← Chapters

အဆုံးစွန်သော ရူးသွပ်မှု

Vol. 02 Ch. 52

အဆုံးစွန်သော ရူးသွပ်မှု

Vol. 02 Ch. 52

ရှေးခေတ်လူကြီးတွေ၏ ဆိုရိုးစကား ရှိသည်။

“လုံလောက်သော ချမ်းသာကြွယ်ဝမှု မရှိပါက မည်သည့် အရာကိုမဆို မြင့်တက်အောင် လုပ်ရန် အလွန်ခက်ခဲသည်”

ကျင့်ကြံခြင်းအစပိုင်း ကာလများတွင် ကိုယ်ရောစိတ်ပါ အချိန်ပေးကာ ကျင့်ကြံရသဖြင့် ငွေကြေး ရှာဖွေရန်အတွက် အချိန်မလုံလောက်ပေ။ ကျင့်ကြံခြင်းအတွက် ရင်းမြစ်များ မရှိပါက ထိုသူ၏ ကျင့်ကြံမှုလမ်းကြောင်းသည် လွန်စွာ ခက်ခဲပေလိမ့်မည်။ ယခုပင်လျှင် ထန်ရှုသည် ငမွဲလေးတစ်ယောက် ဖြစ်နေသောကြောင့် ကျင့်ကြံမှုရင်းမြစ်များ လုံးဝမရှိသလောက်ပင် ဖြစ်နေသည်။

တောင်တံခါးမြို့အိမ်ရာတွင် ကံကောင်းထောက်မ တိုက်ဆိုင်စွာဖြင့် ကောင်းမွန်သော အိမ်ခြံမြေဝင်းတစ်ခု ရှိပြီး ထိုအိမ်၏ တည်နေရာနှင့် အကျယ်အဝန်းအား သူ သဘောကျ နှစ်ခြိုက်ပါသော်လည်း ထိုဟာသည် သူများပိုင်သောအရာ ဖြစ်သည်။ လုံကျန့်ယုမှ သူ့အား အတင်းမပေးရုံတမည် ပေးခဲ့သော အိမ်ဖြစ်သောကြောင့် သူ့အနေဖြင့် ရောင်းချလိုစိတ် မရှိပေ။ သို့မဟုတ်ပါက လုံကျန့်ယု၏ အထင်သေးခြင်းအား သူ ခံရပေလိမ့်မည်။

သူ့တွင် တခြားပိုင်ဆိုင်ထားသည့်အရာ မရှိဘဲ သူ၏စုငွေမှာလည်း ယွမ် ၁ သောင်းအောက် လျော့နည်းနေပြီ ဖြစ်သောကြောင့် ထန်ရှုသည် သူ့ကိုယ်သူအား အလွန်တရာ မွဲတေလှသော ကျင့်ကြံသူလေးဟုသာ အမှန်တကယ် ပြောလိုက်ချင်တော့သည်။ လုံကျန့်ယုသာ သူ့အား ကောင်းကင်ဘုံ နန်းတော်ဆောင်အား ကူညီမဆောက်ခဲ့ပါက သူ့တွင် ကိုယ်ပိုင်ကျင့်ကြံရာ မြေပင် ရှိမည်မဟုတ်မှန်း ထန်ရှု သိသည်။

ကံကောင်းထောက်မစွာဖြင့် ထန်ရှု၏ကျင့်ကြံမှု အဆင့်သည် အခြေခံအဆင့်များ ဖြစ်ပြီး သူသည် အစိမ်းသက်သက် ကျင့်ကြံသူ မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူသည် ကျင့်ကြံမှုထက် ပိုက်ဆံရှာဖွေရန်အား အာရုံပိုစိုက် နိုင်လိမ့်မည် ဖြစ်သည်။

“ကြည့်ရတာ ငါ့ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ အချိန်တန်ပြီနဲ့ တူတယ်”

ထန်ရှုသည် အချိန်အတန်ကြာအောင် စဉ်းစားပြီးနောက် သူ၏ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာသဖြင့် ရပ်တန့်လိုက်သည်။ ထိုအတွေးသည် ယွမ်ချူးလင် ထောက်ခံသော လောင်းကစား နည်းပညာ မဟုတ်ဘဲ ဆေးဝါးဖော်စပ်ခြင်း ဖြစ်သည်။

