← Chapters

သူရဲကောင်းမှ မိန်းမချောလေးအား ကယ်တင်ခြင်း

Vol. 02 Ch. 53

သူရဲကောင်းမှ မိန်းမချောလေးအား ကယ်တင်ခြင်း

Vol. 02 Ch. 53

“မဖြစ်ရဘူး …”

စားပွဲခုံစောင်းသည် သူမ၏ခေါင်းအား ရိုက်မိတော့မည့်ဆဲဆဲအား ကြည့်ကာ ချန်းယန်နန်သည် ကြောက်ရွံ့မှုဖြင့် အော်လိုက်မိကာ ကြည်လင်လှသော မျက်ရည်များသည် သူမ၏ မျက်ဝန်းများဆီမှ ပိုးပိုးပေါက်ပေါက် ကျလာရကာ နောင်တတရားအား ရင်ဝယ်ပိုက်လျက် ရှိပေသည်။

သည်အဖြစ်အပျက်သည် သူမ၏စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ချန်းယန်နန် သိသည်။ သူမ၏စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုသည် သူမအား ပျက်စီးဆုံးရှုံးစေနိုင်သော ဘေးအား သယ်ဆောင်လာရုံ သာမက သူမ၏ အတန်းဖော်များကိုပါ အကူအညီမဲ့စေသော အခြေအနေကို ဖြစ်ပေါ်စေသည်။

ကောင်းကင်ဘုံက သူမအား အခြား အခွင့်အရေး ပေးခဲ့ပါလျှင်၊ အချိန်အား နောက်ပြန်လှည့်လို့ ရခဲ့ပါလျှင် သူမ၏အစ်မဖြစ်သူ၏ ထောက်လှမ်းရေးကိစ္စတွင် ပါဝင်ပတ်သက်ရန် မကြိုးစားတော့ဘဲ သံသယရှိသူ အနောက်သို့ စိတ်လိုက်မာန်ပါ သူမဘာသာ လိုက်လံ စုံစမ်းမိမည်လည်း မဟုတ်ပါချေ။

ချန်းယန်နန်သည် စာသင် ကြားနေရခြင်းသည် ပျင်းစရာ ကောင်းလာသည့်အတွက် သူမဘဝတွင် အတွေ့အကြုံအသစ်များအား ရှာဖွေ စူးစမ်းချင်ခဲ့သည်။ သို့သော် လွန်ခဲ့သော ၆ လက ဖြစ်ပွားခဲ့သော သဲလွန်စ လုံးဝမရှိသည့် အမှုတစ်ခုအား သူမ၏အစ်မဖြစ်သူ လိုက်လံ စုံစမ်းနေသည့် ကိစ္စထဲသို့ ပါဝင်ပတ်သက် ရလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးမိပါချေ။ ထို့ပြင် တရားခံသည် သူမ၏နောက်ကျောအား တိုက်ခိုက်ပြီး ကျောင်းအထိ လိုက်လံ ဒုက္ခပေးလိမ့်မည်ဟုလည်း သူမ မစဉ်းစားထားခဲ့မိပါချေ။

အမှု၏မှတ်တမ်းမှ သတင်းအရ ချန်းယန်နန်သည် အစ်မဖြစ်သူအား သူမ၏အကူအညီ မပေးနိုင်တော့ကြောင်း သိခဲ့သည့်အပြင် သူငယ်ချင်းများကိုပါ အန္တရာယ် အခြေအနေထဲသို့ ဆွဲခေါ်မိခဲ့လေသည်။

ချန်းယန်နန်သည် သူမကိုယ်သူမ သေလူအဖြစ် စဉ်းစားနေစဉ်တွင် မုတ်ဆိတ်မွေးနှင့် တရားခံလက်ထဲမှ သူမ၏ ခန္ဓာကိုယ်သည် လွတ်ထွက်သွားသည်ကို ခံစားမိလိုက်ပြီး သူမ၏ကိုယ်လုံးလေးသည် ကြမ်းပြင်ပေါ်သို့ ညင်သာစွာ ကျသွားသည်။ သူမ၏ခေါင်းအား ရိုက်မိတော့မည့် ခုံစောင်းသည် ထိုတရားခံ၏ပါးအား ထိမှန်သွားသည်ကို မြင်လိုက်ရလေသည်။

