← Chapters

တန်ပြန်တိုက်ကွက်

Vol. 1-8 Ch. 13

တန်ပြန်တိုက်ကွက်

Vol. 1-8 Ch. 13

မီးခိုးရောင် ဖျင်ကြမ်းအင်္ကျီ ဝတ်ဆင်ထားကာ ဝါးခမောက်ဆောင်းထားသည့် လူတစ်ယောက်၏ ပုံရိပ်ပေါ်လာ၏။ ထိုလူသည် အလျင်အမြန် ‌သွားလာနေသည်ဖြစ်ရာ သူ့အရိပ်က တွန့်ကောက်နေသယောင် ထင်ရပြီး သူ၏ပတ်လည်တွင် အညိုဖျော့ဖျော့ အလွှာတစ်လွှာ ပေါ်လာလေသည်။

မျက်လုံးကြီး ခေါင်းသုံးလုံးပင့်ကူ၏ ပင့်ကူမျှင်များသည် ထိုအရောင်အဝါကိုသာ ထောက်လှမ်းနိုင်လေသည်။

လီချန်ရှို့၏ အကဲခတ်ချက်အရ ထိုလူက အတော်လေး အစွမ်းထက်သည်။ သူ၏ခါးတွင် ထိပ်တန်းလူသတ်လက်နက်ဖြစ်သော ဓားရှည်တစ်ချောင်း ချိတ်ဆွဲထား၏။ ထိုလူထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ လွင့်ပျံေနသည်ဖြစ်၍ ထိုလူသည် အတွေ့အကြုံရင့် လူသတ်သမားတစ်ယောက်ဖြစ်ကြောင်း လီချန်ရှို့ ခန့်မှန်းလိုက်သည်။

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ့ကိုယ်ရောင်ကိုယ်ဝါကို ပြင်ဆင်လိုက်သည်။ ထို့နောက် သူ၏အရှိန်ကို မြှင့်တင်လိုက်၏။

တခဏကြာသော် လူသတ်သမားသည်လည်း အရှိန်မြှင့်လိုက်ပြီး ဦးတည်ရာလမ်းကြောင်းကိုလည်း တည့်မတ်လိုက်သည်ဖြစ်ရာ သူ့အား ပစ်မှတ်ထားနေကြောင်း လီချန်ရှို့ သေချာသွားပေပြီ။

ထိုလူသည် ဗလာနတ္ထိဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့် ရှိပေလိမ့်မည်။ သို့သော်လည်း ထိုလူသည် သူ၏ကျင့်ကြံခြင်းအဆင့် အစစ်အမှန်အား ဖုံးကွယ်ထားနိုင်သေးသည်။ ထပ်မံတွေးတောပြီးနောက် ထိုလူသည် တာအိုပေါင်းစည်းခြင်းဆဋ္ဌမအဆင့်နီးပါးရှိရမည်ဟု လီချန်ရှို့ ကောက်ချက်ချလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူသည် လီချန်ရှို့နောက်သို့ ပျံသန်း၍မလာဘဲ ပို၍အကျိုးများသည့် ခြေလှမ်းကွက်အား သုံးကာ လိုက်‌နေခြင်းကြောင့်ပင်။ သို့သော် ထိုလူသည် နတ်ဝိဇ္ဇာတစ်ပါး ဖြစ်နိုင်ခြေ သိပ်မရှိပေ။

လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထူးဆန်းသောအခြေအနေအတွင်းသို့ အမှန်တကယ်ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ထိုပြဿနာအား သူ မည်သို့ရင်ဆိုင်ရပေမည်နည်း။

လီချန်ရှို့ ပထမဆုံး တွေးမိသောအရာကား ကိုယ်ယောင်ဖျောက်အတတ်ကို အသုံးပြုရန်ဖြစ်သည်။ သို့သော် သူသည် နှစ်ရက်လုံးလုံး စောင့်ကြည့်ခြင်းခံရပြီးပြီ ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားပြီး ယင်းက နောက်ယောင်ခံလိုက်နေသူထံတွင် သူ့ကို ခြေရာခံရန်နည်းလမ်းများ ရှိနေကြောင်း ဖော်ပြနေပေသည်။

ဤတစ်ကြိမ်တွင် သူ ကိုယ်ယောင်ဖျောက်လိုက်နိုင်သော်လည်း ထိုလူသည် သူ့အား အလွတ်ပေးမည်မဟုတ်ဘဲ သူ့အတွက် ပို၍ပင် အန္တရာယ်ကြီးသွားနိုင်သည်။

