ကောင်းကင်ဘုံနန်းတော်ထုတ်တန်း
Vol. 38 Ch. 533
အခန်း (၅၃၃) ကောင်းကင်ဘုံနန်းတော်ထုတ်တန်း
ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲတွင် ဆုပ်ကိုင်ထားသော နဂါးကိုးကောင်လက်ချောင်း အပိုင်းအစကိုကြည့်ရင်း ခဏမျှ စဉ်းစားနေသည်။
ခဏအကြာမှာတော့ ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ တစ်ချက်ရယ်လိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ထိုအရာကို သေသေချာချာထိန်းချုပ်နိုင်ပြီး လွတ်မသွားစေရန် သေချာစေလိုက်၏။
ထို့နောက် ရန်ကျောက်ကဲက ဘယ်လက်ဖြင့် ကျောက်သားတုတ်တိုအသွင်ရှိသော ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ကိုင်လျှက် ညာဘက်လက်က ကျောက်စိမ်းဓားကိုကိုင်ကာ အံ့သြဖွယ်ရာနန်းတော်ကြီးဆီသို့ လျှောက်သွားသည်။
နန်းတော်ကြီးတစ်ခုလုံးက ကျောက်သားအတိဖြင့် တည်ဆောက်ထားသည်။
နန်းတော်ကြီးကို တည်ဆောက်ထားသောကျောက်သားများက အနောက်ဘက်တွင်ရှိနေသော ကျောက်တန်းကြီးများ ၊ ကျောက်ဂူအတွင်းမှကျောက်သားများနှင့် ခွဲခြားမရအောင်တူညီသည်။ ကျောက်သားနန်းတော်ကြီးသည် ဤကျောက်ဂူထဲတွင် ပေါက်ဖွားလာသည့်အလား ဖြစ်၏။
နန်းတော်ခန်းမဆောင်အတွင်း ဝင်ရောက်လိုက်သည်နှင့် ရန်ကျောက်ကဲ ဘယ်ဘက်လက်တွင်ကိုင်ထားသော ကောင်းကင်ဘုံနန်းတော်ထောက်တိုင်က ပြင်းထန်စွာ တုန်ခါသွားသည်။
... တစ်စုံတစ်ခုက သူ့ကို ဆွဲခေါ်နေသည့်အလားပင်။
ရန်ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်တော့ ခန်းမဆောင် မျက်နှာကြက်တွင် အလွန်စွဲမက်ဖွယ်ရာ အလင်းရောင်များတောက်ပနေသော ကြီးမားလွန်းသည့် ထုတ်တန်းကြီးတစ်ချောင်းကို တွေ့ရသည်။
ထို ထုတ်တန်းကြီးက နန်းတော်တစ်ခုလုံးတည်ဆောက်ထားသော ကျောက်သားများနှင့် မတူညီလေရာ ဤနေရာတွင် အလိုအလျောက် ဖြစ်တည်လာခြင်း မဟုတ်နိုင်ပေ။ ထို ထုတ်တန်းကြီး ပြုလုပ်ထားသောအရာက ရွှေသားလည်းမဟုတ် ၊ သစ်သားလည်းမဟုတ် ၊ မည်သို့သောအရာဖြစ်မှန်း ခွဲခြားမရနိုင်ပေ။
ထို ထုတ်တန်းကြီးမှ ရောင်စဉ်ခုနစ်သွယ်တောက်ပနေပြီး အလင်းရောင်က ပိုးချည်မျှင်များအလား အောက်ဘက်သို့ စီးဆင်းကျနေသည်။
၎င်း ထုတ်တန်းကြီးကို စူးစိုက်အကဲခတ်ပြီးနောက် ရန်ကျောက်ကဲ ရုတ်တရက် ပြုံးလိုက်၏။
ထုတ်တန်းကြီးမှ ဖြာလင်းနေသော အလင်းရောင်များကြားတွင် တောက်ပသော ဝိညာဉ်သင်္ကေတများရှိနေပြီး ထူးဆန်းစွာ အနုပညာမြောက်သလို အမှန်တရား၏ လေးနက်သောသဘောတရားများလည်း ပါဝင်သည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“လက်စသတ်တော့ ဟိုးအရင် ကောင်းကင်ဘုံနန်းတော်က ကျန်ခဲ့တဲ့ ထုတ်တန်းကြီးပဲ ၊ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်က အဲဒါကို တုံ့ပြန်တာ အံ့သြစရာမရှိတော့ပါဘူး”
ထို ထုတ်တန်းကြီးနှင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်တို့မှ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆွဲငင်နေကြဟန် ပြင်းထန်စွာ တုန်ခါလာသည်။