မုတ်ဆိတ်မွေးနှင့်လူသည် စိတ်အကျေနပ်ဆုံး ဖြစ်နေသည့် အချိန်၌ အရေးကြီးသော စက္ကန့်ပိုင်းလေးအတွင်း ထန်ရှုသည် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ထန်ရှုသည် သူ၏လက်နှစ်ဖက်ဖြင့် မုတ်ဆိတ်မွေးနှင့် လူ၏ပခုံးအား ဆွဲကိုင်လိုက်သည်။ ထိုလူ မတုံ့ပြန်နိုင်ခင်မှာပင် ထန်ရှုသည် ထိုသူ၏လက်ပြင်ရိုးအား ညှပ်ကာ ချိုးပစ်လိုက်သဖြင့် ခရက် ဟူသော အသံထွက်လာကာ ကျိုးသွားတော့သည်။

မုတ်ဆိတ်မွေးနှင့် လူ၏လက်ပြင်ရိုး ကျိုးသွားသောကြောင့် သူသည် ချန်းယန်နန်အား မရန်အား မရှိတော့သောကြောင့် ခုံစောင်းသည် သူ့အား ထိမှန်သွားပြီး ဘယ်ဘက်လက်တွင် ကိုင်ဆောင်ထားသော ဓားမှာ ကြမ်းပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။

“ဘောပဲ ... မင်းလုပ်ရဲတယ်ပေါ့”

မုတ်ဆိတ်မွေးနှင့်လူသည် ဒေါသထွက်လာပြီး ဆဲဆိုကာ ချက်ချင်းပင် သူ၏ခြေအား မြှောက်လျက် ကြမ်းပြင်ပေါ်သို့ ကျလာသော ချန်းယန်နန်းအား ယွမ်ချူးလင်ဆီ လှိမ့်ကာ ကန်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထန်ရှုဘက် လှည့်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုမုတ်ဆိတ်မွေးနှင့်လူသည် သူ၏လက်ပြင်ရိုးကျိုး နာကျင်မှုအား လျစ်လျူရှုကာ သူတို့အား ပြန်လည် တိုက်ခိုက်နိုင်သည်ကို မြင်ရသောအခါ ထန်ရှု၏ မျက်ဝန်းထဲတွင် အံ့သြရိပ် ဖြတ်သန်း သွားတော့သည်။

သာမန်လူများ အနေဖြင့် မုတ်ဆိတ်မွေးနှင့်လူ၏ သည်လို တိုက်ခိုက်မှုအား ခံရပါက မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်သွားကာ တိုက်ခိုင်နိုင်မှုစွမ်းအား ဆုံးရှုံးသွားမည် ဖြစ်သည်။ မုတ်ဆိတ်မွေးနှင့်လူသည် သူ့အား နောက်ကျောမှ ခြောက်လှန့်နိုင်ရုံသာမက ယွမ်ချူးလင်၏ ခြိမ်းခြောက်မှုကိုလည်း အနည်းဆုံးတော့ ရှောင်ကြဉ်နိုင်သေးသည်။

သို့သော် ကံမကောင်းစွာဖြင့် မုတ်ဆိတ်မွေးနှင့်လူ ပြန်လည် တိုက်ခိုက်လိုက်သည်မှာ ခန္ဓာကိုယ်ပြောင်းလဲခြင်း အဆင့်အား ပြီးမြောက်ထားသည့် ထန်ရှုဖြစ်နေခဲ့သည်။ မုတ်ဆိတ်မွေးနှင့်လူ၏ လျင်မြန် ရက်စက်လှသော တိုက်ခိုက်မှုအား ရင်ဆိုင်လိုက်ရသည့် ထန်ရှုသည် ခပ်ဖွဖွ မာန်သွင်းလိုက်ရင်း ထိုသူ၏ အင်္ကျီကော်လာစအား ဆွဲဆုပ်လိုက်ကာ ပခုံးအား မလျက် စာသင်ခန်း အနောက်တွင် ရှိသော အမှိုက်ပုံးဆီသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် လျင်မြန်စွာ လှုပ်ရှားလျက် သူ၏လက်အား ဆန့်တန်းကာ ချန်းယန်နန်အား ရိုက်မိတော့မည့် ခုံစောင်းအား ဖယ်ရှားလိုက်ရင်း သူမ၏ခန္ဓာကိုယ်အား ဆီးဖမ်းထားလိုက်သည်။

