ကောင်းကင်ကို ချုပ်နှောင်မည့် အဆင့်မြင့်ဆုံးစည်း
Vol. 101 Ch. 1403
ပင်လယ်ရှစ်စင်းစွမ်းအားသည် အရှိန်အဟုန်ပြင်းစွာ ပေါ်ထွက်လာ၏။ ပင်လယ်များသာ ဖြစ်သော်လည်း အမျက်မီးတောက်များကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားလေသည်။ ဖြစ်ပေါ်လာသည့် လေဆင်နှာမောင်းကြီးကြောင့် အာကာပြင်ကျယ်စကြဝဠာမြူများမှာ တွန်းထုတ်ဖယ်ရှားခံလိုက်ရတော့သည်။
လေဆင်နှာမောင်းကြီးပေါ်လာသော အခိုက်အတန့်တွင် ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခုက ၎င်း၏တည်ရှိမှုကို ခံစားလိုက်ရသည့် သက်ရှိသတ္တဝါအားလုံးကို တုန်ရီစပြုလာစေသည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ လူရိပ်နှစ်ခု ထွက်လာသည်။ သူတို့သည် အဘိုးအိုအရွယ်ဖြစ်ပြီး နတ်မင်းကြီးများကဲ့သို့ အရှိန်အဝါကို ဖြန့်ကျက်ထား၏။
ယခုတွင် အင်မော်တယ်နတ်ဘုရားကမ္ဘာတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စွမ်းအင်ဖြည့်တင်းဖို့ တရားထိုင်နေကြပြီး မြေထုတစ်ခုလုံးမှာ အိပ်ပျော်နေသည့် ဘီလူးကြီးတစ်ကောင် နိုးလာသည်နှင့် တူနေ၏။ ဒိုင်းများလည်း အထပ်ထပ်ပေါ်လာကြသည်။
တခဏလေးအတွင်း အံ့ဖွယ်ဒိုင်းအစီအရင်များအား နေရာချထားပြီးလေပြီ။
တစ်ချိန်တည်းမှာပင် မြေထု၏အလယ်ရှိ ဧရာမရုပ်တုကြီး၏မျက်လုံးများက လင်းလက်စွာ တောက်ပလာသည်။
ဤအခိုက်အတန့်တွင် မန်ဟိုက လက်နှစ်ဖက်လုံးကို ဆန့်တန်း၍ ဂါထာ၏နောက်ဆုံးစာကြောင်းကို ပြောလိုက်၏။
“ကောင်းကင်ဘုံချုပ်နှောင်ဂါထာ”
အသံကုန်အော်ဟစ်လိုက်သော သူ့အသံ ဟိန်းထွက်သွားစဉ်မှာပဲ သူ၏ကျင့်ကြံခြင်းအခြေခံသည် လည်ပတ်လာ၏။ သူ၏မိစ္ဆာချီများက တောင်ပင်လယ်များနှင့် ပေါင်းစည်းကာ ကြောက်မက်ဖွယ်ပြောင်းလဲမှုကြီး ဖြစ်ပွားလာစေသည်။ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း အာကာပြင်ကျယ်စကြဝဠာထဲတွင် ပျံဝဲနေစဉ် ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုအရိပ်ကြီး၏မျက်နှာက မန်ဟို့မျက်နှာ ဖြစ်၏။
သို့သော် ထိုအရိပ်၏နဖူးထက်တွင် ချိုကြီးတစ်ခုလည်း ထိုးထွက်လျက်ရှိသည်။
