အပိုင်း (၃၀၆) – ဟာစွန် ဒုက္ခရောက်နေပြီ
Vol. 004 Ch. 306
စီလေး ပြောသည်ကိုကြားပြီးနောက်တွင် အားလုံးသည် လီမူ အသက်ပြင်းပြင်းရှုနေသည်ကို တွေ့ရလေသည်။
ရှီမာယူယူက ဘယ်သူလဲ၊ လီမူကို သူအဲလိုပြောရဲတာလား။
ရှီမာယူယူ၏ နာမည်ကိုကြားရသော လီမူသည် တိတ်ဆိတ်သွားကာ စီလေးအား ပြောလိုက်သည် “သားရဲတစ်သောင်းတောင်က လူတွေကို ခေါ်တာခဲ့တော့”
ထို့နောက်တွင် သူ အဂ္ဂိရတ်ပညာရှင်အသင်းကို ဒေါသချုပ်ထိန်းပြီး လျှောက်သွားရာ…. ဘယ်သူမှ သူနှင့် သုံးမီတာအတွင်း မနေရဲကြပေ။
“အဂ္ဂိရတ်ပညာရှင်အသင်းကို သွားတဲ့ဘက်ပဲ” လီမျိုးနွယ်မှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“သူက ရှီမာယူယူကို သွားပြီး လက်စားချေတာမဟုတ်ဘူးလား”
“ဒီလိုပဲ အဆုံးသတ်မှာလား”
လီမျိုးနွယ် တစ်ခုလုံး ရှုပ်ထွေးသွားသည်။ သူက ရှီမာယူယူကို သွားမတွေ့ဘူးလား။ သူ မဟုတ်သလိုပဲ။
အဂ္ဂိရတ်ပညာရှင်အသင်းမှ လူအနည်းငယ်သာ အကြောင်းအရင်းကိုသိသည်။ အခု သူသာ ရှီမာယူယူကို သွားရှာပါက လက်စားချေရန် မပြောနှင့် လောင်းကြေးရှုံးထားသဖြင့် သူ့အား အစ်ကိုကြီးဟု ခေါ်ရပေမည်။
ရှီမာယူယူနှင့် တခြားသူများသည် လုမျိုးနွယ်၏ အိမ်တွင် ခေတ္တမျှနေပြီး ထွက်သွားကြလေသည်။ ဝူလင်းယူသည် သူတို့နှင့်အတူ ပြန်လိုက်ချင်မည်ဟု သူမ ထင်မထားပေ။
“ခင်ဗျားက ကျွန်တော်တို့နဲ့ ဘာလိုက်လုပ်မှာလဲ” ရှီမာယူယူသည် ဝူလင်းယူအား စိုက်ကြည့်လိုက်သည်။
“မင်း ဘေးကင်းအောင် လိုက်ပို့မလို့လေ” ဝူလင်းယူသည် ပြုံးပြီး ပြောလိုက်သည်။
“ရပါတယ် ခင်ဗျားရှိနေတာက ကျွန်တော့်အတွက် ပိုမလုံခြုံဘူး” ရှီမာယူယူ သူ့အား ငြင်းဆန်လိုက်သည်။
“ကြည့်လိုက်လေ ငါက မင်းရဲ့ စီနီယာအစ်ကို မင်းက ငါ့ဆရာတူညီ… မင်း သေချာပေါက် လုံခြုံမှာပါ ငါက မင်းကို ဘာမှမလုပ်ပါဘူး မဟုတ်ရင် မင်းက ငါ့ကို တစ်ခုခု လုပ်စေချင်တာလား” ဝူလင်းယူသည် သူ့အား ကြောက်စေရန် ကြည့်လိုက်သည်။
ရှီမာယူယူ မျက်နှာမှာ မည်းသွားလေသည်။ ဒီလူက ဘာပြောတာလဲ။
“ကျွန်တော် ခင်ဗျားနဲ့သွားရင် ဒုက္ခရောက်မှာ အသေချာပဲ၊ ကျွန်တော် ဆက်ကပ်ထဲက မျောက် မဖြစ်ချင်ဘူး၊ ခင်ဗျားကိုယ့်လမ်းကို သွားတာပဲကောင်းမှာပဲ မြင့်မြတ်သော သားတော်ခင်ဗျား” ရှိမာယူယူသည် ဝူလင်းယူအား လက်ဖြင့် တွန်းထုတ်လိုက်လေသည်။
