← Chapters

တစ်ကြိမ်တည်းနဲ့ ထိပ်ဆုံးရောက်နိုင်သလို တစ်ကြိမ်တည်းနဲ့လည်း ခွေးဖြစ်သွားနိုင်တယ်

Vol. 02 Ch. 51

တစ်ကြိမ်တည်းနဲ့ ထိပ်ဆုံးရောက်နိုင်သလို တစ်ကြိမ်တည်းနဲ့လည်း ခွေးဖြစ်သွားနိုင်တယ်

Vol. 02 Ch. 51

ကျင်းမန်ကျွန်းရှိ ဂျာဗစ်ဟိုတယ် အပေါ်ဆုံးအထပ် အထူးခန်းတွင် ဖြစ်သည်။

ထန်ရှု ဖုန်းချလိုက်သော ခဏတွင် ပြတင်းပေါက် အနီးတွင် မတ်တတ်ရပ်နေသော သက်လတ်ပိုင်း အမျိုးသား တစ်ယောက်သည် လဲကျသွားပြီး ဖြူဖပ်ဖြူရော်နှင့် ဖြစ်နေသည်။ ထို့နောက် ထိုလူသည် လှည့်လိုက်ပြီး သူ့အနီးတွင် ရှိနေသော လူရွယ်တစ်ယောက်အား ပြင်းထန်စွာ ရိုက်လိုက်သည်။

မျှော်လင့်ချက် အပြည့်ဖြင့် ရှိနေသော သက်လတ်ပိုင်း အမျိုးသားအား ကြည့်နေခဲ့သော ထိုသူ၏ဒေါသအား မခုခံနိုင်ခဲ့သောကြောင့် သူသည် အရိုက်ခံလိုက်ရပြီး ကြမ်းပေါ်သို့ လဲကျသွားသည်။

“စီနီယာ အစ်ကိုကြီး … ခင် ... ခင်ဗျား ... ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ”

ကျန်းထျဲချွမ်သည် ဇဝေဇဝါဖြစ်ကာ ကုန်းတာလုံအား မေးလိုက်သည်။

ကျားလွေဒေါင်သည် သူ့တစ်ဘဝလုံးတွင် တပည့် ၃ ယောက်သာ လက်ခံထားသည်။ ပထမတပည့်အကြီး ကုန်းတာလုံ၊ ဒုတိယတပည့် ကျန်းထျဲချွမ်နှင့် တတိယတပည့် ကျားလဲ့ယီတို့ဖြစ်ကြသည်။

ကျားလဲ့ယီသည် ကျားလွေဒေါင်၏သား ဖြစ်သလို သူ၏အမွေဆက်ခံသူလည်း ဖြစ်သည်။ ညီအစ်ကို ၃ ယောက်သည် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး တစ်ဦးနှင့်တစ်ဦး ဂရုစိုက်ကြသဖြင့် တစ်အူတုံ့ဆင်း ညီအစ်ကိုများသဖွယ် ဖြစ်သည်။ သူတို့ ၃ ယောက်၏ ကောင်းမွန်သော ဆက်ဆံရေးသည် ရွှမ်ကျင်းပြည်နယ်တစ်ခုလုံး ကျော်ကြားပေသည်။

ပြစ်ချက်အသေးလေး တစ်ခုအနေဖြင့် ကျားလဲ့ယီသည် ဂုဏ်မြင့်ခြင်းနှင့် ထည်ဝါခြင်းအား နှစ်သက်သည်။ သူ၏အလွန်အကျူး စိတ်လိုက်မာန်ပါ လုပ်တတ်သော သဘောသဘာဝကြောင့် ကုန်းတာလုံနှင့် ကျန်းထျဲချွမ်တို့သာမက ကျားလွေဒေါင်ပင်လျှင် မကြာခဏ ဆိုသလို လိုက်ရှင်းပေးရလေ့ရှိသည်။

ကျားလွေဒေါင်သည် ကျန်းမန်ကျွန်းသို့ အပြေးအလွှား ရောက်လာရခြင်းမှာ ကျားလဲ့ယီသည် လောင်းကစားပွဲတစ်ခု၌ ဆိုးဆိုးရွားရွား ရှုံးနိမ့်နေသောကြောင့် ဖြစ်သည်။ ထိုသို့ သူ ရှုံးနိမ့်ခြင်းကြောင့် ဒေါသများ ထွက်လာပြီး ဖခင်ဖြစ်သူ၏ နာမည်သတင်းအား အသုံးပြုကာ ပြဿနာအကြီးကြီး ရှာမိလိုက်တော့သည်။