အင်မော်တယ်ကမ္ဘာမှ ဆေးလုံးများကိုသာ ဒီကမ္ဘာတွင် ဖော်စပ်ပြီး ရောင်းချပါက အလွန်အံ့အားသင့် သွားကြပေလိမ့်မည်။ သို့သော် ပါဝင်ပစ္စည်းများသည် ကမ္ဘာတွင် ရှားပါးကာ တွေ့နိုင်မည် မဟုတ်သော်လည်း ၎င်းသည် ထန်ရှုအတွက် လိုအပ်ချက် မဟုတ်ပေ။ သည်ကမ္ဘာတွင် ရှိသော ပစ္စည်းများဖြင့် ဆေးဖော်စပ်မှုအား ပြောင်းလဲကာ ထုတ်လုပ်ရန်သာ လိုပေမည်။ ထိုသို့ဆိုလျှင် သူ၏ထုတ်ကုန်များအား လူအများက လက်ခံပြီး နာမည် ကျော်ကြားလာမည် ဖြစ်သည်။

“အစားအသောက် စီးပွားရေးလုပ်ငန်းက အချိန်နဲ့စွမ်းအင် အများကြီး ကုန်တယ်။ အဲဒါအပြင် လုပ်ငန်းချဲ့မယ်ဆိုရင် ငွေအများကြီးလိုမယ်။ မဟုတ်ရင် တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားရလိမ့်မယ်”

ထန်ရှု၏ ပထမဆုံးအတွေးမှာ ရာသီအလိုက် ဖော်စပ်မှုနည်းအား တိုးတက်အောင် လုပ်ရန် ဖြစ်သည်။ ထို့နောက် ချက်ပြုတ်ခြင်းဆိုင်ရာ လုပ်ငန်းများမှ တစ်ဆင့် ငွေရှာရမည်ဖြစ်သည်။ သို့သော် ထိုအရာများအား သူချည်းပဲ ရောင်းပါက ဈေးအမြင့်ရမည် မဟုတ်သည်ကို ထန်ရှု တွေးမိသောကြောင့် ချီတုံချတုံ ဖြစ်နေသည်။ စားသောက်ကုန် ပစ္စည်းများမှ ထိုနည်းအား အသုံးပြုမှသာ ဈေးကောင်း ရလာမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ထန်ရှုသည် ချက်ပြုတ်ခြင်းဆိုင်ရာ လုပ်ငန်းများဆီသို့ ခုန်မဝင်နိုင်သေးပေ။

အခြားသူများနှင့် တွဲစပ်လုပ်ကိုင်ခြင်းသည် အမှန်တကယ် ကောင်းမွန်သော နည်းလမ်းဖြစ်သည်။ သို့သော် တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုရရန် ဆိုခြင်းမှာ လွယ်ကူလှသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။

“စားသောက်ကုန် မဟုတ်ဘဲ အရက်၊ အလှကုန်နှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေလည်း ရှိသေးသားပဲ”

ဖော်စပ်ထားသော ဆေးလုံးများအား အသုံးချနိုင်မည့် အခြားစီးပွားရေး လုပ်ငန်းများအား တွေးကာ ထန်ရှုသည် ဦးနှောက်အား အလုပ်ပေးလိုက်သည်။

သို့သော် ထန်ရှုသည် ထိုဧရိယာများတွင် သူသိသောအရာ ဘာမျှမရှိသည်ကို တွေ့ရှိုပြီး ခေါင်းကိုက်လာရသည်။

“အစ်ကိုကြီး ... စာသင်ခန်းထဲမှာ အစ်ကိုကြီး တစ်ယောက်ပဲ ထိုင်နေတာ။ တစ်ခုခုရှာတာ အဆင်မပြေတာ ဖြစ်နေလား”

ကျောင်းဆင်း ခေါင်းလောင်း တီးသောအခါ ယွမ်ချူးလင်သည် သူ၏စာအုပ်အား အောက်သို့ချလျက် ထန်ရှု၏ လက်မောင်းအား တွန်းလိုက်ကာ တီးတိုးပြောလိုက်သည်။

