နှမ်းဝက်နံရိုးဆန်ပြုတ်
Vol. 2 Ch. 27
အခန်း(၂၇) - နှမ်းဝက်နံရိုးဆန်ပြုတ်
ဒါကို အမေကျိုးသာမြင်ရင် ထင်းကို ဘယ်လိုဖြန်းတီးကြောင်း မြည်တွန်တောက်တီးမှာ သေချာပေါက်ပါပဲ။ ဒါပေမယ့် အမေကျိုးက မိသားစုရိက္ခာဝေခြမ်းဖို့ရှိနေတော့ အခုလောလောဆယ် မအားလပ်ဘူး။
လင်းချင်းဟယ်က အစားအသောက်တွေ ဝယ်ခြမ်းဖို့ ယွမ်ခြောက်ဆယ်ကျော် သုံးစွဲခဲ့တယ်ဆိုတာကို ကြားလိုက်ရတဲ့အခါမှာ အမေကျိုးသည် သူမနှလုံးသားကွဲကြေသွားသလို ခံစားလိုက်ရသည်။
“ဒါက မနှစ်ကထက်စာရင် အများကြီးနည်းပါတယ်။” ဒုတိယမရီးက မှတ်ချက်ပေးသည်။
ဒါက အမှန်ပါပဲ။ လွန်ခဲ့သည့်နှစ်က မူလကိုယ်သည် အစားအသောက်များ ဝယ်ခြမ်းရန် ယွမ်ရှစ်ဆယ်ခန့် သုံးစွဲခဲ့ပြီး ရွာတွင် အကြီးအကျယ် ဆူဆူပူပူ ဖြစ်သွားစေခဲ့သည်။
ဟုတ်တာပေါ့။ အဲ့တုန်းက ဂျုံးကို အများဆုံး ဝယ်ယူခဲ့သည်။
“မီးဖိုနဲ့ ကျောက်မီးသွေးဝယ်လိုက်လို့ ပိုက်ဆံမကျန်တာရော မဖြစ်နိုင်ဘူးလား။” ဒုတိယမရီးက ဖြေဖို့မလိုအပ်ပဲ မပွင့်တပွင့်ပြောနေသည်။
ဒီစကားထွက်သွားသည်နှင့် သူမက အမှန်တရားကို ရှာဖွေတွေ့ရှိသွားတယ်လို့ ခံစားလိုက်ရသည်။ စတုတ္ထလေးရဲ့ဇနီးသည် နောက်ဆုံးအကြိမ်တုန်းက သူမလက်ထဲတွင် ပိုက်ဆံသိပ်မကျန်တော့ဘူးလို့ပြောခဲ့ပြီး အသင်းတွင် အစားအသောက် ဝယ်ခြမ်းရန် ဒီလောက်သုံးစွဲနိုင်လိမ့်မည်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။
ဒီနှစ်က မနှစ်ကထက်စာရင် အများကြီးနည်းလေသည်။ ဒီတစ်ခါတော့ သူမမှာ တကယ်ပဲ ပိုက်ဆံပြတ်လပ်သွားမှာ ကြောက်မိသည်။
အမေကျိုး၏ မျက်နှာအမူအရာသည် မည်းမှောင်နေပြီး စိတ်ထဲတွင် သက်ပြင်းခိုးချလိုက်သည်။ စတုတ္ထုလေးရဲ့ဇနီးက ကလေးတွေအပေါ် ပိုကောင်းလာပြီး သူတို့ဆီကိုလည်း အရိုးအကြီးကြီးများနဲ့ အဆီကြွယ်ဝတဲ့အသားတွေကို တစ်ခုပြီးတစ်ခု ပို့ပေးကာ ယခင်ကထက် ပိုဂရုစိုက်လာခဲ့တာကို သူမ မြင်တွေ့ခဲ့ရသည်။ သို့သော် သူမသည် ငွေသုံးစွဲတာကိုတော့ မချွေတာတတ်ချေ။
ဒါပေမယ့် သူမသားကလည်း ပိုက်ဆံကို ကန့်သတ်မထိန်းချုပ်ထားဘူး။ ပိုက်ဆံဘယ်လောက်ပဲရှိရှိ စတုတ္ထလေးရဲ့ဇနီး သုံးစွဲပုံနဲ့တင် လုံလောက်မှာဟုတ်ဘူး။
ယောက္ခမရဲ့မျက်နှာမကောင်းတာကိုမြင်တော့ ဒုတိယမရီးသည် ဘာတစ်ခွန်းမှ ထပ်မပြောပေမယ့် သူမမှာ မကျေနပ်မှု နည်းနည်းတော့ ကျန်ရှိနေသေးတယ်။