ကျားလွေဒေါင်၏ နာမည်သတင်းသည် ရွှမ်ကျင်းပြည်နယ်တွင် အသုံးဝင်ကောင်း ဝင်မည်ဖြစ်သော်လည်း သည်နေရာသည် တိုင်းပြည်၏ အခြားတစ်နေရာ ဖြစ်သည်။ ကျန်းမန်ကျွန်းသည် နယ်ခြားသား မုန်းတီးရေးဝါဒီ ပြင်းထန်သော နေရာတစ်ခုဖြစ်သည်။ ကျားလဲ့ယီသည် ဖခင်၏ နာမည်အား အသုံးမပြုနိုင်ရုံသာမက နှိမ်ချဆက်ဆံခြင်းကိုပင် ခံနေရသေးသည်။

ပြိုင်ဘက်၏ မခံချိမခံသာ စကားများ အောက်တွင် ကျားလဲ့ယီ စိတ်မရှည်သောကြောင့် ၃ ရက်အတွင်း သန်း ၁၀၀ ရှုံးသွားခဲ့သည်။ ကျားလဲ့ယီသည် ပြဿနာအား ရိပ်မိသောအခါ ဒုတိယစီနီယာအစ်ကို ကျန်းထျဲချွမ်အား လှမ်းခေါ်တော့သည်။

ကျန်းထျဲချွမ်သည် ကျားလွေဒေါင်၏ လောင်းကစားနည်း ပညာရပ်များအား ဆရာကျကျ အများဆုံး တတ်မြောက်ထားသူ ဖြစ်သည်။ သူသည် ကျားလဲ့ယီအား တုန်နေအောင် ချစ်သောကြောင့် ကျန်းမန်ကျွန်းသို့ အပြေးရောက်လာခဲ့သည်။ ကျားလဲ့ယီအား ပြင်းထန်စွာ ဆိုဆုံးမရန်ပင် အသာထား ပြဿနာအား မေးမြန်းခြင်းပင် မရှိသောကြောင့် ပြိုင်ဘက်၏ ကျော့ကွင်းတွင် သက်ဆင်းခဲ့ရပြီး နောက်ထပ် သန်း ၅၀ ဆုံးရှုံးရပြန်လေသည်။

“ဘာကြောင့် ရိုက်တာလဲ ဟုတ်လား။ မင်းကို ဘာကြောင့် ရိုက်တာလဲလို့တောင် မေးနေသေးတယ်ပေါ့။ ဆရာ့ဇနီး နောက်ဆုံးအချိန်မှာ ဒီကလေးလေးကို စောင့်ရှောက်ဖို့ ငါ့တို့ကို မှာထားခဲ့တယ်။ မင်းက အဲဒါကို ဖျက်ဆီးတယ်ပေါ့လေ။ လဝက်လောက်က ဒီကလေး ကျန်းမန်ကျွန်းကို လောင်းကစားဖို့ သွားခဲ့တာကို ဘာလို့ ဂရုမစိုက်ရတာတုန်း။ အခြေအနေ အရပ်ရပ်ကို မသိဘဲနဲ့ သူ အကူအညီ တောင်းတုန်းကလည်း ဆရာ့ကိုရော ငါ့ကိုရော တစ်ခွန်းမှ မပြောခဲ့ဘူး။ မင်းကပါ ဒီကလေးနဲ့ ဝင်ကစားနေသေးတယ်”

“ကျန်းထျဲချွမ် ... ဒီတစ်ကြိမ် ဆရာသာ ရှုံးခဲ့ရင် ဘာတွေဖြစ်မလဲ ငါတို့ မသိဘူး။ ငါတို့ ဒေဝါလီ ခံရရုံတင်မကဘူး ရွှမ်ကျင်းပြည်နယ်မှာရှိတဲ့ ငါတို့ရဲ့ နာမည်ဂုဏ်သတင်းလည်း ပျက်စီး သွားလိမ့်မယ်။ ဆရာရဲ့အကြောင်းလည်း မင်းသိသားပဲ။ ဆရာ အသက်ဆက်ရှင် နေဦးမယ်လို့ မင်း ထင်နေလား”

