အပိုင်း (၂၉၉) – ဟူမျိုးနွယ် စုံစမ်းခြင်း
Vol. 003 Ch. 299
ရှီမာယူယန်နှင့် တခြားသူများသည် လူများလျှောက်လာသည်ကို မြင်သောအခါ မျက်လုံးများအရောင် တောက်သွားကြလေသည်။ သို့သော် သူတို့သည် လျှောက်လာကာ သူတို့အား နှုတ်ဆက်ကြလေသည်။
“အဘိုးဟူနဲ့ စီနီယာတွေကို နှုတ်ဆက်ပါတယ်” သူပြောလိုက်သည်
ဟူကျန်ရှင်း၊ ဟူကျိယန်၏ အဘိုးနှင့် မျိုးနွယ်ခေါင်းဆောင်ဖြစ်သော ဟူကျာရှန်တို့သည် လက်များ ဆန့်ထုတ်ကာ နှုတ်ဆက်ပြီး ပြောလိုက်သည် “ယူယန် မနေ့ညက ထိခိုက်တာရှိလား”
“အဘိုးဟူ ကျွန်တော်တို့အဆင်ပြေပါတယ်၊ ကျွန်တော်တို့် ဒဏ်ရာမရကြပါဘူး” ရှီမာယူယန်သည် အပြုံးဖြင့် ပြန်ဖြေလေသည်။
“မနေ့ညက ကိစ္စတွေဖြစ်ပျက်တာကို သိတော့ တည်ဆောက်မှုက အသက်သွင်းထားလိုက်ပြီ။ ငါတို့က စံတင်ဝိညာဉ်တွေဆိုပေမယ့် ကာကွယ်ရေး တည်ဆောက်မှုကို ဝင်လို့ထွက်လို့မရတော့ မင်းတို့ကို လာဂရုမစိုက်နိုင်ဘူး၊ စိတ်ထဲမထားဖို့ ပြောချင်ပါတယ်” ဟူကျန်ရှင်း ပြောလိုက်သည်။
“ဂရုစိုက်ပေးတဲ့အတွက် အဘိုးဟူကို ကျေးဇူးတင်ပါတယ်၊ စိုးရိမ်စေမိပြီ၊ ကျွန်တော်တို့ တည်ဆောက်မှု ထဲမှာ လုံခြုံပါတယ်” ရှီမာယူယန်သည် တရိုတသေ ပြန်ဖြေလေသည်။
“တည်ဆောက်မှုကို သိမ်းပြီးသွားပြီလား”
“ဟုတ်ကဲ့ပါ ကျွန်တော်တို့ သူတော်စင်မြို့တော်ကို သွားတော့မှာမို့လို့ သိမ်းလိုက်ပါပြီ”
“ယူလင်း မင်းရဲ့ တည်ဆောက်မှုအရည်အချင်းကတော့ အံ့သြလောက်အောင် တိုးတက်လာတာပဲ၊ မင်း ဒီတစ်ခါတော့ အင်အားကြီးတည်ဆောက်မှုကို လုပ်နိုင်သွားပြီ မင်းရဲ့အနာဂတ်ကတော့ အကန့်အသတ်မရှိတော့ဘူး”
ရှီမာယူလင်း၏ အမူအရာသည် အနည်းငယ်ပျက်သွားကာ ပြောလိုက်သည် “တည်ဆောက်မှုလုပ်တာ ကျွန်တော် မဟုတ်ပါဘူး”
“မင်းမဟုတ်ဘူးလား ဒါဆိုရင် ဘယ်သူလဲ” ဟူမျိုးနွယ်ဝင်များသည် ရှီမာမျိုးနွယ်အား အံ့သြစွာဖြင့် အကဲခတ်လိုက်သည်။ တည်ဆောက်မှုတွင် ရှီမာယူလင်းထက် ပိုအားကောင်းသော အရည်အချင်းရှိသူကို သူတို့ မြင်ချင်ကြသည်။
“ယူယူပါ” ရှီမာယူလင်း ပြောလိုက်သည်။
“ရှီမာယူယူက ဘယ်သူလဲ”
ရှီမာယူယူသည် နောက်ကအုပ်စုထဲမှ မတ်တတ်ရပ်လိုက်သည်။ သူမ ရှီမာယူယန်အတွက် ခေါင်းရမ်းမိသည်။ သူသည် ပုံမှန်ဆိုလျှင် ဒီလိုမဟုတ်ပဲ အခု ဟူမျိုးနွယ်နှင့်ဆိုလျှင် အဆင်ပြေချောမွေ့နေသည်။ ရုတ်တရက် သူမ နာမည်ပြောလိုက်သည်ကို ကြားပြီး နှုတ်ခမ်းကွေးကာ ထိုစကားများကို ပြန်ရေရွတ်မိသည်။
မည်သို့ပင်ဖြစ်စေကာမူ သူမ မတ်တတ်ရပ်ကာ ဟူကျန်ရှင်းအား အရိုအသေပေးပြီး ပြောလိုက်သည် “ဒီဂျူနီယာလေးက ဟူကျန်ရှင်းကို နှုတ်ဆက်ပါတယ်”