“ဟမ် ... ငါ ဘယ်ဟာ ရှာသင့်တာလဲ”

ယွမ်ချူးလင်၏ စကားအား ကြားလိုက်သော ထန်ရှုသည် နားဝေတိမ်တောင် ဖြစ်သွားပြီး ပြန်မေးလိုက်သည်။

ထိုစကားကြားလိုက်သော ယွမ်ချူးလင်သည် ငါ မင်းကို ရိုက်ချင်တယ် အကြည့်ဖြင့် ကြည့်လိုက်ပြီး အတန်းထဲတွင် လတ်တလော ဖြစ်နေသော အကြောင်းအရာအား ပြောပြရန် ကိုယ်ကို ကိုင်းကာ ထန်ရှု၏နားသို့ တီးတိုးပြောရန် ကပ်လိုက်သည်။

သို့သော် ယွမ်ချူးလင် မပြောရသေးမီမှာပင် ထန်ရှုသည် ရုတ်တရက် ထရပ်လိုက်ပြီး အခန်းအပြင်သို့ လျှောက်သွားလေတော့သည်။

ယွမ်ချူးလင်သည် အံ့အားသင့်စွာဖြင့် ထန်ရှုအား မေးရန် ပါးစပ်ဟလိုက်သည်။ သို့သော် အခန်းအပြင်ဘက်မှ လှပသော ပုံရိပ်လေးအား တွေ့လိုက်သောအခါ သူသည် ချက်ချင်း နှုတ်ခမ်းတွန့်ကာ မေးရန်ပြင်နေသော ပါးစပ်အား ပိတ်လိုက်တော့သည်။

“ဘယ်လိုတောင်လား။ ချန်းယန်နန် မနက်ခင်းအတန်း မလာတော့ အစ်ကိုကြီး သူ့ကို မရှာဘူးလို့တောင် ငါတွေးနေမိသေးတယ်”

ချန်းယန်နန်ဆီ ထန်ရှု လျှောက်သွားသည်ကို မြင်လိုက်ရသော ယွမ်ချူးလင်သည် အံ့အားသင့်သော မျက်နှာနှင့် ဖြစ်နေသည်။

“အစ်ကိုကြီး ပျောက်သွားတာ ၁၀ ရက်လောက်ရှိပြီကို။ သူ ဒီလို လုပ်တော့ အတန်းသားတွေက အတင်းတုပ်ကုန်တော့မှာ မကြောက်ဘူးလားမသိ”

ယွမ်ချူးလင်သည် တွေးလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်ကာ အခန်းအပြင်သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

ယွမ်ချူးလင်နှင့် ထန်ရှုတို့၏ ထိုင်ခုံများသည် အခန်းထဲရှိ နောက်ဆုံးထောင့် နေရာတွင် ရှိသောကြောင့် ချန်းယန်နန် ရောက်လာသည်ကို သူတို့နှစ်ယောက် မြင်ပြီးချိန်တွင် အခြားသူများသည်လည်း သူမအား မြင်တွေ့ခဲ့ပြီးဖြစ်သည်။

ချန်းယန်နန်သည် ထန်ရှုထက် ၆ လစောကာ တန်းခွဲ-၁၀သို့ ရောက်လာခဲ့သည့်အပြင် သူမ၏လှပသော ရုပ်ရည်နှင့် စတိုင်မိုက်သော ဝတ်စား ဆင်ယင်မှုတို့ကြောင့် သူမအား လူသိများလှပြီး လူတိုင်း၏ အသည်းနှလုံးတွင် နေရာယူထား နိုင်သူလေးလည်း ဖြစ်သည်။ ကြယ်တာရာ ပထမအထက်တန်းကျောင်း၏ အချောအလှ ၁၀ ယောက်စာရင်းတွင် ပါဝင်ပြီး တန်းခွဲ-၁၀ ၏ ထက်ဝက်မျှသော ယောက်ျားလေးများသည် သူမအား ကြိုက်နှစ်သက် ကြလေသည်။