သူသည် ရယ်နေသလိုလို၊ ငိုနေသလိုလို ထင်ရ၏။ သူ့ကို မြင်လိုက်သည့် မည်သူမဆို အသည်းထဲအေးလာသည်ကို ခံစားရလိမ့်မည်။ အာကာပြင်ကျယ်စကြဝဠာ၏ မြူများပင်လျှင် သူနှင့် မထိတွေ့လိုသည့်အလား အရပ်လေးမျက်နှာသို့ ဆုတ်ခွာသွားကြသည်။
ထိုအရိပ်ကြီး၏အရှိန်အဝါတွင် ပါရှိသော အမျက်ဒေါသနှင့် ရက်စက်ကြမ်းကြုတ်မှုက မန်ဟို့အရှိန်အဝါထက်ပင် များစွာပြင်းထန်သည်။ ထို့နောက် မန်ဟိုသည် လက်နှစ်ဖက်လုံးကို အားပါပါတွန်း၍ တောင်ကိုးလုံးအား ပါရာဂွန်အင်မော်တယ်လောကထံ စေလွှတ်လိုက်၏။
ပင်လယ်ရှစ်စင်းကမူ ဝဲတစ်ဝဲအသွင်ဖြင့် လည်လာသည်။ ထိုဝဲကြီး အရွယ်အစားကြီးမားလာသည်နှင့်အမျှ သွေးဆာနေသော ဝိညာဉ်များစွာကို ပင်လယ်များအတွင်း၌ မြင်လာရသည်။
ပင်လယ်အားလုံး၏အထက်၌ တည်ရှိသော ဧရာမအရိပ်ကြီးကမူ တောင်ပင်လယ်များကို ကိုင်စွဲလျက် တိုက်ကွက်တစ်ကွက်အား ထုတ်လွှတ်တော့မည့်ပုံရ၏။
ထိုမြင်ကွင်းသည် လုံးလုံးလျားလျား ရင်သပ်ရှုမောဖွယ်ကောင်းပြီး တစ်ယောက်ယောက်သာ ပန်းချီအဖြစ် ရေးခြယ်ပြနိုင်လျှင် ရှေးပဝေဏသီမှ ဒဏ္ဍာရီတစ်ပုဒ်အဖြစ် ထင်မှတ်ကြလိမ့်မည်။ ထိုအရိပ်ကြီးက တောင်များကို စီးတော်ယာဉ်၊ ပင်လယ်များကို မိစ္ဆာလက်နက်အဖြစ် ကိုင်စွဲလျက် ကြယ်တာရာကောင်းကင်ကို ချေမှုန်းတော့မည့်အလားပင်။
အင်မော်တယ်နတ်ဘုရားကမ္ဘာမှာ တသိမ့်သိမ့် တုန်ရီနေပြီး ပိတ်မိနေသော ကျင့်ကြံသူများမှာ ကြောက်လန့်နေသောအမူအရာများဖြင့် အထိတ်တလန့်အော်နေကြသည်။ မျက်စိတစ်မှိတ်အတွင်း တောင်ကိုးလုံးအနက်မှ ပဉ္စမတောင်က စည်းချခံထားရသော ဧရိယာကို စိုက်ဝင်၍ ၎င်းအနောက်၌ သွေးစီးကြောင်းတစ်ကြောင်းချန်ရစ်လျက် အင်မော်တယ်နတ်ဘုရားကမ္ဘာထံ ဦးတည်သွား၏။
ထို့နောက် စတုတ္ထနှင့် ဆဋ္ဌမတောင်။
ထို့နောက် တတိယနှင့် သတ္တမတောင်။
တဝုန်းဝုန်းထစ်ချုန်းသံများ၏အလယ်တွင် တောင်ကိုးလုံးက ဆူးချွန်များသဖွယ် အရာအားလုံးကို ထုတ်ချင်းဖောက်လျက် ရွေ့လျားသွားသည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အနှစ်သာရ ၉ ခုပါရာဂွန်လေးယောက်မှာ တောင်တစ်လုံးစီကို တားလိုက်နိုင်သော်လည်း ကျန်တောင်သုံးလုံးက အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ မြေထုကြီးကို တိုက်ချလိုက်လေပြီ။
