← Chapters

မြက်ခင်းအား ရိုက်နှက်၍ မြွေအား ခြောက်လှန့်ခြင်း

Vol. 02 Ch. 54

မြက်ခင်းအား ရိုက်နှက်၍ မြွေအား ခြောက်လှန့်ခြင်း

Vol. 02 Ch. 54

“ဘာ ... အိုးရန်ဟိုက်ဖေး အသက်က စိုးရိမ်ရတယ် ဟုတ်လား။ ဘယ်လို ဖြစ်နိုင်မှာတဲ့လဲ။ သူ့ရဲ့အဖွဲ့မှာ “မသေနိုင်တဲ့ နွားကြီး” လို့တောင် နာမည်ပြောင် အပေးခံထားရတာ မဟုတ်လား”

ချန်းရွှဲ့မေသည် ချန်းယန်နန်နှင့် မတ်တတ်ရပ်ကာ စကားပြောနေရာမှ ဟုဝမ်ရှု၏ အစီရင်ခံမှုအား ကြားလိုက်ရသောအခါ အံ့အားသင့်စွာ အော်လိုက်မိလေသည်။

အိုးရန်ဟိုက်ဖေးအား မသေနိုင်သော နွားကြီးဟု အမည်ပြောင် ပေးခံရခြင်းသည် သူ့၌ သူမတူသော ခွန်အား ရှိသောကြောင့် ဖြစ်သည်။ သူသည် နွားထီးတစ်ကောင်ကဲ့သို့ သန်မာပြီး ခံနိုင်ရည်အား ကောင်းသည်။ ထို့ပြင် သူသည် သဘာဝအားဖြင့် ခေါင်းမာသူတစ်ဦးဖြစ်ပြီး သူ ဆုံးဖြတ်ထားသော အရာအတွက် ကျွဲ ၁၀ ကောင်ပင်လျှင် သူ့အား ပြန်လည် ဆွဲယူနိုင်သော အင်အားမရှိချေ။

ထိုကဲ့သို့ ခံနိုင်ရည်နှင့် စွမ်းအားရှိသော အိုးရန်ဟိုက်ဖေးသည် သူ၏အဖွဲ့တွင် အရေးပါ အရာရောက်သောသူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော မွန်းစတားဆန်ဆန် လူမျိုးက ဆယ်ကျော်သက်တစ်ဦး၏ လက်ထဲတွင် မမျှော်လင့်ဘဲ သေလုမြောပါး ဖြစ်ခဲ့ရသည်ကို ကြားရသောကြောင့် ချန်းရွှဲ့မေပင်လျှင် မူမမှန်သော ခံစားချက်မျိုးအား ခံစားမိ နေလေသည်။ အိုးရန်ဟိုက်ဖေးအား သူမပင်လျှင် အနိုင်ရနိုင်ဖို့ ယုံကြည်ချက်မရှိကြောင်း ဝန်ခံရပေမည်။

“ဟိုင်း … ထန်ရှု ငါတို့ ထပ်တွေ့ကြပြန်ပြီ။ ငါ့ကို မှတ်မိသေးရဲ့လား”

ချန်းရွှဲ့မေသည် ထန်ရှုအား တစ်ခဏမျှ စိုက်ကြည့် လိုက်ပြီးနောက် သူမ၏လက်ဖဝါးအား ကမ်းကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“အေးဆေးပဲ မဟုတ်လား အရာရှိချန်း။ ကျွန်တော်လည်း အစ်မနဲ့ ပြန်ဆုံရတာ ဝမ်းသာပါတယ်” ချန်းရွှဲ့မေ၏ မျက်ဝန်းများထဲမှ စူးစမ်းလိုသော အရိပ်အယောင်အား တွေ့လိုက်ရသဖြင့် ထန်ရှု ရင်ထဲ အေးစက်သွားရသည်။ ပထမတွင် သူသည် ကမ်းပေးလာသော သူမ၏လက်အား ငြင်းဆန်ရန် တွေးလိုက်မိသော်လည်း တစ်ချက် တွေးလိုက်ပြီးနောက် သူ၏လက်အား ကမ်းပေးလိုက်သည်။

