ကြောက်လန့်ခြင်း
Vol. 149 Ch. 2083
ထိုသို့ပြောလိုက်သောအခါ အားလုံးကြောက်လန့်ကုန်ကြသည်။
“ကျွန်တော်တို့အားလုံးကို ကယ်နိုင်တယ်မလား” သူတို့သည် အဖြေပြန် ပေးမည့် သခင်ကြီးလျိုကို မျှော်လင့်တကြီးကြည့်ကြသည်။
သခင်ကြီးလျို၏စိတ်ထဲတွင်လည်း ကြောက်စိတ်ကြီးထွားလာသည်။ သို့သော် သူ၏သရုပ်မှန်ကို ပြန်တွေးပြီး သိသာအောင်မပြပေ။ သို့သော် သူ၏ မျက်နှာထားမှာ အနည်းငယ်ထူးဆန်းနေသည်ကို ရှီမာယူယူ ပြောနိုင်သည်။
“တမန်တော်ယူ.. ဒါက ခင်ဗျားပြောတဲ့ အဖြေမထွက်တဲ့ သေခြင်းတရား လား” သူသည် တမန်တော်ယူကိုကြည့်လိုက်သည်။ သူ မည်သို့အဖြေမျိုးကို မျှော်လင့်ထားသည်ကို မည်သူမှမသိပေ။
တမန်တော်ယူ ပြောလိုက်သည် “ဒါက ကျုပ်အရင်က ပြောထားတဲ့ မဖြေ ရှင်းနိုင်တဲ့ သေဆုံးမှုပဲ.. အရင်ကလည်း ဒီလိုပဲ.. သခင်ကြီးလျို ဒါက စွမ်းအား ကြောင့်လား”
တမန်တော်လျို ခေါင်းညိတ်လေသည် “ကျုပ် စွမ်းအားကိုမမြင်ဖူးပေမဲ့ အခုချိန်မှာ လေထဲမှာ အေးစိမ့်တာအရမ်းပြင်းထန်နေတယ်”
ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည်။ သူမလည်း အခုလေးတင် ခံစားမိခြင်းဖြစ်သည်။ တခြားသူများလည်း ထိုကွာခြားမှုကို သတိမထားမိသည် မှာ သေချာသည်။
“အဲတော့ ဒါက စွမ်းအားကြောင့်ပဲ.. ဒါပေမဲ့ ဘာလို့ တစ်ယောက်တည်းကို ပဲသတ်သွားတာလဲ” လူတစ်ယောက် မေးလေသည်။
“ဘာလို့လဲဆိုတော့ ငါတို့ကိုခြောက်ချင်လို့ပဲ” သခင်ကြီးလျို ပြောလိုက် သည် “ငါတို့ကို ကြောက်စိတ်ဖြစ်စေချင်တာ.. ငါတို့ကြောက်တာကို သဘောကျ နေတာ”
ရှီမာယူယူသည် သူ့အမြင်ကို သဘောတူသည်။ ထိုစွမ်းအားသည် သူ၏ အသိဉာဏ်မွေးမြူပြီးဖြစ်ကာ ထိုအသိဉာဏ်မှာလည်း မနိမ့်ပါးသည်မှာ သေချာ သည်။ သို့သော် မီအာလောက်တော့ အားမကောင်းသည်မှာ ထင်ရှားနေသည်။ ထိုအရာကို မီအာ ကိုင်တွယ်လျှင် ပြဿနာမရှိနိုင်ပေ။
“အားလုံးပဲ နောက်ဖြစ်လာမယ့်ဟာတွေကို အာရုံစိုက်ထားကြ” သခင် ကြီးလျိုသည် အားလုံးကို ပြောလိုက်သည်။
သူ့တွင် လှည့်ပြန်မည့်အစီအစဉ်မရှိသည်မှာ ထင်ရှားသည်။
“ငါတို့ ရှေ့ကိုဆက်သွားမယ်.. နောက်ကီလိုမီတာ နည်းနည်းလောက်ဆို သတ္တုကြောဧရိယာကိုရောက်တော့မယ်” တမန်တော်ယူပြောလေသည်။
တပ်သားများသည် အမှန်တကယ်ပင် မသွားချင်ကြပေ။ သို့သော် ဤ နေရာတွင် စကားပြောခွင့်မရှိပေ။ သူတို့သာ နောက်ဆုတ်မည်ဟု ဆန္ဒထုတ် ဖော်လိုက်ပါက သူတို့ကိုသတ်ရန် စွမ်းအားကိုပင်စောင့်မည်မဟုတ်ပေ။ တမန် တော်ယူ ကိုယ်တိုင် သူတို့ကိုသတ်လိမ့်မည်။