ဒုန်းးးးးးးးးးးးးးးးးး။ အာကာပြင်ကျယ်စကြဝဠာကြီး လှုပ်ခါသွားသည်။ ဒိုင်းအကာကွယ်များမှာ တွန့်လိမ်ရှုံ့တွလာသည်။ ရှိရှိသမျှစွမ်းအင်အကုန်လုံးက ခုခံဖို့ အားဖြည့်ပေးနေသော်လည်း ထိုကမ္ဘာသားများ၏စူးစူးဝါးဝါးအော်ဟစ်သံများမှာ အရပ်မျက်နှာတစ်ခွင် ဆူညံပွက်လောရိုက်နေတော့သည်။
ကမ္ဘာပျက်ကိန်းကျရောက်လာကဲ့သို့ မြေထုကြီးသည် တဝုန်းဝုန်းလှုပ်ခတ်နေ၏။ ယခုတွင် ထိုနေရာရှိ ကျင့်ကြံသူများမှာ.... ကိုးတံဆိပ် တောင်ပင်လယ်လောကကို ကိုင်စွဲခဲ့စဉ်တုန်းက ထုတ်လွှတ်ခဲ့သော အမျက်ဒေါသကို ရင်ဆိုင်နေသကဲ့သို့ ခံစားလိုက်ကြရသည်။
တောင်ကိုးလုံး တဟုန်ထိုးထွက်သွားသည့်အချိန်တွင် မိစ္ဆာလက်နက်အသွင်ဖြင့် ပင်လယ်ရှစ်စင်းသည်လည်း မြေထုကြီးထံ ပြေးဝင်လာ၏။
နောက်ဆုံးတောင် အကာအကွယ်မန္တန်များကို ထိုးဖောက်လိုက်သောအခါ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အကာအကွယ်အားလုံး ပြိုကွဲပျက်စီးသွားသည်။ မြေပြင်များ ငလျင်လှုပ်ခတ်၍ အကွဲကြောင်းများ ကွဲထွက်လာသည်။ သို့သော် မြေထု၏အလယ်ရှိ ရုပ်တုကြီး၏မျက်လုံးများက လင်းလက်သွားလေသည်။
ကြောက်စရာကောင်းသော ဖိအားတစ်ခုသည် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း ပြည့်နှက်သွားသည့် တုန်ခါလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်လျက် ပေါ်ထွက်လာ၏။ ထိုတုန်ခါလှိုင်း တောင်ကိုးလုံးကို ဖြတ်သွားသည့်အခါ တောင်များကြေမွကုန်သည်။ ပင်လယ်ရှစ်စင်းလည်း ဖျက်စီးခံလိုက်ရသည်။ သို့သ်ော ၎င်းတို့သည် ပျောက်ကွယ်သွားမည့်အစား အင်မော်တယ်နတ်ဘုရားကမ္ဘာအပေါ် တဖွဲဖွဲရွာကျသွားသော ကျောက်ခဲမြေမှုန်များ ဖြစ်သွားကြ၏။
အင်မော်တယ်နတ်ဘုရားကမ္ဘာပေါ်ရှိ ကျင့်ကြံသူများက ဒေါသတကြီးဟိန်းဟောက်ကြတော့သည်။
မန်ဟိုသည် ဤအဖြစ်အပျက်အားလုံးကို လိပ်ပြာပေါ်မှ စောင့်ကြည့်နေ၍ ရုပ်တုကြီး၏မျက်လုံးထဲ၌ လင်းလက်နေသောအလင်းရောင်ကို မြင်လိုက်ရ၏။
“ဒီနတ်ဘုရားတွေက ... အင်မော်တယ်တစ်ပိုင်းတွေလား ဟမ်” သူက ခပ်တိုးတိုး ရေရွတ်သည်။ လိပ်ပြာ အလျင်စလို ပျံသန်းနေစဉ် သူ့နှလုံးသားတွင် သတိတို့ ပြည့်နှက်နေတော့သည်။
သူနှင့်တောင်ပင်လယ်လောက၏ ဆက်သွယ်မှုသည် တည်ရှိသေး၏။ သူက အဖိုးထိုက်ရတနာ၏ တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်သည့်အတွက် တောင်ပင်လယ်လောကအား သူ့ထံမှ ယူမသွားနိုင်ပေ။