သူတို့နှစ်ယောက်၏ လက်များသည် ထိတွေ့သွားကြပြီး တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်မိလိုက် ကြသောအခါ ချန်းရွှဲ့မေ၏ မျက်ဝန်းထဲတွင် အပျော်ရိပ်တစ်ခု ဖြတ်သန်းသွားကာ ရုတ်တရက် သူမ၏ခွန်အားအား စိုက်ထုတ်လိုက်သည်။

ချန်းရွှဲ့မေသည် ထန်ရှု၏ ခွန်အားအား သူမသည် သက်သေပြနိုင် သင့်သည်ဟု တွေးခဲ့သည်။ သို့သော် ထန်ရှု၏ လက်ဖဝါးသည် နူးညံ့ကာ ချောမွတ်နေသည်ဟု သူမ ခံစားလိုက်ရပြီး မည်သို့ ဖြစ်ပွားသည်ကို မတုံ့ပြန်နိုင်သေးခင်မှာပင် ထန်ရှု၏ လက်ဖဝါးသည် သူမလက်မှ လွတ်ထွက်သွားခဲ့သည်။

“ဘယ်လောက်တောင် တော်လိုက်တဲ့ လူငယ်လေးလဲ။ နင့်မှာ အမှန်တကယ် စွမ်းရည်အချို့ ရှိနေတာပဲ။ နင့်ကို တကယ်ကို စမ်းသပ် ကြည့်ချင်သေးတယ်”

ချန်းရွှဲ့မေသည် အစောပိုင်းတွင် အားကုန် မသုံးထားသော်လည်း ထန်ရှုသည် သူမ၏ လက်ထဲမှ အလွယ်တကူ ရုန်းထွက်သွားပြီးနောက် သူမ၏ မျက်ဝန်းများသည် အရောင်လက်လာကာ သူမ၏ မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားမှုများအား အထင်းသား တွေ့မြင်နိုင်လေသည်။

“အရာရှိ ချန်း ... ဒီ့ထက်ပိုပြီး အရေးကြီးတဲ့ အရာတွေ လုပ်ရဦးမယ်လေ။ နောက်ပြီး ကျွန်တော် ယန်နန်ကို ကယ်ပြီးရုံပဲ ရှိသေးတယ်။ ယန်နန်ရဲ့ အသက်သခင်ကို အရာရှိချန်းက ဆုံးမချင်နေတာလား” ချန်းရွှဲ့မေ့ဆီမှ ပြင်းပြသော တိုက်ခိုက်လိုစိတ်အား ခံစားမိသဖြင့် ထန်ရှုသည် မျက်မှောင်တွန့်သွားပြီး အလျင်အမြန် သတိပေးလိုက်ရသည်။

“အရင်က နင် ငါ့ကို အစ်မကြီးလို့ ခေါ်တယ်။ အခု ဘာကြောင့် အရာရှိချန်းလို့ ခေါ်နေရတာတုန်း။ နင့်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေ ရှိသေးတာလား”

ထန်ရှုစကားကြားပြီး ချန်းရွှဲ့မေသည် တွေဝေသွားပြီး ချက်ချင်းပင် လှမ်းကြည့်လိုက်ကာ မေးလိုက်သည်။

“ကျွန်တော် အစ်မကြီးလို့ ဆက်ပြီး ခေါ်ချင်ပါတယ်။ ဒါပေမဲ့ ယန်နန်က ကျွန်တော့်ကို ဆူမှာစိုးလို့”

ထန်ရှုသည် အနီးတွင် ရှိသော စိတ်လှုပ်ရှားနေသည့် ချန်းယန်နန်အား လှမ်းကြည့်လိုက်ပြီး စနောက်လိုက်သည်။

ပထမတွင် ချန်းယန်နန်သည် အဖုအထစ်များ ပြေလည်သွားသည်ကို ကြည့်ပြီး ပျော်ရွှင်နေခဲ့သည်။ သို့သော် မီးပွားစသည် သူမအား ရုတ်တရက် ထလောင် လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပါချေ။ ထန်ရှု၏ စနောက်ခြင်းအား ကြားလိုက်ရသောကြောင့် သူမ၏မျက်နှာသည် ရဲတက်လာပြီး ရှက်ကိုးရှက်ကန်း အမူအရာလေး ဖြစ်သွားရသည်။