“မင်းက ရှီမာယူယူလား တည်ဆောက်မှု လုပ်လိုက်တဲ့သူပေါ့” ဟူကျန်ရှင်းသည် ရှီမာယူယူ အားကြည့်ကာ ရှီမာယူယူ ရှီမာမျိုးနွယ်သို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သော အချိန်ကို ပြန်စဉ်းစားမိသည်။
“ကျွန်တော်က အဲတစ်ယောက်ပါပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“မင်းက အဲလောက်အရည်အချင်းရှိမယ်လို့ ငါထင်မထားဘူး၊ မင်းက ငယ်သေးတယ် ဒါပေမယ့် ပြည့်စုံနေပြီ” ဟူကျန်ရှင်းသည် ရှီမာယူယူ ဘဝမမြင့်သည်ကို မြင်သည်နှင့် ချီးကျူးရင်း ခေါင်းညိတ်လိုက်သည်။
ဟူကျိယန်နှင့် ဟူကျိကျောင်တို့သည် ရှီမာယူယူအား တအံ့တသြကြည့်နေသည်။ သူမ၏ တည်ဆောက်မှုသည် ယူလင်းထက် ပို၍အားကောင်းလွန်းသည်။ သူမက ဘယ်လို သတ္တဝါပါလိမ့်။
ထို့ကြောင့်ပင် သူမသည် ထိုအဂ္ဂိရတ်ပညာရှင်များ၊ လက်နက်ပညာရှင်နှင့် သားရဲထိန်းကျောင်းသူသခင်များနှင့် အတူရှိနေသည်မှာ မထူးဆန်းတော့ပေ။
“မင်းမှာ မင်းဘက်မှာရှိတဲ့ အဂ္ဂိရတ်ပညာရှင်၊ လက်နက်ပညာရှင်နဲ့ သားရဲထိန်းကျောင်းမှုသခင်ဖြစ်တဲ့ သူငယ်ချင်းတွေရှိတယ်လို့ကြားတယ်၊ အခု သူတို့ကလည်း မင်းနဲ့ရှိနေတာလား” ဟူကျန်ရှင်းသည် ပြုံးပြီး မေးလိုက်သည်။
ရှီမာယူယူသည် နောက်ကြောင်းများ ပြန်တွေးမိသည်။ လွန်ခဲ့သည့် ၂နှစ်က သူတို့သည် ဟူမိသားစုမှ သခင်မလေး၏ အရှက်ခွဲခြင်းကိုခံခဲ့ရသည်။ ဒီရေကြက်အိုကြီးက အဲတုန်းက အဖုအထစ်ကို လာဖြန်ဖြေတာလား။
သူမ အမူအရာအနည်းငယ် ပျက်သွားသည်ကိုကြည့်ကာ ဟူကျန်ရှင်းသည် အားရပါးရပြုံးကာ “ငါ အရည်အချင်းရှိတဲ့ လူငယ်တွေကို တွေ့ချင်ရုံပါ တခြားဘာအတွေးမှမရှိပါဘူး”
ရှီမာယူယူသည် ဟူကျန်ရှင်း၏ မျက်လုံးကိုကြည့်ရာ အခွင့်အရေးယူတတ်သည့် လူစားမျိုးမဟုတ်သည်ကို ခံစားမိသဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ လှည့်ပြီး သူတို့အားကြည့်ကာ ပြောလိုက်သည် “ကျိရွှီ၊ ဘေဂုံ၊ ဖက်တီး ဒီကိုလာပြီး အဘိုးဟူကို နှုတ်ဆက်လိုက်ပါဦး”
ဝေကျိရွှီနှင့် တခြားသူများသည် လျှောက်လာကာ ပြောလိုက်သည် “အဘိုးဟူကို နှုတ်ဆက်ပါတယ်”
“လူကောင်းတွေက အရည်အချင်းနဲ့ပြည့်ဝတတ်တယ်၊ မင်းတို့မှာ တကယ်ပဲ အရည်အချင်းရှိတာပဲ” ဟူူကျန်ရှင်း ချီးကျူးလိုက်သည် “ဘာလို့ တစ်ယောက်လိုနေတာလဲ”
“ဝူရန် ကျွန်တော်တို့ကို လာမရှာသေးလို့ပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“သူက မင်းတို့ဆီကနေထွက်သွားတာလား” ဟူမျိုးနွယ်ဝင် တစ်ယောက်ကမေးလိုက်သည်။
