ငါတောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွတ်ပါ
Vol. 29 Ch. 401
အန်လင်းကို ထုတ်ပယ်ပြီးနောက် စုရှောင်လန်က ခဏအနားယူလိုက်ပြီး သူမ၏ ခြေလှမ်းများကို ပြန်စတင်လိုက်၏။
သူမ၏ အစွမ်းထက် ပြိုင်ဘက်များအားလုံးက ထုတ်ပယ်ခံလိုက်ရပြီး သူမကို စိန်ခေါ်နိုင်သောသူ တစ်ယောက်မှ မရှိတော့ပါပေ။ နောက်ဆုံးတွင်တော့ သူမက တောင်ထိပ်တစ်ထောင် တောအုပ်ထဲတွင် ရပ်ကျန်နေသော တစ်ဦးတည်းသောသူဖြစ်ကာ သူမ၏ အပြန်ကို ကြည့်ရှုသူကျောင်းသားများက သောင်းသောင်းဖျဖျ ကြိုဆိုကြ၏။
ကန့်သတ်မဲ့တိုက်ပွဲမှာ နောက်ဆုံးတွင် နိဂုံးချုပ်သွားလေပြီ။ အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားတွင် စုရှောင်လန်က ထိပ်ဆုံးနေရာရပြီး၊ လျှိုချင်ဟွမ်က ဒုတိယ၊ ရွှမ်ယွမ်ချန်ကမူ တတိယဖြစ်ကာ ဇူချောင်ပင်က စတုတ္ထ၊ စုချန်းရန်က ပဉ္စမ အသီးသီးရကြ၏။ ထန်ရှီမန်က စောစော ထုတ်ပယ်ခံလိုက်ရ၍ သတ္တမနေရာသာရရှိပြီး ဆဋ္ဌမနေရာကို ဒူအမ်လန်ဟု အမည်ရသော တခြားစတုတ္ထနှစ်ကျောင်းသားမှ ရရှိသွား၏။
ကျောင်းသားများအားလုံးက အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်တွင် ထိပ်ဆုံးနေရာများမှာ တတိယနှစ် တန်းခွဲ ၁မှ ကျောင်းသားများ၏ လွှမ်းမိုးခြင်းကို ခံရသည်ကို အံ့ဩတကြီး သဘောပေါက်သွားကြပြီး အန်လင်းက ထိပ်ဆုံးအယောက် ၁၀၀ပြင်ပသို့ရောက်နေသည်ကို တွေ့သောအခါ ပို၍ပင် ထိတ်လန့်သွားပေ၏။ လုကျန်း၊ မုန့်ထျန်း၊ ကျုံးရုံရန်၊ စွန်းရှန့်လျန်၊ လောင်ကျိပင်၊ ထန်မန်နှင့် စီကောင်ရူတို့ ကဲ့သို့ တန်းခွဲ ၁မှ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်သော တတိယနှစ်ကျောင်းသားများသည်လည်း အတော်လေးပင် အထင်ကြီးစရာ အဆင့်များ ရရှိခဲ့၏။
လူတိုင်းက အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်မှ ကျောင်းသားတစ်ရာကျော် စာရင်းကို ဂရုတစိုက် ကြည့်ရှုလိုက်ရာ အယောက်၃၀ကျော်မှာ တတိယနှစ် တန်းခွဲ ၁မှ ကျောင်းသားများ ဖြစ်သည်ကို တွေ့လိုက်ကြ၏။ ထိုသည်အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်၏...။
