည့်များ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

“အဲဒီ ရန်ကျောက်ကဲဆိုတဲ့ကောင် ကြယ်စင်လှည့်ပြောင်းပင်လယ်မှာ ရောက်နေတဲ့အကြောင်း သတင်းဖြန့်လိုက် ၊ ဒီကောင့်မှာ ရန်သူတွေအများကြီးပဲ ၊ ဒီ အဘိုးကြီးက ရှေ့တန်းမှာ ဒီကောင့်ကို ဖိအားပေးတိုက်ခိုက်မယ် ၊ သူ့ဘက်က အားနည်းသွားမယ်ဆိုရင် သူ ပြုတ်ကျချိန်မှာ ဝိုင်းကန်ချင်တဲ့သူတွေမှ အများကြီးပဲ”

“မိစ္ဆာသူတော်စင်ဂိုဏ်း ၊ ရှားလော်ဂိုဏ်း ၊ ကြံ့ဝိညာဉ်ကျွန်း... ပြီးတော့ မိစ္ဆာဂိုဏ်းအားလုံး... ၊ ဒီကောင်လေး ချန်လီတောင်နဲ့ ပူးပေါင်းမှာကို ဒီအတိုင်းကြည့်နေမယ်များထင်သလား ၊ ဟက်... သံမဏိနဲ့လုပ်ထားဦးတော့ ဒီဒဏ်ကို ခံနိုင်မလား ငါ စောင့်ကြည့်ချင်တယ်”

သွေးနီနဂါးဂိုဏ်းမှ ဝါရင့်အကြီးအကဲက လေးနက်သည့်အသံဖြင့်...

“ဒါပေမဲ့ ကျွန်တော်တို့ အားနည်းသွားတဲ့အချိန်မှာလည်း ကျွန်တော်တို့ကို ဝိုင်းနင်းဖို့ ချောင်းနေကြတဲ့လူတွေ ရှိတယ်လေ”

နျန်ချန်က အေးစက်စွာဖြင့်...

“အေးလေ... အဲဒါကြောင့် ဓားအသင်္ချေရေကန်ကို ဆက်သွယ်ခိုင်းတာပေါ့ ၊ သူတို့အနေနဲ့ ရန်ကျောက်ကဲကို ရှင်းပစ်ဖို့ မလိုအပ်ဘူး ၊ ငါတို့အတွက် နောက်ခံအင်အားဖြည့်ပေးရုံပဲ ၊ ငါတို့က ဒီကောင်စုတ်လေးနှစ်ယောက်ကို လက်စားချေချင်တာကလွဲလို့ စိတ်မဝင်စားဘူး”

ဝါရင့်အကြီးအကဲက...

“အဲဒီ ‘ရန်’ မျိုးနွယ်ကောင်လေးကို သတ်လိုက်မယ်ဆိုရင် သူပိုင်ဆိုင်သမျှ ရတနာပစ္စည်းအတွေအကုန်လုံး ဓားအသင်္ချေရေကန်က ရသွားလိမ့်မယ် ၊ ယန်ကန်းက ဘာမှလုပ်စရာမလိုဘဲ အလိုလိုနေရင်း ပွသွားမှာပေါ့”

ထိုစကားကြောင့် သွေးနီနဂါးဂိုဏ်းမှလူများ ချီတုံချတုံ ဖြစ်နေကြချိန် နျန်ချန်က အေးစက်သောအကြည့်ဖြင့် အားလုံးကို ဝေ့ကြည့်လိုက်တော့မှ အားလုံး ထိတ်လန့်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

နျန်ချန်က လက်တစ်ဖက်ဝှေ့ယမ်းရင်း နျန်ဝေ၏အလောင်းကို သိမ်းယူလိုက်သည်။

“ဒီ သီးခြားနယ်မြေမှာ ဝေအာရဲ့အလောင်း ပျောက်ပျက်မသွားလို့ တော်သေးတယ် ၊ ငါ့မြေးအလောင်းကို တောင်ပေါ်ပြန်ပို့ပြီး စနစ်တကျ ထိန်းသိမ်းထားပါ ၊ မသဂြိုဟ်ကြနဲ့ဦး... ၊ ငါ့မြေးအတွက် ရှီကျွင်းရဲ့ဦးခေါင်းကို ဖြတ်ပြီးမှ သဂြိုဟ်မယ်”