သို့ဖြစ်၍ တောင်ပင်လယ်များသည် အမှန်တကယ် ပျောက်ကွယ်သွားခြင်းမဟုတ်။ ယခုလေးတင် ဖျက်စီးခံလိုက်ရသော်လည်း အချိန်အနည်းငယ်ကြာသော် သူ့အရှေ့တွင် ယခင်တောင်ကိုးလုံးနှင့်ပင်လယ်ရှစ်စင်းအတိုင်း ပြန်ပေါ်လာသည်။
မန်ဟို လိပ်ပြာနှင့်အတူ အဝေးပျံသန်းနေစဉ် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကြိတ်မနိုင်ခဲမရဟိန်းဟောက်သံတစ်သံ ထွက်လာသည်။ အသံပိုင်ရှင်က အေးစက်စက်အမျိုးသမီးပါရာဂွန်မှတစ်ပါး အခြားမဟုတ်ပေ။ သူမသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချက်ချင်း လိုက်လာ၏။
“ငါ ငါ့အိမ်ကို မီးလောင်တိုက်သွင်းနေတဲ့ စစ်မီးတောက်တွေကို ကြည့်ရင်း နာကျင်ခံစားခဲ့ရပြီးပြီ” မန်ဟိုက ပြောသည်။ “မင်းတို့အတွက်တော့ ကံဆိုးစွာနဲ့ပဲ ... အစပဲရှိသေးတယ်” သူက မဆိုစလောက် ပြုံးပြီးနောက် သူ့လက်ကို ဆန့်တန်း၍ တောင်ပင်လယ်များထံ လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် တောင်ပင်လယ်များ ကျုံ့သွားပြီး တစ်ခုအပေါ်တစ်ခုထပ်ကာ တောင်ပင်လယ်လေးတစ်စင်းဖြစ်လာသည်။
သူသည် ဘယ်လက်ဖြင့် လေးကို ဆုပ်ကိုင်၍ ညာလက်ဖြင့် လေးကြိုးကို ဆွဲ၏။ လေး၏စွမ်းအင်က သူ့မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒကို ထင်ဟပ်နေသည်။
တောင်ပင်လယ်များ၏စွမ်းအားကား ... မြားတစ်စင်းအသွင် ပြောင်းသွားလေပြီ။
လေးကြိုးကို လွှတ်လိုက်သောအခါ မြားသည် မိုးကြိုးတန်းတစ်တန်းသဖွယ် တဟုန်ထိုး ထွက်သွား၏။
သို့သော် တခဏလေးပင် တုံ့ဆိုင်းမနေဘဲ မန်ဟိုသည် လေးကြိုးကို ထပ်ဆွဲ၍ ဒုတိယမြားနှင့်တတိယမြားကို ပစ်လွှတ်လိုက်သည်။
မြားသုံးစင်းက နတ်ဘုရားများကို သတ်နိုင်သည်။
မြားလေးစင်းက အင်မော်တယ်များကို သုတ်သင်နိုင်သည်။
မြားငါးစင်းသည် ... မိုးကောင်းကင်ကို ဖီဆန်နိုင်၏။
မြားငါးစင်း။ အလင်းတန်းငါးတန်း။ ၎င်းတို့သည် အလင်းပင်လယ်တစ်စင်းသဖွယ် လင်းလက်တောက်ပနေလျက် အာကာပြင်ကျယ်စကြဝဠာကို ခွင်းသွား၏။
မြားငါးစင်းတွင် သုတ်သင်ခြင်းစိတ်ဆန္ဒနှင့် မန်ဟို၏ သတ်ဖြတ်လိုစိတ်အပြင် အဆုံးမဲ့သောမိစ္ဆာချီတို့ ပါဝင်သည်။ ချက်ချင်းပင် ၎င်းတို့က အေးစက်စက်ပါရာဂွန်အမျိုးသမီး၏ရှေ့တွင် ပေါ်လာပြီး စကားလုံးများဖြင့် ဖော်ပြမရနိုင်အောင် လျင်မြန်စွာ ရွေ့လျားလာသဖြင့် သူမမှာ မရှောင်နိုင်တော့ပေ။
