← Chapters

အင်မော်တယ်၊ နတ်ဘုရား၊ မိစ္ဆာ၊ နတ်ဆိုး၊ တစ္ဆေ

Vol. 101 Ch. 1404

အင်မော်တယ်၊ နတ်ဘုရား၊ မိစ္ဆာ၊ နတ်ဆိုး၊ တစ္ဆေ

Vol. 101 Ch. 1404

လိပ်ပြာကြီးသည် အာကာပြင်ကျယ်ထဲတွင် တရိပ်ရိပ် ပျံသန်းလျက်ရှိ၏။ ၎င်း၏ကျောပေါ်တွင် မန်ဟိုမှာ ပါးစပ်မှ သွေးများစီးကျလျက် ရပ်နေလေသည်။ စောစောက တိုက်ပွဲတုန်းက သူ၏အသွင်အပြင်သည် ရှိန်စရာကောင်းခဲ့သော်လည်း အမှန်မှာ ရွှေတုန်းလျှို၏အမွေကို စုပ်ယူနေဆဲခုလတ်တွင် နှောင့်ယှက်ခံလိုက်ရသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံ မငြိမ်မသက်ဖြစ်သွားခဲ့သည်။

သူ့မှာ လိပ်ပြာအတွင်းရှိ ကမ္ဘာထဲ မဝင်ရောက်နိုင်သေးပေ။ ဘာကြောင့်မှန်းမသိသော်လည်း သူ တောင်ပံများထဲ ဝင်ဖို့ ကြိုးစားလိုက်တိုင်း လိပ်ပြာသည် ပြိုကွဲတော့မည့်အလား တုန်ခါလာတတ်၏။

လိပ်ပြာ၏တောင်ပံများဖြစ်သော မန်ဟို့မိဘနှစ်ပါးက ခိတိဂဗ္ဗတို့နှင့်အတူ ထိုကိစ္စကို ဝိုင်းအဖြေရှာကြရာ .... မန်ဟိုသည် ရွှေတုန်းလျှို၏အမွေကို အပြည့်အဝမစုပ်ယူရသေးသောကြောင့် သူ့အရှိန်အဝါက လိပ်ပြာနှင့် သဟဇာတမဖြစ်သေးကြောင်း သုံးသပ်မိလိုက်ကြသည်။ ရာနှုန်းပြည့်စုပ်ယူပြီး၍ သူ၏အရှိန်အဝါအမျိုးမျိုး လိုက်လျောညီထွေဖြစ်သွားလျှင်တော့ ... ဝင်ရောက်နိုင်မည့် နည်းတစ်နည်း ရှိသင့်သည်။

ထိုကိစ္စက သိပ်စိုးရိမ်စရာမဟုတ်သလို၊ လိပ်ပြာအပေါ် မန်ဟို၏ကာကွယ်နိုင်စွမ်းကိုလည်း သက်ရောက်မှုမရှိပေ။ ထို့ကြောင့် မန်ဟိုသည် လိပ်ပြာ၏ကျောပေါ်တွင် ထိုင်လျက် အာကာပြင်စကြဝဠာကြီးကို ငေးကြည့်နေပြီး ရံဖန်ရံခါ လွမ်းဆွတ်တမ်းတနေသောအမူအရာက သူ့မျက်နှာထက်တွင် ပေါ်လာတတ်၏။

တောင်ပင်လယ်လောကအကြောင်း၊ ရွှေတုန်းလျှို၏အကြောင်းနှင့် သူ မှတ်မိသောမျက်နှာများအကြောင်း သူ တွေးနေမိသည်။ နှလုံးသားထဲက နာကျင်မှုမှာ အလွန်ပြင်းထန်လွန်း၍ ချုပ်တည်းဖိနှိပ်ထားဖို့ ခက်ခဲလေသည်။ သူ့မိဘနှစ်ပါး အမှန်တကယ် ကွယ်လွန်မသွားခဲ့သလို၊ သူ၏မျိုးနွယ်ဝင်များတချို့ အသက်ရှင်ကျန်ခဲ့သေးသည်။ တောင်ပင်လယ်လောက ရေရှည်တည်မြဲနိုင်မည့် မျှော်လင့်ချက်ပင် ရှိသည်။ သို့သော် ... အတိတ်ကို ပြန်တွေးမိလျှင် လက်ရှိပစ္စုပ္ပန်က အိပ်မက်တစ်ခုသာ ဖြစ်ပါစေကြောင်း သူ မျှော်လင့်မိသေး၏။

