တောင်ပင်လယ်တွေကို ငါ ပိုင်စိုးမည်
Vol. 101 Ch. 1402
မန်ဟို့လက်ထဲတွင် တောင်ပင်လယ်လောက ရှိနေသည်။ သူက ၎င်းကို ပစ်လွှတ်၍ တစ်ချိန်တည်းမှာပင် သူ၏စိတ်ဆန္ဒကိုလည်း တစ်သားတည်း ဖြစ်စေလိုက်သည်။ ထိုအခါ တောင်ပင်လယ်လောကမဟာဒိုင်းကာသည် မန်ဟို့ကို မဝိုင်းရံဘဲ လိပ်ပြာကို ဝန်းရံလျက် ဝုန်းခနဲ ပေါ်လာ၏။
မဟာဒိုင်းကာက မန်ဟို့မိတ်ဆွေအားလုံးကိုလည်း ကာကွယ်လျက် လိပ်ပြာအား လွှမ်းခြုံလိုက်သည်။ ထို့နောက် မန်ဟိုသည် ရှေ့တစ်လှမ်းလှမ်း၍ အေးတိအေးစက် အနှစ်သာရ ၉ ခုပါရာဂွန်အမျိုးသမီးထံ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။
သူတို့နှစ်ယောက်လုံး မုဒြာလက်ကွက်များဖော်လျက် တစ်ယောက်ထံတစ်ယောက် သွားနေကြစဉ် မန်ဟို၏ ဩဇာကြီးမားသောအရှိန်အဝါက ပို၍ပင်ပြင်းထန်လာပြီး သူ၏ပုံစံမှာ ပိုမိုရက်စက်ကြမ်းကြုတ်လာတော့သည်။ အချိန်အနည်းငယ်ကြာသော် တိုက်သံခိုက်သံများက အာကာပြင်ကျယ်စကြဝဠာတစ်ခွင် ဟိန်းထွက်ဆူညံလာသည်။
ပေါက်ကွဲသံတစ်သံ မြည်ဟည်းသွားပြီးနောက် သူတို့နှစ်ယောက် လူကွဲသွားသည်။ စက္ကန့်ပိုင်းမျှကြာသော် ရက်စက်ကြမ်းကြုတ်စွာ ပြန်တိုက်ခိုက်ကြပြန်၏။ မန်ဟိုက တောင်ပေါင်းများစွာကို ဆင့်ခေါ်ရန် လက်ဝှေ့ယမ်းသည်။ သူသည် ဆန်းပြားသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင်ပြောင်း၍ စူးစူးအော်ဟစ်တိုက်ခိုက်နေရာ တကယ့်မိစ္ဆာကြီးတစ်ကောင်နှင့် တူနေတော့၏။
တုန်ခါလှိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်နေသည်။ မန်ဟိုသည် မထီမဲ့မြင်ပြုံးလျက် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ ချုပ်နှောင်မန္တန်ကို ထုတ်လွှတ်၏။ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ပေါ်ထွက်လာပြီး သူ့လက်ချောင်းဝှေ့ယမ်းမှုက အေးစက်စက်အမျိုးသမီးကို တုံ့ခနဲ ရပ်သွားစေသည်။ ထိုအခိုက်အတန့်တွင် မန်ဟို၏ သတ္တမမန္တန် ပေါ်လာသည်။
ထို့နောက် ဆဋ္ဌမမန္တန်၊ ပဉ္စမမန္တန်နှင့် စတုတ္ထမန္တန်။ ဘဝပြန်ဝင်စားခြင်းများစွာ ပါရှိသော အဖြူအမည်း ကမ္ဘာတစ်ခု ပေါ်လာသည်။ အာကာပြင်ကျယ်စကြဝဠာကို ပြောင်းလဲနိုင်သည့် မဟာအချိန်တာအိုတစ်ခု ပေါ်လာသည်။ အေးစက်စက်အမျိုးသမီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး မျက်ခုံးဖြူအဘိုးအိုကလည်း ရှေ့တစ်လှမ်းတက်လာသည်။