စတုတ္ထုမတ်လေးက ဘယ်လောက်ပဲ ဝင်ငွေရှိပါစေ အဲ့တာက အသုံးမဝင်ဘူး။ ပိုက်ဆံကို ရေလိုသုံးတတ်ပြီး ငွေကြေးဥစ္စာကို ငွေကြေးဥစ္စာအဖြစ် မသတ်မှတ်တဲ့ ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ထားရင် ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး။
အကြီးဆုံးမရီးနှင့် တတိယမရီးတို့အတွက် အားလပ်ချိန် များများစားစား မရှိပေ။ နှစ်ယောက်စလုံးက သူတို့ကိုယ်ပိုင်မိသားစုဝင်တွေအတွက် အထည်စပိုတာတွေနဲ့ အထည်ချုပ်ပေးချင်သောကြောင့် ညီအစ်ကိုသုံးယောက်အတွက် အပ်ချုပ်စက်တစ်လုံးအသွင် အမြန်ချုပ်လုပ်ပေးကြသည်။
တတိယမရီးရဲ့အရှိန်က အရမ်းမြန်တယ်။ လောင်အာ့အတွက် အနွေးထည်၊ ချည်သားအင်္ကျီနှင့် ဘောင်းဘီတို့ကို မကြာမီအချိန်တွင်းမှာပင် ချုပ်လုပ်ပြီးစီးခဲ့သည်။ အမေကျိုးသည် စိတ်ဆိုးဒေါသထွက်နေသော်လည်း ထိုအဝတ်အစားများကို သူမကိုယ်တိုင် သွားပို့ပေးခဲ့သည်။
သူမ ထိုအဝတ်အစားများကို သွားပို့ပေးချိန်တွင် သူ့မြေးသုံးယောက်က သစ်တော်သီးစွပ်ပြုတ်သောက်နေတာကို တွေ့လိုက်ရသည်။ သူတို့လေးတွေရဲ့မျက်နှာမှာ ကျေနပ်နှစ်သိမ့်မှုများ ပြည့်နေခဲ့သည်။
“အမေ ရောက်လာတာလား။ ကျွန်မ ဒီကလေးသုံးယောက်အတွက် သကြားခဲနဲ့ သစ်တော်သီးစွပ်ပြုတ် ပြင်ဆင်ပေးထားတာ။” လင်းချင်းဟယ်သည် အမေကျိုးရောက်နေတာကို တွေ့လိုက်တော့ ထိုသို့ပြောသည်။
အမေကျိုးက မေးသည်။ “အဲ့တာ ဘာလဲ။ သကြားခဲနဲ့ သစ်တော်သီးစွပ်ပြုတ်လား။”
“ဟုတ်တယ်။ ဒီရက်ပိုင်း စိုထိုင်းဆ နည်းလာတယ်။ မနေ့က ခရိုင်မြို့ပေါ်မှာ သစ်တော်သီးတွေတွေ့တော့ ပြန်ဝယ်လာခဲ့တာ။ ဒီနေ့တော့ သူတို့အတွက် သကြားခဲနဲ့ သစ်တော်သီးစွပ်ပြုတ်လုပ်ပေးလိုက်တာ။” လင်းချင်းဟယ်က ရှင်းပြသည်။
“စွံပလွံသီးလည်း ပါတယ်။” လောင်အာ့က ကြားဖြတ်ဝင်ပြောသည်။
“အရသာ အရမ်းရှိတယ်။” လောင်တက ပြောသည်။
“အမေ သားကို ထပ်ခွံ့ကျွေးပါဦး။” လောင်စန်းက စားသောက်ဖို့ စိတ်စောနေသည်။
လင်းချင်းဟယ်က သူ့ကိုခွံပေးလိုက်သည်။ သူမနေရာလပ်ထဲတွင် သစ်တော်သီးတစ်ဗူးသာရှိသော်လည်း သူမ ဒါကိုဝယ်ယူစဥ်က လက်ကားမန်နေဂျာက သစ်သီးတွေအကုန်လုံးကို ပြင်ဆင်ထုပ်ပိုးပေးထားသည့်အတွက် ထိုတစ်ဗူးစာက သာမာန်နှစ်ဗူးစာနှင့် ညီမျှသည်။