ခါးသီးသောအတွေ့အကြုံများက သူ့ကို သက်ပြင်းမောချစေသည်။

ဘာကြောင့် ယခုလိုဖြစ်လာခဲ့သလဲ သူ နားမလည်ပေ။ သို့သော် အရေးမကြီး။ သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ ပင်လယ်အိပ်မက် အသက်နှင့်လဲပြီး ရှာပေးခဲ့သော နေရာသို့ ပျံသန်းနေစဉ် လိပ်ပြာအား အစွမ်းကုန်ကာကွယ်ပေးရန်ပင်။

“အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်က အဲဒီမှာရှိတယ်....” အဝေးကို လှမ်းကြည့်လိုက်သည့်အခါ တာအိုအချိန်တစ်ခု လည်နေသော အဖြူအမည်းဝဲကြီးတစ်ဝဲကို သူ မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။

လိပ်ပြာကြီး၏ကမ္ဘာထဲတွင် လက်ကျန်တောင်ပင်လယ်လောကသားများသည် အိမ်အသစ်ကို တိတ်ဆိတ်စွာ ဖန်တီးနေကြ၏။ တောင်ပင်လယ်တစ်လောကလုံးမှ ကျင့်ကြံသူရာဂဏန်းမျှသာ ကျန်ခဲ့လေသည်။

ထိုကျင့်ကြံသူများသည် သွေးချောင်းစီးစစ်ပွဲကြီးတစ်ပွဲကို ဆင်နွှဲတိုက်ခိုက်ခဲ့ရပြီး သူတို့၏လူမျိုးစု ပျက်ပြားသွားသည်ကို ကြည့်ခဲ့ရကာ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ပင်ပန်းခြင်းကို အလူးအလဲ ခံခဲ့ကြရ၏။ သို့ထိတိုင် သူတို့ကား အာရုံမလွင့်ပျံ့ကြပေ။ သူတို့၏စိတ်ဓာတ်အားမာန်သည် နည်းနည်းလေးမှ လျော့ကျမသွားခဲ့၍ ဤအတိုင်းဆက်သွားလျှင် ထိုစိတ်ဓာတ်အားမာန်သည် နောင်လာနောက်သားများအထိ အမြစ်တွယ်သွားလိမ့်မည်။

မန်ဟို လိပ်ပြာပေါ်တွင် ထိုင်နေစဉ် ရှုချင်သည် သူ့ကို အဖော်ပြုပေးရန် ထွက်လာ၏။ ဝမ်ယိုချိုင်၊ ဖက်တီးနှင့် အခြားသူများလည်း ထွက်လာကြသည်။ ချန်ဖန်းတော့ ပေါ်မလာပေ။ လိပ်ပြာ၏ကမ္ဘာထဲ အပို့ခံလိုက်ရသော အုပ်စုထဲတွင် ချန်ဖန်း ပါခဲ့ကြောင်း မန်ဟို ရှင်းရှင်းလင်းလင်း မှတ်မိသော်လည်း သူ့အား မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။

ထိုကိစ္စကို စဉ်းစားပြီးနောက် ငရဲဘုံ ၃၃ ဘုံမှ ချန်ဖန်းထွက်လာသည်ကို ရိပ်ခနဲ မြင်လိုက်ရတုန်းက သူ့မျက်ဝန်းများတွင် တွေဝေမှုတို့ ရှိနေခဲ့ကြောင်း သူ မှတ်မိလိုက်သည်။ ကြည့်ရသရွေ့ ချန်ဖန်းသည် သူ့အတွက် ထူးခြားသော ကံကြမ္မာကောင်းတစ်ခုကို ငရဲဘုံ ၃၃ ဘုံအတွင်း၌ ကြုံတွေ့ခဲ့သယောင်ပင်။