ရှန်စစ်ချန်က ခေါင်းညိတ်လိုက်စဉ် နျန်ချန်က နှစ်သိမ့်ဟန်ဖြင့် စကားဆိုသည်။

“မင်းရဲ့သမီးလေး ယင်းအာတော့ ဘာမှမဖြစ်လောက်ပါဘူး ၊ သူ အန္တရယ်ကင်းမှာပါ”

ထို့နောက် သူက အရှေ့ဆီမှ ပင်လယ်ပြင်ကို လှမ်းကြည့်ရင်း...

“ကဲ... သူတို့နောက် လိုက်ကြတာပေါ့”

***

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ တောက်ပသောအလင်းရောင်အလွှာများကို ဖြတ်ကျော်လာခဲ့ကြသည်။

အတန်ကြာပြီးနောက် အလင်းရောင်များ တဖြည်းဖြည်းမှေးမှိန်သွားပြီး အရာဝတ္ထုများက သူတို့၏ အမြင်အာရုံတွင် နောက်တစ်ကြိမ် ပြန်လည် ထင်ဟပ်လာကြသည်။

ရန်ကျောက်ကဲ မျက်စိရှေ့တွင် တွေ့မြင်လိုက်ရသည်က အလွန်တရာကြီးမားသော နန်းတော်ကြီးတစ်ခုပင်။

သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လှည့်ကြည့်လိုက်တော့ ထိုကိုယ်ပွားက တည်ငြိမ်နေသည့်တိုင် တင်းတင်းကျပ်ကျပ်လက်သီးဆုပ်ထားသော လက်တစ်ဖက်က အနည်းငယ်တုန်ယင်နေကြောင်း တွေ့ရသည်။

ထိုလက်ထဲတွင် အသက်ဝင်နေသော အရာဝတ္ထုတစ်ခုက အဆက်မပြတ် ရုန်းကန်နေဟန် ရှိ၏။

ဟုတ်ပေသည်။ ထိုလက်ထဲတွင် “နဂါးကိုးကောင်လက်ချောင်း” မှ ပြတ်ထွက်လာသော လက်ချောင်းတစ်ခုကို ဆုပ်ကိုင်ထားခြင်း ဖြစ်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကြီးမားသောစွမ်းအားဖြင့် ထိုနဂါးလက်သည်း လွတ်ထွက်မသွားအောင် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ၎င်းလက်အိတ်အစွပ်အပိုင်းအစက နာခံလိုဟန်မရှိဘဲ ခုခံတွန်းလှန်နေသည်။

ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးရင်း...

“အထွတ်ထိပ်မှော်ဝင်ပစ္စည်း အပြည့်အစုံမဟုတ်လို့ သန့်စင်လို့ မရတာဖြစ်ရမယ်”

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ အနောက်ဘက်တွင် နက်မှောင်သော ကျောက်တောင်တန်းများ ရှိနေသည်ကို တွေ့ရသည်။

သီးခြားနယ်မြေတစ်ခုဖြစ်သော ချိုင့်ဝှမ်းမှတစ်ဆင့် ဗလာနယ်ကို ဖြတ်ကျော်ကာ နေရာတစ်ခုသို့ ရောက်ရှိလာဟန်ပင်။

ကျောက်တန်းများနှင့် ကျောက်သားမြေပြင်များက စိုထိုင်းစရှိနေပြီး ဤနေရာမှ ချီစွမ်းအားများကို အာရုံခံခြင်းအားဖြင့် ပင်လယ်ရေအောက် သန္တ‌ကျောက်တန်းတစ်ခုအတွင်း ရောက်ရှိနေကြောင်း သိလိုက်ရ၏။