ထိုအချိန်တွင် အတန်းသားများ၏ အာရုံသည် အပိုင်းပိုင်း ကျိုးသွားသော ခုံစောင်းတွင် လည်းကောင်း ကြမ်းပေါ်သို့ ပြန့်ကျဲသွားသော စာအုပ်များတွင် လည်းကောင်း ရှိမနေဘဲ အမှိုက်ပုံးပေါ်တွင် တင်နေသော မုတ်ဆိတ်မွေးနှင့်လူထံ၌ အပြည့်အဝ ရောက်ရှိ နေကြသည်။

ထန်ရှု မတ်တတ်ရပ်နေသော စာသင်ခန်းထောင့် နောက်ဘက် နေရာသည် အမှိုက်ပုံး တည်ရှိရာနှင့် ၁၀ မီတာ ကွာဝေးသော်လည်း သူသည် သက်တောင့်သက်သာနှင့်ပင် မုတ်ဆိတ်မွေးနှင့်လူအား အမှိုက်ပုံးဆီသို့ လွှင့်ပစ် လိုက်နိုင်ခဲ့သည်။ ထိုလူသည် ၁၉၀ စင်တီမီတာခန့် ရှိသော အရပ်အမောင်းတွင် ထုထည်ကြီးမားသော ခန္ဓာကိုယ် ရှိပြီး ထန်ရှုသည် ပိန်ပိန်ပါးပါးနှင့် ၁၈၀ စင်တီမီတာခန့် အရပ်သာရှိလေသဖြင့် တန်းခွဲ-၁၀မှ ကျောင်းသား အားလုံးသည် သူတို့၏ မျက်လုံးများအား အကြိမ်ကြိမ် ပွတ်တိုက်လျက် ထင်ယောင်ထင်မှား ဖြစ်နေသလားဟု ထင်မိကုန်ကြသည်။

တန်းခွဲ-၁၀ ကျောင်းသားများသည် ထိုသို့ပစ်လိုက်သည်မှာ ယွမ်ချူးလင်ဖြစ်ပါက ပိုမို ယုံကြည်ဖွယ် ရှိသည်။ ယခုမူ ထိုသို့ပစ်လိုက်သည်မှာ ထန်ရှု ဖြစ်နေသောကြောင့် မယုံကြည်နိုင် ဖြစ်နေကြခြင်း ဖြစ်သည်။

သို့သော် ယွမ်ချူးလင်သည် ထန်ရှုအား အံ့အားသင့်စွာ ကြည့်နေသည်ကို မြင်ရပြီးနောက် မုတ်ဆိတ်မွေးနှင့်လူအား ထိုသို့ ပစ်လွှတ်လိုက်သူမှာ ထန်ရှုသာ ဖြစ်ကြောင်း သေချာသွားခဲ့သည်။

ထန်ရှု ပစ်လွှတ်လိုက်သော အရှိန်ကြောင့် ထိုမုတ်ဆိတ်နှင့်လူ၏ ခန္ဓာကိုယ်သည် များစွာ ထိခိုက်မှု ဖြစ်သွားခဲ့ရပြီး အတွင်းဒဏ်များပင် ရသွားဟန်တူသောကြောင့် ထိုသူ၏ပါးစပ်မှ အမည်းရောင် သွေးများ စီးကျလာခဲ့သည်။

“မင်း ... မင်း ... ”

မမျှော်လင့်ထားသည့်ဟန်ဖြင့် မုတ်ဆိတ်မွေးနှင့်လူသည် ထန်ရှုအား စိုက်ကြည့်ရင်း ဖျော့တော့သော အသံဖြင့် ရေရွတ်လိုက်ပြီးနောက် သတိလစ် သွားလေတော့သည်။