လီချန်ရှို့၏အရှေ့ ( ၂ ) လီ ခွဲ အကွာတွင် သစ်ပင်ကြီးများကင်းရှင်းကာ အဆိပ်ဆေးပင်များဖြင့် ပြည့်နှက်နေသည့် ကျယ်ပြန့်သော လွင်တီးခေါင်ပြင်တစ်ခု ရှိနေသည်။

လီချန်ရှို့က စိတ်ထဲတွင် ညည်းတွားလိုက်သည်။ သူက စက္ကူရုပ​်​လေးနှစ်ရုပ်ကို လက်ယာလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ရှိ ကိုယ်ရောင်ကိုယ်ဝါများကိုပါ လက်ထဲ စုစည်းလိုက်လေသည်။

“ အသွင်ပြောင်းလဲခြင်းမှာ ဓာတ်ကြီးငါးပါးက အခရာပဲ။ ရွှံ့ထဲဆိုရင် အတားအဆီးမရှိဘူး။ မြေဓာတ်က ဗဟိုချက်ပဲ ”

လီချန်ရှို့၏ရှေ့ရှိ မီးခိုးရောင်ဖျော့ဖျော့မြေကြီးတွင် အတွန့်အခေါက်များ ပေါ်ပေါက်လာသည်။ လီချန်ရှို့သည် နောက်တစ်ကြိမ် မြေကိုယ်ယောင်ဖျောက်အတတ်အား အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးအတွင်းသို့ မရောက်မီ သူ့ညာလက်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

လီချန်ရှို့နောက်သို့ လိုက်နေသူသည် မျက်မှောင်ကြုတ်ကာ တောက်ခေါက်လိုက်သည်။ ထို့နောက် မြေအောက်၌ လျင်မြန်စွာရွေ့လျားနေသော ကိုယ်ရောင်ကိုယ်ဝါတစ်ခုအား ခံစားသိလိုက်ရ၏။ သူသည် နောက်တစ်ကြိမ် ခုန်ကာ အရှိန်မြှင့်လိုက်ပြီး လီချန်ရှို့နောက်သို့ တတ်နိုင်သမျှ လျင်မြန်စွာ လိုက်သွားလေသည်။

ခေတ္တမျှကြာသောအခါ လီချန်ရှို့သည် အဆိပ်ဆေးပင်များအကြား၌ ပြန်ပေါ်လာပြီး ကိုယ်ပေါ်မှ အဆိပ်မြေမှုန်များကို ပုတ်ခတ်ဖယ်ရှား၍ အဆိပ်ပိုးမွှား အနည်းငယ်ကိုလည်း ခြောက်လှန့်ထုတ်လိုက်သည်။ သူသည် လက်ကိုမြှောက်ကာ ညစ်ညမ်းချီပယ်အဆောင်တချို့ကို အသစ်လဲလှယ်လိုက်၏။ ထို့နောက် တစ်ဆက်တည်းပင် ဆက်၍ပြေးရပြန်လေသည်။

ထိုအခိုက် သူ၏ဘေးမှ ဓားတိုးသံတစ်သံကို ကြားလိုက်ရသည်။

“ ဝှစ် ... ”

အေးစက်စက်အလင်းတန်းတစ်တန်းက အသံထက် ( ၃၀ )ရာခိုင်နှုန်း ပိုမြန်​ေနပြီး ယင်းက လီချန်ရှို့၏ လည်ပင်းဆီ ဦးတည်နေလေသည်။

လီချန်ရှို့က ကပျာကယာ လှည့်လိုက်သော်ငြား တုန့်ပြန်ရန် အချိန်မရတော့ပေ။ ရှည်လျားပါးလွှာသော ဓမ္မဓားရှည်သည် သူ၏လည်ပင်းအပေါ် ကျသွားပြီး သူ၏ခေါင်းမှာ အနောက်သို့ လွင့်ထွက်သွားလေသည်။

ညင်သာစွာ ရစ်ပတ်တွန့်လိမ်နေသော မီးခိုးတန်းလေးအလား မီးခိုးရောင်ဝတ်စုံဝတ်ဆင်ကာ ဝါးခမောက်ဆောင်းထားသည့် ကျင့်ကြံသူက လီချန်ရှို့၏ နောက်မှ ထွက်ပေါ်လာလေသည်။ သူ၏ဝါးခမောက်ရှေ့ရှိ ပိတ်စအကာသည် အပေါ်သို့ လွင့်ပျံနေသဖြင့် အေးစက်စက်ပြုံးနေသော သူ၏နှုတ်ခမ်းများအား တွေ့ရပေသည်။