မန်ဟို၏လက်ရှိအတိုက်အခိုက်စွမ်းရည်အဆင့်အရ တောင်ပင်လယ်လေးကို ယခုလိုအသုံးပြုလျှင် သူ၏စွမ်းအားသည် ဤအေးစက်စက်အမျိုးသမီးကိုပင် ကြောက်လန့်သွားစေ၏။
တစ်ချိန်တည်းမှာပဲ မန်ဟို့အတွက် လေးကို ကြာမြင့်စွာ သုံးဖို့ ခက်သည်။
အမျိုးသမီးက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ ဂျုန်းခနဲ ထစ်ချုန်းသံ ကြားလိုက်ရသည်။ သူမအနေဖြင့် မရှောင်နိုင်မှတော့ ရှောင်မနေတော့ရန် ဆုံးဖြတ်လိုက်ပြီး မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်သည်။ အအေးငွေ့များက သူမထံမှ ထွက်လာကာ ကြယ်တာရာကောင်းကင်နှင့် အာကာပြင်ကျယ်စကြဝဠာကို အေးခဲသွားစေသည်။ ရေခဲများက သူမကို ဝန်းရံလျက် အထပ်လိုက်ပေါ်လာပြီး ၎င်းတို့၏အတွင်းမှ သူမသည် လိပ်ပြာပေါ်၌ ရပ်နေသော မန်ဟို့ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။
သူတို့အကြည့်ချင်းဆုံသောအခါ ရေခဲလွှာများက ရှေ့ထွက်သွားပြီး လာနေသော အလင်းမြားငါးစင်းနှင့် ထိသွားသည်။
မထင်မှတ်ဖွယ်ကောင်းသည်ကား ရေခဲများသည် ကွဲကြေမသွားဘဲ မြားငါးစင်းကို ဖုံးလွှမ်းသွား၏။ တစ်ဆက်တည်းဆိုသလို ရေခဲအလွှာများက မိန်းမတစ်ယောက်၏ လက်အသွင်ဖြင့် ဖြာထွက်လာကာ လိပ်ပြာကြီးကို ဖမ်းဆွဲတော့မည့်အလား လှမ်းလိုက်သည်။
အဝေးမှကြည့်လျှင် ထိုမြင်ကွင်းသည် လုံးလုံးလျားလျား အံ့ဩစရာကောင်း၏။ ရေခဲလက်ကား ကြယ်တာရာများ၊ လများကိုပင် ခူးဆွတ်နိုင်ပုံရသည်။ လိပ်ပြာ၏အနောက်တည့်တည့်တွင် ထိုလက် ဘွားခနဲ ပေါ်လာသည့်အခါ ကြယ်တာရာကောင်းကင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
မန်ဟိုက ဤဧရာမရေခဲလက်ကြီးကို အေးစက်စွာ ကြည့်လျက် လိပ်ပြာအပေါ်၌ ရပ်နေသည်။ ထို့နောက် ထိုလက်ကို နည်းနည်းလေးမှဂရုမစိုက်သည့်အလား သူ့မျက်နှာထက်တွင် အပြုံးတစ်စဖြစ်ထွန်းလာ၏။
လက်ကြီး ချဉ်းကပ်လာနေစဉ် ရေခဲအလွှာများက လိပ်ပြာ၏ပတ်ပတ်လည်တွင် ဖြစ်ပေါ်စပြုလာသည်။ ဤအခိုက်အတန့်တွင် ရေခဲလက်ကား မန်ဟို့ထံမှ မီတာသုံးရာသာ ကွာဝေးတော့လေသည်။