ထိုလူ သတိလစ်မေ့မြော သွားသည်ကို မြင်ရတော့မှ တန်းခွဲ-၁၀မှ ကျောင်းသားများသည် စိတ်သက်သာရာ ရသွားကြပြီး မူလတိတ်ဆိတ်နေသော အခန်းသည် တစ်ဖန် ပြန်လည် ဆူညံလာခဲ့ကာ ဈေးတန်းတစ်ခု သဖွယ်ပင် ဖြစ်နေတော့သည်။

အချို့သည် စူးစူးဝါးဝါး အော်ဟစ်နေကြပြီး အချို့သည် ရဲအား အကြောင်းကြားရန် အခန်းအပြင်သို့ ပြေးထွက်သွားကြကာ အချို့မှာမူ ကျယ်လောင်စွာ အော်ငိုနေကြသည်။

“ထန်ရှု ... မင်းမှာ ချနိုင်စွမ်းအား ရှိသားနဲ့ ငါတို့ကို ဘာလို့ အစောကြီး ကတည်းက မကယ်ရတာလဲ။ မင်းက ငါတို့ကို အဲဒီလူဆိုးကောင်လက်ထဲမှာ သေစေချင်နေတာလား”

ထန်ရှုသည် သူ၏လက်ထဲမှ ချန်းယန်နန်အား ချပေးနေစဉ် ဒေါသဖြင့် ပြောလိုက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာသဖြင့် မျက်မှောင်ကြုတ် လိုက်မိသည်။

ထန်ရှုသည် ပြန်လည်ချေပရန် ဟန်ပြင်လိုက်စဉ် အခြားကျောင်းသားများ၏ အသံများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် စကားပြောရန် အခွင့်မရဘဲရှိနေသည်။

“ဟုတ်တယ်။ သူက သိသိသာသာ ခွန်အားကြီးတာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာပဲ။ သူက ငါတို့ အရိုက်ခံရတာကို မြင်ချင်နေပုံရတယ်။ ဒီလိုမျိုး မကောင်းတဲ့အတွေး ဘယ်လိုတောင် တွေးရတာလဲကွ ဟမ်”

“ထန်ရှု ... အဲဒီလူဆိုးကောင်နဲ့ မင်း ဝင်လာတာ တစ်ချိန်တည်းပဲကွ။ သူ့ကို မင်းပဲ ခေါ်လာတာ မဟုတ်လား။ ဒါမှမဟုတ် ဒီလိုဖြစ်ဖို့ မင်း ကြံစည်ထားတာလား”

***

အတန်းဖော်များ၏ စကားများအား ကြားရသောအခါ ထန်ရှု တွေဝေသွားခဲ့သည်။ သူ၏လှုပ်ရှားမှုအတွက် ထိုကဲ့သို့ ကျေးဇူးမတင်သော အပြောအဆိုများ ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ ထိုသူများသည် ကျေးဇူးမသိတတ်ရုံမျှသာ မဟုတ်ဘဲ သူ့အား အပြစ်တင်ခြင်းနှင့် မေးခွန်းထုတ်ခြင်းတို့ပင် ပြုနေကြသေးသည်။ ထိုတစ်ခဏတွင် ထန်ရှု ပြောစရာစကား မဲ့ခဲ့ရသည်။

“ဟေး ... နင်တို့တွေ ထန်ရှုကို မှားယွင်း ပြောဆိုနေကြတာပဲ။ နင်တို့သာ ရွှမ်ကျင်း နေ့စဉ်သတင်းကိုသာ အာရုံစိုက်မယ်ဆိုရင် ဒီလူဆိုးကောင်က ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ရာဇဝတ်ကောင် ဆိုတာ နင်တို့ သိလိမ့်မယ်။ သူက တိုင်းပြည်အနှံ့မှာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ကိုယ်တွင်းအင်္ဂါတွေကို ကုန်ကူးနေခဲ့တာ။ သူက လူသတ်မှု ၃၀ ကိုလည်း ကျူးလွန်ခဲ့တဲ့ သူတစ်ယောက်ပဲ”