“ သူက တကယ်ကို ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူပဲ။ ဘာမှ‌တောင်အားမစိုက်လိုက်ရ ...ဟင် ..မင်း … ”

သူသည် စကားဆုံးအောင်ပင်မပြောနိုင်တော့ဘဲ အောက်သို့ငုံ့ကြည့်လိုက်သည်။

ယခုလေးတင် ခေါင်းဖြတ်ခံလိုက်ရသော ‘လီချန်ရှို့’ သည် သူ၏ခြေကျင်းဝတ်များအား ဆုပ်ကိုင်ထားလေသည်။

လုပ်ကြံရေးသမားသည် ရုတ်ခြည်း နောက်သို့ ခုန်ဆုတ်သွားသော်လည်း သူ၏အမြင်အာရုံများ ဝေဝါးသွားလေ၏။ သူ့ခန္ဓာကိုယ်အတွင်းမှ အားအင်အလုံးအရင်း စုပ်ယူခံလိုက်ရသကဲ့သို့ပင်။ သူ၏ ဓမ္မတန်ခိုးစွမ်းအင်များနှင့် ကိုယ်ရောင်ကိုယ်ဝါ အလွန်အားနည်းသွားကာ အသုံးပြု၍ မရတော့ပေ။

ထိုစဉ် လုပ်ကြံရေးသမားသည် သူ၏ခြေကျင်းဝတ်အားဆုပ်ကိုင်ထားဆဲဖြစ်သော လီချန်ရှို့အလောင်းရှိ ခါးပတ်အား စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ထိုနေရာတွင် အဖုံးပွင့်နေသော ပုလင်းတစ်လုံးရှိလေသည်။

လီချန်ရှို့၏ထောင်ချောက်အတွင်း သူ ကျရောက်သွားပေပြီ။

သူသည် မိန်းမော၍ မသွားစေရန် လျှာအားကိုက်ရန် ခွန်အားရှိသမျှ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း ကိုယ့်လျှာကိုယ်ကိုက်ဖို့ပင် အားအင် အလုံအလောက် မရှိတော့ချေ။ သူ့အမြင်အာရုံများ ဝေဝါးလာပြီ ဖြစ်သည်။

ယင်းသည် လီချန်ရှို့ကိုယ်တိုင်ဖော်စပ်ထားသော အားအင်မဲ့နတ်ဆေး ဖြစ်သည်။

ထိုစဉ် အလင်းတန်းတစ်တန်းသည် လုပ်ကြံရေးသမား၏ခေါင်းပေါ်သို့ ပျံသန်းသွားပြီး ထိုနေရာတွင် ဝဲပျံနေလေသည်။ ၎င်းကား ထူးဆန်းသောပုံပန်းသွင်ပြင်ရှိသော ရောင်စုံဝိညာဉ်ကျောက်တုံးများ ချိတ်ဆွဲထားသည့် စက္ကူထီးတစ်ချောင်းပင်။

စက္ကူထီးသည် ဖြည်းညင်းစွာ လည်ပတ်သွားပြီး ချိတ်ဆွဲထားသော ဝိညာဉ်ကျောက်တုံးများသည် နေရာအနှံ့ လွင့်ထွက်သွားကြသည်။ စက္ကူထီးအား ဗဟိုပြု၍ အချင်းပေ ( ၁၅၀ ) ရှိသည့် ခွဲထုတ်မန္တန်အစီအရင်တစ်ခု ပေါ်ပေါက်လာလေသည်။ ထိုမန္တန်အစီအရင် ဖုံးလွှမ်းထားသောနေရာသည် ပြင်ပလောကနှင့် အဆက်ပြတ်သွားလေတော့သည်။

၎င်းသည် လီချန်ရှို့ကိုယ်တိုင်ပြုလုပ်ထားသော ဓမ္မရတနာတစ်ပါးဖြစ်သည့် ကောင်းကင်ပြောင်း ရတနာထီးပင်။

လီချန်ရှို့က လက်ယာလက်အား မြှောက်ကာ မြေကြီးအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ စက္ကူရုပ်သုံးရုပ်သည် လေထုအတွင်း ကြီးထွားသွားကြပြီး တဖျစ်ဖျစ်မြည်ကာ လီချန်ရှို့၏အသွင်ပြောင်းလဲသွားသည်။ ထို့နောက် သူတို့က အ‌ရှေ့သို့ လျှောက်သွားကြ၏။