သို့သော် စောစောက ရေခဲအရိုက်ခံခဲ့ရသော အလင်းမြားငါးစင်းကို ကြာကြာဖိနှိပ်ထား၍မရပေ။ ၎င်းတို့သည် တောက်ပသောအရောင်အဝါများကို ဖြန့်ကျက်လိုက်ကာ ရေခဲလက်ပေါ်တွင် အကွဲကြောင်းများစွာ ပေါ်လာစေ၏။ ထိုအခြင်းအရာက ရေခဲလက်ကို မန်ဟို့ထံ မလှမ်းစေနိုင်တော့ဘဲ ကြေမွသွားစေတော့သည်။
ထိုသို့ဖြစ်ပျက်သွားလျှင် အလင်းမြားငါးစင်း၏ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် အလင်းရောင်က အားကောင်းသောလှိုင်းဂယက်များကို အရပ်လေးမျက်နှာတစ်ခွင် ဖြာထွက်သွားစေပြီး မန်ဟိုနှင့်အမျိုးသမီးကြားရှိ ဧရိယာကို ပိတ်ဖုံးသွားရာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မမြင်ရတော့ပေ။
လှိုင်းဂယက်များသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားသော်လည်း ထိုအချိန်တွင် လိပ်ပြာကြီးကား ထွက်သွားခဲ့လေပြီ။ အေးစက်စက်ပါရာဂွန်မှာ အဝေးကို တင်းမာခက်ထန်စွာ ကြည့်ရင်း ကျန်ခဲ့သည်။ သူမမျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်မှာ ပိုပို၍အားကောင်းလာနေ၏။
တစ်ချိန်တည်းမှာပင် မျက်ခုံးဖြူအဘိုးအိုနှင့်အတူ နောက်အဘိုးအိုနှစ်ယောက်လည်း ပေါ်လာပြီး အဝေးသို့ တိတ်ဆိတ်စွာ ငေးကြည့်နေကြသည်။
“ငါတို့အစီအစဉ်က မှားသွားပြီထင်တယ်... ခေါင်းဆောင်ကြီးသာ ငါတို့ ဒီစစ်ပွဲဘာလုပ်နေလဲ သိရင် သဘောတူမှာမဟုတ်ဘူး”
“အခုမှပြောနေလည်း ထူးမနေဘူး။ အဲဒီကြေးမုံကိုသာ ငါတို့ရရင် သူ့ကို ပြန်ခေါ်နိုင်ပြီလေ။ ဒါ့အပြင် ...’အတုမရှိအင်မော်တယ်ဟာ အတုမရှိနတ်ဘုရားထက် သာလွန်ပြီး အတုမရှိနတ်ဆိုးကို ဖိနှိပ်နိုင်တယ်’ တဲ့။ အဲဒီဟောတမ်းကို ကြားနေရတာဖြင့် ကြာလှပြီ။ အင်မော်တယ်က မိစ္ဆာဖြစ်လာနိုင်တယ်ဆိုတာကိုတောင် တစ်ယောက်ယောက် ဟောကိန်းထုတ်ခဲ့လောက်တယ်”
“အတုမရှိမိစ္ဆာ....” အမျိုးသမီးပါရာဂွန်က သက်ပြင်းချပြီးနောက် အေးစက်စက် နှာမှုတ်သည်။ “ကိစ္စမရှိဘူး။ ဒီအခြေအနေထိ ရောက်လာမှတော့ ကျွန်မ လက်မလျှော့နိုင်ဘူး။ သူ့မှာ အနှစ်သာရ ၉ ခုနဲ့ညီမျှတဲ့ အတိုက်အခိုက်စွမ်းရည် ရှိရင်ရှိလိမ့်မယ် ဒါပေမဲ့ အနှစ်သာရ ၉ ခုကို ကျွန်မတို့ အခုမှသတ်ဖူးတာလည်း မဟုတ်ဘူး။ သူ့နောက် လိုက်ကြ”
သူမသည် အင်္ကျီလက်စကို ခါလိုက်ပြီး တခဏကြာသ်ော အင်မော်တယ်နတ်ဘုရားကမ္ဘာသည် မန်ဟိုတို့ထွက်ပြေးသွားသောဘက်သို့ ရွေ့လျားသွားတော့၏။