တစ်ချိန်တည်းမှာပင် အဘိုးအို၏အသံက အရပ်လေးမျက်နှာသို့ ဟိန်းထွက်သွား၏။ “ကမ္ဘာလိပ်ပြာကို ဖျက်စီးပစ်ကြ”
ပတ်ဝန်းကျင်ရှိ အင်မော်တယ်နတ်ဘုရားကျင့်ကြံသူများမှာ ထပ်မံမချီတက်ခင် တခဏတွန့်ဆုတ်နေကြသည်။ ထို့နောက် အနှစ်သာရ ၈ ခု ပါရာဂွန်များ၏ဦးဆောင်မှုအောက်ဝယ် သူတို့သည် ဒိုင်းကို စတင်ထုနှက်ကြတော့၏။
မန်ဟိုက အနှစ်သာရ ၉ ခု ပါရာဂွန်နှစ်ဦးကို နှစ်ယောက်တစ်ယောက် ချနေသဖြင့် ထစ်ချုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ နောက်ဆုတ်လိုက်စဉ် မိုးကြိုးဒယ်အိုးက သူ့ခေါင်းပေါ်တွင် ပေါ်လာသည်။ လျှပ်စီးဝင်းခနဲ လက်သွားလျှင်ချင်း သူကား အင်မော်တယ်နတ်ဘုရားကျင့်ကြံသူတစ်ယောက်နှင့် နေရာချင်းလဲသွားလေပြီ။ သူ ပြန်ပေါ်လာသောအခါ အင်မော်တယ်နတ်ဘုရားကမ္ဘာသား အင်ပါယာသခင်တစ်ဦး၏ ဘေးတည့်တည့်တွင် ဖြစ်သည်။ သူ့လက်က ချက်ချင်း တဟုန်ထိုးထွက်သွားပြီး လက်ချောင်းများက အင်ပါယာသခင်၏မျက်လုံးများထဲ စိုက်ဝင်သွားသဖြင့် အင်ပါယာသခင်မှာ နာကျင်စွာ အော်ဟစ်နေတော့သည်။ မန်ဟိုသည် ကျိန်စာစွမ်းအားကို သုံး၍ ထိုလူ၏ဝိညာဉ်ကို အကျဉ်းချပြီးနောက် မျက်လုံးများကို ခေါင်းခွံထဲမှ ကလော်ထုတ်ပြီး ထိုလူ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ ခေါင်းပေါ်မြှောက်၏။ ထို့နောက် ဘေးမှ သူ့ထံ ချဉ်းကပ်လာနေသော အနှစ်သာရ ၈ ခုပါရာဂွန်တစ်ဦး ပစ်ပေါက်လိုက်သည်။ ဖောင်းခနဲ မြည်ဟည်းသွားပြီး အနှစ်သာရ ၈ ခုပါရာဂွန်မှာ တုန်ရီသွားသော်လည်း တခဏသာကြာလိုက်သည်၊ မန်ဟို့ထံ ဆက်လက်ပြေးဝင်လာ၏။
“ထွက်သွားစမ်း” သူက နတ်ဘုရားစွမ်းရည်များနှင့် အနှစ်သာရစွမ်းအားကို ထုတ်လွှတ်လျက် ဟိန်းဟောက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် မန်ဟိုသည် ပျောက်သွားပြန်ပြီး အနှစ်သာရ ၈ ခုပါရာဂွန်နောက်တစ်ယောက်၏ ဘေးတွင် ပြန်ပေါ်လာ၏။ သူ၏အရှိန်အဝါက ဤတစ်ကြိမ်တွင် တောရိုင်းတိရိစ္ဆာန်ကြီးလို ခက်ထန်ကြမ်းကြုတ်နေပြီး သူက အနက်ရောင်အငွေ့များကို သူတို့နှစ်ယောက်လုံးအား လွှမ်းခြုံစေလျက် ပါရာဂွန်အပေါ် ခုန်အုပ်လိုက်သည်။