သူမဆီ ထန်ရှု တိုက်ရိုက် လျှောက်လှမ်း သွားသည်ကို ကြည့်ပြီး အခြားယောက်ျားလေး များသည် တုန်လှုပ် သွားကြသည်။ ကျောင်းပြီးရန်အချိန် နီးလာပြီ ဖြစ်သောကြောင့် ကျောင်းမပြီးခင် ချစ်သက်ကြင်ချင်ကြသော ယောက်ျားလေး အများစုသည် သူတို့၏အချစ်အား ဖွင့်ဟရန် ပြင်ဆင်နေကြသည်။

တန်းခွဲ-၁၀မှ ချန်းယန်နန်သည် မရေမတွက်နိုင်သော ယောက်ျားလေးများမှ ချစ်ခွင့်ပန်ရန် ရည်ရွယ်ထားခြင်း ခံရသော မိန်းမချောလေး ဖြစ်သည်။ ထိုသူတို့သည် အချစ်အား ဝန်ခံရန် ပြင်ဆင်နေကြသကဲ့သို့ တစ်ချိန်တည်းမှာပင် သူမအနား ကပ်လာသော သူများကိုလည်း သူ့နည်းသူဟန်ဖြင့် ရှင်းလင်းရန် ကြံစည်နေကြ သူများလည်း ဖြစ်ကြသည်။

“ထန်ရှု ... ချန်းယန်နန်က ငါ့ကောင်မလေးကွ။ လက်လျှော့လိုက်တော့”

“ဟမ့် ... ဖားပြုတ်တစ်ကောင်က ငန်းသားကို စားချင်နေသေးတယ်။ သွားသေလိုက်တော့ ဟေ့ရောင်ရေ”

“ဒီအစ်ကိုတွေတောင် ချစ်ခွင့်မပန်ရသေးဘူး။ မင်းအလှည့် မရောက်သေးဘူးကွ”

ထန်ရှုသည် စာသင်ခန်း တံခါးဝဆီသို့ လျှောက်လှမ်းလာရာ ယောက်ျားလေး အချို့သည် သူ့အား တားထားကြသည်။ သူတို့သည် ထန်ရှုအား လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်နေကြပြီး ထိုအထဲတွင် စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့ပါ ပါဝင်နေသည်ကို အံ့အားသင့်စွာ တွေ့ရှိရသည်။

စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့ ထန်ရှုအား တားထားနေစဉ် စုရှန်ဖေးသည် သူ၏ကျောနောက်တွင် ဝှက်ကာ ကိုင်ထားသော နှင်းဆီပန်း တစ်စည်းအား ဆွဲထုတ်လိုက်ပြီး ခုန်ထွက်လိုက်ကာ ချန်းယန်နန်ဆီသို့ ပျော်ရွှင်သော အမူအရာဖြင့် သွားလေသည်။

“ဟေး ... လမ်းဖယ်ကြပါဦး။ ချန်းယန်နန်မှာ အန္တရာယ်ရှိနေပြီ”

အတန်းဖော်များက အပြေးအလွှား ပြေးလာပြီး သူ့အား တားဆီးထားသည်ကို တွေ့ရသော ထန်ရှုသည် တစ်ယောက်ပြီး တစ်ယောက် ကန်ထုတ်လိုက်ချင် ပါသော်လည်း ထိုသူများနှင့် ဆက်ဆံရေး မပျက်ချင်သောကြောင့် ညင်ညင်သာသာ ပြောလိုက်သည်။

“ဟ…ငါတို့ကို သရဲတွေ ဒါမဟုတ် ၃ နှစ်ကလေးလို့ ထင်နေတာလား”

“ချန်းယန်နန်မှာ အန္တရာယ် ရှိနေရင်တောင်မှ မင်း ကယ်ရမယ့်အလှည့် မဟုတ်သေးဘူး။ အတန်းခေါင်းဆောင်က ခုန်ဝင် သွားပြီးတော့ သူရဲကောင်းက မင်းသမီးကို ကယ်သလို ကယ်လာလိမ့်မယ်”

“…”