ကုန်းတာလုံသည် ကျန်းထျဲချွမ်အား အော်ဟစ်ကြိမ်းမောင်း လုနီးပင် ဖြစ်သွားရသည်။

“ထန်…ထန်ရှု ... သူက ကျွန်တော်တို့ကို မကူညီချင်ဘူးတဲ့လား”

ကျန်းထျဲချွမ်သည် စောဒက မတက်တော့ဘဲ သိလိုဇောဖြင့်သာ မေးလိုက်မိသည်။

“ထန်ရှုရဲ့လောင်းကစား စွမ်းရည် ကောင်းလား၊ မကောင်းလားတော့ ငါ မသိဘူး။ သူကတော့ ဒီနယ်ပယ်က နက်ရှိုင်းတယ် ဆိုတာသိလို့ သူ့ရဲ့ လောင်းကစား စွမ်းရည်က ငါတို့လောက် မကောင်းတဲ့အကြောင်း ဝန်ခံပြီး ကူညီနိုင်တဲ့စွမ်းအား မရှိကြောင်း ပြောသွားတယ်။ ငါ့မှာ ရှင်းပြခွင့်တောင် မရဘူး။ သူချည်းပဲ ပြောပြပြီး ဖုန်းချသွားတယ်”

ထိုစကားအား ပြောပြီးနောက် ကုန်းတာလုံသည် စိုးရိမ်စွာဖြင့် သက်ပြင်းချလိုက်သည်။

“ဒီ ... ဒီ ... ထန်ရှုက ငါတို့လို လောင်းကစား သမားတွေလို ဘယ်လိုဖြစ်နိုင်မှာလဲ။ တစ်ကြိမ်ကောင်းစားရင် ကြီးကြီးကျယ်ကျယ် ကောင်းစားပေမဲ့ တစ်ကြိမ်ရှုံးရင်တော့ အကုန်လုံး လုံးဝရှုံးသွားပြီပဲ။ ဒီဟာက ဆရာနဲ့ ကျွန်တော်တို့တွေရဲ့ ဂုဏ်သတင်းတင် မကဘူး ရွှမ်ကျင်းပြည်နယ်ရဲ့ ဂုဏ်သတင်းနဲ့ပါ သက်ဆိုင်နေတာကို။ ဒိကောင်ကွာ နည်းနည်းလေးတောင် မစဉ်းစားပေးဘဲနဲ့ ... ” ကျန်းထျဲချွမ်သည် ဖြူဖျော့စွာဖြင့် ပြောလိုက်သည်။

“ဆရာက ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ ထန်ရှုက လောင်းကစားသမား မဟုတ်သလို ငါတို့လောကသား မဟုတ်ဘူးလေ”

ကျန်းတာလုံသည် ပြုံးလျက် ခေါင်းကို ယမ်းကာ ဖြည့်စွက် ပြောလိုက်သည်။

“တခြားနည်းကို အရင် စဉ်းစားကြရအောင်။ နောက်တော့မှ ထန်ရှုကို အကျိုးအကြောင်းနဲ့ ဖြည်းဖြည်း ထပ်ပြောကြတာပေါ့”

***

ကုန်းတာလုံ၏ ဖုန်းခေါ်ဆိုမှုအား ချလိုက်ပြီး အိမ်ခြံဝင်းအား ရှင်းလိုက်ကာ ကျောင်းဆီသို့ ဦးတည်လိုက်သည်။

သည်တစ်ခေါက် ခွင့်ယူခြင်းသည် ထန်ရှုအတွက် အဓိကအားဖြင့် သူ၏ ခန္ဓာကိုယ်စွမ်းအား ငြိမ်အောင် လုပ်ခြင်းနှင့် ခန္ဓာကိုယ် ပြောင်းလဲခြင်း အဆင့်အား ပြီးပြည့်စုံစေရန်အတွက် ဖြစ်သည်။ ထိုအရာများ ပြုလုပ်နေရသောကြောင့် ထန်ရှုသည် အပြင်တွင် နေထိုင်ရန် မလိုခဲ့ပေ။