ရန်ကျောက်ကဲက ထုတ်တန်းကြီးရှိရာ မျက်နှာကျက်ဆီသို့ ခုန်ဝင်လိုက်ပြီး သေသေချာချာ လေ့လာရင်း အခြေအနေကို နားလည်လာသည်။
“ဒီ ထုတ်တန်းကြီးကြောင့် ကျောက်သားနန်းတော်ကြီး ဖြစ်တည်လာတာပဲ”
ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
ကောင်းကင်ဘုံနန်းတော် ထုတ်တန်းကြီးက ဤနေရာသို့ ကျရောက်လာသဖြင့် ထိုအရာမှထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားများက ပတ်ဝန်းကျင်နှင့်ရောယှက်ကာ ကျောက်တုံးနှင့်မြေသားများကို စုစည်းစေပြီး ရိုးရှင်းသော ကျောက်သားနန်းတော်ကြီးတစ်ခု မွေ့ဖွားပေးလိုက်ခြင်းပင်။
ဤနန်းတော်ကြီးက လူသားများ ဆောက်လုပ်ထားခြင်း မဟုတ်သည်မှာ သေချာသည်။
ထုတ်တန်းကြီးကိုကြည့်လိုက် ၊ သူ့လက်ထဲမှ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ကြည့်လိုက်ဖြင့် ရန်ကျောက်ကဲစိတ်ထဲ ပြင်းထန်သည့် ခံစားချက်များ ထွက်ပေါ်လာသည်။
ထိုခဏတွင် အချိန်ရေစီးကြောင်း နောက်ပြန်လှည့်သွားပြီး မဟာကပ်ဘေးကြီးမတိုင်ခင်ကာလသို့ ပြန်ရောက်သွားသည်။
ဤသည်မှာ ရန်ကျောက်ကဲ၏ စိတ်ခံစားချက်များသာဖြစ်ပြီး သူ၏ စိတ်ဝိညာဉ်က အချိန်၏ တိုက်စားမှုအောက်တွင် လွင့်မျောသွားဟန်ပင်။
ရန်ကျောက်ကဲ အသက်တစ်ချက်ရှူထုတ်လျှက် စိတ်ကိုတည်ငြိမ်စေပြီး ရှုတ်ထွေးနေသောအတွေးများမှ ရုန်းထွက်လိုက်သည်။
ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို သေသေချာချာ စစ်ဆေးကြည့်လိုက်တော့ မျက်နှာပြင်ထက်တွင် ပြန့်ကျဲလှည့်ပတ်နေသည့် သိမ်မွေ့သော သင်္ကေတပုံစံများစွာ တွေ့ရသည်။
ဝိညာဉ်အစီအရင်က အလွန်နက်ရှိုင်းပြီး နားလည်ရခက်ခဲသည်။ သို့သော် ခဏမျှလေ့လာလိုက်သည်နှင့် ရန်ကျောက်ကဲကတော့ နားလည်သွား၏။
“ဗလာနယ်ဖြတ်ပြီး ခရီးတိုသွားလာတာတွေမှာ အသုံးပြုတဲ့ အစီအရင်ပဲ”
ထို့နောက် သူ မည်သို့မှမတတ်နိုင်စွာ သက်ပြင်းချလိုက်သည်။
ရှီကျွင်းနှင့်ဆက်သွယ်ထားသော ကျောက်စိမ်းဓား တုံ့ပြန်မှုအားနည်းသွားပြီး အဘယ့်ကြောင့် ထိုကောင်လေးနှင့် ဝေးကွာသွားသလို ခံစားရသည်ကို ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
ရှီကျွင်းသည်လည်း ဤနေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။ ဤ ကောင်းကင်ဘုံနန်းတော်ထုတ်တိုင်ကြီးကို စမ်းစစ်လေ့လာပြီးနောက် ဤနေရာမှ ဝိညာဉ်အစီအရင်ကို အသက်သွင်းမိပြီး အဝေးသို့ ပို့ဆောင်ခံရခြင်း ဖြစ်နိုင်၏။
ရန်ကျောက်ကဲ လက်ချောင်းများကို အသာဆန့်ထုတ်ပြီး ဝိညာဉ်အစီအရင်ကို ထိကိုင်လိုက်သည်။
အလင်းရောင်များထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည့်အခါ ရန်ကျောက်ကဲ ပြုံးလိုက်ပြီး ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ဖြင့် ထုတ်တန်းမျက်နှာပြင်ကို အသာထိလိုက်သည်။
ထောက်တိုင်ရော ထုတ်တန်းပါ ချက်ချင်း တုန်ခါသွားကြသည်။
ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး လက်တစ်ဖက်က နဂါးကိုးကောင်လက်ချောင်းအပိုင်းအစကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ကောင်းကင်ဘုံနန်းတော် ထုတ်တန်းကို ထိကိုင်လိုက်၏။
ကျယ်လောင်သောအသံနက်ကြီးနှင့်အတူ တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်သွားပြီး ကောင်းကင်ဘုံနန်းတော်ထုတ်တန်းသည် ကျောက်နန်းတော်မှ ခွဲထွက်ကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲ ကျရောက်သွားသည်။
ဗလာနယ်ဖြတ်သန်းဝိညာဉ်အစီအရင်မှာ သူ၏ အခြေခံအုတ်မြစ်ဖြစ်သော ထုတ်တန်းကြီးကို ဆုံးရှုံးလိုက်ရသဖြင့် ချက်ချင်း မတည်မငြိမ် ဖြစ်လာသည်။ ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ ကျောက်ဂူအတွင်းမှ ထွက်ခွာရန်အတွက် ဤအခွင့်အရေးကို အသုံးချပြီး ဝိညာဉ်အစီအရင်၏ နောက်ဆုံးစွမ်းအားကို အသက်ဝင်စေလိုက်သည်။
ဗလာနယ်ကျော်ဖြတ်ခြင်းအစီအရင် အသက်ဝင်လာချိန် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးအကြား များပြားလှစွာသော ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး ရောင်ခြည်တန်းကြီးများ ထွက်ပေါ်လာ၏။
ရန်ကျောက်ကဲ၏ စိတ်အာရုံထဲ အလင်းရောင်များ လင်းလက်သွားသည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ရရှိခဲ့စဉ်ကလိုပင် များပြားလှစွာသော မြင်ကွင်းပုံရိပ်များ သူ့စိတ်အာရုံတွင် ထင်ဟပ်လာသည်။
ကောင်းကင်ဘုံနန်းတော် ပျက်ဆီးပြီးနောက် အကြွင်းအကျန်အစိတ်အပိုင်းများ ကောင်းကင်ကိုးထပ်အထက်မှ ပြိုကျလာသည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် ဤကောင်းကင်ဘုံနန်းတော် ထုတ်တန်းကြီးက ဤနေရာသို့ ကျရောက်လာ၏။
သမုဒ္ဒရာကမ္ဘာ ၊ ကြယ်စင်လှည့်ပြောင်းပင်လယ်ရေအောက်သို့ ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီး ကျရောက်လာပြီးနောက် ထိုအရာမှ ဝိညာဉ်စွမ်းအားများက ပတ်ဝန်းကျင်ရှိ ကျောက်တောင်တန်းများနှင့် မြေပြင်ကို ပြောင်းလဲသွားစေလျှက် ကျောက်သားနန်းတော်ကြီး ဖြစ်တည်လာသည်။
ဤဖြစ်စဉ်တစ်ခုလုံးက အလွန်ရှည်လျားပြီး နှေးကွေးကာ ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲလာခြင်းပင်။
အစပိုင်းတွင် ကျောက်နန်းတော်ကြီးက ယခုထက်ပင် ပိုမိုလက်ရာကြမ်းတမ်းပြီး ရိုးရှင်းသည်။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုမိုချောမွေ့ကောင်းမွန်ကာ လှပသေသပ်လာသည်။
ဤနေရာမှ ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို ဖယ်ထုတ်လိုက်ခြင်းမရှိပါက နောက်ထပ် ဆယ်စုနှစ် ၊ ရာစုနှစ်များကြာမြင့်ခဲ့လျှင် ကျောက်သားနန်းတော်ကြီးသည် အလွန်တရာလှပပြီး လက်ရာမြောက်သော နန်းတော်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ရန်ကျောက်ကဲ ယုံကြည်သည်။
ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးတွင် မှတ်တမ်းတင်ထားသော များပြားလှစွာသော မြင်ကွင်းများက ရန်ကျောက်ကဲ စိတ်အာရုံဝယ် ထင်ဟပ်လာသည်။