ထန်ရှုအား မှားယွင်းပြောဆို နေကြသည်အား မြင်ရသောကြောင့် ချန်းယန်နန်သည် တုန်လှုပ်သွားရပြီး ချက်ချင်းပင် ထန်ရှုအတွက် နူးညံ့သော အသံဖြင့် ကာကွယ် ပြောဆိုတော့သည်။

“ယန်နန် ... ချီးထုပ်ထန်ရှုရဲ့ အလိမ်အညာ မမိစေနဲ့။ လူဆိုးကောင်ရဲ့ အကြည့်တွေက ထန်ရှုကို သိနေသလို ထန်ရှုကလည်း သိနေတဲ့ပုံပဲ။ သူနဲ့ထန်ရှုက သွင်ပြင်စရိုက်ချင်းလည်း တူနေတယ်။ သိလား”

“ထန်ရှုက အမြဲအားနည်းနေတဲ့သူ။ ခဏခဏတောင် မူးလဲတတ်သေးတယ်။ ကျောင်းအားကစားပွဲမှာ သူ အောင်မြင်တာ တစ်ခါမှ ငါ မတွေ့ဖူးဘူး။ အဲဒီလို လူမျိုးက လူသတ်သမားကို ယှဉ်နိုင်မှာတဲ့လား”

“ထန်ရှုက နင့်ကို ဆွဲဆောင်ချင်နေတာ။ နင် ငြင်းမှာလည်း ကြောက်တော့ သူက ပြဇာတ်တစ်ပုဒ်ဂွင်ဆင်ပြီး သူရဲကောင်း တစ်ယောက်က မိန်းမချောလေးကို ကယ်တင်တာမျိုး အနေနဲ့ နင့်နှလုံးသားလေးကို လှုပ်ရှားသွားအောင် လုပ်ပြီး သိမ်းပိုက်ချင်နေတာလေ”

***

ချန်းယန်နန်၏ ရှင်းပြချက်အား လူတိုင်း မယုံကြည်ဘဲ ပိုမို စိတ်လှုပ်ရှား လာကြကာ တစ်ယောက်တစ်ပေါက် ပြောကြတော့သည်။

“အစ်ကိုကြီး ... မင်းကို အဲဒီလို မှားယွင်းဆဲဆို နေကြတာကို ဘာကြောင့် ပြန်မပြောတာလဲ”

သေခြင်းတရားနှင့် နီးနီးကပ်ကပ် ရင်ဆိုင်လိုက်ရသော ယွမ်ချူးလင်သည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေဆဲပင် ဖြစ်သည်။ သို့သော် အတန်းဖော်များက ထန်ရှုအား နားလည်မှု လွဲနေကြသည်ကို မြင်ရသောအခါ သူ မပြောဘဲ မနေနိုင်တော့ချေ။

“သူတို့မှာ ယုံကြည်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီအတိုင်းလည်း ယုံကြည်ကြမှာပဲ။ သူတို့မှာ ယုံကြည်ဖို့ ဆန္ဒမရှိဘူး ဆိုရင်တော့ မင်း စကားတွေ ထောင်သောင်းမက ပြောပြလည်း သူတို့ မင်းကို ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး”

ထန်ရှုသည် အတန်းသား အားလုံးအား ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် သိမ်းကျုံးကြည့်လိုက်ပြီး ဘာစကားမျှ ထပ်မပြောတော့ဘဲ သူ၏နေရာသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ထိုင်လိုက်တော့သည်။