သွေးပျက်စွာအော်သံကြီးတစ်သံ ဟိန်းထွက်လာပြီး အေးစက်စက်ပါရာဂွန် လာနေသည့်အချိန်မှာပင် အငွေ့များမှေးမှိန်ပျောက်ကွယ်သွားသည်။ မန်ဟို့အား မည်သည့်နေရာတွင်မှ မမြင်ရတော့သော်လည်း အနှစ်သာရ ၈ ခုပါရာဂွန်၏ အစအနများမှာ တောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်၏ ကိုက်ဖြတ်စားသောက်ခြင်းခံထားရသကဲ့သို့ ရုပ်ပျက်ဆင်းပျက် မွစာကြဲကျန်ခဲ့သည်။
မန်ဟိုသည် ထိုလူ၏အနုသုခုမနတ်ခန္ဓာကို ဆုပ်ကိုင်လျက် အဝေးတွင် ပေါ်လာ၏။ မျက်လုံးများ ကြက်သွေးရောင်တောက်ပနေလျက် သူက ၎င်းကို သူ့ပါးစပ်ထဲ ထည့်ပြီး စိမ်ပြေနပြေ ဝါးတော့သည်။ ထို့နောက် သူ့ညာလက်ကို လှမ်းလိုက်ရာ စစ်လက်နက်ပေါ်လာသည်။ အာကာပြင်ကျယ်စကြဝဠာသည် တသိမ့်သိမ့်တုန်ခါသွား၏။
စစ်လက်နက်ကား ဤတစ်ကြိမ်တွင် မည်းနက်မနေဘဲ နီရဲတောက်နေသည်။ တကယ်တမ်း အနီးကပ်ကြည့်ပါက မန်ဟို့ဆံပင်များသည် နက်မှောင်မနေတော့ဘဲ ခရမ်းရောင်ဖြစ်နေကြောင်း မြင်ရလိမ့်မည်။
ထိုမျှသာမက .. သူ့ဆံပင်၏အမြစ်များမှာ အမှန်တကယ် အနီရောင်ဖြစ်နေ၏။
ဘက်ပေါင်းစုံမှ အဝိုင်းခံထားရသည့်တိုင် မန်ဟိုသည် လူပေါင်းများစွာကို ဆက်တိုက်သတ်နိုင်ခဲ့သည့်အတွက် အေးစက်စက်အမျိုးသမီးပါရာဂွန်၏မျက်နှာမှာ အလွန်တင်းမာခက်ထန်တော့သည်။ အင်အားကြီးမားသော အင်မော်တယ်နတ်ဘုရားကမ္ဘာအတွက် အနှစ်သာရ ၉ ခု ပါရာဂွန်ကို သတ်ဖို့က မဖြစ်နိုင်လောက်အောင် ခက်ခဲသည့်အရာတော့မဟုတ်သော်လည်း မန်ဟိုမှာ အလွန်ဆန်းပြားပြီး အမျိုးမျိုးအဖုံံဖုံပြောင်းလဲနေသဖြင့် ဖမ်းထားမရဖြစ်နေလေသည်။
ဤအခိုက်တန့်တွင် ဒေါသူပုန်ထနေသော အပျက်အစီးစွမ်းအားဖြင့် အလင်းတန်းတစ်တန်းက အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ထိုးထွက်လာပြီး သဘာဝနိယာမများကို ဖျက်စီးရင်း အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ကို ခွင်း၍ မန်ဟို့အပေါ် ထိုးဆင်းလာသည်။ အလင်းတန်းထံမှ အခိုးအငွေ့များက တခြားကမ္ဘာမှအငွေ့အသက်များကဲ့သို့ဖြစ်ရာ မန်ဟို့မျက်လုံးများအား ပြူးကျယ်သွားစေ၏။ အလင်းမှ မည်သည့်အရာကို ထုတ်လွှတ်ခဲ့သလဲ မပြောတတ်သော်လည်း ကျင့်ကြံသူတစ်ယောက်မှ လာပုံမရပေ။ ၎င်း၏ ဆန်းကြယ်သောအတွေ့အထိက ထင်ရှားသိသာ၏။