၎င်းသည် ရုပ်ပြောင်းစက္ကူဟု ခေါ်သော တာအိုဂိုဏ်းအတတ်တစ်မျိုး ဖြစ်သည်။

လီချန်ရှို့က လက်ဝဲလက်ဖြင့် ကြေးဒူးလေးအတိုကလေးအား ထုတ်ကိုင်လိုက်ချိန်တွင် စက္ကူရုပ်များသည် လုပ်ကြံရေးသမားဆီသို့ပင် မရောက်သေးချေ။ သူသည် တွန့်ဆုတ်မနေဘဲ ဒူးလေးခလုတ်အား ဖိလိုက်လေသည်။ လုပ်ကြံရေးသမား၏ မျက်ခုံးကြားတည့်တည့်သို့ ချိန်ထားသည့် သစ်သားမြားလေးက တဟုန်ထိုး ထွက်သွားတော့သည်။

ဝါးခမောက်သည် အပေါ်သို့ မြောက်တက်သွားပြီး ကောက်ကျစ်ယုတ်မာဟန်ပေါ်သည့် ပိန်ခြောက်ခြောက်မျက်နှာတစ်ခုကို လှစ်ဟပြလိုက်လေသည်။

မြားသည် လုပ်ကြံရေးသမား၏ နဖူးတည့်တည့်ကို ထွင်းဖောက်သွားရာ ထိုလူ၏မျက်လုံးများအတွင်းမှ အလင်းရောင်များ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

“ မင်း … ”

လုပ်ကြံရေးသမားသည် နောက်ဆုံးအကြိမ် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း အသံကား အားမပါပေ။ စက္ကူရုပ် သုံးရုပ် သူထံ ရောက်ရှိသွားချိန်တိုင်အောင် ပါးစပ်အဟောင်းသားဖြင့်သာ ရှိနေလေသည်။

စက္ကူရုပ်အမှတ်(၁)သည် လက်သည်းရှည်သုံးချောင်းကိုထုတ်ကာ လုပ်ကြံရေးသမား၏ ထိပ်၊ အလယ်၊ အောက် ဒန်တျန်နေရာ သုံးခုအား ထိုးဖောက်လိုက်ပြီး သူ၏ ဝိညာဉ်သုံးပါးနှင့် ခန္ဓာခုနှစ်ပါးကို ချုပ်နှောင်လိုက်သည်။

စက္ကူရုပ် အမှတ် ( ၂ ) သည် လက်နှစ်ဘက်စလုံး အသုံးပြုကာ အချုပ်အနှောင်တစ်ခုအား ဖန်ဆင်းလိုက်သည်။ ထို့နောက် ယင်းသည် ပါးစပ်ဟကာ အဖြူရောင်မီးတောက်များ မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်သည် လုပ်ကြံရေးသမား၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားကာ သူ၏ခန္ဓာကိုယ်မှ အသားများအား တမုဟုတ်ခြင်း လောင်မြိုက်သွားလေသည်။ လုပ်ကြံရေးသမားသည် နှင်းလူရုပ်ကဲ့သို့ တဖြည်းဖြည်း အရည်ပျော်ကာ ပျောက်ကွယ်သွားလေတော့သည်။

ထိုလူသည် အော်ပင် မအော်နိုင်လိုက်ပေ။

စက္ကူရုပ်အမှတ် ( ၃ ) သည် စကားလုံးများ တီးတိုးရေရွတ်နေသည်။ ၎င်းသည် ဝိညာဉ်အား ထိန်းချုပ်၍ မိစ္ဆာများကွယ်ပျောက်စေသည့် ကျိန်စာတစ်ခုအား ရွတ်နေခြင်း ဖြစ်သည်။ အရုပ်၏ရှေ့တွင် လှိုင်းများပေါ်လာပြီး အဖြူရောင်မီးတောက်အတွင်းရှိ အရိပ်သည် ကွယ်ပျောက်သွားလေတော့သည်။

ထိုအခါ လုပ်ကြံရေးသမား၏ ဝိညာဉ်မှာ အလုံးစုံ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ပြီး အဖြူရောင်မီးတောက်၏ ဝါးမျိုခြင်း ခံနေရသည့် အကြွင်းအကျန်အနည်းငယ်သာ ကျန်ရှိတော့သည်။