စုသွမ်ရှင်း၊ တန်လီကွမ်းနှင့် အခြားသူများက သူ့အား လှောင်ပြောင်ကြသည်ကို ကြည့်ပြီး အတန်းဖော်များ၏ အိုင်ကျူအား သူသည် အထင်ကြီး ပိုတွက်ခဲ့မိသည်ကို ထန်ရှု သိလိုက်လေသည်။ သူသည် ထိုလူများအား အုပ်စုမခွဲလိုက်မိသည်ကို နောင်တအကြီးအကျယ် ရသွားပြီး လျင်လျင်မြန်မြန် ပြေးကာ ကန်ထုတ် လိုက်တော့သည်။ များမကြာမီ တစ်ယောက်ပြီး တစ်ယောက် လေထဲမှ ကြမ်းပေါ်သို့ ပြုတ်ကျလာသည်မှာ မိုးများ ရွာချသကဲ့သို့ပင် ဖြစ်သည်။

“မင်းတို့ မသေချင်ရင် လမ်းမြန်မြန်ဖယ်ပေး။ အဲဒီလိုမှ မဟုတ်ရင် မင်းတို့အားလုံး ဒီကောင်မလေးလိုပဲ သေရလိမ့်မယ်”

လူတိုင်း မည်ကဲ့သို့ ဖြစ်ပျက်ကုန်သည်မသိ ဖြစ်နေစဉ်မှာပင် ထိတ်လန့်စရာ ကောင်းသော အသံတစ်သံသည် အပြင်ဘက် ကော်ရစ်ဒါဆီမှ ရုတ်တရက် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေး ဗလပျစ်နှင့် ခက်ထန်ကြမ်းကြုတ်သော လူတစ်ယောက်သည် လူတိုင်း၏ မြင်ကွင်းတွင် ပေါ်ထွက်လာသည်။

ထိုလူသည် ချန်းယန်နန်၏ လက်အား သူမ၏ နောက်ကျောသို့ပို့ကာ ကိုင်ထားပြီး လည်ပင်းအား ဓားမြှောင်ဖြင့် ထောက်ထားသည်ကို လူတိုင်း မြင်တွေ့ကြရသည်။

စာသင်ခန်းအပြင်သို့ အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွားသော စုရှန်ဖေးသည် ထိုမြင်ကွင်းကြောင့် ပြန်လှည့်ပြေးလာသည်။ ချန်းယန်နန်အား ပေးရန်အတွက် ရည်ရွယ်ကာ ပြင်လာသော နှင်းဆီပန်းများသည် နှင်းဆီမိုးများ ရွာသွန်းသည့်နှယ် လမ်းတစ်လျှောက် ကြွေကာ ကျလာပြီး သူသည်လည်း သတိလစ်ကာ လဲကျသွားတော့သည်။

ရုတ်တရက် ဖြစ်ပွားခဲ့သော မတော်တဆ ဖြစ်ရပ်ကြောင့် ကျောင်းသားအားလုံး ကြောက်လန့်တုန်လှုပ်ကာ ဆူညံနေသော စာသင်ခန်းသည်လည်း ချက်ချင်း တိတ်ဆိတ် သွားလေသည်။

တန်းခွဲ-၁၀သည် တတိယနှစ်အတန်းများ ကြားတွင် အဆိုးဆုံး တပည့်များ စုဝေးနေသော အတန်းဖြစ်ပြီး ကျောင်းသား ယောက်ျားလေးများသည် ဆိုးသွမ်းလူငယ်များနှင့် ရန်ဖြစ်ရာတွင် လက်ယဉ်နေကြသူများ ဖြစ်ပါသော်လည်း သူတို့အားလုံးသည် ဆယ်ကျော်သက် အရွယ်လေးများသာ ဖြစ်ကြသည်။ မုတ်ဆိတ်မွေးနှင့် လူ၏ ရန်လိုမှု၊ ရက်စက်ကြမ်းကြုတ်မှု ဟန်ပန်သည် သူတို့၏စိတ်ဓာတ်အား ရိုက်ချိုးသွားသည့်နှယ်ဖြစ်သည်။

“မင်းတို့အားလုံး အခန်းထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်လိုက်ကြ။ တစ်ယောက်ယောက်က ထွက်ပြေးမယ်ကြံရင်၊ အခြားလူတွေကို သတိပေးမယ် ဆိုရင် ဒီဖေဖေကြီးက ဒီခွေးမကို သတ်ပစ်မယ်။ ပြီးရင် မင်းတို့လည်း တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရမယ်”