“နင် ... ယန်နန် ... ”

ထန်ရှု၏ စကားကြောင့် ချန်းရွှဲ့မေသည်လည်း အံ့အားသင့်သွားပြီး ထန်ရှုနှင့် ညီမဖြစ်သူ ချန်းယန်နန်အား သံသယများဖြင့် ရှေ့ပြန်နောက်ပြန် ကြည့်မိတော့သည်။

သို့သော် လူထူထပ်သော အများပိုင်နေရာ ဖြစ်သောကြောင့် သူမအနေဖြင့် ထန်ရှုနှင့် ချန်းယန်နန်တို့၏ ဆက်ဆံရေးအား ပွင့်ပွင့်လင်းလင်း မမေးသင့်သကဲ့သို့ ချန်းယန်နန် အနေဖြင့်လည်း ဖွင့်ဟရန်မသင့်သော နေရာလည်း ဖြစ်ချေသည်။ နောက်ဆုံးတွင် ချန်းရွှဲ့မေသည် ထန်ရှုအား ခပ်တည်တည်ဖြင့် စိုက်ကြည့်လိုက်ရင်း သူမ၏သက်သေပြလိုမှုအား အဆုံးသတ် လိုက်တော့သည်။

“ထန်ရှု ... ယန်နန်က ရန်သူတွေကို အချက်ပြလိုက်မိပြီ။ ငါတို့ သူတို့ ဌာနချုပ်ကို ဝိုင်းတော့ သူတို့တွေက ပြောင်းရွှေ့ သွားကြတယ်။ အိုးရန်ဟိုက်ဖေး ပြဿနာကို သူတို့သိသွားရင် သေချာပေါက် လက်စားချေလိမ့်မယ်။ နင့်ကို ကာကွယ်ဖို့ အရာရှိတစ်ယောက် ငါတို့ လွှတ်ပေးရမလား။ ဒါမှမဟုတ် ရဲဋ္ဌာနချုပ်မှာ ရက်အနည်းငယ်လောက် ခဏလာနေမလား”

အမှုမှတ်တမ်း ပြီးသွားသောအခါ ချန်းရွှဲ့မေသည် ချီတုံချတုံ ဖြစ်ပြီးနောက် ထန်ရှုအား မေးလိုက်သည်။

ထန်ရှုသည် ခေါင်းကို ချက်ချင်း ယမ်းပြလိုက်ပြီး …

“အရာရှိချန်း ... တကယ်လို့ အဆင်ပြေမယ် ဆိုရင် ကျွန်တော့်အမေကို လျှို့ဝှက်ကာကွယ်ဖို့ လူနည်းနည်း စီစဉ်ပေးစေချင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ကိုယ့်ဘာသာ ကြည့်စီစဉ်ပါမယ်”

ချန်းရွှဲ့မေသည် ထန်ရှုအား တစ်ခဏမျှ စိုက်ကြည့်လိုက်မိသည်။ ထန်ရှု၏ ခိုင်မာစွာ ယုံကြည်ချက်ရှိသော အမူအရာအား တွေ့ပြီးနောက် ခေါင်းညိတ်လိုက်ကာ ထန်ရှု တောင်းဆိုသည်အား သဘောတူလိုက်သည်။ ထို့နောက် မှုခင်းရဲတပ်ဖွဲ့ဝင်များအား ဦးဆောင်ကာ လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။

“ထန်ရှု ... မင်း ဒီနေ့ ကောင်းကောင်း လုပ်ခဲ့တာပဲ။ မင်းကြောင့်သာ မဟုတ်ရင် အတန်းဖော်အားလုံး အန္တရာယ် ကြုံတွေ့ကြရတော့မယ်။ မင်းကို ဆုတံဆိပ်ပေးဖို့ ကျောင်းက တာဝန်ရှိသူတွေနဲ့ ဆရာကြီး စီစဉ်လိုက်ဦးမယ်”