လီချန်ရှို့ စိတ်အေးလက်အေး မနေနိုင်သေး​ေပ။ သူသည် လက်မအရွယ်ရှိ ပုလဲလုံးတစ်လုံးအား ပစ်လိုက်သည်။ ပုလဲလုံးသည် လည်ကာ အစိမ်းဖျောဖျော့ အလင်းတန်းတစ်တန်းအား စုပ်ယူလိုက်သည်။ လုပ်ကြံရေးသမား၏ ဝိညာဉ်မှာ မြူမှုန်မျှပင် မကျန်ရှိတော့ပေ။

လီချန်ရှို့သည် ကြေးဒူးလေးအားကိုင်ကာ ရှေ့သို့သွားပြီး ပုလဲလုံးအား ဂရုတစိုက် ကောက်ယူလိုက်သည်။ အဖြူရောင်မီးတောက်သည်လည်း ငြိမ်းသွားပေပြီ။ ပြာမဲမဲများ၊ ဓားကျိုးတစ်ဝက် နှင့် လက်စွပ်လေးတစ်ကွင်းသာ မြေပြင်ပေါ်တွင်ကျန်ခဲ့လေသည်။

စက္ကူရုပ်သုံးရုပ်သည် မြေပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး တစ်ပြိုင်နက်တည်း သုတ္တန်များကို ရွတ်ဆိုလိုက်‌၏။

စက္ကူရုပ်အမှတ် ( ၁ ) သည် တာအိုဂိုဏ်း၏ ကယ်တင်ခြင်းသုတ္တန်ကို ရွတ်၏။ စက္ကူရုပ်အမှတ် ( ၂ ) သည် အနောက်ကျောင်းတော်၏ ဒဏ္ဍာရီလာ ပြန်လည်မွေးဖွားခြင်းကျိန်စာအား ရွတ်ဆို၏။ စက္ကူရုပ်အမှတ် ( ၃ )ကား တာအိုဂိုဏ်း၏ ကုသိုလ်-အကုသိုလ် ကျိန်စာကို ရွတ်လေသည်။

လီချန်ရှို့သည် ကျောက်စိမ်းနှင့်ကျောက်တို့ဖြင့် ပြုလုပ်ထားသော လက်စွပ်လေးအား ကောက်ယူလိုက်သည်။ လက်စွပ်ရှိ တားမြစ်ချက်များကို သူ မဖျက်လိုသေးဘဲ သူ၏ ဓမ္မတန်ခိုးကို အသုံးပြုကာ လက်စွပ်ပတ်လည်တွင် အရံအတားအလွှာများကို ဖန်ဆင်းလိုက်လေသည်။ ထို့နောက် လက်စွပ်အား ‘ ကောင်းကင်ဘုံနံပါတ်( ၄ ) ’ ဟု မှတ်သားထားသည့် သိုေလှာင်ဓမ္မအဆောင်အတွင်းသို့ ထည့်လိုက်လေသည်။

ထို့နောက် သူသည် ပုလဲလုံးအား ကြည့်လိုက်ရာ သူ့မျက်နှာတွင် နားလည်သဘောပေါက်သွားသော အရိပ်အယောင်များ ပေါ်လာလေသည်။ သူသည် စက္ကူရုပ်သုံးရုပ်အား ရှောင်ကာ မြေကိုယ်ယောက်ဖျောက်အတတ်အား ထပ်မံသုံးလိုက်သည်။

စက္ကူရုပ်များ ရွတ်ဖတ်ပြီးသွားသောအခါ မြေပြင်ပေါ်တွင် လှိုင်းတွန့်လေးများထလာလေသည်။ လီချန်ရှို့က လက်များအား လှုပ်ခါလိုက်ရာ လုပ်ကြံရေးသမား၏ အရိုးပြာများသည် လေနှင့်အတူ ပါသွားလေတော့သည်။

စက္ကူရုပ်သုံးရုပ်သည်လည်း လေထဲခုန်လိုက်ကာ လက်တစ်ဝါးစာအရွယ် ပြန်ရောက်သွားလေသည်။ ထို့နောက် လီချန်ရှို့၏ အင်္ကျီလက်အတွင်း ဝင်သွားကြလေ၏။

ထီးသည်လည်း အလိုလို ပြန်ပိတ်သွားသည်။ ဝိညာဉ်ကျောက်တုံးများသည်လည်း သက်ဆိုင်ရာနေရာသို့ ပြန်ရောက်သွားကြသည်။ တချိန်တည်းမှာပင် မန္တန်အစီအရင်သည်လည်း ပျောက်ကွယ်သွားတော့သည်။