ယခင်အတိုင်းသာဆိုလျှင် မန်ဟို့အနေဖြင့် ထိုကိစ္စကို စုံစမ်းကောင်း စုံစမ်းခဲ့လိမ့်မည်။ သို့သော် ယခုတွင် တောင်ပင်လယ်လောကသားများမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြသည်သာမက၊ မန်ဟိုကိုယ်တိုင်လည်း ထိုအကြောင်းတွေးနေဖို့ အားမရှိပေ။

မှီခိုရာဂိုဏ်းချုပ်သည် ဆေးလုံးမိစ္ဆာနှင့် ခဲကျုံစစ်နှင့်အတူ လိပ်ပြာကမ္ဘာထဲတွင် ရှိနေ၏။

အချိန်တွေ ကုန်လွန်သွားသည်။ လောကသားများ အိမ်အသစ်ကို တည်ဆောက်နေကြစဉ် မန်ဟိုက လိပ်ပြာ၏ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် တရားလည်းမထိုင်၊ ကျင့်ကြံအားထုတ်ခြင်းလည်း မပြုပေ။ ထိုအစား သူ၏နတ်ဘုရားအာရုံကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်၍ အမြဲသတိကပ်ထားသည်။

အန္တရာယ်က အဝေး၌ ရှိနေသေးသည်။

အင်အားကြီးစွမ်းအင်နှစ်ခုကလည်း လိပ်ပြာကို ထောက်လှမ်းနေကြောင်း သူ ခံစားနေရ၏။ စွမ်းအင်တစ်ခုက လျှို့ဝှက်ဆန်းကြယ်ပြီး အရှေ့တွင် ရှိသည်။ ၎င်းကား သူတို့ယခုထက်ထိ မဆုံတွေ့ရသေးသော နတ်ဆိုးလောကဖြစ်ကြောင်း ယုံမှားဖွယ်မရှိပေ။ သူတို့အနောက်တွင်တော့ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အသတ်အဖြတ်စိတ်ဆန္ဒ ရှိနေသည်။

သို့သော် မြေထုကြီးနှစ်ခုမှာ လိပ်ပြာ၏တည်နေရာကို တိတိကျကျ မထောက်လှမ်းနိုင်ပေ။ မန်ဟို့မိစ္ဆာချီက အရာအားလုံးကို ပုံပျက်ရှုံ့တွစေရာ သူတို့အတွက် ထောက်လှမ်းဖို့ ခက်ခဲနေစေ၏။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် တခဏလေးအတွင်း နေရာရွှေ့ပြောင်းလာလိမ့်မည်။

မန်ဟို ထိုအတိုင်း တိတ်ဆိတ်စွာ ထိုင်နေစဉ် လိပ်ပြာသည် တောင်ပင်လယ်လောကအတွက် မျှော်လင့်ချက်တည်ရှိရာ ဝဲနှင့် နီးသထက်နီးလာ၏။ ခရီးတစ်လျှောက်လုံး မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာကို ပထမဆုံးအကြိမ် ကြည့်ရှုလေ့လာရင်း ထူးခြားဆန်းကြယ်သောအရာများစွာကို မြင်တွေ့နေရ၏။

တစ်နေရာတွင် ပြိုကွဲနေသော ရုပ်တုများကဲ့သို့ အစုအဝေးတစ်စု ပျံသန်းနေသည်ကို သူ မြင်လိုက်ရသည်။ ၎င်းတို့၏မျက်နှာများကိုတော့ သဲသဲကွဲကွဲ မမြင်ရပေ။

စစချင်းကြည့်လျှင် ယင်းအစုအဝေးသည် ရုပ်တုများနှင့်တူ၏။ အနီးကပ်ကြည့်လိုက်မှ ... ထူးဆန်းသော သက်ရှိတစ်မျိုးဖြစ်ကြောင်း ထင်ရှားလာသည်။