ထန်ရှု၏အတိတ် အင်မော်တယ် ဘဝတွင် သိုင်းပညာကျင့်ကြံခြင်း၊ ဆေးပညာ၊ လက်နက်များကို အဆင့်မြှင့်ခြင်းနှင့် အဆောင်အယောင် လက်ဖွဲ့များ ပြုလုပ်ခြင်းတို့တွင် ပျော်မွေ့ခဲ့သည်။ သူသည် အပြင်လောကအား ဂရုစိုက်ရန် မလိုရုံသာမက အပြင်လောကတွင်ပါ ထင်ရှားလာသောကြောင့် နောက်ဆုံးတွင် ချစ်သူနှင့် အရင်းနှီးဆုံး သူငယ်ချင်းများ၏ သတ်ဖြတ်မှုအား ခံခဲ့ရခြင်းဖြစ်သည်။

သူ့တွင် ကောင်းကင်စကြဝဠာကဲ့သို့ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အတိတ်ဘဝ၏ ဗဟုသုတနှင့် အတွေ့အကြုံများ ရှိနေပြီ ဖြစ်သောကြောင့် ထန်ရှုသည် သူ၏ခွန်အား တိုးတက်မှု နှေးကွေးခြင်း အပေါ်တွင် မစိုးရိမ်တော့ချေ။ ထို့ကြောင့် သူ၏စွမ်းအားနှင့် စိတ်အခြေအနေအား တည်ငြိမ်အောင်သာ သူကြိုးစားလုပ်ခဲ့သည်။

ထန်ရှု စာသင်ခန်းထဲသို့ ဝင်လိုက်သောအခါ သူ၏အတန်းဖော်များသည် သူ့အား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေသည်ကို ရိပ်မိလိုက်ပြီး ခါးသီးသောစကားများပင် ကြားလိုက်ရလေသည်။

“သူက အမှန်ကို လပတ်စာမေးပွဲမှာ လိမ်ညာပြီး အမှတ်အမြင့်ဆုံး ယူခဲ့တာဖြစ်ရမယ်။ သူသာ စွမ်းရည်အမှန်ရှိတယ် ဆိုရင် ဒီလပတ်စာမေးပွဲမှာလည်း ပထမယူနိုင်မှာပဲ”

“ဒီလိုအကြီးကြီးတော့ ထပ်မဖြစ်လောက်တော့ပါဘူးကွာ။ တန်းခွဲ-၅က ရန်ကျင်းက ပထမနေရာကို တောက်လျှောက် ရလာခဲ့တာ။ သူကတော့ ကျောင်းတောင် နေ့တိုင်းတက်တာမှ မဟုတ်ပဲ”

“ငါ ထင်တာကတော့ ထန်ရှုက ကျောင်းပြီးဖို့ နီးလာပြီဆိုပြီး အရူးတစ်ယောက်လို ဟန်မဆောင်ချင်တော့တာနဲ့ တူတယ်။ အနည်းဆုံး သူ့ကို လူတိုင်းက မှတ်မိသွားရမယ် ဆိုပြီး တွေးတာနေမှာပေါ့။ သူ့အိုင်ကျူအရတော့ သူ တကယ် ပထမရလိမ့်မယ်လို့ မထင်ဘူး”

ထိုစကားများကြားပြီး ထန်ရှု စိတ်မသက်မသာ ဖြစ်သွားရသည်။ သို့သော် သူ လေးလေးနက်နက် တွေးပြီးနောက် အတန်ငယ် စိတ်သက်သာရာ ရခဲ့သည်။

သူ ကျရှုံးနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး သူ၏အမှတ်များသည် အောက်ခြေအဆင့်၌သာ ရှိခဲ့သည်။ ထိုသို့နေရာမှ ရုတ်တရက် ပထမနေရာအား ခုန်ပျံကျော်လွှား ရောက်ရှိသွားခြင်းအား ဘယ်သူမှ မခံစားရဘူး ဆိုလျှင်သာ အံ့သြစရာ ဖြစ်ပေလိမ့်မည်။ ချက်ချင်း သူ့အား နှစ်သက်ပြီး လေးစားရန် သူ မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။

အမှတ်စာရင်းသည် တစ်ခဏတာ စိတ်လှုပ်ရှားမှု ဖြစ်စေပြီး လူတွေအား တုန်လှုပ်စေခဲ့သည်။ သို့သော် အချိန်တွေ ကုန်ဆုံး လာသည်နှင့်အမျှ ထိုစိတ်လှုပ်ရှားမှုသည် တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ပြီး အချို့လူများ ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေခဲ့သော ကောလာဟလများက ပျံ့နှံ့လာပြီး သူ့ကိုပင် စော်ကားနေပြီဖြစ်သည်။