လီချန်ရှို့သည် ဓားကိုကောက်၍ ရွယ်လိုက်ရာ ဓားရိပ်တစ်ခု ကောင်းကင်သို့ ပျံသန်းသွားလေသည်။ ထိုဓားရိပ်သည် အပေါ်ဘက်ရှိ အဆိပ်မြူများအားဖောက်ကာ အနက်ရောင်ပိုးတောင်မာအား တိုက်ရိုက်ထိတွေ့သွားကာ အမှုန့်များအဖြစ်သို့ ရောက်ရှိသွားတော့သည်။

ထိုဖြစ်စဥ်တစ်ခုလုံး ပိရိသပ်ရပ်၏။ လီချန်ရှို့သည် ယင်းအား မရေမတွက်နိုင်လောက်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ထားသကဲ့သို့ပင်။

သူသည် လှည့်ပတ်ကာ မူလအခြေအနေသို့ ပြန်ရောက်နေပြီဖြစ်သော ပတ်ဝန်းကျင်အား စူးစမ်းလိုက်သည်။ ထို့နောက် သူသည် ခေါင်းဖြတ်ခံထားရသည့် စက္ကူရုပ်ထံသို့သွားကာ ညင်သာစွာ ထိလိုက်သည်။ စက္ကူရုပ်သည် မီးလောင်သွားကာ ခြေရာလက်ရာတစ်ခုမျှ မကျန်ခဲ့တော့‌ပေ။

လီချန်ရှို့သည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး မြေကြီးအတွင်း ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

‘ အိုက်ယား … စက္ကူရုပ်တစ်ရုပ်ရဖို့ တော်တော်လုပ်ယူရတာဟ ’

သို့သော် သူသည် လုပ်ကြံရေးသမား၏ နောက်ကြောင်းအား သိလိုက်ရသဖြင့် ရင်းရသည်မှာ တန်ပေသည်။

လီချန်ရှို့သည် ပုလဲအတွင်းရှိ ဝိညာဉ်အကြွင်းအကျန်များကို ရှာဖွေရာ အထဲတွင် မှတ်ဉာဏ်များစွာအား တွေ့လိုက်ရပေသည်။ ထိုမှတ်ဉာဏ်များမှတစ်ဆင့် ဤခရီးစဉ်နောက်ကွယ်မှ လုပ်ကြံရေးသမား၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို သူသိလိုက်ရသည်။

သူ့အား လုပ်ကြံရန်ကြိုးစားခဲ့သော လုပ်ကြံရေးသမားသည် လိပ်ပျံလွှား ဟူသောအမည်ဝှက်ရှိသူ ဖြစ်သည်။ သူသည် တာအိုပေါင်းစည်းခြင်း ဒုတိယအဆင့်ရှိသော လူပင်။ ထိုလူကို မကောင်းမှုဒုစရိုက်အလုပ်များလုပ်ရန် တစ်စုံတစ်ယောက်မှ ဝိညာဉ်ကျောက်တုံးများဖြင့် ငှားရမ်းထားသည်။

လီချန်ရှို့အား သူ သတ်ဖြတ်ရန် ကြိုးစားသည်မှာ လီချန်ရှို့ထံရှိ ဆက်သွယ်ရေးအဆောင်အား ရယူရန် ဖြစ်သည်။ ထိုလူသည် ဆက်သွယ်ရေးအဆောင်အား ကျားကို ဂူပြင်မျှားရန်အတွက် သုံးလိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆရာဒေါ်လေးကျိုးကျိုးအား ဤနေရာသို့ မျှားခေါ်လိုခြင်းပင်။

ဆရာ‌ဒေါ်လေးကျိုးကျိုးရောက်လာသည်နှင့် လုပ်ကြံရေးသမား လိပ်ပျံလွှားသည် လျှိုယန်အာနှင့်ဝမ်ကျိအား တိုက်ခိုက်မည်ဖြစ်သည်။ ထို့နောက် သူတို့အား ငါးစာအဖြစ်အသုံးချကာ ဆရာဒေါ်လေးကျိုးကို ထပ်မံမျှားခေါ်၍ မန္တန်အစီအရင်အတွင်း ပိတ်နှောင်ထားရန် ကြံရွယ်ထားသည်။ ထို့နောက်တွင် သူတို့၏ ပစ်မှတ်အစစ်အမှန်ဖြစ်သော ဆဋ္ဌမမြောက်မင်းသမီး ယုံချင်ရွှမ်းယာအပေါ် အာရုံစိုက်နိုင်မည် ဖြစ်သည်။