ဤနေရာတွင် ကြီးမားသောနန်းတော်ကြီးတစ်ခု ရှိနေပြီး ဖုံးကွယ်ထားသည့် အရံအတားစွမ်းအားကလည်းကြီးမားလွန်းလေရာ ပတ်ဝန်းကျင်မှလူများ မည်သည့်နည်းနှင့်မှ သတိမပြုနိုင်ကြပေ။

ထို့ကြောင့် ပင်လယ်ရေပြင်ထက် လှည့်ပတ်သွားလာရုံဖြင့် ပင်လယ်ရေအောက် သန္တာကျောက်တန်းများထဲရှိ ထူးခြားသော ဗလာနယ်ထဲတွင် ဤမျှထူးခြားသောနေရာတစ်ခုရှိနေကြောင်း သိရှိရန် ခက်ခဲပေမည်။

“အင်း... ပြဿနာတစ်ခုတော့ ရှိတယ်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

သီးခြားနယ်မြေချိုင့်ဝှမ်းသည် ရန်ကျောက်ကဲ တွေးထင်သည်ထက် သာလွန်သည်ပင်။

သိုင်းသူတော်စင်အဆင့်ရှိသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော “နဂါးကိုးကောင်လက်ချောင်း” ပြင်းထန်စွာတိုက်ခိုက်ကြသည့်တိုင် သီးခြားနယ်မြေချိုင့်ဝှမ်းက အချိန်အတော်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။

ထို့ကြောင့် ဤ နန်းတော်ကြီးနှင့် ဆက်စပ်နေသည့် သီးခြားနယ်မြေချိုင့်ဝှမ်းသည် ရိုးရှင်းခြင်းမရှိသည်မှာ အသေအချာပင်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲတွင် ဆုပ်ကိုင်ထားသော နဂါးလက်သည်းကိုကြည့်ရင်း ရန်ကျောက်ကဲ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

“ဟိုဘက်မှာကျန်ခဲ့တဲ့ နဂါးလက်သည်းရှစ်ချောင်းပဲ ရှိတော့တဲ့ လက်အိတ်အစွပ်က ဒီနဂါးလက်သည်းနဲ့ ဆက်သွယ်နေရမယ် ၊ ဒါဆိုရင် ဒီချိတ်ဆက်မှုကို အခြေခံပြီး သွေးနီနဂါးဂိုဏ်းကလူတွေ ဒီနေရာကို ရှာတွေ့သွားနိုင်တယ်”

ရန်ကျောက်ကဲက တွေးတောနေရင်း ရန်သူများရောက်လာလျှင် အသင့်တိုက်ခိုက်နိုင်ရန် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ထုတ်ယူလိုက်၏။

သို့သော် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ထုတ်ယူလိုက်သောအခါ ထိုတိုင်လုံးကြီးက ပြင်းစွာတုန်ခါသွားပြီး သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလုမတတ် ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။

ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် လှုပ်ရှားသွားသည်။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို သူပိုင်ဆိုင်ထားသည်မှာ အလွန်အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဝီရိယရှိရှိ သန့်စင်ပေးထားသဖြင့် လိုသလိုစေခိုင်းနိုင်သော အနေအထားသို့ ရောက်ရှိနေပေပြီ။

အရင်အချိန်များတုန်းက ယခုလို ထိန်းချုပ်မှု ဆုံးရှုံးရလုနီးပါး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

ရန်ကျောက်ကဲမျက်ဝန်းများက သူ့အရှေ့မှ ကျောက်သားနန်းတော်ကြီးဆီသို့ ကျရောက်သွားသည်။ နန်းတော်အပြင်ပိုင်း ဆောက်လုပ်ထားဟန်က ရိုးရှင်းကြမ်းတမ်းပြီး ထွင်းထုထားသည့်လက်ရာကလည်း အတော်လေး လက်ရာကြမ်း၏။

နန်းတော်တစ်ခုဆိုသော်လည်း ကြီးမားသော ကျောက်သားတဲနန်းတစ်ခုနှင့်ပိုမိုဆင်တူပြီး ကနဦးကာလ ပရမ်းပတာ ကြမ်းတမ်းသောအငွေ့အသက်များနှင့် ပြည့်နက်နေသည်။