ထိုမြင်ကွင်းများထဲတွင် ရေအောက်ကျောက်ဂူအတွင်း ရောက်ရှိလာသူတစ်ယောက်ကို ထူးဆန်းအံ့အားသင့်ဖွယ် တွေ့ရ၏။
ထိုသူက ထူးကဲယင်သရဖူကိုဆောင်းထားသည့် မိန်းမပျိုမဟုတ်ပေ။ အနက်ရောင်ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်ဖြစ်၏။
အသားအရေက ဖြူဖျော့ပြီး မျက်နှာအမူအရာက အေးစက်ခက်ထန်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကတော့ ထူးကဲယင်သရဖူဆောင်းထားသည့် မိန်းမပျိုလောက် မြင့်မားခြင်း မရှိပေ။ သိုင်းသူတော်စင်အဆင့် မရောက်သေးဘဲ အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် ၊ သို့မဟုတ် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် ဖြစ်နိုင်သည်။
ကောင်းကင်ဘုံနန်းတော် ထုတ်တန်းကြီးကို တွေ့မြင်လိုက်တော့ အစပိုင်းတွင် လူရွယ်က အံ့အားသင့်သွားပြီး နောက်တော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
သူက ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို ရယူရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
အနက်ရောင်ဝတ်လူရွယ်က သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားရင်း ရေရွတ်လိုက်သည်။
“မမှားနိုင်ဘူး... မမှားနိုင်ဘူး ၊ ဒါက မဟာကပ်ဘေးမတိုင်ခင်က ရတနာပစ္စည်းပဲ ၊ တကယ့်ကို ထူးခြားတယ် ၊ ဒဏ္ဍာရီထဲက ကောင်းကင်ဘုံနန်းတော်နဲ့ ပတ်သက်နေပုံရတယ်”
“ကြည့်ရတာ ကောင်းကင်ဘုံနန်းတော်ရဲ့ အစိတ်အပိုင်းတစ်ခုခုများ ဖြစ်နေမလားဘဲ ၊ နှမျောစရာကောင်းတာက ဒီနေရာက ဘယ်လိုဖယ်ထုတ်ရမလဲ မသိဘူး”
အနက်ရောင်ဝတ်လူရွယ်က ဤနေရာတွင် ရက်ပေါင်းများစွာနေထိုင်ပြီး အကြံထုတ်နေသော်လည်း အဆုးသတ်တွင် ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို ဖယ်ရှားနိုင်ခြင်းမရှိသဖြင့် မည်သို့မှမတတ်နိုင်စွာ လက်လျှော့လိုက်သည်။
သို့သော် သူက စိတ်ဓာတ်ကျဟန် မရှိပေ။
“ကိစ္စမရှိဘူး ၊ ပင်လယ်ထဲကိုဝင်လာတဲ့ နဂါးတွေရဲ့သင်္ချိုင်းကို အရင်ရှာရမယ် ၊ အဲဒီက ရတနာပစ္စည်းတွေရလို့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် မြှင့်တင်နိုင်မှ ဒီကိုပြန်လာပြီး ဒီပစ္စည်းကို ယူသွားမယ်”
“ဟားဟား... သမုဒ္ဒရာကမ္ဘာတစ်ခုလုံးက ရတနာပစ္စည်းတွေနဲ့ ပြည့်နေတာပဲ ၊ ဒီတစ်ခေါက် ဒီကမ္ဘာကိုဆင်းလာတာ အလကားမဖြစ်တော့ဘူးပေါ့”
ရယ်မောသံများနှင့်အတူ အနက်ရောင်ဝတ်လူရွယ် လှည့်ထွက်သွားပြီး ကျောက်ဂူအတွင်းမျ ထွက်ခွာပျောက်ကွယ်သွားသည်။ သူနှင့်ဆက်စပ်သည့်မြင်ကွင်းသည်လည်း အဆုံးသတ်သွားသည်။
သို့သော် သူ ထွက်ခွာသွားပြီးနောက် ဤနေရာတွင် နောက်တစ်ကြိမ် ပြန်ပေါ်မလာတော့ပေ။
ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေရင်း ရန်ကျောက်ကဲအတွေးများက လျှပ်ပြက်သလို လင်းလက်သွားပြီး မရေမတွက်နိုင်သော အတွေးများစွာ သူ့စိတ်အာရုံထဲ ဖြတ်ပြေးသွားသည်။