မှုခင်းရဲတပ်ဖွဲ့ဝင်များ မရောက်လာမီ ဝေ့ကျန်တိုက်သည် ကျောင်းက အခြား တာဝန်ရှိသူများနှင့်အတူ အပြေးအလွှား တန်းခွဲ-၁၀သို့ ရောက်ရှိလာခဲ့သည်။ သူတို့သည် ထိတ်လန့်နေသော ကျောင်းသားများအား အရင် စိတ်ငြိမ်အောင် လုပ်ဆောင် နေရသောကြောင့် ထန်ရှုနှင့် စကားပြောရန် အချိန်မရခဲ့ပေ။

ဝေ့ကျန်တိုက်သည် ထန်ရှုနှင့် စကားပြောချင်ပါသော်လည်း ရဲအရာရှိ၊ ချန်းယန်နန်နှင့် ချန်းရွှဲ့မေတို့သည် ထန်ရှုအား ရဲမှတ်တမ်းအတွက် မေးမြန်းနေကြပြီ ဖြစ်သည်။

ထန်ရှု၊ ချန်းယန်နန်နှင့် ယွမ်ချူးလင်တို့သည် ရဲမှုခင်းမှတ်တမ်းအတွက် ရဲများနှင့် ဆောင်ရွက်နေကြစဉ် ဝေ့ကျန်တိုက်နှင့် အခြားသူများသည် ငြိမ်မနေကြဘဲ တန်းခွဲ-၁၀မှ အခြားကျောင်းသားများမှ တစ်ဆင့် ထိုဖြစ်ရပ်ကြီး အသေးစိတ်အား သိရှိခဲ့ရလေသည်။ ချန်းယန်နန်နှင့် ယွမ်ချူးလင်တို့ သေလုနီး အခြေအနေသို့ ကျရောက်ခဲ့ကြောင်း သိရှိလိုက်ရသော ဝေ့ကျန်တိုက်နှင့် အခြားသူများ၏ရင်ထဲ ဗြောင်းဆန် သွားခဲ့ရတော့သည်။

ထင်ပေါ်ကျော်ကြားလိုသူ စုရှန်ဖေးသည် အစပိုင်းမှာပင် အိုးရန်ဟိုက်ဖေး၏ ကန်ချက်အား ခံစားလိုက်ရပြီး မည်သူမျှ သူ့အား အရေးစိုက်မနေကြပါချေ။

“ကျောင်းအုပ်ကြီးဝေ့ ... ဆုတံဆိပ်က အရေးမကြီးပါဘူး။ အရေးကြီးဆုံး လုပ်ရမည့်အရာက ကျောင်းရဲ့ ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုကို တိုးတက်အောင် လုပ်ဖို့ပဲ။ ဒီနေ့အဖြစ်အပျက်သာ သတင်းတွေထဲ ပါလာခဲ့ရင် …”

ထန်ရှုသည် ဆုချီးမြှင့်မည့်အကြောင်း ပြောလာသော ဝေ့ကျန်တိုက်၏ စကားကြောင့် စိတ်မလှုပ်ရှားသွားဘဲ ထူးမခြားနားသော အမူအရာဖြင့် ပြောလိုက်သည်။

ထန်ရှု၏စကားအား တစ်ဝက်တစ်ပျက်သာ ကြားလိုက်စဉ်က မနှစ်သက်သော ခံစားချက်သည် ဝေ့ကျန်တိုက်၏ ရင်ထဲတွင် ဖြစ်ပေါ်လာပြီး ထန်ရှုသည် ဘဝင်မြင့် စိတ်ကြီးဝင် နေသည်ဟုပင် တွေးလိုက်မိသည်။ သို့သော် ထန်ရှု၏ ဒုတိယစကားအား ကြားလိုက်သော အခါတွင် ဝေ့ကျန်တိုက်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ထန်ရှုအား ကျေးဇူးတင် တုန်လှုပ်နေသော အမူအရာဖြင့် ကြည့်လိုက်မိသည်။