“အစ်ကိုကြီး ... ဒါတွေ အရေးမစိုက်မနေပါနဲ့။ သူတို့မှာ အချိန်တွေ ပေးနေလို့ လေကုန်ခံ ပြောနေကြတာ။ တစ်နေ့ သူတို့လျှာ သူတို့ပြန်ကိုက်မိလိမ့်မယ့် ဟာလေးတွေ”

ထန်ရှု ပြန်ရောက်လာသည်ကို မြင်ရသည့် ယွမ်ချူးလင်သည် အလွန်ပျော်ရွှင်ခဲ့သည်။ ခဏအကြာတွင် ထန်ရှုမျက်နှာ ပုံမှန်မဟုတ်သည်ကို သူ သတိထားမိသွားပြီး လျင်မြန်စွာပင် ဘာတွေဖြစ်နေသည်ကို နားလည် သွားသောကြောင့် ထန်ရှုအား တိုးတိုးပြောကာ နှစ်သိမ့်လိုက်သည်။

“ဒါ တကယ် အဆင်ပြေပါတယ်။ သူတို့ကို ငါတို့ရဲ့အမှတ်တွေနဲ့ ရိုက်ချရမယ်”

ထန်ရှုသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူသည် ကျောင်းစားပွဲအား ဖွင့်ကာ အထဲမှ အရာများကို ကြည့်ရန် ပြင်လိုက်သည်။ သူ၏စားပွဲအား ဖွင့်လိုက်သော ခဏတွင် ထန်ရှုသည် အံ့အားသင့်သွားရသည်။ သူမရှိသော ၁၀ရက်အတွင်း စားပွဲခုံအတွင်းတွင် စာမေးပွဲ စာရွက်များဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။

“အစ်ကိုကြီး ... မင်းရဲ့ ဆုံးဖြတ်ချက်ကိုတော့ ငါ တကယ် လေးစားသွားပြီ။ မင်း ပျော်စရာတွေ သွားလုပ်လို့ရပါတယ်။ ဒီမပြီးဆုံးနိုင်တဲ့ အရေးမပါတာတွေကို ဂရုစိုက်နေစရာ မလိုဘူး။ ဟာ ... နေပါဦး ... အစ်ကိုကြီးက အရင်ကထက် အသားတွေ ပိုဖြူလာပြီး အရပ်ပိုမြင့်လာတယ်လို့ ငါ ဘာကြောင့် ခံစားမိနေရတာလဲ။ ပလတ်စတစ်ဆာဂျရီ လုပ်လာတာတော့ မဟုတ်ဘူး မဟုတ်လား”

ယွမ်ချူးလင်သည် ရုတ်တရက် တစ်ခုခု လွဲမှားနေကြောင်း သတိထားမိ သွားပြီးနောက် အော်ပြောလိုက်သည်။

သူ၏အသံမှာ အနည်းငယ် ကျယ်သွားသောကြောင့် အခန်းတွင်းရှိလူတိုင်း၏ မျက်လုံးများသည် သူတို့ ၂ ယောက်ဆီ ရောက်လာကြပြီး ထန်ရှုအား အထက်အောက် စုန်ချည်ဆန်ချည် ကြည့်မိကြသည်။

ယွမ်ချူးလင်၏ စကားများကို ကြားလိုက်သော ထန်ရှုသည် ရင်တစ်ချက် တုန်သွားပြီး မျက်နှာအမူအရာ ပြောင်းသွားသည်။

ခန္ဓာကိုယ် ပြောင်းလဲမှုအဆင့် အောင်မြင်သွားပြီးနောက် ထန်ရှုသည် သူ၏အရပ်မြင့် လာသည်ကို သိခဲ့သော်လည်း ဖုန်းအနည်းငယ် ပြောပြီး အချို့သောအရာများအား အံ့အားသင့် နေရသဖြင့် သူ၏အရပ်ပြောင်းလဲမှုအား မေ့လျော့သွားခဲ့သည်။