“မဟုတ်ပါဘူး သူက အခု တောင်နေကြတ်တိုင်းပြည်မှာ ရှင်းစရာကိစ္စလေးတွေရှိနေလို့ပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဒီကိုလာတဲ့လမ်းမှာ တောင်နေကြတ်တိုင်းပြည်မှာ အပြောင်းအလဲတွေဖြစ်သွားတယ်လို့ ကြားခဲ့တယ်၊ ဘုရင်ရဲ့ နာမည်က ဝူရန်လို့ပြောတယ်၊ အဲဒါ ပြန်လာမယ့် မင်းတို့သူငယ်ချင်းက အိမ်ရှေ့မင်းသားလား” ဟူကျန်ရှင်းသည် နားမလည်စွာ မေးလိုက်သည်။
ရှီမာယူယူသည် သူသိပြီးသားကို မေးသဖြင့် စိတ်ရှုပ်သွားသော်လည်း သူမ တရိုတသေ ပြန်ဖြေလိုက်သည် “ဟုတ်ပါတယ်”
စကားပြောပြီးနောက်တွင် သူမ ဆိုလိုသည်ကိုချက်ချင်း နားလည်သွားသော ရှီမာယူယန်အား ကြည့်လိုက်သည်။ သူ ပြောလိုက်သည် “အဘိုးဟူ ကျွန်တော်တို့ သူတော်စင်မြို့တော်ကို သွားကြမလို့ ကျွန်တော်တို့အနဲ့ အတူသွားချင်လား”
“ကောင်းပြီလေ ငါတို့လည်း သွားဖို့ရှိတယ်၊ အတူတူသွားကြတာပေါ့” ဟူကျန်ရှင်း ပြောလိုက်သည်။
သူတို့သည် သူတော်စင်မြို့တော်ကို အတူသွားရန် လာကြခြင်းဖြစ်သည်။ နောက်ပိုင်းခရီးစဉ်သည် အရှေ့ပိုင်းထက် ခရီးရှည်ကာ ပို၍လည်း အန္တရာယ်များသည်။ ဟူမျိုးနွယ်နှင့် ရှီမာမျိုးနွယ်မှာလည်း မိတ်ဆွေဟောင်းများဖြစ်ကြ၍ သူတို့နှင့်ခေါ်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ဟူမျိုးနွယ်သည် အံ့ဖွယသားရဲပျံများကို ခေါ်ထုတ်ပြီး ရှီမာမျိုးနွယ်ဝင်များလည်း တက်လိုက်ကြသည်။ သူတို့သည် မနက်ပိုင်းတွင် ထွက်ခွာပြီး ညနေမှပင် သူတော်စင်မြို့တော်ကိုရောက်ကြလေသည်။
သူတို့ သူတော်စင်မြို့တော်ကိုရောက်ချိန်တွင် ဟူမျိုးနွယ်နှင့် ရှီမာမျိုးနွယ်တို့သည် လမ်းခွဲကာ ကိုယ်ပိုင် အိမ်များသို့ ပြန်ကြလေသည်။
သူတော်စင်မြို့တော်သည် ကောင်းကင်တွင် ပျံသန်းခြင်းကို ခွင့်ပြုမထားသဖြင့် အားလုံးသည် ကိုယ်ပိုင် စာချုပ် သားရဲများကိုခေါ်ထုတ်ပြီး တစ်နာရီခွဲလောက် အမြန်ဆုံးနှုန်းဖြင့် သွားမှာပင် ရှီမာမျိုးနွယ်၏ ခြံဝန်းရောက်တော့သည်။
“သခင်လေးနဲ့ သခင်မလေးတို့ ရောက်ကြပြီလား” ရှီမာမျိုးနွယ်၏ အိမ်တော်ထိန်းသည် သူတို့အား မြင်သည်နှင့် ရှေ့တိုးကာ အရိုအသေပေးလိုက်သည်။ “ပြီးခဲ့တဲ့ရက်ပိုင်းက နဂါးတန်ပြန်မြို့ပြင်မှာ နေခဲ့တယ်လို့ ကြားပါတယ် အားလုံး အဆင်ပြေကြရဲ့လား”
“ဦးလေးရန် ကျွန်တော်တို့ အဆင်ပြေပါတယ်” သူသည် ရှီမာမျိုးနွယ်မှ ခေါ်လာသူဖြစ်၍ ရှီမာယူယန်သည် သူ့အား အရင်ကတည်းကသိပြီးဖြစ်သည်။
“ငါတို့ အိမ်တွေကို ရှင်းပြီးပါပြီ အားလုံးနားပြီးမှ မနက်ဖြန်မနက်ကို သွားလည်ကြပေါ့ သခင်ကြီးတို့က နှစ်ရက်အတွင်းရောက်မယ်လို့ ပြောပါတယ်” ရှီမာရန် ပြောလိုက်သည်။