မန်ဟိုက တွန့်ဆုတ်မနေဘဲ နေရာလဲသိုင်းကို သုံး၍ ပျောက်ကွယ်သွားသည်။ သူ ယခုလေးတင် ရပ်နေခဲ့သည့် ကြယ်တာရာကောင်းကင်နေရာမှာ ကြေမွသွားပြီး တွင်းနက်ကြီးတစ်တွင်းအသွင် ပြောင်းသွားသည်။ အနားရှိ ကျင့်ကြံသူအားလုံး ချက်ချင်း မီးလောင်ပြာကျကုန်၏။
မန်ဟို့မျက်ဝန်းများက အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ တောင်ထိပ်တစ်လုံးပေါ်ရှိ ကြောက်မက်ဖွယ်စစ်ရထားတစ်စင်းအပေါ် ကျရောက်သွားသည်။ သူ့ကို ပို၍ပင် မျက်မှောင်ကြုတ်သွားစေသည်မှာ .... အင်မော်တယ်နတ်ဘုရားကမ္ဘာပေါ်၌ နောက်ထပ်အနှစ်သာရ ၉ ခုအရှိန်အဝါနှစ်ခု ရှိသေးသည်ကို ခံစားလိုက်ရခြင်းပင်။
ဤအခိုက်အတန့်တွင် အလင်းတန်းနောက်တစ်တန်း ထွက်လာပြီး ဤတစ်ခေါက် ပစ်မှတ်ထားနေသည်ကတော့ မန်ဟိုမဟုတ်ဘဲ တောင်ပင်လယ်လောကမဟာဒိုင်းကာ ဖြစ်၏။
မဟာဒိုင်းကာမှာ ဝုန်းခနဲ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသော်လည်း ထိုအချိန်မှာပင် မန်ဟိုက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။
“တောင်ပင်လယ်စည်း” သူက ပြောသည်။ ထိုအခါ မဟာဒိုင်းကာ၏ ကြေမွနေသောအစအနများသည် အတူတကွ စုဝေးလာပြီးနောက် အနီးနားရှိ အင်မော်တယ်နတ်ဘုရားကျင့်ကြံသူများကို လွှမ်းခြုံရင်း အံ့ဩတုန်လှုပ်ဖွယ်ရာစည်းတစ်စည်း အသွင်ပြောင်းသွား၏။
၎င်းက အေးစက်စက်အမျိုးသမီးနှင့် မျက်ခုံးဖြူအဘိုးအိုကိုပင် လွှမ်းခြုံသွားသည်။
စည်းဖြစ်ပေါ်လာသော အခိုက်အတန့်တွင် မန်ဟိုသည် ဖျတ်ခနဲ လိပ်ပြာပေါ် ပြန်ရောက်သွား၏။
“သွားစို့” သူက ပြောသည်။ လိပ်ပြာ၏တောင်ပံများက တဖျတ်ဖျတ်ခတ်လိုက်ပြီး သူတို့တဟုန်ထိုး သွားနေကြစဉ် မန်ဟိုသည် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် စည်းထဲ၌ ပိတ်မိနေသော အုပ်စုကို စိန်းစိန်းဝါးဝါး ပြန်လှည့်ကြည့်၏။ သူက အင်္ကျီလက်စကို ခါလျက် တောင်ပင်လယ်များကို သူ့အရှေ့တွင် နေရာချလိုက်သည်။
“ငါကို လာထိရင်” သူက ဟိန်းဟောက်သည်။ “ငါလည်း မင်းတို့ကို အလွှတ်မပေးဘူး”
ထိုသို့ပြောလိုက်စဉ် လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်က သူ၏အနီရောင်သူငယ်အိမ်များထဲတွင် ပေါ်လာသည်။
“တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည်...”