သို့ရာတွင် လုပ်ကြံရေးသမား လိပ်ပျံလွှားသည် ယုံချင်ရွှမ်းယာအား သတ်လိုခြင်း မဟုတ်ပေ။ ထိုအစီအစဉ်တစ်ခုလုံးသည် ပိုယုတ်မာသည့် ရည်ရွယ်ချက် အောင်မြင်ရန် ဖြစ်သည်။

လုပ်ကြံရေးသမားလိပ်ပျံလွှား၏ မှတ်ဉာဏ်များအရ တချိန်လုံးနောက်ကွယ်မှ ကြိုးကိုင်နေသူသည် သူတို့ဂိုဏ်းမှ ဂိုဏ်းတူညီလေးယွမ်ချင်းသော်လည်းကောင်း၊ ယွမ်ချင်း၏နောက်ကွယ်မှ အင်အားကြီးသူတစ်ယောက်သော်လည်းကောင်း ဖြစ်ရမည်ဟု လီချန်ရှို့ ခန့်မှန်းလိုက်သည်။

လီချန်ရှို့၏ နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားပြီး စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။

‘ လူတစ်ယောက်ကို ရုပ်ရည်သွင်ပြင်ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ အမှန်ပဲ။ နွေးထွေးကြင်နာတဲ့သူတွေက ဟန်ဆောင်နေကြတာချည်းပဲ ’

သို့သော်လည်း ယင်းက လီချန်ရှို့နှင့် မသက်ဆိုင်ပေ။

ထိုလူသည် ဆရာဒေါ်လေးကျိုးကျိုးအား လှည့်ဖြား၍ မန္တန်အစီအရင်အတွင်း ပိတ်လှောင်ထားရန်သာ ကြိုးပမ်းနေသည်ဖြစ်ရာ ဆရာ‌ဒေါ်လေးကျိုးကျိုးနှင့် ထိပ်တိုက် ရင်မဆိုင်ရဲကြောင်း သိသာထင်ရှားသည်။ ထိုအခြင်းအရာသည် လီချန်ရှို့တစ်ယောက် အနှီအတုမဲ့နတ်ဝိဇ္ဇာအတွက် စိတ်ပူရန် မလိုကြောင်း ဆိုရပေမည်။

လေညင်းတစ်ခု တိုက်ခတ်သွားပြီးနောက် ညစ်ညမ်းချီများ ပြန်လည်ရောက်ရှိလာသည်။ အဆိပ်ဆေးပင်များသည် လေအဝှေ့တွင် ယိမ်းနွဲ့နေကြ၏။ မီးကျွမ်းနေသော အဆိပ်ဆေးပင်များမှလွဲ၍ မည်သည့်ခြေရာလက်ရာမျှ မကျန်ရှိပေ။

မကြာသေးခင်က ဤနေရာတွင် ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့ကြောင်း မည်သူမှထင်လိမ့်မည်မဟုတ်ချေ။

ခေတ္တမျှအကြာတွင် ထိုနေရာ၌ အဆက်မပြတ် ညည်းတွားတေးသံပမာ လေပြေလေညင်းတိုက်ခတ်သံကိုသာ ကြားရပေလိမ့်မည်။

“ ငါမင်းကို အသက်ရှူချိန်ဆယ်ကြိမ်အတွင်း သတ်ပြီးတော့ မင်းအရိုးပြာတွေကိုတောင် လွှင့်ပေးလိုက်သေးတယ်နော် ”

***

အရှေ့ပင်လယ်ကမ်းရိုးတန်းရှိ ကမ်းခြေတစ်ခုတွင် တပည့်တစ်ရာကျော်သည် ပင်လယ်အတွင်းမှ အဆုံးမရှိ ထွက်ပေါ်လာသည့် ပုစွန်မိစ္ဆာများနှင့် တိုက်ခိုက်နေကြသည်။

တိုက်ပွဲမြေပြင်ရှိ ထောင့်စွန်းတစ်နေရာ၌ ချီသန့်စင်ခြင်းအဆင့်သာရှိသေးသော ကျင့်ကြံသူလက်သစ်အနည်းငယ်သည် ကျောက်တန်းတချို့နောက်တွင် ပုန်းအောင်းနေကြသည်။ သူတို့၏ရှေ့တွင် တိုက်ခိုက်နေသော ဂိုဏ်းတူ အစ်ကိုအစ်မများအား ကူညီနိုင်ရေးအတွက် သူတို့၏ ဓမ္မအဆောင်များအား နှိုးရန် ကျိန်စာများကို ရေရွတ်နေကြသည်။ သို့သော်လည်း သူတို့အကြည့်များသည် သူတို့နှင့် မလှမ်းမကမ်းတွင် တိုက်ခိုက်နေသော ပုံရိပ်တစ်ခုထံမှ မခွာနိုင်အောင် ဖြစ်နေသည်။