ကံကောင်းထောက်မစွာနှင့် ၎င်းတို့၏ပုံစံမှာ အန္တရာယ်များပုံမရသည့်အပြင် မန်ဟိုနှင့်လိပ်ပြာကို လှည့်ပင်မကြည့်ဘဲ အဝေးပျံသန်းသွားကြသည်။

နောက်တစ်ကြိမ်တွင် လုံးလုံးလျားလျား အံ့အားသင့်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို အာရုံရလိုက်သဖြင့် မန်ဟို့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူ မော့ကြည့်လိုက်သောအခါ အာကာပြင်ကျယ်စကြဝဠာ၏အထဲ သိပ်မလှမ်းမကမ်းတွင် လူးလွန့်နေသောအခိုးအငွေ့အစုတစ်စု ပေါ်လာခဲ့၏။ ၎င်းက အအေးလှိုင်းများကို ထုတ်လွှတ်လျက် လိပ်ပြာနောက် စလိုက်လာလေသည်။

အချိန်အနည်းငယ်ကြာသော် ထိုအခိုးအငွေ့များအတွင်း၌ မီးခိုးရောင်မျက်လုံးများ ပေါ်လာသည်။ မန်ဟို၏အနီရောင်မျက်လုံးများ ၎င်းတို့ကို စိုက်ကြည့်နေသည်ကို သတိထားမိသောအခါ ထိုအခိုးအငွေ့များသည် ဆုတ်ခွာ၍ ပျောက်ကွယ်သွားကြ၏။

မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ထိုအခိုးအငွေ့များထဲတွင် မ‌ရေမတွက်နိုင်သော သက်ရှိများစွာ ပါနေသည့်အလား သူ ထူးဆန်းစွာ ခံစားနေရ၏။ သူ့ကိုယ်ထဲရှိ အနှစ်သာရ ၉ ခုဖိအားကြောင့်သာမဟုတ်လျှင် ထိုအခိုးအငွေ့များသည် လိပ်ပြာကို ခုန်အုပ်စားသောက်ဖို့ အခွင့်ကောင်းကို စောင့်ရင်း နောက်မှဆက်လိုက်ခဲ့လိမ့်မည်။

ထိုအရာများက မန်ဟို ခရီးနှင်နေစဉ် အာကာပြင်ကျယ်ထဲ၌ မြင်ခဲ့ရသော ဆန်းကြယ်ဖြစ်တည်မှုတချို့သာ ရှိသေးသည်။ ဝံပုလွေတစ်အုပ်ကိုလည်း သူ မြင်ခဲ့သေးသည် .... ထိုဝံပုလွေများသည် အာကာပြင်ကျယ်အတွင်း၌ ကျက်စားနေသည်မှအပ သေမျိုးကမ္ဘာမှ ဝံပုလွေများအတိုင်း ဝံပုလွေအစစ်နှင့် တူကြ၏။ ၎င်းတို့အတွက် အာကာပြင်ကျယ်မှာ နေထိုင်ကျက်စားရာ တောအုပ်တစ်အုပ်အလားပင်။

ပုပ်သိုးနေသော ဘီလူးကြီးတစ်ကောင်၏ အလောင်းကိုလည်း သူ မြင်ရသည်။ ထိုအလောင်းကို မရေမတွက်နိုင်သောခေါင်းအပြတ်များက အုံလိုက်ကိုက်စားနေကြသည်။

ထိုခေါင်းများအကြားတွင် ယောက်ျားမိန်းမ၊ လူကြီးလူငယ်စုံလင်စွာ ပါရှိပြီး အားလုံးက အလောင်းကို တအိအိ ကိုက်စားနေကြလေသည်။

ဤဘီလူးကြီးသည် သုံးမျက်ရှင်နတ်ဘုရား သို့မဟုတ် အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ နတ်ဘုရားမျိုးနွယ်စုနှင့် မတူပေ။ ၎င်းတွင် ခေါင်းနှစ်လုံးနှင့် အမြီးအရှည်ကြီး ရှိ၏။