အရောင်အဝါတစ်ခုသည် မြနေသောဓားသွားသဖွယ် ဖြာထွက်လာ၏။
သူက လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်၍ ဘေးသို့ ဖြန့်ကားလိုက်သည်။ သူ၏အသံတွင် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏အရွယ်အစားကို ကြောက်ခမန်းလိလိ ကြီးမားသွားစေသည့် ထူးဆန်းသောဩဇာကို ကြားရနိုင်၏။
တောင်များ ကြီးမားလာပြီး ပင်လယ်များ တဖွေးဖွေးလှုပ်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့အရှေ့ရှိ တောင်ကိုးလုံးမှာ လုံးလုံးလျားလျား ရင်သပ်ရှုမောဖွယ်ကောင်းလာပြီး မည်သည့်တောင်အမျိုးအစားမဆို၏ စံနမူနာများ ဖြစ်လာကြသည်။
ထိုတောင်တစ်လုံးစီမှာ ကမ္ဘာတစ်ခုသဖွယ် ဖြစ်ပြီး ခိုင်မာပြတ်သားသော စိတ်ဆန္ဒတစ်ခုစီကို ထုတ်လွှတ်နေသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ပါရာဂွန်ကိုးတံဆိပ်သည် မိုးနင်းခြေတံတားကို ဖျက်စီးဖို့၊ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကကို ဟန့်တားဖို့နှင့် ထိုလောကသားများ ပါရာဂွန်အင်မော်တယ်လောကမှ အသက်ရှင်ကျန်ခဲ့သူများကို အန္တရာယ်ပြုနိုင်အောင် ကာကွယ်ဖို့ ဤအဖိုးထိုက်ရတနာကို အသုံးပြုခဲ့သည်။
ယခု မန်ဟို့လက်ထဲတွင် တောင်ပင်လယ်လောက၏အတွင်း၌ ငုပ်လျှိုးနေခဲ့သော စွမ်းအားအစစ်အမှန်ကား ပေါ်ထွက်လာခဲ့လေပြီ။
ခမ်းနားကြီးကျယ်သော တောင်ကြီးကိုးလုံးသည် မိုးနှင့်မြေများကို ကိုင်လှုပ်နိုင်သော ဓားကိုးလက်ပမာ ဖြစ်၏။ ထိုတောင်များ၏စွမ်းအား ဖြာထွက်လာသည့်အခါ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူများ မျက်စိမျက်နှာပျက်သွားကြသည်။
တောင်ပင်လယ်စည်းထဲ ပိတ်မိနေသည့် အေးစက်စက်ပါရာဂွန်အမျိုးသမီးက မျက်လုံးများမှေးကျဉ်းလျက် ကြည့်နေပြီး မျက်ခုံးဖြူအဘိုးအိုမှာ သိသိသာသာ တုန်လှုပ်နေသည်။
“ရွှေတုန်းလျှိုရဲ့ အမွေမှာ တောင်ပင်လယ်လောကကို ထိန်းချုပ်နိုင်တဲ့ လျှို့ဝှက်ချက်ပါနေတာ ယုံတောင်မယုံနိုင်ဘူး”
“ကိုးတံဆိပ်သေသွားတုန်းက သူက ခန္ဓာမဲ့ဝိညာဉ်အစိတ်အပိုင်းတစ်ခုကို ထုတ်လွှတ်နိုင်ခဲ့တယ်။ သူဟာ ငါတို့တောင်ပင်လယ်လောကကို မဖျက်စီးနိုင်တဲ့အထိ ငါတို့ရဲ့အခြေခံအုပ်မြစ်ကို ကိုင်လှုပ်ဖို့ အသေခံခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတောင်မှ တောင်ပင်လယ်လောကကို ထိန်းချုပ်ဖို့ သူ သုံးခဲ့တဲ့ မှော်အစွမ်းကို ငါတို့အားလုံး ပူးပေါင်းဖျက်စီးနိုင်ခဲ့တယ်”
“တကယ်တမ်း အင်မော်တယ်တွေရဲ့ အမျက်ဒေါသတွေကို ပေါင်းစည်းစုဝေးထားတဲ့... တောင်ပင်လယ်လောကကို အမှန်အကန် ခြယ်လှယ်ထိန်းချုပ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး။ ရွှေတုန်းလျှိုရဲ့ ကိုယ်ထဲက ကိုးတံဆိပ်ရဲ့ ခန္ဓာမဲ့ဝိညာဉ်တောင်မှ အခြေခံသဘောတရားလောက်ပဲ ထိန်းချုပ်နိုင်တာ”