ကျောင်းတစ်ကျောင်းအတွက် ဆိုလျှင် အရေးကြီးဆုံးသော အရာသည် ကျောင်းသားများ ဖြစ်သည်။ ကျောင်းသားများများ ရှိလေ ကျောင်းဝင်ငွေ ပိုကောင်းလေဖြစ်သည်။ ကျောင်းဝင်ငွေ ပိုကောင်းလေ အရည်အချင်း ပြည့်မီသော ဆရာများအား ပိုမို ငှားရမ်းနိုင်လေ ဖြစ်သည်။ အပြန်အလှန်အားဖြင့် ဝင်ခွင့်အောင်မြင်နှုန်း တိုးတက်လာပြီး ကျောင်းသားများအား ပိုမိုဆွဲဆောင်နိုင်လေ ဖြစ်သောကြောင့် ကောင်းကျိုးရှိသော သံသရာ စက်ဝန်းပင် ဖြစ်တော့သည်။

အကယ်၍ ကျောင်းမှ ကျောင်းသားများ၏ အသက်နှင့် ဘေးကင်းမှုကို အာမခံမပေးနိုင်ပါက ဝင်ခွင့်အောင်မြင်နှုန်း တိုးတက်မှုအား မည်သို့ အသုံးပြုရပါမည်နည်း။ ကျောင်းသားများသည်လည်း ကြယ်တာရာ ပထမအထက်တန်းကျောင်းတွင် သူတို့အသက်အား အရဲစွန့်ပြီး လာတက်ရဲပါမည်နည်း။

“ကျောင်းသားထန်ရှု ပြောတာမှန်တယ်။ ကျောင်းရဲ့ဘေးကင်းမှု စံသတ်မှတ်ချက်ကို ဆရာကြီး ချက်ချင်း ပြန်ပြင်ဆင်လိုက်မယ်”

ချွေးများ စီးကျလာသော ဝေ့ကျန်တိုက်သည် ထန်ရှု၏စကားအား ထောက်ခံလိုက်သည်။ သူသည် စိုးရိမ် တုန်လှုပ်စွာဖြင့် ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။ အခြားကျောင်း ခေါင်းဆောင် များသည်လည်း စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ထွက်ခွာသွားကြသည်။

“ကျောင်းသားထန်ရှုရဲ့ ပညာရေး လုပ်ဆောင်မှုတွေက ကောင်းမွန်တဲ့အပြင် အခြေအနေကို ခြုံငုံသုံးသပ်တဲ့ အမြင်ကျယ်ကျယ် ရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ထူးဘူး။ ငါ့အတွက်တော့ တကယ့်ကို အံ့သြစရာ ကောင်းလှပါပေတယ်”

ဒုတိယ ဥက္ကဋ္ဌ လျူယွမ်ရောင်သည် မထွက်ခွာသွားခင် ထန်ရှုအား အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်ကာ ချီးကျူး စကားဆိုသွားခဲ့သည်။

ဒီနေ့အဖြစ်အပျက်သည် ကျောင်းတွင် ကြီးမားသော စိတ်ခံစားမှုအား ဖန်တီးစေခဲ့သည်။ ကျောင်း၏ပြည်သူ့ ဆက်ဆံရေးနှင့် ဂုဏ်သတင်းအတွက် သည်အဖြစ်အပျက်အား တားဆီးရန် ကြယ်တာရာ ပထမအထက်တန်းကျောင်း တစ်ခုလုံး ဟိုးအမြင့်မှသည် အောက်ခြေ အဆင့်အထိ အတူတကွ ပူးပေါင်း ဆောင်ရွက်နေကြသည်။ သို့မဟုတ်ပါက ကြယ်တာရာပထမအထက်တန်း ကျောင်းတစ်ခုလုံး ဟိုးအောက်ဆုံးအထိ တွန်းထုတ်ခံရလိမ့်မည် ဖြစ်သည်။ သည်အဖြစ်အပျက်သည် ကျောင်း၏နာမည် ဂုဏ်သတင်းနှင့် ပုံရိပ်အား များစွာ ရိုက်ခတ်နိုင်ပြီး နောက်နှစ် ပညာသင်နှစ်အတွက် ပြင်းထန်သော လွှမ်းမိုးမှု ဖြစ်လာနိုင်စေသည်။