ထို့ကြောင့်ပင် ရှေ့ခရီးမှာ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် စိတ်ကို တင်းခံကာ တွန်းလှန်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ရှီမာယူယူ၏အရှေ့တွင်လျှောက်သော လူနှစ်ယောက်တွင် တစ်စုံတစ်ရာဖြ်စလေသည်။
“အာ…” သူမရှေ့မှလျှောက်သူသည် အော်လေသည်။
“ဘာဖြစ်တာလဲ” တခြားသူများသည် ကြောက်ရွံ့မှုနှင့်အတူ မကျေနပ်စွာ ဖြင့် လှည့်ကြည့်ကြသည်။
သူ၏အောသံမှာ တစ်စုံတစ်ခုဖြစ်တော့မည်ဟု ညွှန်ပြနေသည်။
“သူ..သူ မရှိတော့ဘူး” ထိုလူသည် တံတွေးမျိုချပြီး ကြောက်လန့်တကြား ပြောလေသည် “သူ ရုတ်တရက်ကြီး ပျောက်သွားတယ်”
ထိုအချိန်တွင် တမန်တော်ယူ၏ မျက်နှာမှာ ပိုအကျည်းတန်သွားလေ သည်။ သူတို့ ဝင်သည့်အချိန်တိုင်းတွင် ဤကဲ့သို့တွေ့ကြုံရသည်။ သူ၏ စိတ်မှာ သန်မာခြင်းကြောင့်သာမဟုတ်လျှင် သူပင် ပြိုလဲနိုင်သည်။
“သခင်ကြီးလီ ဒါကလည်း စွမ်းအားကြောင့်ပဲလား” သူ မေးလိုက်သည်။
“ဖြစ်နိုင်တယ် ဒါပေမဲ့ သေတော့မသေချာဘူး.. ဒီလောက်အားကောင်းတဲ့ စွမ်းအားကို အရင်ကမမြင်ဖူးဘူး” သခင်ကြီးလီသည် ရိုးသားစွာပင် ပြောလေ သည်။
“ဒါက တကယ်ပဲ ဒီလောက်တောင် အားကောင်းတာလား” တမန်တော် ယူသည် တုန်ယင်စွာဖြင့် မေးလေသည်။
“ဟုတ်တယ် လူတွေကို ဒီလိုမျိုးအသံမထွက်ဘဲ ဘယ်လိုပျောက်အောင် လုပ်လဲတော့မသိဘူး.. ဒါပေမဲ့ ဒီစွမ်းအားကို ဘယ်လိုရှင်းပြရင် ပိုကောင်းမလဲ ဆိုတာကို မသိတော့ဘူး” သခင်ကြီးလျိုပြောလေသည်။
ထိုအချက်တွင် ရှီမာယူယူသည် သခင်ကြီးလျိုကို နှစ်မှတ်ပိုပေးမိသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် လိုအပ်ချက်ရှိနေသေးသည်ဟု ဝန်ခံရဲသူမှာ ရှားပါးသည်။ သို့သော် သူသည် မသိကြောင်းကို အမြန်ပင်ဝန်ခံသည်မှာ သူ၏ အကျင့်မှာ မဆိုးလှသည်ကို သက်သေပြနေသည်။
ထိုလူ အသံမထွက်ဘဲ မည်သို့ပျောက်သွားသည်ကို သခင်ကြီးလျို မသိ သော်လည်း သူမ သိသည်။ ပို၍အတိအကျဆိုရလျှင် သူမနှင့် မီအာကြားမှာ စာချုပ်ကြောင့် ထိုစွမ်းအားများကို အာရုံခံနိုင်စွမ်းရှိသောကြောင့်ပင်။ ရှေ့မှ ထိုလူတွင် တစ်စုံတစ်ခုပေါ်လာပြီးနောက် ပျောက်သွားသည်ကို သူမ ခပ်ဝါးဝါး အာရုံခံမိလိုက်သည်။
ထို့ကြောင့်ပင် သူမ၏ ခန့်မှန်းချက်အရ ပျောက်သွားသောလူသည် စွမ်းအား၏ စားသုံးခြင်းကိုခံလိုက်ရခြင်းဖြစ်မည်။