"ငါတို့တော့ ငါတို့ရဲ့ အောက်အတန်းက ကျောင်းသားတွေဆီက ဘယ်လိုတောင် ရိုက်ခံနေရတာလဲ။ ဝါးး... ငါတို့က သူတို့ထက် ၂နှစ်ပိုပြီး ကျင့်ကြံခဲ့တာလေ။ သူတို့က ငါတို့ကို ကိုယ့်ကိုယ်ကို သက်သေစေချင်နေကြတာလား။" ပဉ္စမနှစ် ကျောင်းသူတစ်ဦးက မျက်ရည်များဖြင့် ရေရွတ်နေလေ၏။
"တတိယနှစ်ကျောင်းသားတွေက ဘယ်လိုတောင် သန်မာနေရတာလဲ။ ငါတို့က တကယ်ပဲ သင်ရိုးအတူတူ ဟုတ်ရဲ့လား။" စတုတ္ထနှစ်ကျောင်းသားတစ်ဦးက နာမလည်နိုင်စွာ တစ်ကိုယ်တည်း တွေးတောနေလေ၏။
"သူတို့ကို စုပေါင်းခွန်အား တိုးစေတာက ပုရွက်ဆိတ် မျိုးနွယ်စု စစ်တပ်ကို အနိုင်တိုက်ရတဲ့ နှစ်ဆုံး စမ်းသပ်မှုလို့ မင်းတို့ကောင်တွေ တွေးမိကြလား။" တခြားကျောင်းသားတစ်ယောက်က အဖြေထုတ်လာ၏။
"အဲ့တာ ဖြစ်နိုင်တယ်။ ငါကြားတာတော့ ပုရွက်ဆိတ် မျိုးနွယ်စုနဲ့ တိုက်ပွဲက ပါဝင်တဲ့ လူတိုင်းအတွက် အတော်လေး ကြောက်မက်ဖွယ် အတွေ့အကြုံပဲတဲ့။ မရေမတွက် နိုင်အောင် ထိခိုက်ဒဏ်ရာရတဲ့ ကျောင်းသားတွေနဲ့ ဆရာတွေရှိတယ်။ ဘဝရဲ့ သေဆုံးခြင်းရဲ့ စမ်းသပ်မှုတွေကို ကြုံတွေ့ရခြင်းက တစ်စုံတစ်ယောက်ရဲ့ တာအိုနှလုံးသားကို သန်မာလာစေနိုင်တယ်တဲ့။ အဲ့တာမို့ သူတို့ကို မြန်မြန် တိုးတက်လာစေတယ်။" တခြား ကျောင်းသားတစ်ယောက်က ထောက်ခံစွာ ဝင်ပြောလာလေ၏။
"ငါထင်တာတော့ နတ်ဘုရား အန်ရဲ့ ရောင်ခြည် စက်ဝန်းက သူတို့အပေါ်ကို သက်ရောက်စေတာကိုလည်း လျော့တွက်လို့ မရဘူးထင်တယ်။"
"ဟားဟား... မင်းက အဲ့က တစ်စုံတစ်ခု အပေါ်စိတ်ဝင်စားနေတာ ဖြစ်ရမယ်..."
...
သို့ဖြစ်၍ ကန့်သတ်မဲ့ တိုက်ပွဲက တရားဝင် အပြီးသတ်သွားလေပြီ။
သို့သော်လည်း အန်လင်း၏ တိုက်ပွဲက ယခုမှ စတင်မည်ဖြစ်သည်။
သူက မျက်လုံးဖွင့်လိုက်သောအခါ သူ့ကို အေးစက်စက်နှင့် စိုက်ကြည့်နေသော လူတစ်စုနှင့် မိတ်ဆက်ခြင်းခံလိုက်ရ၏။ သူ့ကျောရိုးတစ်လျောက် အေးစက်သွားကာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားရ၏။
လျှိုချင်ဟွမ်၊ ရွှမ်ယွမ်ချန်၊ စုချန်းရန်၊ စုရှောင်လန်နှင့် ထန်ရှီမန်တို့က သူ့အား ဒေါသတကြီး စိုက်ကြည့်နေကြ၏။
ထန်ရှီမန်က အေးစက်စက်နှင့် တစ်ခစ်ခစ်ရယ်လိုက်ကာ "မင်း ဘာကိစ္စအကြီးကြီးတွေကို ကြံစည်နေတာလဲ။ ငါတို့အားလုံးကို အရူးလုပ်သွားတာတော့ အသေအချာပဲ။"
အန်လင်းမှာ စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီး လျှိုချင်ဟွမ်ကို ငေးကြည့်ကာ အော်ဟစ်လိုက်လေ၏။ "သစ္စာဖောက်..."