ဤပါရာဂွန်နှစ်ယောက် ချာချာလည်တုန်လှုပ်နေကြစဉ်မှာပဲ မန်ဟိုက လက်နှစ်ဖက်လုံးကို ခါယမ်းလိုက်ပြီး သူ၏မျက်လုံးများသည် တောင်ပင်လယ်လောကအပေါ် ထားရှိသည့် နက်ရှိုင်းသောသံယောဇဉ် ၊ ရန်သူများနှင့်ပတ်သက်၍ ကမ္ဘာမကြေသော အမုန်းတရားတို့ဖြင့် ပြည့်နှက်တောက်ပနေ၏။
“စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည်” ဒုတိယစာကြောင်း ထွက်သွားသည့်အခါ သူ၏ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားတို့ဖြင့် တဝုန်းဝုန်းမြည်လာ၏။ တစ်ဆက်တည်းမှာပင် ပင်လယ်ရှစ်စင်းသည် တဝေါဝေါအုံကြွလာပြီး မျက်စိတစ်မှိတ်အတွင်း အာကာပြင်ကျယ်စကြဝဠာကြီးကို တုန်ခါလာစေသည့် ကြယ်ပင်လယ်များ ဖြစ်လာ၏။ ၎င်းတို့က တောင်ကိုးလုံးနှင့် ပေါင်းစည်းကာ ... မဖော်ပြနိုင်သောဖိအားကြီးကို ထုတ်ဖော်လိုက်သည်။
ထိုဖိအားပေါ်လာလျှင်ချင်း အင်မော်တယ်နတ်ဘုရားကမ္ဘာသားများ သွေးအန်လိုက်ရသည်သာမက မြေထုကြီးပင်လျှင် တသိမ့်သိမ့် တုန်ခါလာသည်။ တောင်တွေပြို၍ မြစ်စီးကြောင်းများ ပြောင်းလဲကုန်လေပြီ။
မြေထုပေါ်ရှိ မြို့တစ်မြို့ပြီးတစ်မြို့ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကုန်သည်။
ကမ္ဘာပျက်ကိန်း ကျရောက်လာသည့်အလားပင်။
ဤသည်မှာ ကိုးတံဆိပ်၏ အဖိုးထိုက်ရတနာ၊ တောင်ပင်လယ်လောက၏ အစစ်အမှန်စွမ်းအား ဖြစ်ချေသည်။
မန်ဟိုသည် ရွှေတုန်းလျှိုထံမှ ယခုလိုထိန်းချုပ်နိုင်စွမ်းကို မရရှိခဲ့ပေ။ ရွှေတုန်းလျှို၏အမွေက တောင်ပင်လယ်လောကမှ သာမန်မှော်အတတ်များကိုသာ သူ့ကို ပေးအပ်ခဲ့၍ သူ့အား ရွှေတုန်းလျှိုထက်သာအောင် မကူညီပေးနိုင်ချေ။
သို့သ်ော သူ့တွင် ... ကောင်းကင်ဘုံချုပ်နှောင်ဂါထာ ရှိသည်။
တောင်ပင်လယ်အတွင်း၌ ထိုဂါထာကို ထုတ်လွှတ်ခဲ့စဉ်တုန်းက အဆိုပါဂါထာသည် ကြောက်မက်ဖွယ်စွမ်းအားကို ခြယ်လှယ်နိုင်စေခဲ့၏။ သို့သော် ထိုစဉ်က တောင်ပင်လယ်လောကမှာ ရွှေတုန်းလျှို၏ ထိန်းချုပ်မှုအောက် ရောက်နေခဲ့၍ မန်ဟို့အတွက် ၎င်းကို အသုံးပြုရခက်ခဲစေခဲ့သည်။ အမှန်တွင် အသုံးပင်မဝင်ခဲ့ပေ။ တောင်ပင်လယ်လောက၏အရှင်သခင်ဖြစ်လာပြီး တောင်ပင်လယ်များကို မှော်ပစ္စည်းအသွင် ပြန်လည်ပြောင်းလဲပြီးနောက်မှသာ ကောင်းကင်ဘုံချုပ်နှောင်ဂါထာအစစ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သူ နားလည်လာခဲ့၏။
ယခုတော့ အချိန်ကျလာခဲ့လေပြီ။
ကောင်းကင်ဘုံချုပ်နှောင်ဂါထာအစစ် ပေါ်ထွက်လာဖို့ အချိန်ကျခဲ့ပြီ။