ပန်းသီးနှစ်ဗူးနဲ့ အတူတူပင်ဖြစ်သည်။
ဒီအရာများကို စားသုံးရန် စုဆောင်းထားပြီး သူမ၏မိသားစုကို အလိုလိုက်ဖျက်စီးသည့်ပုံရိပ်သည် လူအများစု၏ နှလုံးသားထဲတွင် ကြာရှည်မြဲစွာ ထွင်းထုထားသည်။ ချမ်းသာသောမိသားစု၏ ဇနီးကောင်းတစ်ယောက်လို့ ပြောလျှင် မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။
ထပ်တူညီစွာ အမေကျိုးသည်လည်း ဒါကို အယုံအကြည်မရှိပေ။ ဒါပေမယ့် သူမမြေးသုံးယောက်ကို လင်းချင်းဟယ်ပြုစုစောင့်ရှောက်ပေးတာကိုကြည့်ပြီး ဘာမှမှတ်ချက်မပေးတော့ပေ။
“ဒါက မင်းတတိယမရီး လောင်အာ့အတွက် ချုပ်ပေးထားတဲ့ ဝတ်စုံပဲ။ တစ်ချက်ကြည့်ကြည့်ဦး။” အမေကျိုးသည် ခြင်းထဲမှ ဘောင်းဘီအဝတ်အစားများ ထုတ်ပေးလိုက်သည်။
တစ်ချက်ကြည့်လိုက်တာနဲ့ လင်းချင်းဟယ်သည် ထိုအဝတ်အစားများက လောင်အာ့အတွက် ကွက်တိကျမယ်မှန်း သိလိုက်သည်။ သူသည် ဒီအဝတ်အစားများကို နောက်လာမည့်ဆောင်းတွင်းမှာတောင် ဝတ်ဆင်နိုင်လိမ့်မည်။ ဒါပေါ့။ သူမသည် နောက်ဆောင်းတွင်းရောက်ရင်လည်း သူမကလေးများကို ဝတ်စုံအသစ် ထပ်ချုပ်ပေးမှာပဲဖြစ်သည်။
ဒါပေမယ့် ဒီဝတ်စုံက ဒီဆောင်းတွင်းအတွက် လုံလောက်ပါတယ်။
“ဒါကို တတိယမရီး ပင်ပင်ပန်းပန်းချုပ်ပေးထားရတာပဲ။ လောင်တအတွက် ချုပ်ပေးပြီးပြီးချင်းမှာပဲ သူမ အနားမယူနိုင်ဘူး။ သူမ ကလေးမွေးပြီးသွားရင် ငါ သားသတ်ရုံကနေ ဝက်လက်ဖြစ်ဖြစ် ဝက်ခြေထောက်ဖြစ်ဖြစ် နှစ်ချောင်းလောက်ဝယ်ပြီး သူမ နို့များများထွက်အောင် မြေပဲနဲ့ရောချက်ကျွေးမယ်။” လင်းချင်းဟယ် ပြောသည်။
အမေကျိုးသည် သူမပြောစကားကိုကြားတော့ “ဝက်လက်တို့ ဝက်ခြေတို့က ဘယ်မှာရဖို့ လွယ်ကူနိုင်လို့လဲ။” လို့ မှတ်ချက်ပြုသည်။
ထုံးစံအတိုင်း လင်းချင်းဟယ်သည် ဒါကို အမေကျိုးလိုချင်နေကြောင်း ပြောနိုင်သည်။ သူမက လောင်စန်းလေးကို သစ်တော်သီးစွပ်ပြုတ် ခွံ့ကျွေးနေရင်း ရှင်းပြသည်။ “ကျွန်မ ဝယ်လို့ရမယ့်လူတစ်ယောက်ကိုသိတယ်။ သူမမှာ အသိမိတ်ဆွေတွေရှိတယ်။ လက်မှတ်မရှိရင်တော့ ပိုစျေးကြီးမယ်။ လက်မှတ်ရှိရင်တော့ ပိုစျေးသက်သာမယ်။”
အစားအသောက်လက်မှတ်များ သီးသန့်ပေးရခြင်းနှင့် ပတ်သက်၍ သူမသိသည့်အရာအားလုံးကို ပြောပြရန် မလိုအပ်ပဲ ဒါကိုရှင်းပြရုံနဲ့တင် လုံလောက်တာကို သူမနားလည်သည်။
အမေကျိုး : “!”