“သူများတွေ နင့်ကို စိတ်မပူအောင် နေလို့မရဘူးလား။ ၁၀ ရက် ပျောက်သွားတယ်။ ဒီလိုမျိုး စိတ်ခံစားမှု အကြီးကြီး ဖန်တီးတယ်။ နင့်ဆရာမရဲ့အသည်းနှလုံး လုံလုံလောက်လောက် မကြီးသေးဘူးလို့ နင်ထင်နေတာလားဟယ်” ကျောင်းမှ အကြီးအကဲများနှင့် ဆရာဆရာမများ ပြန်သွားချိန်တွင် ဟန်ကျင်းဝူတစ်ဦးတည်းသာ ကျန်နေရစ်ခဲ့သည်။

ထန်ရှုပြန်လာပါက သူမသည် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်း လိုက်မည်ဟု မူလက အစီအစဉ်ဆွဲ ထားခဲ့သည်။ သို့သော် သူမ၏စာသင်ခန်းမှ ကျောင်းသားနှစ်ဦး သေမင်းတံခါးဝသို့ ရောက်လုနီး ဖြစ်သွားသည်ကို သိရပြီး လွန်ခဲ့သော တစ်နှစ်ကျော်က ကားအက်ဆီးဒင့် မြင်ကွင်းသည် သူမ၏အတွေးထဲ ဝင်လာခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ကျော်က ထန်ရှုသည် သူမအား သေမင်းတံခါးဝမှ ဆွဲခေါ်ခဲ့သည်အား သတိရလာရင်း ဟန်ကျင်းဝူ၏ရင်ထဲမှ အပြစ်တင်လိုစိတ်များသည် အရည်ပျော်ကျခဲ့ရသည်။ ထန်ရှုအား ကြည့်ခဲ့သော သူမ၏ မျက်ဝန်းများတွင်လည်း နာကျင်မှုနှင့် ဂရုစိုက်မှုတို့အား ဖော်ကျူးလျက်ရှိသည်။

လွန်ခဲ့သော တစ်နှစ်ကျော်က မြင်ကွင်းနှင့် ယနေ့မြင်ကွင်းသည် အတော်ဆင်တူသည်။ မိမိအသက်အား မငဲ့ကွက်သော ရဲရင့်သည့် အပြုအမူ၊ တစ်စုံတစ်ရာ ပြန်လည်ရယူလိုမှု အလျင်းမရှိသော စိတ်ဓာတ်၊ တခြားသူ၏ ဘေးကင်းရေးအတွက် ကြိုးပမ်းမှု … အရာရာတိုင်းသည် အတိအကျ သဏ္ဌာန်တူ နေပေသည်။

ခြားနားမှုတစ်ခုသာ ရှိသည်။ ယနေ့ ထန်ရှုသည် လွန်ခဲ့သော တစ်နှစ်ကျော်ကထက် ပိုမိုကံကောင်းခဲ့ပြီး ထိခိုက်မှု တစ်စုံတစ်ရာမျှ မရှိခဲ့ကာ ဘေးကင်းခဲ့သည်။

“ဆရာမဟန် ... ကျွန်တော် တကယ် တောင်းပန်ပါတယ်။ ဒီရက်ပိုင်း ဆရာမကို ဒုက္ခအများကြီး ဖြစ်စေခဲ့တယ်”

ဟန်ကျင်းဝူ၏ သောကနှင့်အပူအား ခံစားမိလိုက်သောကြောင့် ထန်ရှု၏ မျက်လုံးများသည် လျင်မြန်စွာ ရွေ့လျားခဲ့ပြီး နူးညံ့သောအသံဖြင့် တုံ့ပြန်လိုက်သည်။

“ကိစ မရှိဘူး။ ဒီနေ့ တော်တော် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ နင့်အတွက် တအား ဂုဏ်ယူမိတယ်။ နောက်တစ်ကြိမ် ဒီလိုမျိုး ဖြစ်လာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အရင် သတိရပါ။ ဒဏ်ရာ မရပါစေနဲ့”

ထန်ရှု ရှက်နေသည်ကို ဟန်ကျင်းဝူ မြင်လိုက်သောအခါ တွေးတောစရာ ဖြစ်လာသည်။ သူမ၏ရုံးခန်းအတွင်း ထန်ရှု နမ်းခဲ့သည်အား ပြန်သတိရမိသောအခါ သူမ၏နှလုံးသားသည် ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး လက်စားချေလိုလာသည်။