၎င်းကို အဋ္ဌမတောင်ပင်လယ်ရှိ သူ့ဆရာမှ ဖန်တီးခဲ့သည်။ လူပေါင်းများစွာ၏ ကဲ့ရဲ့ပြက်ရယ်ပြုခြင်းခံခဲ့ရသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ခဲ့သော်လည်း .... ထိုမှော်အတတ်ကား သာမန်နတ်ဘုရားစွမ်းရည်လေးမဟုတ်ပေ။ ကောင်းကင်ဘုံချုပ်နှောင်ဂါထာသည် ... တောင်ပင်လယ်တစ်လောကလုံးကို ထိန်းချုပ်နည်းတစ်နည်း ဖြစ်ပေ၏။
အဖိုးထိုက်ရတနာအဖြစ် တောင်ပင်လယ်လောကကို နည်းမှန်လမ်းမှန် အသုံးပြုနိုင်ဖို့ကား ကျင့်ကြံသူတစ်ယောက်အပေါ်တွင် မမူတည်၊ တောင်ပင်လယ်လောကအပေါ်၌သာ မူတည်သည်။
ဤနတ်ဘုရားစွမ်းရည်ကို ဖန်တီးဖို့ သူ့ဆရာ ၊ မြင့်မြတ်သောရန် မည်သည့်အရာများကို တွေ့ကြုံဖြတ်သန်းခဲ့ရသည်လဲ မည်သူမှမသိပေ။ ဖန်တီးပြီးနောက် သူသည် သူ့တစ်ဘဝတစ်လျှောက်လုံး ထိုနတ်ဘုရားစွမ်းရည် မည်မျှအစွမ်းထက်ကြောင်း အမွှမ်းတင်ပြောဆိုခဲ့သော်လည်း ဟာသကြီးသာ ဖြစ်ခဲ့၏။ နောက်ဆုံး မန်ဟို့ဆီ လွှဲပြောင်းပေးအပ်ပြီးနောက်တွင် .... ကောင်းကင်ဘုံချုပ်နှောင်ဂါထာသည် အလကားဂါထာမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့လေသည်။
တောင်ပင်လယ်လောကစစ်ပွဲကြီးဖြစ်ပြီးနောက်ပိုင်း မန်ဟိုမှာ မြင့်မြတ်သောရန်နှင့် ထပ်မတွေ့ခဲ့ရပေ။ ယခုပြန်တွေးကြည့်မှ ... မြင့်မြတ်သောရန်သည် စစ်ပွဲအတွင်း၌ ရှိပင်မရှိခဲ့ပေ။
သို့သော် ယခုအချိန်သည် ထိုကိစ္စကို စဉ်းစားရမည့်အချိန်မဟုတ်။ မန်ဟိုက သူ့လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တောင်ပင်လယ်လောကသည် ကြောက်မက်ဖွယ်ဖိအားကြီးကို ထုတ်လွှတ်လိုက်၏။ ထို့နောက် တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည် ... ဆိုသော အဓိပ္ပါယ်ကို နားလည်သွားသဖြင့် သူ့မှာ အသက်ပြင်းပြင်းရှူလိုက်မိသည်။
ထိုတာအို ဆိုသည်မှာ အနှစ်သာရကို ညွန်းဆိုခြင်းမဟုတ်၊ သဘာဝနိယာမများကို ရည်ညွှန်းခြင်းမဟုတ်သလို မှော်နိယာမများကိုလည်း ဖော်ကျူးခြင်းမဟုတ်ပေ။
ထိုတာအိုသည် အသွင်သဏ္ဍာန်ကင်းမဲ့ပြီး နှလုံးသားထဲ၌ တည်ရှိသည်။ သင် မိစ္ဆာဖြစ်စေ၊ အင်မော်တယ်ဖြစ်စေ အားလုံးက အတူတူပင်။
တာအိုသည် လူတစ်ယောက်၏နှလုံးသားဖြစ်၏။ သင့်နှလုံးသား၏နက်ရှိုင်းမှုက သင့်တာအို၏လေးနက်မှု ဖြစ်လာမည်။
ထိုမျှသာမက ‘စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည်’ ဆိုသည်မှာလည်း တာအိုကို မြင်ယောင်ဖော်ကျူးခြင်းဖြစ်ကြောင်း သူ နားလည်သွားသည်။ သူ ကြည့်လိုက်သမျှတွင် တာအိုတစ်ခု ရှိသည် သို့မဟုတ် သူ ကြည့်လိုက်သမျှသည် တာအိုတစ်ခု ဖြစ်သည်။
“တောင်ပင်လယ်တွေကို ငါ ပိုင်စိုးမည်...” သူသည် အင်္ကျီလက်စကို ခါလိုက်၏။ ဓားကိုးစင်းသဖွယ် တောင်ကိုးလုံးကား တဝုန်းဝုန်းမြည်လျှင် အင်မော်တယ်နတ်ဘုရားကမ္ဘာထံ ချိန်ရွယ်လျက် စောင်းသွားကြလေပြီ။