စတုတ္ထလေးရဲ့ဇနီးသည်က အသုံးအစွဲစည်းကမ်းမရှိပဲ လက်ဖွာသည်ကို သူမ သိသော်လည်း သူမက အသားကို အမြဲတမ်းဝယ်ယူရရှိနိုင်သည်။ သူမက သားသတ်ရုံထဲကလူတစ်ယောက်နှင့် သိနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။
“အဲ့အချိန်ကျရင် နင် တကယ်ပဲ ဝက်လက်ဖြစ်ဖြစ် ဝက်ခြေထောက်ဖြစ်ဖြစ် ရနိုင်လား။” အမေကျိုးမေးသည်။
သူတို့အားလုံးသည် ကျိုးမိသားစုဝင်များ ဖြစ်ကြသည်။ သူမသည် လောင်တနှင့် သူ့ညီများကို ပိုချစ်သော်လည်း အခြားကလေးများကိုလည်း ဆိုးဆိုးရွားရွား ဆက်ဆံလေ့မရှိပါ။ အထူးသဖြင့် တတိယချွေးမသည် ဝူနီလေးကိုမွေးပြီး အချိန်အတန်ကြာအောင် ကိုယ်ဝန်မဆောင်နိုင်ခဲ့ချေ။ အကယ်၍ သူတို့သာ တတ်နိုင်ရင် သူတို့ကလေးတွေကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ချင်ကြလိမ့်မယ်။
“သူမ မမွေးမချင်း စောင့်လိုက်ပါဦး။” လင်းချင်းဟယ်က ပြန်ဖြေသည်။
သို့သော်လည်း ဝက်လက်တို့ ဝက်ခြေထောက်တို့သည် ရှားပါးသောအရာ မဟုတ်ပေ။ သူမသာ ဒါကိုလိုချင်လျှင် ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမအသင်းသို့သွား၍ မိန့်ကျဲကိုရှာရန်သာ လိုအပ်ပြီး ပြဿနာလို့ မဆိုနိုင်ပေ။
အမေကျိုး ဒီကိုလာသည့်အကြောင်းက အသုံးအဖြုန်းကြီးသည့်အတွက် စကားတစ်ခွန်း နှစ်ခွန်းလောက် ပြောဆိုမည်ဟု အစပိုင်းတွင် စိတ်ကူးထားခဲ့သော်လည်း ထိုကိစ္စကြောင့် သူမ စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ သူမ ဒီအကြောင်းကို အခုအချိန်မှာ ပြောလို့ မသင့်တော်ဘူး။ သူမ အိမ်သို့မပြန်ခင်မှာ ပြောလိုက်သည်။ “အကယ်၍ နင်တို့အိမ်မှာ စားစရာမရှိတော့ရင် မိသားစုကို အသိပေးနော်။”
လင်းချင်းဟယ်သည် ထိုစကားက သူ့မြေးသုံးယောက်ကို ချစ်ခင်သည့်အတွက်ကြောင့် ထွက်လာသည်ကို သိသော်လည်း ကျေးဇူးတင်မိဆဲပင်။ သူမ ငြင်းဆိုလိုက်သည်။ “မလိုပါဘူး အမေရယ်။ အိမ်မှာ အများကြီးကျန်သေးတယ်။ ဒါပေမယ့် တကယ်စားစရာတွေ ပြတ်လပ်သွားရင် ကျွန်မပြောပါ့မယ်။”
အမေကျိုးသည် ပို၍ကောင်းမွန်စွာ ကြီးပြင်းလာသော သူမမြေးသုံးယောက်ကို ကြည့်ရင်း ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။
သူမသားသုံးယောက်ကို သစ်တော်သီးစွပ်ပြုတ်တိုက်ကျွေးပြီးနောက် သူတို့အတွက် ဆွယ်တာအင်္ကျီထိုးရန် ချည်ရစ်ခိုင်းခဲ့သည်။ လောင်တနှင့် လောင်အာ့တို့က လုံးဝငြင်းဆိုခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ဒီနေ့ အရသာအရမ်းရှိတဲ့ သစ်တော်သီးစွပ်ပြုတ်ကို သောက်ထားရလို့ပါပဲ။
ညနေစောင်းခါနီးတွင် သူတို့အတွက် ချည်ရစ်ခိုင်းထားတာ လုံးဝပြီးသွားခဲ့သည်။ လင်းချင်းဟယ်သည် နှမ်းနံရိုးဆန်ပြုတ်ကို မီးဖိုပေါ်ရှိ ဒယ်ပိုင်းထဲတွင်ထည့်နွေးထားသည်။