ဟန်ကျင်းဝူသည် ထန်ရှုနှင့် စကားပြောနေစဉ်တွင် စာသင်ခန်းထဲမှ ခုံများသည် မူလနေရာများသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ကော်ရစ်ဒါနှင့် အမှိုက်ပုံးမှ သွေးကွက်များမှလွဲပြီး စာသင်ခန်းသည် ဘာမှ မဖြစ်ခဲ့သည့်အလားပင် ရှိနေလေသည်။

သို့သော်လည်း တိတ်ဆိတ်ပြီး ထူးဆန်းတဲ့ လေထုသည် စာသင်ခန်းအား ဖြည့်ထားသကဲ့သို့ ဒီနေ့အဖြစ်အပျက်သည် သူတို့အား သတိရနေစေလေပြီး ၎င်းသည် ကမ္ဘာမြေအား ကိုင်လှုပ်လိုက် သကဲ့သို့ပင် ဖြစ်ချေတော့သည်။

ဟန်ကျင်းဝူသည် ထန်ရှုနှင့် စကားပြောပြီးသည့်နှင့် စင်မြင့်ဆီသို့ သွားခဲ့သည်။

“ကလေးတို့ ... မင်းတို့ရဲ့ဆရာမ တစ်ယောက်အနေနဲ့ သည်နေ့ဖြစ်တဲ့ မတော်တဆမှုအတွက် အရမ်း ဝမ်းနည်းမိပါတယ်။ ဆရာမတို့ အတူတူ ဝမ်းနည်းရ စိတ်လှုပ်ရှားခဲ့ ကြတယ်လို့ ဆရာမထင်ပါတယ်။

ကံကောင်းထောက်မလို့ ထန်ရှုနဲ့ ယွမ်ချူးလင်တို့က ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ခဲ့တဲ့အတွက် နောက်ဆုံး ဒီလူဆိုးကို အနိုင်ရလိုက်နိုင်တယ်။ ဒီနေ့ သူတို့ကို ကျေးဇူးတင်ကြောင်း ဆရာမတို့ လက်ခုပ်တီးပြီး ဖော်ပြလိုက်ကြရအောင်”

“…”

ဟန်ကျင်းဝူသည် တော်ဝင်စစ်ပွဲ အတွင်းတွင် မတ်တတ်ရပ်နေသော ဘုရင်မတစ်ပါးအလား ဖြစ်ပြီး ရဲရင့်ပြတ်သားသော အော်ရာအပြည့်နှင့် ဖြစ်သည်။

သူမ၏အသံနှင့် စကားများတွင် ထူးခြားပြီး ချစ်စရာကောင်းသော ဆွဲငင်မှု ရှိနေဟန်ရသည်။ ကျောင်းသားများ၏ စိတ်လှုပ်ရှားမှုများသည် ပြေလျော့သွားပြီး တဖြည်းဖြည်းနှင့် အတန်း အကြောင်းအရာသည် မူလပြောပြလိုသော အခြေခံ သဘောတရားဆီသို့ ပြောင်းလဲ သွားခဲ့သည်။

ဟန်ကျင်းဝူသည် ရှေးခေတ် ချင်မင်းဆက်နှင့် ဟန်မင်းဆက်ကာလမှ သူရဲကောင်းများမှသည် ခေတ်သစ်တော်လှန်ရေး အာဇာနည်များဆီအထိ ပြန်ပြောင်း ပြောပြနေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ကျော်က ထန်ရှု၏ ရဲရင့်သော လုပ်ဆောင်ချက်ကိုလည်း ပြောပြဖြစ်ခဲ့သည်။ သူမအား ကားအက်ဆီးဒင့်ဖြစ်မှုမှ မည်ကဲ့သို့ ရဲရင့်စွာ ကယ်တင်ခဲ့သည့် အကြောင်းအား ပြောရင်း ယနေ့အဖြစ်အပျက် အကျဉ်းချုပ်ဖြင့် နောက်ဆုံးတွင် နိဂုံးချုပ်လိုက်သည်။