မန်ဟိုတို့ ထိုအလောင်းအနားရောက်သွားသည့်အခါ ခေါင်းပြတ်များက စားနေသည်ကို ရပ်၍ အေးစက်သောမျက်လုံးများဖြင့် လိပ်ပြာကို ဖြေးညင်းစွာ လှမ်းကြည့်ကြသည်။ သို့သော် သူတို့သည် မန်ဟို့ကို မြင်လျှင်ချင်း ဘီလူးအလောင်းကြီးကိုသာ သုတ်သီးသုတ်ပျာ ပြန်လှည့်စားကြ၏။

ထိုအရာများမှာ အတော်လေး ကြောက်စရာကောင်းသော်လည်း မန်ဟို နားကိုနားမလည်နိုင်သော အခြားဖြစ်တည်မှုများလည်း ရှိသေးသည်။ တစ်နေရာတွင် အာကာပြင်ကျယ်စကြဝဠာထဲ၌ လွင့်မျောနေသော ကျောက်သားနန်းဆောင်တစ်ဆောင်ကို သူ မြင်လိုက်ရ၏။ ၎င်းအနားမှ ဖြတ်သွားသည့်အခါ နန်းဆောင်ကို ဖွဲ့စည်းထားသော ကျောက်သားများအပေါ်၌ မျက်လုံးများ ပွင့်လာသည်။ ၎င်းတို့က မန်ဟို့ကို စပ်စုစွာ ကြည့်နေကြပြီး တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အော်ဟစ်သံများကို ကြားရနိုင်သည်။

“ဟာ မဖိနဲ့ကွာ။ နာလိုက်တာ အောင်မ‌လေး”

“ပိတ်ထားစမ်း။ ငါလည်း အမြဲ မင်းအပေါ်မှာ နေချင်လွန်းလို့ နေနေတာ မဟုတ်ဘူးကွ။ ဒီလိုဖြစ်နေတာကို ငါလည်း ဘယ်တတ်နိုင်မှာတုန်း။ ငါ့အပေါ်က တစ်ယောက်လည်း ငါ့ကို ဖိနေတာပဲဟ”

“အားးးးးးး ‌ကျောက်တုံးအဖြစ် ပြောင်းလဲခံလိုက်တယ်လို့ ငါ့အဖြစ်ကလဲ ထူးဆန်းလိုက်တာ”

နန်းဆောင် အဝေးသို့ လွင့်မျောနေစဉ် အသံများ၏ငြင်းခုန်သံများ ဆူညံနေလေသည်။

နောက်ဆုံးတော့ လိပ်ပြာသည် ဝဲအနား ရောက်လာ၏။ နောက်ဆုံးပန်းတိုင်သို့ ရောက်လာခဲ့ပြီဟု ဆိုနိုင်လေသည်။ ထိုအချိန်တွင် လူတစ်ယောက် ဖျတ်ခနဲ ပေါ်လာသည်။

ဤသည်မှာ အာကာပြင်ကျယ်စကြဝဠာထဲတွင် လူတစ်ယောက် ပထမဆုံးအကြိမ် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုလူသည် မြက်မိုးကာထည်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်ပြီး အာကာပြင်ကျယ်ထဲ မျောနေသော ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်နေ၏။ ထိုကျောက်တုံးက မျက်လုံးများကို ပိုင်ဆိုင်ထားပြီး ဒေါသတကြီး ဟိန်းဟောက်နေလေသည်။

“‌ဟဲ့ အိုနားကျိုးကန်းအဘိုးကြီး။ ငါ့ပေါ်က ဖယ်စမ်း။ နင် ငါ့အပေါ်မှာ ထိုင်ခွင့်မရှိဘူးနော် ဒီလုပ်ရပ်က ငါ့ကို သိက္ခာကျပြီး အရှက်ကွဲစေတာ နင်သိလား။ ငါ ငါ ငါ ... ယောက်ျားတောင်မရသေးဘူး။ နင် ငါ့ကို သက်သက်မဲ့စိန်ခေါ်နေတာပဲ။ လာ နင့်နဲ့ငါ မသေမချင်း တိုက်ခိုက်ကြစို့”