ဒီနေ့ဝယ်လာတဲ့နှမ်းက ရေဆေးရတာ အတော်လေး လက်ဝင်သည်။ သူမသည် ဒီနှမ်းကို သန့်ရှင်းအောင် သေသေချာချာဆေးကြောနိုင်သေးသည်။
နှမ်းနံရိုးဆန်ပြုတ်ကို အသီးအရွက်ဆားရည်စိမ်နဲ့ ဝက်ဆားနယ်ခြောက်တို့နှင့်အတူ တည်ခင်းထားသည်။ သူမသည် ဝက်ဆားနယ်ခြောက်ကို အပူပေးဖို့ ပျင်းရိသည့်အတွက်ကြောင့် ဆန်ပြုတ်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။
သို့သော်လည်း ဒါကိုစားလိုက်ရတာနဲ့တင် လောင်တနဲ့ လောင်အာ့တို့သည် နှမ်းနံရိုးဆန်ပြုတ်က အရမ်းအရသာရှိတယ်လို့ ပျော်မြူးစွာ ချီးကျူးပြောဆိုကြသည်။
ထမင်းစားပြီးနောက် လင်းချင်းဟယ်သည် ပန်းကန်ခွက်ယောက်များကို ဆေးကြောသည်။ မိုးကောင်းကင်မှာ အလင်းမပျောက်သေးတာကိုမြင်ရတော့ သူမသည် အဝတ်အစားများကို သိမ်းဆည်းရင်း လောင်တနှင့် လောင်အာ့တို့ကို လောင်စန်းလေးကိုခေါ်၍ အိမ်ပေါက်ဝတွင် ကစားခိုင်းသည်။ သူမကတော့ ဆွယ်တာအင်္ကျီတွေကို ဆက်လက်ချည်ထိုးနေခဲ့သည်။
အခုက ငါးနာရီလောက်ပဲရှိသေးတယ်။ ယခုအချိန်တွင် ရွာရှိလူအများစုက ချက်ပြုတ်နေဆဲဖြစ်သော်လည်း သူမမိသားစုကတော့ စားသောက်ပြီးစီးသွားကြပြီ။
ရွာသူရွာသားတွေက လောင်တတို့ညီအစ်ကိုသုံးယောက် တံခါးနားမှာ ဆော့ကစားနေတာကိုမြင်တော့ ဘန်းမုန့်ဖြူစားမလားလို့ မေးကြသည်။
တကယ်တော့ ဒါက မနာလိုဖြစ်၍ ရွဲ့စောင်းဆိုတာဖြစ်သည်။ ဒါကို ဘယ်လိုမှမလုပ်နိုင်ပါ။ တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားရင်တောင် ရွာသူရွာသားအနေဖြင့် ဂျုံနှင့် ဂျုံမှုန့်တွေကို ဘယ်လောက်များများ ရနိုင်မှာလဲ။
လင်းချင်းဟယ်က ဘာမှလုပ်စရာ မလိုအပ်ဘူး။ သူမက အဖွဲ့ကနေ ဂျုံကျင်းတစ်ရာကို အသက်တစ်ခါရှူချိန်အတွင်းမှာပင် ချက်ချင်းဝယ်ယူလိုက်သည်။ ဂျုံကျင်းတစ်ရာကို ကြိတ်ချေလိုက်လျှင် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ဂျုံးကျင်းရှစ်ဆယ်လောက် ရနိုင်သည်။
ရွာက လူတော်တော်များများ ဘယ်လိုလုပ်ပြီး မငြူစူပဲ နေနိုင်မှာလဲ။
“ဘန်းမုန့်ဖြူမလိုချင်ပါဘူး။ ကျွန်တော် နှမ်းနံရိုးဆန်ပြုတ် စားပြီးပြီ။” လောင်တက သူ့မျက်ခုံးကိုပင့်၍ မေးလာသော အမျိုးသားကို ပြန်ဖြေလိုက်သည်။
ထိုလူသည် အသက်မရှူနိုင် မကယ်နိုင်ဖြစ်သွားပြီး ချက်ချင်း လှည့်ထွက်သွားသည်။
“မင်းတို့အိမ်က ဆန်တွေကို မကြိတ်ရသေးဘူးမလား။” တစ်ယောက်ယောက်က နံရိုးဆန်ပြုတ်ဆိုတဲ့အသံကိုကြားလိုက်ရသဖြင့် ထိုသို့မေးလာသည်။
မနေ့က လင်းချင်းဟယ်သည် ကျိုးတုန်ကိုခေါ်၍ တွန်းလှည်းအပြည့် ဝယ်ယူလာတာကိုတွေ့၍ စပ်စုချင်သောကြောင့် မေးတာဖြစ်လေသည်။ ကျိုးတုန်က ပါးစပ်လုံတဲ့သူတစ်ယောက်ဖြစ်၍ သူတို့ ဘာမှမမေးမြန်းနိုင်ခဲ့ဘူး။ လင်းချင်းဟယ်သည် ဘာတွေဘယ်လောက်ဝယ်ခဲ့လဲဆိုတာကို ဘယ်သူမှ တိတိကျကျ မသိကြပေ။