ထို့ကြောင့်ပင် လေဟာပြင်ဧရိယာပြိုကွဲခြင်း မဖြစ်နိုင်ဟု လောင်လီ ပြော ခဲ့ခြင်းဖြစ်မည်။ သူသည် လေဟာပြင်အတက်အကျကို မခံစားမိပေ။ အကြောင်းမှာ သူတို့ ဝါးမျိုခံလိုက်ရခြင်းကြောင့်ပင်။
သူမသည် သတ္တုတွင်းသို့ ဝင်နှင့်သော မီအာနှင့် ဆက်သွယ်လိုက်သည်။ သို့သော် ထိုစွမ်းအား၏ အသိဉာဏ်မှာမြင့်မားသလို ရှုပ်ထွေးသိမ်မွေ့ပြီး ကိုင်တွယ်ရန်မလွယ်ကူပေ။ ပုန်းကွယ်နေရန်မဆိုထားနှင့် ဝင်္ကပါတစ်ခုပြုလုပ် ထားရာ မီအာသည် အတန်ကြာသည်အထိ ခြေရာခံ၍မရခဲ့ပေ။
“ငါ့ကို ပြန်လာစေချင်လား” မီအာသည် နောက်တစ်ယောက် သေသွား ပြီဟု သိသည်နှင့် မေးလိုက်သည်။
“အခုတော့ မဟုတ်သေးဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “မင်း သွား ရှာကြည့်ဦး ဒီပြဿနာက ဖြေရှင်းနိုင်မှာပါ”
မီအာသည် စက္ကန့်ပိုင်းမျှ တွေဝေသွားပြီး ပြောလေသည် “ဒါဆိုလည်း ဂရုစိုက်ပါ”
“စိတ်မပူပါနဲ့” ရှီမာယူယူသည် ဤအရာကို ဖြေရှင်းရာတွင် ပြဿနာမရှိ နိုင်ဟု ခံစားရသည်။ သူမ မမြင်နိုင်လျှင်တောင် ကြိုတင်မှန်းဆနိုင်သဖြင့် ပုန်း ကွယ်နေရသည်မှာ ပြဿနာမဟုတ်ပေ။
“တမန်တော်ယူ ရှေ့ဆက်သွားမှာလား” လူတစ်ယောက်သည် မေးနေ တုန်းပင်။
“ဆက်သွားမယ်” တမန်တော်ယူသည်လည်း မသွားချင်ပေ။ သို့သော် သခင်ကြီးလျိုသည် သူတို့ယခုအချိန်ထိ ဖိတ်ကြားခဲ့သမျှထဲတွင် အားအကောင်း ဆုံးသခင်ဖြစ်သည်။ သူပင် ဤပြဿနာကို မဖြေရှင်းနိုင်လျှင် ဤတောင်သည် ဘယ်သောအခါမှ တူးဖော်၍ရတော့မည်မဟုတ်ပေ။ “သခင်ကြီးလျို ဘယ်လို ထင်လဲ”
သခင်ကြီးလျိုသည် သူ၏ယုံကြည်မှုလွန်ကဲခဲ့ခြင်းကို နောင်တရကာ စိတ် ထဲမှ ကျိန်ဆွဲမိသည်။ သူသည် ပိုက်ဆံအတွက် အလွန်အန္တရာယ်များသည့်ကိစ္စ ကို လုပ်ခဲ့သည့်အတွက်လည်း နောင်တရမိသည်။ ယခုအချိန်တွင် သူသည် ရှေ့ဆက်မတိုးနိုင်ကာ နောက်ဆုတ်ရန်လည်း ပိုမဖြစ်နိုင်တော့ပေ။ သူသာ ဤ ပြဿနာကိုမဖြေရှင်းနိုင်လျှင် ပြန်ရောက်သည်နှင့် ဟွာဝူရှန့်သည် သေချာ ပေါက် သည်းခံနေမည်မဟုတ်ပေ။
အပြန်လမ်းမရှိတော့ပေ။
“ဆက်သွားမယ်” သူသည် ရွေးချယ်စရာမရှိတော့ပေ။
တခြားသူများသည် သူ့စကားကိုကြားသောအခါ စိတ်ထဲတွင် သေသွား သလိုပင်။ သူတို့သာ ဆက်သွားလျှင် အများစုသည် ဤနေရာတွင် သေသွားနိုင် သည်။
“တမန်တော်ယူ ရှေ့ကို ဆက်မသွားလို့မရဘူးလား” အစောက စနောက် နေသောလူသည် တိုးညင်းသောအသံဖြင့်မေးလေသည်။