ဟန်ကျင်းဝူ၏ ပြန်လည်ပြောပြမှု အောက်တွင် ထန်ရှုနှင့် ယွမ်ချူးလင်တို့သည် သုံးချောင်းထောက် ဒယ်စောက်ကိုးလုံးအား မနိုင်ခဲ့သော ဟာကျူလီ တစ်ယောက် အဖြစ်သို့ ပြောင်းလဲခဲ့ပြီး အရဲရင့်ဆုံး ဖြစ်သွားခဲ့ရသည်။ သေမင်းတံခါးဝရှေ့တွင် ရယ်မောနေနိုင်သော အဆန်းကြယ်ဆုံး သူရဲကောင်းများအဖြစ် ရှေ့သို့ ချီတက်လာခြင်းသည် ကျောင်းသားများအား သွေးပွက်ပွက်ဆူစေခဲ့သည်။

တန်းခွဲ-၁၀မှ ကျောင်းသားများသည် ထန်ရှုသည် ဒုတိယနှစ်တွင် ကားအက်ဆီးဒင့် ဖြစ်ခဲ့သည်ကိုသာ သိကြသည်။ သူမည်ကဲ့သို့ ဖြစ်ပွားရသည်ကို သူတို့ မသိခဲ့ကြပေ။ ဟန်ကျင်းဝူအား ကယ်တင်ရန်အတွက် ကားတိုက်ခံရခြင်းမှန်း သိလာကြသောအခါ ထန်ရှုအပေါ်ထားသည့် သူတို့အမြင်သည် ရုတ်ခြည်း ပြောင်းလဲ သွားခဲ့ရသည်။

ချန်းယန်နန်သည် ယောက်ျားလေး ကျောင်းသားအများစု၏ နှစ်သက် မြတ်နိုးခြင်းအား ခံရသည်ဟု ဆိုပါလျှင် ဟန်ကျင်းဝူသည် ဧကန်မုချပင် ကျောင်းသူ ကျောင်းသားများ၏ ချစ်ခင် မြတ်နိုးကြသော နတ်သမီးတစ်ပါး ဖြစ်တော့သည်။

ဟန်ကျင်းဝူ၏ပုံရိပ်၊ အကြည့်များ၊ ရုပ်ဆင်းသွင်ပြင် အကျင့်စရိုက်များအား  ချန်းယန်နန် လိုက်မမီနိုင်သေးသကဲ့သို့ သူမ၏အော်ရာမျိုးမှာလည်း ချန်းယန်နန်တွင် ရှိရန်ဆိုသည်မှာ မဖြစ်နိုင်သော အရာပင်ဖြစ်ချေသည်။

ဟန်ကျင်းဝူသည် အတန်းသားများ၏ အာရုံအား လူဆိုးကောင်မှတဆင့် ထန်ရှုဆီသို့ ချက်ချင်း ဆွဲခေါ်လာခဲ့သည်။ သူမသည် ယနေ့အဖြစ်အပျက်သည် ပြင်ပလူများအား ပြောသင့်သော အကြောင်းအရာမျိုး မဟုတ်ကြောင်း ကျောင်းသားများအား ထပ်ကာထပ်ကာ ပြောကြားခဲ့သဖြင့် လူတိုင်းက သဘောတူညီကြောင်း တုံ့ပြန်ခဲ့ကြသည်။

ထန်ရှုသည် စာသင်ခန်းထဲတွင် ထိုင်ကာ နားထောင်နေရင်း ငိုရမလို ရယ်ရမလို လမ်းစပျောက်နေပြီး ဟန်ကျင်းဝူအား ကြည့်နေသော သူ၏အကြည့်များထဲတွင် စိတ်မကျေမနပ် ဖြစ်နေမှုနှင့် တောက်လောင်မှုများ ပါဝင်နေပေသည်။ သူမ ထိုသို့ ကြေညာ ပေးလိုက်ခြင်းဖြင့် ကျောင်းပြီးရန် တစ်လကျော် လိုသေးသော သူ၏ အထက်တန်းကျောင်းသား ဘဝလေးသည် ငြိမ်းငြိမ်းချမ်းချမ်း မနေရတော့ပြီကို သူ ကောင်းစွာ သိလိုက်လေတော့သည်။

***

All Chapters