ထန်ရှု၏ပုံဟန်မှာ တည်တည်ငြိမ်ငြိမ်နှင့် စိတ်အနှောင့်အယှက် မဖြစ်သည့်ဟန် ရှိသော်လည်း ကျန်အတန်းသားများမှာမူ သူ့ကဲ့သို့ ဖြစ်မနေပါချေ။ အမှန်တကယ်အားဖြင့် ထန်ရှုအား မေးခွန်းထုတ်ခဲ့သူများမှာ    လူနည်းစု ကျောင်းသား အနည်းငယ် ဖြစ်သည်။ ကျောင်းသား အများစုမှာ မည်သည့်စကားမျှ မဆိုခဲ့ကြပါချေ။ မုတ်ဆိတ်မွှေးနှင့်လူ၏ ရက်စက် ကြမ်းကြုတ်သော၊ ခက်ထန်ကြမ်းတန်းသော လှုပ်ရှားမှုနှင့် အမူအရာများမှာ သရုပ်ဆောင်နေသည့်ဟန်နှင့် လားလားမျှ မတူပါပေ။ ယွမ်ချူးလင်၏ အထိတ်တလန့် အော်သံများနှင့် သေရေးရှင်ရေး လှုပ်ရှားမှုများ သည်လည်း သရုပ်ဆောင်နေသည်နှင့် မတူခဲ့သလို ချန်းယန်နန်၏လက်ကောက်ဝတ်များမှ အတွင်းကြေ ဒဏ်ရာများနှင့် မုတ်ဆိတ်လူ အန်ထုတ်လိုက်သော သွေးများသည်လည်း ပြဇာတ်တစ်ပုဒ်ကနေ သကဲ့သို့ မဟုတ်ခဲ့ပါချေ။

ထန်ရှုသည် မည်သည့်စကားမျှ ထပ်မဆိုတော့။

ချန်းယန်နန်သည်လည်း ထန်ရှုဘက်တွင် ခိုင်မာစွာ ရပ်တည်လျက်။

ကျောင်းသား အများစုမှာ ငြိမ်သက်ကာ မည်သည့်ဆူညံမှုမျှ မပြုလုပ်ခဲ့။

မေးခွန်းများ ထုတ်ကာ အပြစ်တင်နေသော ကျောင်းသား တစ်စုမှာလည်း အသံများ ပျောက်ဆုံးခဲ့။

၁၀ မိနစ်ကြာသော် ရာဇဝတ်မှုဆိုင်ရာ မှုခင်းရဲများသည် ရောက်ရှိလာကြသည်။ ထိုရဲတပ်ဖွဲ့အား တုန်လှုပ်ချောက်ချားစွာ ဦးဆောင်လာသူမှာ ထန်ရှု၏မိတ်ဆွေဖြစ်သူ ချန်းရွှဲ့မေပင်ဖြစ်သည်။ ထန်ရှုသည် ချန်းရွှဲ့မေအား ရှေ့သို့ထွက်ကာ နှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော် ချန်းယန်နန်သည် ထန်ရှုထက် ဦးစွာ ချန်းရွှဲ့မေဆီသို့ ရောက်သွားခဲ့ပြီး မည်သည့်စကားမျှ မဆိုရသေးမီမှာပင် ဒေါသထွက်စွာဖြင့် ရိုက်လိုက်သော ချန်းရွှဲ့မေ၏ လက်ဝါးသည် သူမ၏မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။

“ချန်းယန်နန် ... ငါ့အမှုမှာ ဝင်စွက်ဖက်ဖို့ နင့်ကို ဘယ်သူ ခွင့်ပြုလဲ။ တရားဝင်ခွင့်ပြုချက် မရှိတဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ။ သဲလွန်စတွေ့တာနဲ့ ငါ့ကို ဘာလို့ ချက်ချင်း အကြောင်း မကြားတာလဲ”

ချန်းယန်နန်အား ရိုက်ပြီးနောက် ချန်းရွှဲ့မေသည် သူမအား မျက်နှာထား တင်းတင်းဖြင့် စစ်မေးတော့သည်။

“ငါ ... ငါ ... အစ်မကြီး ... ငါ တောင်းပန်ပါတယ်။ ငါ မှားသွားခဲ့တယ်”