လျှိုချင်ဟွမ်က တရားမျှတသော အမူအရာဖြင့် လျှာထုတ်ပြလိုက်လေ၏။ "အဲ့တာက ငါ့အပေါ်ကို နျူလျှပ် လက်သီး အသုံးပြုလို့ နင်ခံရတာပဲ။ နင်က ငါ့ကို သတိတောင်မပေးဘူး။ ငါ့မှာ လန့်လို့ သေတောင်သေတော့မလို့...။ အဲ့နောက်ကျတော့ ထန်ရှီမန်က ငါ့ကိုလာပြီး မကျေမနပ်လာပြောတော့ ငါက နင့်ရဲ့ ဓားစာခံမဖြစ်ချင်တော့ဘူးလေ။ ငါ့ကို ဘာအတွက်မှ လာအပြစ်မတင်နဲ့နော် နင်ကမှ အဓိက တရားခံလေ။ ငါက ဒီအတိုင်း ကြံရာပါလေးပဲ။"
"အဲ့အပြင် အခုထိ အဏုမြူလက်နက်တွေနဲ့ တိုက်ခိုက်ပြီး ငါ့ကိုဘာမှ ပြန်မလုပ်ပေးရသေးဘူးနော်။"
သူမက ပြောနေရင်းပင် အန်လင်းအား ခြိမ်းခြောက်သော အကြည့်များ ပို့လွှတ်နေပေ၏။
အန်လင်းက အလန့်တကြားနှင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူက လျှိုချင်ဟွမ်သည် သစ္စာဖောက်ပြီးသည့်တိုင် သူ့ကို အပြစ်တင်လာမည်ဟု မထင်မှတ်ထားပါပေ။
သူက ရွှမ်ယွမ်ချန်ကို စစ်ကူအနေဖြင့် လှည့်ကြည့်လိုက်၏။
ရွှမ်ယွမ်ချန်က သက်ပြင်း ခပ်ဖွဖွ ချလိုက်၏။ "အတန်းဖော် အန်လင်း၊ မင်းက စုရှောင်လန်ကို အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်မှာ နံပါတ် ၁ ရစေချင်တယ်ဆိုရင်လည်း ငါ့တို့ကို ပြောပြီးတော့ အဲ့တာကို ဖြေရှင်းဖို့ ပိုကောင်းတဲ့ နည်းလမ်းတစ်ခုကို အကြံပေးနိုင်မှာလေ။ ငါကတော့ မင်းသုံးတဲ့ လှည့်စားတဲ့ နည်းလမ်းတွေကို မထောက်ခံဘူး။ ပြီးတော့ ဒီလို မရိုးမသား အခြေအနေတွေအောက်မှာ ထိပ်ဆုံးနေရာကို ရတာအတွက် စုရှောင်လန်လဲ ပျော်မှာ မဟုတ်ဘူး။"
အန်လင်းက စုရှောင်လန်ကို လှည့်ကြည့်လိုက်သောအခါ သူ့အား အလွန်အမင်း အေးစက်စက် အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူမက ဒီနေရာရှိ လူအားလုံးထဲတွင် ဒေါသအထွက်ဆုံး ဖြစ်သည်မှာ သိသာလှ၏...။
သူမက စကားတစ်ခွန်းမှ မပြောပဲ အန်လင်းကိုသာ စိုက်ကြည့်နေလေ၏။ သို့သော် ထိုသည်ကပင် အန်လင်းအား တစ်နည်းနည်းဖြင့် ကြောက်လန့်စေပေ၏။
"အဲ့တာ မှန်တယ်။ စုရှောင်လန်က အရမ်းသန်မာတာ။ သူမရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့လဲ ပထမနေရာကို ရနိုင်တာပဲကို။ အတန်းဖော် အန်လင်း၊ နင်လုပ်ခဲ့တာက တကယ့်ကို မလိုအပ်တာပဲ။" စုချန်းရန်က ဤအခြေအနေအား ရင့်ကျက်သော အသံဖြင့် ဝင်ပါလာလေ၏။
သူမက အနည်းငယ် မရိုးဖြောင့်သော အတွေးတစ်ခုရှိပြီး ထိုသည်မှာ စုရှောင်လန်က ထိပ်ဆုံးနေရာကို မျှမျှတတ ရရှိခဲ့ပါက သူမထံမှာ ရှုံးနိမ့်သွားရသည်မှာ အလွန်အမင်းအရှက်မကွဲလောက်ပေ ဟူ၍ ဖြစ်သည်...။