တန်းခွဲ-၁၀ ကျောင်းသားများသည် ကြောင်တောင်တောင် ဖြစ်နေကြရာ မုတ်ဆိတ်မွေးနှင့် လူသည် စာသင်ခန်းရှေ့တွင် ရပ်ကာ တံခါးကို ပိတ်ထားသလို ဖြစ်နေသော ကျောင်းသားများအား ကန်ထည့်လိုက်သည်။ ထို့နောက် သူသည် အခန်းဝတွင် မတ်တတ်ရပ်ကာ လေသံ ခပ်တင်းတင်းဖြင့် ပြောလိုက်သည်။

မတ်တတ် ရပ်နေခဲ့သော သနားစရာကောင်းသော ကျောင်းသားများသည် ထွက်ပြေးရန် အခွင့်အလမ်း ရှိပါသော်လည်း မုတ်ဆိတ်မွှေးနှင့်လူ၏ တင်းမာခက်ထန်သော အကြည့်အောက်တွင် ကြောက်လန့် နေသောကြာင့် နာခံစွာဖြင့် စာသင်ခန်းထဲသို့ ပြန်ဝင်လာကြသည်။

“တံခါးကို ပိတ်လိုက်။ ယောက်ျားလေးတွေက မင်းတို့ရဲ့စားပွဲတွေကို သယ်လာပြီးတော့ တံခါးကို တားပြီးချထား။ မြန်မြန်လုပ်။ မလုပ်တဲ့ကောင် ငါ လာသတ်မယ်”

သူ၏ ထိန်းချုပ်မှုအောက်သို့ အခန်းထဲမှ ကျောင်းသားများ ရောက်လာသည်ကို ကြည့်ပြီး မုတ်ဆိတ်မွေးနှင့်လူသည် ရှေ့သို့ခြေ ၂ လှမ်း တိုးလာပြီး စုရှန်ဖေး၏ အင်္ကျီကော်လံအား ကိုင်ကာ တရွတ်တိုက် ဆွဲလာပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ထိုလူ၏ အမိန့်ပေးလိုက်သံကြောင့် တန်းခွဲ-၁၀မှ ကျောင်းသားများသည် ကူကယ်ရာမဲ့ သွားကြပြီး သူ၏စကားအတိုင်း တံခါးကို ပိတ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပြီ ဖြစ်သည်။ ထို့နောက် သူတို့သည် နှေးကွေးစွာဖြင့် သူတို့၏ခုံများအား တံခါးပေါက်ဆီသို့ သယ်လာကြကာ ပိတ်ဆို့လိုက်ကြသည်။

သူ၏စကားအတိုင်း ကျောင်းသားများ ဆောင်ရွက်နေပုံကို ကြည့်ရင်း မုတ်ဆိတ်မွေးနှင့် လူသည် ကျေနပ်သွားရကာ သူ၏အာရုံသည် ချန်းယန်နန်၏ လည်ပင်းအား ထောက်ထားသည့် ဓားပေါ်တွင် အနည်းငယ် လျော့ကျသွားပြီး လက်များကို ဝှေ့ကာ ယမ်းကာဖြင့် ကျောင်းသားများ လုပ်ဆောင်နေသည့် အပေါ်တွင် အချိန်တိုင်း တိုက်ရိုက်ညွှန်ကြား လေတော့သည်။

“ဘောပဲ။ ဒီနေရာမှာ ခင်ဗျားအလုပ် ဘာရှိလဲ။ ငါတို့အတန်းထဲမှာ ဒီလို လာလုပ်ရဲတယ်ပေါ့” ထန်ရှုသည် အခွင့်အရေးအား တွေ့မြင်ရသဖြင့် လှုပ်ရှားတော့မည့် ဆဲဆဲတွင် ကျယ်လောင်သော အသံသည် အခန်း၏ နောက်ဆုံးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ယွမ်ချူးလင်သည် စားပွဲစောင်း တစ်လုံးအား မကာ ချိုးလိုက်ပြီး မုတ်ဆိတ်မွှေးနှင့် လူဆီသို့ သွားနေသည်ကို တွေ့လိုက်ရသည်။