ကျောက်တုံး စူးစူးဝါးဝါး အော်နေစဉ် အဘိုးအိုက အေးစက်စက်နှာမှုတ်၍ သူ၏ ငါးမျှာတံဖြင့် အာကာပြင်ကျယ်ထဲ၌ ဆက်မျှားနေလေသည်။

လိပ်ပြာ သူ့ဘေးမှ ဖြတ်သွားသည့်အခါ မန်ဟိုသည် ဤဖြစ်တည်မှုက အခြားဖြစ်တည်မှုများလို သူတို့ကို ကြည့်ရုံသာ ကြည့်၍ လျစ်လျူရှုလိမ့်မည်ဟု ယူဆထား၏။ သို့သော် ထိုအခိုက်အတန့်တွင် လိပ်ပြာကြီးမှာ သိမ့်ခနဲ တုန်သွားပြီး လမ်းကြောင်းပြောင်းလျက် ... အဘိုးအို၏ငါးမျှားချိတ်ထံ ရွေ့လျားသွားလေသည်။

မန်ဟို့မျက်လုံးများ လင်းခနဲ လက်သွားပြီး သူက ငေါက်ခနဲ ထရပ်သည်။ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့်အခါမှာပင် သူ့မိဘများ၏အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရ၏။

“ဟိုအာ အဖေတို့ လိပ်ပြာကို ထိန်းလို့မရတော့ဘူး”

မန်ဟို့မျက်လုံးများက ပိုမိုနီရဲလာပြီး အဘိုးအို လှမ်းကြည့်လိုက်သည့်အခါ သူ၏မိစ္ဆာချီသည် အလိပ်လိပ်ထလာ၏။

အဘိုးအိုက မန်ဟို့ကို မော့ကြည့်ကာ ပြုံးပြသည်။ အပြုံးသည် ထူးဆန်းပြီး ၎င်းဖြစ်ထွန်းလာလျှင်ချင်း အဘိုးအို၏နဖူးက ကွဲထွက်သွား၍ အနက်ရောင်ချိုတစ်ချို ထွက်လာသည်။ သူ့ခန္ဓာကိုယ်သည် ဆက်လက်ကွဲထွက်လာပြီး မကြာခင် သူ့တစ်ကိုယ်လုံး အကွဲကြောင်းများ ဖုံးလွှမ်းသွား၏။ ထို့နောက် သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားကာ ... ချိုတစ်ချိုနှင့် အစိမ်းရောင်ပုဂ္ဂိုလ်တစ်ဦးကို ဖော်ပြလိုက်သည်။

ထိုပုဂ္ဂိုလ်၏အရှိန်အဝါက ပရမ်းပတာအုံကြွနေပြီး မန်ဟို့ကို ကြည့်ရင်း သူသည် တဟားဟား ထရယ်၏။

“အာကာပြင်ကျယ် ဖရိုဖရဲဖြစ်သွားရင် မိုးနှင့်မြေဟာ လက်တစ်ကမ်းအလိုမှာ ပြန်ဖြစ်သွားလိမ့်မယ်

“စကြဝဠာ ပျက်ပြားသွားရင် မဟာတာအို ပြန်ပေါ်လာလိမ့်မယ်

“ကောင်းကင်တွေကို ချုပ်နှောင်ဖို့ ... ဘယ်သူက နတ်ဘုရားနဲ့နတ်ဆိုးအထက်မှာ ရှိလိမ့်မလဲ

“အဲဒါက အခုလိုအဖြစ်အပျက်တွေကို ဖြစ်ပျက်စေခဲ့တာ.... အဲဒါကြောင့် အဲဒီလိုဖြစ်နေတာပဲ....” အစိမ်းရောင်ဖြစ်တည်မှုက တဟားဟား ရယ်ပြီးနောက် လိပ်ပြာကို လက်ညှိုးထိုးလိုက်သည်။