"နင်ပြောချင်တာ ရှိလား။" စုရှောင်လန်၏ အေးစက်စက်အသံက ထွက်ပေါ်လာကာ အန်လင်းအား ဒေါသဘုရင်မ၏ လွှမ်းမိုးမှုဖြင့် ငုံ့ကြည့်လိုက်၏။
အန်လင်းက မည်သည်ကိုများ ပြောဆိုရပါမည်နည်း။ သူက လူတိုင်းကို သူ့၏ ချီးထုပ်စနစ်အကြောင်းပြောလို့မရပါပေ။ သို့ဖြစ်၍ သူက စိတ်ရင်းဖြင့် တောင်းပန်မှုသာပြုလုပ်နိုင်ပါ၏။
"လျှိုချင်ဟွမ်၊ ငါနင်နဲ့ ၂ရက်တိတိ ဂိမ်းကစားပေးပါမယ်။" သူက တည်ကြည်သော မျက်နှာထားဖြင့် ကမ်းလှမ်းလိုက်၏။
"ဟင်... ဟုတ်လား။ ပြဿနာမရှိပါဘူး။ အခု ငါတို့ အဆင်ပြေပြီနော်။" လျှိုချင်ဟွမ်၏ ခရမ်းရောင် မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွား၏။ သူမက အန်လင်း၏ တောင်ပန်မှုကို အလွန်ကျေနပ်နေသည်မှာ ရှင်းလင်းလှပေ၏။
"စုချန်းရန် ဓားအင်မော်တယ် အန်လင်းက နင့်အတွက် ဓားသိုင်းကို ၂ရက်တိတိ ကိုယ်တိုင်သင်ပေးမယ်လေ။" အန်လင်းက ဆက်ပြောလာ၏။
"ဟင်... အတန်းဖော် အန်လင်း၊ နင်က ငါ့ကို တောင်းပန်စရာမလိုပါဘူး...။ ဒါပေမဲ့ နင်က ကိုယ်တိုင် သင်ကြားပေးတယ်ဆိုတာ ရှားပါးအခွင့်အရေးဆိုတော့ နင့်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါမယ်။" စုချန်းရန်က ကျေနပ်အားရပြီး သူမ၏ ကြွေထည်ကဲ့သို့ သွင်ပြင်များပေါ်တွင် ရှက်သွေးဖြာသွား၏။
စုရှောင်လန်၏ အမူအရာက ပို၍ပင် အေးစက်လာပေ၏။
အန်လင်းက ထန်ရှီမန်ဆီသို့ လှည့်ကာ တိုက်ရိုက်ပင် ငွေကြေး လာဘ်ထိုးလိုက်ပေ၏။ "စီနီယာ ထန်၊ ကျွန်တော် အစ်ကို့ကို စိတ်ဝိညာဉ် ကျောက်တုံး ၅သောင်း ပေးပါမယ်။"
ထန်ရှီမန်၏ ရင်ဘတ်မှာ ဒေါသဖြင့် တင်းကြပ်လာ၏။ "အတန်းဖော် အန်လင်း၊ မင်းက ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတာလား။ ငါက အဲ့လို ငွေကြေး လာဘ်ထိုးမှု တစ်ခုနဲ့ အောင်နိုင်သွားလောက်အောင် သဘောထား မသေးသိမ်ဘူးနော်။"
"စိတ်ဝိညာဉ် ကျောက်တုံး ၁သိန်းဗျာ။" အန်လင်းက ထပ်မံ ပေးအပ်လာ၏။
"အဲ့တာဆိုလဲ ပြီးတာပဲ။" ထန်ရှီမန်က အပြုံးကျယ်ကြီးဖြင့် ချက်ချင်းပင် လက်ခံလိုက်၏။
အန်လင်း : "..."
လူတိုင်း : "..."
ထို့နောက် အန်လင်းက ရွှမ်ယွမ်ချန်ဘက်သို့ လှည့်လိုက်၏။ သူက ချောမောပြီး ချမ်းသာလှ၏။ လိုအပ်သည်ဟုမရှိ။ သူက ပြီးပြည့်စုံနေသော အမျိုးသားပင်။ အန်လင်း၏ ခေါင်းမှာ ထိုသဘောပေါက်မှုတွင် ခါယမ်းစပြုလာလေ၏။ "အစ်ကိုကြီး ချန်၊ ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်လာတာ အတော်ကြာပြီနော်..."