သူရှင်းပြရန် ဟန်ပြင်လိုက်စဉ် အခြားသူများ၏စကားများသည် သူ့အနောက်မှ ထွက်ပေါ်လာပြီး သူ့အား အံ့အားသင့်စေပြန်သည်။

“ချီးထုပ် ဖက်တီး ... နင်မမြှောက်ရရင် သေမှာမလို့လား။ ထန်ရှုက ကျောင်းလခတောင် မပေးနိုင်သေးတာကို။ သူ့မှာ ပလတ်စတစ်ဆာဂျရီလုပ်ဖို့ ဘယ်က ပိုက်ဆံရှိမလဲ”

“ပလတ်စတစ်ဆာဂျရီ လုပ်လို့သာ အရပ်ရှည်မယ် ဆိုရင် ငါလည်း ရှည်ချင်ပါတယ်”

“ဘား … မှ မဟုတ်ဘူး။ ဖက်တီးက သူ့ကို အာရုံစိုက်အောင် လုပ်နေတာ။ အဲဒီချီးထုပ်ကို အရေးစိုက်မနေနဲ့”

***

ထန်ရှု အရပ်ရှည်လာသည် မှန်သော်လည်း သူသည် တန်းခွဲ-၁၀သို့ ရောက်သည်မှာ တစ်လသာရှိသေးပြီး အတန်းထဲတွင် ရှိသောအချိန်တွင်လည်း သူ၏ခုံမှ တစ်ဖဝါးမှ မခွာခြင်း၊ အတန်းသားများအား တုံ့ပြန်မှု မပြုခြင်းတို့ကြောင့် သူ့အား သတိပြုမိသူနည်းပါးသည်။

စုရှန်ဖေး၏ ရည်ရွယ်ချက်ရှိရှိ ပြုမူချက်ကြောင့်သာ မဟုတ်ပါက တန်းခွဲ-၁၀မှ ကျောင်းသားများသည် ထန်ရှုအား သတိပင် ပြုမိမည် မဟုတ်ပါချေ။ သူ၏အရပ်သာမက သူ၏အသားအရောင် ဖြူသည်၊ မည်းသည်ပင် အာရုံစိုက်မည် မဟုတ်ချေ။

အစက ထန်ရှုသည် သူ၏အရပ် ပြောင်းလဲလာမှုအား သံသယဝင်လေမည်လားဟု တွေးမိနေသေးသော်လည်း အတန်းသားများ၏ စကားသည် သူ့အား စိတ်သက်သာရာ ရစေသည်။ လူတိုင်းသည် ယွမ်ချူးလင်အား လစ်လျူရှုလိုက်ပြီး သူတို့ လုပ်လက်စများအား လုပ်မြဲတိုင်း လုပ်နေကြပြီး ထပ်မံ မတုံ့ပြန်ကြတော့ပေ။

“အမ် ... ငါများ အမှတ်မှားတာလား”

ယွမ်ချူးလင်သည် ထန်ရှုအား ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားပြီး တိုးတိုး ပြောလိုက်သည်။

“အစ်ကိုကြီး … ငါ့မျက်လုံးတွေက တကယ်ကို အရူးလုပ်နေတာပဲ။ စာမေးပွဲ မေးခွန်းတွေကိုလည်း အဲဒီလို မှားဖတ်မိပြီး မျက်စိရှန်းနေတာလား”

ယွမ်ချူးလင်၏ စကားများအား ကြားပြီး ထန်ရှုသည် လုံးဝကို စိတ်ချလက်ချ ဖြစ်သွားလေသည်။ သူသည် ထန်ရှု၏ ကျောင်းတွင် အရင်းနှီးဆုံးသူတစ်ယောက် ဖြစ်သည်။ ထိုလိုလူတောင် သူ၏ပြောင်းလဲမှုအား မသေမချာဖြစ်နေလျှင် ကျန်သောသူများသည် သိနိုင်မည်မဟုတ်ပေ။

သူ၏မိသားစုဝင်များ အတွက်မူ အရင်ကတည်းက ထန်ရှု မစိုးရိမ်ပေ။ ၁၇ နှစ် ၁၈ နှစ်အရွယ်သည် ကြီးထွား ဖွံ့ဖြိုးနေဆဲအရွယ် ဖြစ်သည့်အပြင် သူသည် တစ်လတစ်ကြိမ်သာ အိမ်ပြန်ခွင့်ရှိသည်။ မိခင်ဖြစ်သူသည် သူ၏အရပ်အား မြင်လျှင် ကျေနပ်မှုဖြင့်သာ အံ့သြသွားမည်ဖြစ်ပြီး သံသယဝင်မည်မဟုတ်ချေ။