ဤအချိန်တွင် သူတို့သည် မယုံကြည်နိုင်ဖွယ်စွမ်းအားတစ်မျိုးကို ထုတ်သုံးနေသည့်အလား မြေထု၏အမြန်နှုန်းကို စိတ်ကူးဖြင့်ပင်မှန်းမကြည့်နိုင်အောင် တွန်းပို့ပေးနေသည်။
အင်မော်တယ်နတ်ဘုရားကမ္ဘာမှာ အရင်းမြစ်ပေါင်းများစွာကို နှစ်နှင့်ချီစုဆောင်းထားရှိခဲ့၍ အာကာပြင်ကျယ်စကြဝဠာရှိ မည်သူ့ကိုမဆို ဖိန့်ဖိန့်တုန်သွားစေနိုင်သည်။ သူတို့အပေါ်ယံ၌ ပြသထားသည်မှာ .. ထိုအင်အား၏ အစိတ်အပိုင်းသေးသေးလေးသာ ဖြစ်လေသည်။ သူတို့၏အရင်းမြစ်အစစ်အမှန်သည် ... ဟိုးအတိတ်ခေတ်ကတည်းက ထင်ရှားခဲ့သော ရှေးမျိုးဆက်မှာ လူများအသွင်ဖြင့် လာ၏။
ဥပမာ ... အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ ချောင်ကျသောတစ်နေရာတွင် နိုင်ငံသေးသေးလေးတစ်နိုင်ငံ ရှိသည်။ နိုင်ငံမှာ လူနေကျဲပါးလှ၍ သိပ်မကြီးလှပေ။ သို့သော် ထိုနိုင်ငံ၏ဘုရင်သည် ကြင်နာတတ်သောလူတစ်ယောက်ဖြစ်ပြီး .... နိုင်ငံ၏နာမည်ကား .... စမ်းရေကြည်ပြည်နယ် ဟု ခေါ်၏။
နောက်တစ်နေရာ၊ ကြီးမားကျယ်ပြောသော အင်ပါယာတစ်ခု၏ မြို့တော်ထဲရှိ နန်းတော်ထဲတွင် ထွားထွားကြိုင်းကြိုင်းလူတစ်ယောက်သည် အရက်ကို ရေလိုသောက်၍ ကချေသည်များကို ကြည့်နေ၏။ သူက တဟားဟားရယ်နေသော်လည်း သူ့မျက်ဝန်းများတွင် လွမ်းဆွေးမှုတို့ ပြည့်နှက်နေသည်။ (နှောင်ဖွဲ့ကင်းတန်ခိုးရှင် အပိုင်း ၄၇ ဝန်းကျင်လောက်မှာ ပေါ်လာခဲ့တဲ့ စီသူနန်ဖြစ်လောက်ပါတယ်)
အင်မော်တယ်နတ်ဘုရားကမ္ဘာသည် အဆုံးမရှိသော အာကာပြင်ကျယ်ကြီးကို ဖြတ်လျက် အသော့နှင်နေ၏။ သူတို့၏ဟိုးအရှေ့၊ အာကာပြင်ကျယ်အတွင်းမှာပဲ လည်နေသောအနက်ရောင်မြူများ ရှိသည်။ ထိုမြူခိုးမြူငွေ့များထဲ၌ မြေထုကြီးတစ်ခုကို ဆွဲလျက် ပျံသန်းနေသော လိပ်ပြာကြီးများကို မြင်ရနိုင်သည်။ မြေထု၏အပေါ်တွင် ကျမ်းစာများရွတ်ဖတ်လျက် လူပေါင်းများစွာ ဒူးထောက်ရှိခိုးနေသော ဧရာမအခေါင်းကြီးတစ်ခုကို မြင်ရနိုင်သည်။
ကျမ်းစာရွတ်သံများ ပျံ့လွင့်နေစဉ် ဟိန်းဟောက်သံကြီးကိုလည်း ကြားနေရသည်။ ထိုဟိန်းဟောက်သံသည် ဒေါသထွက်နေသော စွမ်းအားဖြစ်လာပြီး ရက်စက်ကြမ်းကြုတ်သောခံစားချက်ကို ပေးစွမ်းနေ၏။ ထိုမြေထုသည်လည်း မြန်နိုင်သမျှမြန်မြန် လာနေလေသည်။