ရွှမ်ယွမ်ချန်က သူ့အား နွေးထွေးသော အပြုံးလေးတစ်ခုပေးလာ၏။ "မင်း ငါ့ကို တောင်းပန်ဖို့ မလိုပါဘူး။ မင်းက မင်းလုပ်ခဲ့တာက မှားမှန်းသိပြီဆိုတာကို မြင်နိုင်ပါတယ်။ အဲ့တော့ မင်းကို ခွင့်လွှတ်လိုက်ပြီးပါပြီ။"
အန်လင်းမှာ အလွန်အမင်း ရင်ထဲထိသွားရကာ သူ့မျက်လုံးများတွင် မျက်ရည်များပင် ဝဲလာပေ၏။ သူက သူ့ရှေ့မှ ကြင်နာပြီး ခွင့်လွတ်တတ်တဲ့ အမျိုးသားကို ကြည့်လိုက်ပြီး ပြောစရာစကားပင် ပျောက်ရှသွားရ၏။
အချစ်စစ်ဆိုသည်မှာ မည်သည်နည်း။ ဤသည်မှာ အချစ်စစ်ပင်။
အန်လင်းက နောက်ဆုံးတွင် စုရှောင်လန်ဘက်သို့ လှည့်လိုက်၏။ သူက သူမကို အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်တွင် ထိပ်ဆုံးနေရာကို ရရန် ကူညီပေးခဲ့ပြီးဖြစ်သော်လည်း စုရှောင်လန်က သူ့သူငယ်ချင်းများအကြားတွင် ဒေါသအထွက်ဆုံး ဖြစ်ပေလိမ့်မည်။
သူက စုရှောင်လန်ကို တောင်ထိပ်တစ်ထောင် တောအုပ်အတွင်း၌ ငိုအောင်ပြုလုပ်ခဲ့သည်ဟူသော အချက်ကပင် သူက မည်မျှ အသုံးမကျသည်ကို သဘောပေါက်ရန် လုံလောက်ပေ၏...။
သူက ယခင်က ဤသို့သော အခြေအနေမျိုး မကြုံခဲ့ဖူးပါပေ။ သူက အတန်ကြာ လေးလေးနက်နက်တွေးတောပြီး နောက်တွင် သူ့၏ သိုလှောင်လက်စွပ်ထဲမှ နောက်ဆုံး လမုန့်ကို ထုတ်ယူလိုက်၏။
လမုန် ထွက်ပေါ်လာသည်နှင့် နူးနူးညံ့ညံ့ လရောင် တောက်ပခြင်းက osmanthus ပန်းများ၏ ရနံ့ဖျော့ဖျော့နှင့်အတူ ထွက်ပေါ်လာလေ၏။
သူက လမုန့်ကို စုရှောင်လန်အား လက်ဆောင်ပေးလိုက်ပြီး ပြောလိုက်၏။ "ရှောင်လန်၊ ငါမှားသွားပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါနော်။ ဒီဟာက ချန်အယ် ငါ့ကိုပေးတဲ့ နောက်ဆုံး လမုန့်လေးပါ။ အဲ့တာက ငါ့နှလုံးသားကို ကိုယ်စားပြုတယ်။ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ။"
ထန်ရှီမန်က အံ့အားသင့်စွာ မျက်လုံးပြူးကျယ်သွား၏။
စုချန်းရန်က သူမ၏ ခေါင်းကို တစ်ဖက်သို့ စိတ်ရှုပ်ထွေးစွာစောင်းလိုက်၏။ သူမက ချန်အယ်ပေးသော လမုန့်က အဘယ့်ကြောင့် အထူးလက်ဆောင်အဖြစ် သတ်မှတ်နိုင်သလဲဆိုတာကို နားမလည်နိုင်ပေ။
ရွှမ်ယွမ်ချန်က အပြုံးဖွဖွဖြင့် ကြည့်လိုက်၏။
လျှိုချင်ဟွမ်အတွက်မူ သူမ၏ နှလုံးက အစိတ်စိတ် ကွဲကြေသွားသည်ဟု ခံစားလိုက်ရ၏။ ကျောက်ဆောင်နက် တောင်ထိပ်တွင် အန်လင်း သူမကို ပြောခဲ့သည့် လမုန့်တစ်ခုတည်း ရှိသည်ကို သူမအားတစ်ဝက်ခွဲဝေပေးခြင်းဖြစ်သည်ဆိုခြင်းကို ပြန်တွေးမိကာ အန်လင်းဆီသို့ ခုန်အုပ်ကာ လည်ပင်းညှစ်သစ်ချင်စိတ်များ ပြင်းပြလာပေတော့၏။
***