ချန်းယန်နန်သည် အစ်မဖြစ်သူထံမှ နှစ်သိမ့်ပေးမှုအား စောင့်မျှော်နေချိန်တွင် ဆန့်ကျင်ဘက်အနေဖြင့် အစ်မ၏ ပါးရိုက်ခြင်းကိုသာ ရရှိခဲ့သည်။ သူမ မှားယွင်းခံရသည်ဟု ငိုတော့မည့်ဆဲဆဲ ဖြစ်နေချိန်တွင် အစ်မဖြစ်သူ၏ မျက်ဝန်းများမှ စိုးရိမ်ပူပန်မှုများနှင့် မျက်နှာထက်မှ ချစ်ခြင်းတရားအား မြင်တွေ့လိုက်ရသဖြင့် မျက်ရည်မကျအာင် ထိန်းထားလိုက်ပြီး သိမ်မွေ့သော လေသံဖြင့် တောင်းပန်လိုက်သည်။

ပထမတွင် ထန်ရှုသည် ချန်းရွှဲ့မေသည် ချန်းယန်နန်၏ မျက်နှာအား ရိုက်လိုက်သည်ကို မြင်ရသောအခါ ဒေါသထွက်သွားပြီး သူမ၏လက်အား ဟန့်တားလုနီးပါး ဖြစ်သွားရသည်။ သို့သော် သူမတို့နှစ်ယောက် စကားပြောဆိုနေသည့် လေယူလေသိမ်းအား ကြည့်ပြီး စိတ်လိုက်မာန်ပါ မလုပ်လိုက်မိသည်ကို ကြိတ်ကာ ကျေးဇူးတင်မိလိုက်သည်။

ချန်းရွှဲ့မေနှင့် ချန်းယန်နန်တို့နှစ်ယောက် စကားပြောနေကြစဉ် မှုခင်းရဲတပ်ဖွဲ့ဝင် အချို့သည် မုတ်ဆိတ်နှင့် လူဆိုး၏ ဒဏ်ရာအခြေအနေအား စစ်ဆေးနေကြပြီး အချို့မှာ တန်းခွဲ-၁၀ ကျောင်းသားများအား ဖြစ်ပွားခဲ့သော အခြေအနေကို မေးမြန်းနေခဲ့ကြသည်။

“အကြီးအကဲ ... သံသယတရားခံ အိုးယန်ဟိုက်ဖေးရဲ့ ဒဏ်ရာက အခြေအနေ မကောင်းဘူး။ အတွင်းအင်္ဂါတွေ ပျက်စီးရုံမကဘူး နံရိုးတစ်ချို့လည်း ကျိုးနေတယ်။ တစ်ချောင်းက သူ့နှလုံးကို စိုက်နေခဲ့တယ်။ သူ အသက်ရှင်ဖို့ ဆိုတာ ခပ်ပါးပါးပဲ” ဟုဝမ်ရှုသည် အစီရင်ခံနေစဉ်အတွင်း ထန်ရှုအား မကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။

တန်းခွဲ-၁၀ ကျောင်းသားများ၏ ထွက်ဆိုချက်အရ အိုးရန်ဟိုက်ဖေးအား ဆုံးမခဲ့သူမှာ ထန်ရှုဟု တူညီသောအဖြေအား သူရရှိထားပြီး ဖြစ်သည်။ ယခင် ထန်ရှုအမှုအား သူ နောက်ဆုံး ကိုင်တွယ်ခဲ့စဉ်က ထန်ရှုသည် အလွန်အားနည်းလှပြီး သတိပင် လစ်သွားရသေးသည်။ ယနေ့အဖြစ်အပျက်မှာ အလွန်ထူးဆန်း လှသည်ဟု သူခံစားနေရပြီး သူ ကြားခဲ့သမျှ အရာရာတိုင်းအား မယုံကြည်နိုင်သေးပင် ဖြစ်နေသည်။ သို့သော် အကြိမ်များစွာ မေးမြန်းပြီး ထွက်ဆိုချက် အားလုံးမှာ မပြောင်းလဲသောကြောင့် ဟုဝမ်ရှု ယုံကြည်ရုံမှတစ်ပါး အခြားမရှိတော့ချေပြီ။ အိုးရန်ဟိုက်ဖေးအား ထန်ရှု ဆုံးမခဲ့သည်မှာ အမှန်ပင် ဖြစ်တော့သည်။

***

All Chapters