သူတို့ စကားများကိုကြားနေရသော လုမျိုးနွယ်ဝင်များသည် ချွေးအေးများ ပျံလာလေသည်။ ဆရာတူ ညီအစ်ကိုနှစ်ယောက်သည် ရိုးရှင်းစွာပင် ထူခြားသည်။
နောက်ဆုံးတွင် ဝူလင်းယူသည် ရှီမာယူယူတို့နှင့် မလိုက်ပေ။ သူသည် ရှီမာယူယူ မျက်နှာ ဆူပုတ်ပြီးနောက်တွင် ထွက်သွားလေသည်။
“လုမင် တကယ်ပဲ ကျွန်တော်တို့နဲ့အတူ ရှီမာအိမ်တော်ကို မလိုက်တော့ဘူးလား” ရှီမာယူလီသည် မောင်နှမလေးယောက်ကို မေးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒါ ကျွန်တော်တို့အိမ်ပဲ” လုမင်ပြောလိုက်သည် “ပြီးတော့ လီမူကလည်း ဒီအတောအတွင်း လာပြီးပြဿနာမရှာလောက်သေးပါဘူး၊ သူကိုယ်တိုင်မလာသ၍တော့ ကျွန်တော်တို့ ခံနိုင်ရည်ရှိပါတယ်”
“ဒါဆိုလည်း ကောင်းပါပြီ ဂရုစိုက်ပါ”
ရှီမာယူယူနှင့် ကျန်သောသူများ အိမ်ရောက်သောအခါ လီမူ၏ နောက်လိုက်များကို မည်ကဲ့သို့ အနိုင်ရလိုက်သည့်အကြောင်းမှာ ခရိုင်တစ်ခုလုံးပျံ့နှံ့သွားလေသည်။
ရှီမာယူယူ ထိုင်ခုံတွင် တိုက်ရိုက်ထိုင်ပြီး ပြောလိုက်သည် “ဒီတစ်ခါတော့ အဂ္ဂိရတ်ပညာရှင်အသင်းကို တိုက်ရိုက်စိန်ခေါ်လိုက်ပြီ၊ ငါ ပြဿနာမဖြစ်ခင် ထွက်သွားချင်လား”
“ကျွတ်…” ရှီမာယူယန်သည် သူမအား မျက်ဖြူလှန်ကာ ပြောလိုက်သည် “ငါ ဦလေးရန်နဲ့ ပြောပြီးပြီ မဟုတ်လည်း အစကတည်းက အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ဆက်ဆံရေးမကောင်းဘူး စိတ်ထဲမထားနဲ့”
“အစ်က ငါ ထွက်ပြေးချင်ယောင်ဆောင်မလို့ ဒါပေမဲ့ လုပ်ဖို့မလိုတော့ဘူးထင်တယ်” ရှီမာယူယူ အပြုံးဖြင့် ပြောလေသည်။
ရှီမာယူယန်သည် ခေါင်းကိုပွတ်လိုက်သည်။ ဒီကောင်ကတော့ တကယ်အရှက်မရှိတာပဲ။
“မြောက်ပိုင်းယန်တိုင်းပြည်က လီမျိုးနွယ်နဲ့ ငါတို့မျိုးနွယ်က အမြဲတမ်း ကိစ္စတွေ ငြိနေကြတာ၊ မင်းတို့ အပြင်ထွက်ရင် သတိထား၊ သူတို့ရဲ့ ယုတ်မာတာတွေကို သတိထားရမယ်” သူ သတိပေးလိုက်သည်။
“အိုခေ” ရှီမာယူယူသည် သူမ လက်အားရမ်းကာ ပြောလိုက်သည် “ယူယန် ငါဒီနေ့မှ သတိထားမိတယ် မင်းက တကယ်ဆူတာပဲ အမြဲပွစိပွစိနဲ့ မင်း ယူလင်းလိုမျိုး တည်ငြိမ်ပြီး ယောကျ်ားချောလေးလုပ်ပါ”
ဒါက အေးအေးဆေးဆေးနေတဲ့ ယူလင်းကို ဒီကောင်က စလိုက်တာလား။
“ဘာမှမရှိရင် ငါ သွားနားတော့မယ်” ရှီမာယူယူသည် သူတို့နှစ်ယောက်အား ကြည့်ပြီး လျင်မြန်စွာ ထွက်သွားလေသည်။
အားလုံးသည် လီမူ၏ နောက်လိုက်များ ရှုံးသွားသည့်အကြောင်းကို ပြောနေကြသည်။ သူတို့သည် လီမူငြိမ်နေရသည့်အကြောင်းကို သိချင်နေကြသည်။ သူက ဘာတုန့်ပြန်ချက်မှ မရှိဘူးလား။