အရပ်အမောင်းနှင့် ကိုယ်ထည်အားဖြင့် ယွမ်ချူးလင်သည် ထိုလူအား မယှဉ်နိုင်ပေ။ သို့သော် သူသည် ကျယ်လောင်စွာ အော်ဟစ်ကာ သွားသောကြောင့် ကျောင်းသား အားလုံးသည် တုန်လှုပ် သွားကြသည်။

ယွမ်ချူးလင်၏ သတ္တိရှိစွာဖြင့် ရှေ့သို့ အပြေးသွားနေပုံအား ကြည့်ပြီး တန်းခွဲ-၁၀ ကျောင်းသားများ၏ မျက်လုံးများသည် အရောင်လက် သွားကြပြီး လွတ်မြောက်ခြင်းအတွက် မျှော်လင့်ချက်အား သူတို့၏မျက်နှာထက်တွင် မြင်နေကြရသည်။

ယွမ်ချူးလင်၏ တိုက်ခိုက်မှု အောင်မြင်ခဲ့ပါက ချန်းယန်နန်သည် ဒီဘေးဆိုးမှ လွတ်ကင်းမည်ဖြစ်ပြီး အခြားကျောင်းသားများသည်လည်း အနိုင်ကျင့် ခံရတော့မည် မဟုတ်ပေ။

တန်းခွဲ-၁၀မှ ကျောင်းသားများသည် ယွမ်ချူးလင် ထွက်လာသည်ကို ကြည့်ပြီး ဝမ်းသာအားရ အားပေးကြရာတွင် ထပ်ဖြစ်လာသော မြင်ကွင်းသည် သူတို့အား ဆွံ့အသွားကာ ကြက်သေသေ စေခဲ့သည်။

ထိုမုတ်ဆိတ်မွေးနှင့် လူသည် ချန်းယန်နန်၏ လက်အား အားဖြင့် ဆုပ်ကိုင်လိုက်ကာ သူမအား မလျက် လျင်မြန်စွာ သူ၏ရှေ့သို့ ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အခြား လက်တစ်ဖက်ဖြင့် ကိုင်ထားသော ဓားအား ချန်းယန်နန်၏ ဝမ်းဗိုက်ဆီသို့ ထိုးလိုက်သည်။

“ခွေးမသားလေး ... ငါ မင်းတို့ကို အချိန်အကြာကြီး စောင့်မကြည့်နိုင်ဘူး။ မင်းတို့ ဒါမျိုး ထပ်လုပ်မယ်ဆိုရင် တခြားသူတွေကို သတိပေးတဲ့အနေနဲ့ ငါ သူ့ကို အရင် သတ်မယ်”

ယွမ်ချူးလင်၏ တုန်လှုပ်ချောက်ချား သွားသော မျက်နှာအား ကြည့်ပြီး မုတ်ဆိတ်မွေးနှင့် လူသည် နတ်ဆိုးတစ်ယောက်လို ရက်စက်တော့မည့်အပြုံး ပြုံးလိုက်သည်။

“မဖြစ်ရဘူး… ... ”

မုတ်ဆိတ်မွေးနှင့် လူ၏ လှုပ်ရှားမှုကြောင့် ယွမ်ချူးလင် လွှဲရိုက်လိုက်သော ခုံစောင်းသည် မုတ်ဆိတ်မွေးနှင့်လူအား မထိဘဲ ချန်းယန်နန်အား ထိတော့မည် ဖြစ်သည်။ ထိတ်လန့် ကြောက်ရွံ့သွားသော ယွမ်ချူးလင်သည် သူ၏ခွန်အားအား ရပ်တန့်ရန် ကြိုးစားပါသော်လည်း မရနိုင်တော့သဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။

“မဟုတ်ဘူး …”

ယွမ်ချူးလင်နှင် မုတ်ဆိတ်မွေးနှင့် လူ၏ လှုပ်ရှားမှုအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော တန်းခွဲ-၁၀မှ ကျောင်းသားများသည်လည်း ထိတ်လန့် တုန်လှုပ်စွာဖြင့် အော်ဟစ်မိလိုက် ကြသည်။

***

All Chapters