“ကောင်းပါပြီ ကျွန်တော်တို့ ဦးလေးရန်ကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယန် ပြောလိုက်သည်။ ထို့နောက်တွင် သူ ရှီမာမျိုးနွယ်၏ နောက်လိုက်များကို လှည့်ပြီး ပြောလိုက်သည် “အားလုံး ဒီနေ့ညတော့ နားလိုက်ကြဦး၊ မနက်ဖြန်မနက်ကို အပြင်ထွက်ချင်တဲ့သူတွေ အတူသွားကြမယ်”
“ဦးလေးရန် ဘာလို့သူတော်စင်မြို့တော်ကို အသက်၂၀အောက်တွေ အဝင်မခံတာလဲ” ရှီမာမျိုးနွယ်မှ နောက်လိုက်တစ်ယောက်က မေးလိုက်သည်။
ထိုအကြောင်းသည် သူတို့အရင်က ဒီနေရာသို့ မလာခဲ့ရသည့် အကြောင်းအရင်းဖြစ်သည်။ အခုမှအသက် ၂၀ပြည့်ပြီးဖြစ်သည့်သူများသည် ထိုနှစ်များတွင် အခွင့်အရေးမရခဲ့ပေ။
“အဲဒါ အရင်ကတည်းက ရှိခဲ့တဲ့စည်းကမ်းပဲ အကြောင်းအရင်းကို ငါတို့လည်းမသိဘူး” ဦးလေးရန်သည် ပြုံးပြီးရှင်းပြလေသည်။
“အပြင်လူတွေကျ အသက် ၂၀ရောက်မှ ဝင်ဖို့ခွင့်ပြုတယ်ဆိုတော့ အဲမှာ ကြီးတဲ့သူတွေကျ ဘယ်လိုလုပ်လဲ” ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဟီး ဟီး ငါတို့လည်း အဲဒါမသိဘူး” ဦးလေးရန်သည် ပြုံးပြီးေြုပာလေသည်။
“ဒီနေရာက အသက်ကန့်သတ်ထားတာပေါ့” ဖက်တီးကျူ ဇောတကတက်သည်။
သူတို့သည် ရှီမာအိမ်တော်တွင် ညပိုင်း အနားယူပြီးနောက် နောက်တစ်နေ့တွင် အပြင်ထွက် ကြလေသည်။ ရှီမာယူမင်နှင့် တခြား အစ်ကိုသုံးယောက်တို့ပင် ရှီမာယူယူနှင့် ဖက်တီးကျူတို့အား အပြင်ထွက်ရန် လာခေါ်ကြသည်။
သူတော်စင်မြို့တော်သည်လည်း တခြားမြို့များလိုပင်။ အရှေ့၊အနောက်၊တောင်၊မြောက် ခရိုင်ခွဲထား ကာ မြို့၏ နှလုံးသားဖြစ်သော ဆိုင်များ အတန်းလိုက်ရှိလေသည်။ ခရိုင်လေးခုတွင် မျိုးနွယ်များ နေထိုင်သော အိမ်တော်များရှိကာ ထိုမျိုးနွယ်များသည်လည်း ဒေသခံ သမိုင်းဝင်မျိုးနွယ်များဖြစ်ကြလေသည်။
အဂ္ဂိရတ်ပညာရှင်အသင်း၊ လက်နက်ပညာရှင်အသင်းနှင့် တခြားအသင်းများနှင့် ပညာရှိစံအိမ်တော်တို့ သည်လည်း မြို့၏ နှလုံးသားများဖြစ်ကြလေသည်။
“ဒီနေရာက ကြီးလိုက်တာ” ရှီမာယူယူတို့ အဖွဲ့သည် ရှီမာရန် ပြင်ပေးထားသော သားရဲလှည်းပေါ်တွှု် ထိုင်ကာ အလယ်ပိုင်းခရိုင်တွင် လည်ပတ်ကြလေသည်။
“သူတော်စင်မြို့တော်မှာ ရတနာတွေမျိုးစုံရှိတယ်လို့ ကြားဖူးတယ်၊ လူတွေက သားရဲတစ်သောင်းတောင်ကနေ ရတနာတွေရပြီး အဲပစ္စည်းတွေကလည်း တွေ့ရခဲတယ်၊ လူတွေက ယူပြီး ရောင်းကြတယ်တဲ့” ရှီမာယူရန်သည် သူကြားသမျှကို ပြန်ပြောလေသည်။
“အာ…. ဘာလို့လဲ” ဖက်တီးကျူ မျက်လုံးပြူးသွားသည် “ဒီနေရာက အဲသူခိုးတွေရဲ့ စံပျော်ရာဖြစ်နေတာလား၊ သူတို့က အပြင်ကနေခိုးပြီး ခိုးရာပါပစ္စည်းတွေကို ဒီမှာလာရောင်းနေတာပေါ့”