“ကောင်းပြီ အချိန်ကျလာပြီဆိုတော့ ငါလည်း မင်းကို ကူညီပေးရတာပေါ့” သူသည် တဟားဟား ရယ်ရင်း လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ လိပ်ပြာမှာ တုန်ရီလာ၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ၎င်း၏တောင်ပံများမှ လှိုင်းဂယက်များက ကြယ်တာရာကောင်းကင်ထဲသို့ ဖြာထွက်လာပြီး အချိန်ပြောင်းလဲမှော်အစွမ်းတစ်ခု ပေါ်လာသည်။ လိပ်ပြာ၏ တုန်ခါမှုက ကြယ်တာရာကောင်းကင်ကို ပြိုကွဲတော့မည့်ပုံ‌ပေါ်လာသည်အထိ ဖိတွန်းနေပုံရပြီး အချုပ်အနှောင်အားလုံးမှ ရုန်းထွက်နိုင်မည့် ဖိအားကို ထုတ်လွှတ်တော့မည့်အလား ထင်ရသည်။.

အစိမ်းရောင်ဖြစ်တည်မှု၏ ပတ်ပတ်လည်တွင် အချိန်ပြောင်းလဲမှော်အစွမ်းတစ်ခု ပေါ်လာပြီး မန်ဟို ထိုပုဂ္ဂိုလ်ကို ကြည့်လိုက်သည့်အခိုက်အတန့်တွင် သူ့ပတ်ပတ်လည်ရှိ အချိန်စီးကြောင်းမှာ ပြောင်းလဲခံလိုက်ရသလို ခံစားလိုက်ရ၏။

ထိုပုဂ္ဂိုလ်မှာ ဤအချိန်အပိုင်းအခြားမှမဟုတ်ဘဲ ..... ဤနေရာတွင် ပေါ်လာဖို့ ထူးဆန်းသော အချိန်အငွေ့အသက်များကို အသုံးပြုခဲ့ပုံရသည်။

ထိုပုဂ္ဂိုလ် ပိုပို၍ဝေဝါးလာစဉ် မန်ဟိုက ရုတ်တရက် မေးလိုက်သည်။ “ခင်ဗျားက ဘယ်သူလဲ”

“မင်း ငါ့ကို မသိဘူး။ ဘယ်‌တော့မှလည်း မသိလောက်ဘူး”

ရယ်သံက ဆက်လက်ဟိန်းထွက်နေသော်လည်း အစိမ်းရောင်ဖြစ်တည်မှုမှာ အစအနမကျန် ပျောက်သွားခဲ့လေပြီ.... စိတ်သက်သာရသွားသံပေါက်သော သူ့အသံသာလျှင် အာကာပြင်ကျယ်စကြဝဠာအတွင်း၌ ပဲ့တင်ထပ်လျက် ကျန်ခဲ့သည်။

“ပုလဲဖြူကို ဘယ်သူဖန်ဆင်းခဲ့တာလဲ

“ပုလဲနက်ကို ဘယ်သူဖန်ဆင်းခဲ့တာလဲ

“မဟာလောကကြီးလေးခုကို ဘယ်သူဖန်တီးခဲ့တာလဲ ... ကြယ်တာရာကောင်းကင်ကို အာကာပြင်ကျယ်အဖြစ် ဘယ်သူပြောင်းလဲခဲ့တာလဲ

“ပြီးတော့ အဲဒီကြေးမုံကို ... ဘယ်သူဖန်ဆင်းခဲ့တာလဲ။ ဘယ်သူက တစ္ဆေဖြစ်လာဖို့ အင်မော်တယ်အဖြစ်ကို လက်လျှော့ခဲ့တာလဲ”

“သူက အစ၊ မင်းက အဆုံး။ ဒါကြောင့် ဒီလိုဖြစ်နေတာပဲ.... အင်မော်တယ်၊ နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာ ၊ တစ္ဆေ....။ အခုတော့ ငါ နားလည်သွားပြီ...”

All Chapters