အားလုံးသည် နဂါးတန်ပြန်မြို့တော်မှ ဖြစ်ပျက်သမျှကို သိလိုက်သည်နှင့် လီမူအား အနိုင်ရသည့်သူ ရှိသည်ကို သိသည်နှင့် အံ့သြကြသည်။ ထိုလူသည် အသက် ၂၂နှစ်အရွယ် အရည်အချင်းရှိသူဖြစ်သည်။
နှစ်ရက်အကြာတွင် ရှီမာမျိုးနွယ်နှင့် တခြားသူများသည် သူတော်စင်မြို့တော်သို့ ရောက်ကြသည်။ သူတို့ရောက်သည်နှင့် ရှီမာယူယူသည် လီမူအား အနိုင်ရသည့် သတင်းကို ပြန်ကြားရသည်။ မျိုးနွယ်မှ လူကြီးများသည် ပျော်ရွှင်ကြသည်။ သူတို့မျိုးနွယ်တွင် ထိုကဲ့သို့ အရည်အချင်းရှိသောသူ ရှိသည်ကို ဂုဏ်ယူကြသည်။
“ငါတို့ အဲတုန်းက ဆိုးဆိုးဝါးဝါး မတိုက်ခိုက်လိုက်တာ တော်သေးတာပေါ့၊ မဟုတ်ရင် ဒီလို အရည်အချင်း ရှိတဲ့သူက ရှီမာမျိုးနွယ်ဝင်ဖြစ်နေမှာမဟုတ်ဘူး” ထိုအကြောင်းမှာ ရှီမာမျိုးနွယ်ဝင် အများစု တွေးမိကြသော အတွေးပင်ဖြစ်သည်။
နောက်ရက်အနည်းငယ်ကြာသောအခါ အဆင့်၂ စွမ်းအားရှင်များ သူတော်စင်မြို့တော်သို့ ဝင်ကြလေသည်။ အားလုံးသည် ရှီမာယူယူ၏ အဖြစ်အပျက်များကို ကြားပြီးသည်နှင့် သူမ အကြောင်းကို သိချင်ကြသည်။
လူကြီးများသည် လူငယ်များနှင့် ကွာခြားကာ အဂ္ဂိရတ်ပညာရှင်အသင်းမှ လီမူ၏ အရည်အချင်းအား သိကြသည်။ အခုတော့ သူ့ထက်ငယ်တဲ့သူက သူ့ကို အနိုင်ရလိုက်သည်။
ရှီမာမျိုးနွယ်က ဘယ်တုန်းက ဒီလိုရတနာမျိုးကို ရသွားတာလဲ။
သည်လိုနှင့် ရှီမာယူယူ၏ အကြောင်းများကို တူးဖော်ကြလေသည်။ ထိုလူငယ်သည် ဒုံချိန်းတိုင်းပြည်မှ လာကာ ရှီမာမျိုးနွယ်တွင် ပြဿနာများဖြစ်စေပြီး တောင်နေကြတ်တိုင်းပြည်ကို ကာကွယ်ရန် ဝူရန်ဖေကို ကူညီကြောင်း၊ နဂါးတန်ပြန်မြို့တွင် လီမူကို အနိုင်ရကြောင်းများကို ပြန်ကြားလေသည်။ ထိုအဖြစ်အပျက်များ သည် အားလုံးကို ရူးသွားစေသည်။
နောက်ရက် အနည်းငယ်အကြာ ရှီမာယူယူ အပြင်ထွက်သောအခါ သူမအားဆက်ကပ်မှ မျောက်တစ်ကောင်ကဲ့သို့ လက်ညှိုးထိုးကာ သူမအကြောင်းများကို တီးတိုးများ ပြောနေသည်ကို တွေ့ရသည်။ သူမသည် လေ့ကျင့်ရန်တွေ့ဆုံပွဲ မတိုင်မီကို တိတ်ဆိတ်စွာ နေရန် ဆုံးဖြတ်လိုက်သည်။
အစပိုင်းတွင် သူမသည် ထိုနေရာမှ တိတ်တိတ်ထွက်သွားရန်ဖြစ်သော်လည်း သားရဲတစ်သောင်းတောင်မှ ထွက်ခွာသည်နှင့် သူမအား မျှော်လင့်ထားသည့် ကိစ္စများ ပေါ်ပေါက်ခဲ့သည်။