ထန်ရှုနှင့် ခဏကြာအောင် စကားပြောပြီးသည်နှင့် ယွမ်ချူးလင်သည် စာအုပ်သုံးသပ်ချက်အား အသည်းအသန် ဖတ်တော့သည်။ ယွမ်ချူးလင်၏ရင်ထဲမှ အထုံးအဖွဲ့သည် လုံးလုံးလျားလျား ပြေလျော့သွားဟန်ရသည်။ ပတ်ဝန်းကျင်နှင့် အခြေအနေ ပြောင်းသွားမှုသည် သူ၏ စိတ်အခြေအနေအား လိုက်လျောညီထွေ ပြောင်းလဲ သွားစေနိုင်လေသည်။

ယခုတွင် ယွမ်ချူးလင်သည် သူ၏ လေ့လာသင်ကြားမှုအား အာရုံစိုက်နေပြီ ဖြစ်သောကြာင့် ယခင်ကလို အဟားခံရတော့မည် မဟုတ်ကြောင်း ထန်ရှု ပြောနိုင်သည်။

ထန်ရှုသည် စားပွဲအတွင်းမှ စာမေးပွဲ စာရွက်များအား စုစည်းကာ ထုတ်လိုက်ပြီ အမှိုက်ပုံးထဲ သွားပစ်လိုက်သည်။ သူ၏တန်ဖိုးရှိလှသော အချိန်အား ပျင်းစရာကောင်းသော လေ့ကျင့်ခန်းများနှင့် စာမေးပွဲစာရွက်များဖြင့် အချိန်ကုန်မခံချင်ပေ။

“ချမ်းသာကြွယ်ဝမှု၊ အပေါင်းအဖော်၊ ကျင့်ကြံခြင်း ပညာရပ်နှင့် နေရာ။ ချမ်းသာကြွယ်ဝမှုက နံပါတ်တစ်ပဲ။ ငါ့ရဲ့ပထမဦးစားပေး လုပ်ရမှာက ငွေရှာဖို့ လမ်းကြောင်းဖောက်ရမယ်။ ဒီကောလိပ် ဝင်ခွင့်စာမေးပွဲ မဟုတ်ဘူး”

ကျင့်ကြံခြင်း လမ်းကြောင်း၏ အဓိကကျသော ကဏ္ဍ ၄ ခုရှိကြောင်း သူ သိရှိပြီးဖြစ်သည်။ ထပ်မံဖော်ပြရလျှင်

“ချမ်းသာကြွယ်ဝမှု၊ အပေါင်းအဖော်၊ ကျင့်ကြံခြင်း ပညာရပ်နှင့် နေရာ”

ကောင်းကင်စကြဝဠာ ပညာရပ်ရှိပြီ ဖြစ်သောကြောင့် ကျင့်ကြံခြင်း ပညာရပ်အတွက် ထန်ရှုသည် ပူစရာမလိုတော့ပေ။ ကမ္ဘာမြေကြီးသည် သူ၏နောက်ဆုံးပေါ် ဥပဒေများနှင့် ကမ္ဘာကြီးဖြစ်သည်။ သူမှလွဲပြီး အခြားကျင့်ကြံသူများ အားလည်း ထန်ရှု မတွေ့မိသည့်နည်းတူ လိုက်ရှာရန်လည်း စိတ်ကူးမရှိပါချေ။

ကျင့်ကြံရန် နေရာအတွက်မှာမူ ကောင်းကင်ဘုံနန်းတော်ဆောင် အဆောက်အဦသည် တောင်နံရံများနှင့် ရွာကလေးတွင် စတင် ဆောက်လုပ်နေပြီ ဖြစ်သည့်အတွက် ထန်ရှုသည် ယာယီအားဖြင့် စိတ်ပူပန်မှု မရှိချေ။

သို့သော် ချမ်းသာကြွယ်ဝမှု ကဏ္ဍအတွက်ကိုမူ ထန်ရှုသည် အနည်းနှင့်အများ အာရုံထား နေရပေသည်။

***

All Chapters