“ဘာပြောလိုက်တယ်” တမန်တော်ယူသည် ထိုလူအားကြည့်နေပြီး သူ့ အကြည့်မှာလည်း အေးစက်နေသည်။ သူသည် ထိုလူစကားပြောလသည်ကိုပင် မစောင့်ဘဲ ဓားထုတ်ကာ သတ်လိုက်သည်။ သူသည် ကျန်လူများကို ကြည့်ပြီး မေးလိုက်သည် “ပြန်ချင်တဲ့သူရှိသေးလား”
အားလုံး ကြက်သေသေသွားကြသည်။ သူတို့သည် ကြောက်ရွံ့နေပြီဖြစ် ကာ ယခုလိုဖြစ်သွားသဖြင့် ခံနိုင်ရည်ထက်ကျော်လွန်သွားပြီဖြစ်သည်။
တမန်တော်ယူ မေးသောမေးခွန်းကိုကြားသောအခါ အားလုံးသည် ခေါင်းခါကြသည်။
သူ နောက်နေတာပဲဖြစ်မယ်။ ဘယ်သူက ကိုယ့်သေတွင်းကိုယ်တူးမှာလဲ။
“ဒါဆိုရှေ့ဆက်သွားမယ်” သူတို့ကို ထိုအကွက်ဖြင့် ထိန်းချုပ်နိုင်မည်ဟု သိထားသဖြင့် ဓားသိမ်းပြီး လှည့်ထွက်သွားလေသည်။
ရှီမာယူယူသည် အနောက်မှလိုက်လာခဲ့လိုက်သည်။ သူမအနောက်သို့ အေးစက်သော တစ်စုံတရာအနားကပ်လာသဖြင့် သူမသည် ဝိညာဉ်စွမ်းအင်စု ကာ နောက်ပြန်လှည့်ပြီးတိုက်ခိုက်လိုက်သည်။
“ရှူး…”
စူးရှသောအော်သံနှင့် ဝိညာဉ်စွမ်းအင်လှိုင်းတို့ ထိတွေ့တိုက်ခိုက်ကြရာ ရှေ့မှလူများအာရုံစိုက်မိသွားကြသည်။ သို့သော် သူတို့ ပြန်လှည့်ကြည့်သော အခါ သတိရှိရှိနေနေသော ရှီမာယူယူကိုသာ မြင်ကြလေသည်။
“ဘာဖြစ်တာလဲ”
“တစ်ခုခုက ကျွန်တော့်ကို တိုက်ခိုက်သလိုပဲ… အဲဒါကြောင့် ပြန်တိုက်မိ လိုက်တာ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ထိအောင်တိုက်နိုင်တာလား” တမန်တော်ယူသည် ထိုစူးရှသောအသံကို အထင်မသေးပေ။
“အဲလိုထင်တာပဲ” ရှီမာယူယူလည်း မသေချာပေ “သူ့ကို ကြောက်အောင် လုပ်မိလိုက်ပြီထင်တယ်”
“မင်းတကယ်ပဲ အဲဒီဟာကိုထိအောင်တိုက်နိုင်တာလား” တခြားသူများ သည် မယုံနိုင်ကြပေ။
“ဘယ်လိုလုပ်လိုက်တာလဲ” တမန်တော်ယူ မေးလိုက်သည်။ သူသည် ရှီမာယူယူကို သံသယအပြည့်နှင့် စစ်ဆေးတော့မည့်အကြည့်ဖြင့် ကြည့်သည်။ မည်သူမှ သတိမထားမိသော်လည်း သူမ သတိထားမိသည်။ သူမသည် တစ်စုံ တစ်ရာထူးဆန်းနေသည်။
“ကျွန်တော်လည်းမသိဘူး” ရှီမာယူယူသည် သူ့ကို အပြစ်မရှိသလို ကြည့် လေသည် “ရုတ်တရက်ကြီး လေအေးလာလို့ သခင်ကြီးလျိုခုနက ပြောတဲ့ အေးစိမ့်မှုကိုပြန်တွေးမိပြီး ကြောက်သွားလို့တိုက်ခိုက်လိုက်တာပါပဲ”
သူမ ပြောလိုက်ပြီး သခင်ကြီးလျိုအားကြည့်ပြီး သူ သဘောတူလာမည်ကို စောင့်နေလိုက်သည်.. သူမ မျက်လုံးထဲမှ ဖုံးကွယ်နေသော အဓိပ္ပာယ်ကို သူတို့ နှစ်ယောက်သာ နားလည်သည်။
***