ထိုနေ့တွင် ရှီမာယူယူသည် အားကောင်းသော ဝိညာဉ်စွမ်းအားကို ခံစား၍ ရနေသေးသဖြင့် မြို့တော်မှ ထွက်ခွာမသွားပေ။ သူမသည် ချက်ချင်းပင် တိတ်တဆိတ်ကျင့်ကြံရာမှ ထွက်လာကာ တံခါးဖွင့်လိုက်သည်။
“ဆရာ ပြန်လာပြီလား” အဘိုးနတ်ဆိုးသည် လက်ပေါ်တွင် ငှက်လေးအား တင်ထားသည်ကို ရှီမာယူယူ မြင်လိုက်သည်နှင့် အော်လိုက်သည် “ဟာစွန်လား၊ ဟာစွန်ဘာဖြစ်တာလဲ”
“မင်းအိမ်အရင် သွားလိုက်ဦး” အစပိုင်းတွင် ဟာစွန်အား ရှီမာယူယူဆီသို့ ပေးရန် ကြံရွယ် ထားသော်လည်း သူမသည် မိန်းကလေးဖြစ်သည်ကို သတိရသောအခါ သူကိုယ်တိုင်ပင် ခေါ်ခဲ့သည်။
သူသည် သားရဲအဖိုဖြစ်သောကြောင့် သူ့တပည့်က ဖက်ထားခြင်းမျိုးကို မဖြစ်စေလိုပေ။
“ဟုတ်ကဲ့ပါ” ရှီမာယူူယ ဘေးဖယ်ကာ သူတို့အား ဝင်စေလိုက်သည်။
အဘိုးနတ်ဆိုးသည် ဟာစွန်ကို ရှီမာယူယူ၏ အိပ်ရာပေါ်သို့ ထင်ပြီး ပြောလိုက်သည် “ငါသူ့ကို အောက်ဆင်းသွားတော့ တွေ့တာပဲ သူ့ကိုတွေ့တဲ့အချိန်မှာ သူ သတိမေ့နေပြီ ၊ သူက မင်းသူငယ်ချင်း ဆိုတာ သိတော့ သူ့ကို ငါနဲ့ခေါ်ခဲ့တာပဲ”
“ဆရာ သူ့ဒဏ်ရာက ပြင်းလား” ရှီမာယူယူသည် ဝိညာဉ်သားရဲ၏ ဒဏ်ရာကို မကြည့်တတ်သဖြင့် ဆရာနတ်ဆိုးကို မေးလိုက်သည်။
အဘိုးနတ်ဆိုးသည် ခဏမျှတိတ်ပြီးမှ ပြန်ဖြေလိုက်သည် “သူ့ဒဏ်ရာပြင်းတယ် ဟုတ်တယ် သူ့ကို ကယ်လို့မရတာ ဖြစ်နိုင်တယ်၊ သူ သတိမရလာတာလည်း ဖြစ်နိုင်တယ်”
ဟာစွန်၏ အသက်ရှုသံကိုနားထောင်နေသော သက်တန့်လေးသည် အဘိုးနတ်ဆိုး၏ စကားကို ကြားသောအခါ ပျံနေရာမှ ထိုးဆင်းလာသည်။ “မဟုတ်ဘူး ကျွန်မယောကျ်ားက ဘာမှဖြစ်မှာ မဟုတ်ဘူး သူအဆင်ပြေမှာပါ”
ရှီမာယူယူ လျှောက်လာကာ သက်တန့်လေးအား သူ့လက်ဖြင့်ဖက်လိုက်ပြီး စိတ်တည်ငြိမ်စေရန် အမွှေးများကို သပ်ပေးနေလေသည်။ “ဆရာ သူ့ကို ကယ်ဖို့ နည်းလမ်းမရှိဘူးလား”
အဘိုးနတ်ဆိုးသည် ခေါင်းရမ်းကာ ပြောလိုက်သည် “သူ့ဒဏ်ရာက အရမ်းပြင်းထန်တယ် သူ့အတွင်း ကလီစာတွေက လုံးဝပျက်စီးနေပြီ သူအသက်ရှင်ဖို့ အခွင့်အရေးက အရမ်းနည်းလွန်းတယ်၊ သူ့ကို ကယ်ဖို့ ဆေးမရှိဘူး”
ရှီမာယူယူ ခေါင်းပူသွားသည် သူ့ကို ကယ်ဖို့ နည်းလမ်းမရှိဘူးလား။
“ဟင် မဖြစ်ဘူး ကျွန်မယောကျ်ားကို မသေစေချင်ဘူး” သက်တန့်လေးသည် သွေးရူးသွေးတန်း ပျံသွားသည်။ သူသည် ဟာစွန်းဘေးတွင် လဲကာ ကျယ်လောင်စွာ ငိုကြွေးလေသည်။
ရှီမာယူယူသည် ဒဏ်ရာရထားသော ဟာစွန်အားကြည့်ပြီး သူမစိတ်ထဲနာကျင်သွားသည်၊ အဖြစ်အပျက်များသည် မြန်ဆန်လွန်းသည် သူမ လက်မခံနိုင်ပေ။