ရန်ကျောက်ကဲက ထိုနန်းတော်ကြီးကို စူးစိုက်ကြည့်ရင်း အချိန်အတန်ကြာအောင် အကဲခတ်လိုက်သည့်အခါ လူသားများ တည်ဆောက်ထားသော နန်းတော်တစ်ခုမဟုတ်ဘဲ သဘာဝအလျောက် ဖြစ်တည်လာသည့် နန်းတော်တစ်ခုဖြစ်ကြောင်း အာရုံခံမိသည်။

လူသားများတည်ဆောက်ခြင်းမဟုတ်ဘဲ သဘာဝအတိုင်း ဤနန်းတော်ကြီး ပေါ်ပေါက်လာဟန်ပင်။

အချို့သောသဘာဝတရားများက အလွန်တရာ ထူးခြားဆန်းကျယ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။ အချို့ကျောက်တုံးများဆိုလျှင် လူအများတီထွင်ထုလုပ်ထားခြင်းမရှိဘဲ လှပသည့်အသွင်သဏ္ဌန်များ ၊ သားရဲသဏ္ဌန်များ ရှိနေတတ်ကြသည်။ အချို့ဆိုလျှင် အလွန်ပင်ထူးခြားပြီး အစစ်အမှန်ဟု ထင်မှတ်ရ၏။

ထိုအရာများကို လူတို့လက်ဖြင့် ပြုလုပ်ထားသည်ဟု ထင်ရသည့်တိုင် တကယ်တော့ သဘာဝတရား၏ အံ့သြဖွယ် လက်ရာများသာ ဖြစ်သည်။

သူ့အရှေ့မှ ကျောက်သားနန်းတော်ကြီးမှာ လူတစ်ယောက်တည်ဆောက်ထားသည်ဆိုလျှင် အလွန်လက်ရာကြမ်းသည်ဟု ထင်ရသော်လည်း သဘာဝတရားအတိုင်း ဖြစ်တည်လာခြင်းဆိုလျှင်တော့ အလွန်လက်ရာမြောက်သည်ဟု ဆိုနိုင်သည်။

“ဘယ်လိုပြောရမလဲ...”

ရန်ကျောက်ကဲက ကျောက်သားနန်းတော်ကြီးဆီသို့ စိတ်ဝင်တစား လမ်းလျှောက်သွားရင်း...

“ဒီနေရာမှာ မိုးနဲ့မြေက သိစိတ်ဝင်လာပြီး လူသားတွေနေထိုင်တဲ့ နန်းတော်တစ်ခုပုံသဏ္ဌန် ဖြစ်တည်လာစေတာမျိုးလား...”

လူတစ်ယောက်တည်ဆောက်သည်ဆိုလျှင် အလွန်ယေဘူယျဆန်သော်လည်း သဘာဝတရားဖန်တီးမှုကတော့ အတော်လေး ထူးခြား၏။

ရန်ကျောက်ကဲ သူ့လက်ထဲမှ ကျောက်စိမ်းဓားကို အာရုံခံကြည့်လိုက်တော့ တုံ့ပြန်မှုအလွန်နည်းပါးသွားကြောင်း တွေ့ရသည်။

ဆိုလိုသည်က ရှီကျွင်းက သူနှင့် အလှမ်းဝေးနေဆဲပင်။

ယုတ္တိကျကျဆိုရသော် ရှီကျွင်းထံတွင်ရှိနေသော ကျောက်စိမ်းဓားနှင့် ရန်ကျောက်ကဲလက်ထဲမှ ကျောက်စိမ်းဓားက ဆက်နွယ်မှုရှိသည်။

ယခု တုံ့ပြန်မှု နည်းပါးသွားသည်ကို ကြည့်ခြင်းအားဖြင့် သူနှင့် ရှီကျွင်း ဝေးကွာနေကြောင်း ထင်ရှားသော်လည်းထိုကိစ္စက အနည်းငယ် ထူးဆန်းနေသယောင် ထင်မှတ်ရလေသည်။

All Chapters