လန်လင်းအယ်သည် လက်ထဲတွင် ကြွေပုလင်းတစ်လုံးအား ကိုင်ဆောင်ထားပြီး အမှုန့်အနည်းငယ်ကို ညင်သာစွာ သွန်ချလိုက်သည်။ သူမသည် ထိုအမှုန့်များပေါ်သို့ စိတ်တန်ခိုးအနည်းငယ် မှုတ်ထုတ်လိုက်ကာ လာနေသော ပုစွန်မိစ္ဆာဆယ်ကောင်အား တစ်ပြိုင်တည်း ပတ်လိုက်လေသည်။

ပုစွန်မိစ္ဆာများသည် မူလကတည်းက တုံးအကြသည်။ ၎င်းတို့အား အမှုန့်များ ထိသွားသောအခါ ၎င်းတို့၏ခြေထောက်များ ပျော့အိအိဖြစ်သွားလေသည်။ ထို့နောက် ၎င်းတို့သည် မြေကြီးပေါ်သို့ လဲကျသွားပြီး ပါးစပ်မှအမြှုပ်များထွက်ကာ မျက်လုံးများ ချာလပတ်ရမ်းကုန်တော့သည်။

ထို့နောက် လန်လင်းအယ်သည် ဓားမြှောင်အားထုတ်ကာ အရှေ့သို့ ခုန်ပျံသွားလိုက်သည်။ သူမသည် တစ်ကောင်ပြီးတစ်ကောင် လက်စတုန်းပစ်လိုက်တော့သည်။ လန်လင်းအယ်သည် ပုစွန်မိစ္ဆာများ၏ မိစ္ဆာဝိညာဉ်အား တိတိကျကျ အားကောင်းကောင်းဖြင့် တစ်ချက်တည်း ထိုးဖောက်နေသည်။

ပြီးသည်နှင့် ‌နောက်သို့လှည့်ကာ မူလနေရာသို့ ပြန်သွား၍ မိစ္ဆာနောက်တစ်သုတ်လာထပ်လာမည်ကို စောင့်ဆိုင်းနေလေသည်။ ထိုတချိန်လုံး အခြားတပည့်များ၏ အာရုံစိုက်ခံ‌နေရသောအဖြစ်အား သူမ သတိမမူမိပေ။

‘ ဆရာတူအစ်ကို ငါ့အတွက်လုပ်ပေးထားတဲ့ အမှုန့်က တော်တော်အသုံးဝင်တာပဲ။ ဆရာတူအစ်ကိုရော အန္တရာယ်ကင်းရဲ့လား မသိဘူး။ မြောက်ကျွန်းက အရမ်းအန္တရာယ်များတာ။ ပိုးမွှားတစ်ကောင်ကတောင် နတ်ဝိဇ္ဇာတစ်ပါးကို သေသွားအောင်လုပ်နိုင်တယ်လို့ ပြောတယ်။ ဟွန့်. .. အကျင့်ပုတ်ဆရာတူအစ်ကိုက သူများကိုတော့ ဘေးကင်းအောင်နေခိုင်းပြီး သူကျတော့ အန္တရာယ်‌ထဲ စွန့်စားပြီးသွားတယ်။ သူ့ရဲ့ ‌ဉာဏ်ကောင်းပြီး သတ္တိရှိတဲ့ ဆရာတူညီမလေးကိုတောင် မခေါ်သွားဘူး ’

တွေးလေလေ လန်လင်းအယ်တစ်ယောက် ‌ဒေါကန်လာလေလေပင်။ ရုတ်တရက် အေးစက်စက်အရိပ်တစ်ရိပ် သူမ၏ရှေ့တွင် ဖျတ်ခနဲ ပေါ်လာလေသည်။

“ ဂိုဏ်းတူညီမလေး လင်းအယ် သတိထား ”

“ အမြန်ရှောင်လိုက် ”

ရုတ်ခြည်းပင် သူမ၏နား၌ စိုးရိမ်တကြီးအော်ဟစ်လိုက်သံများကို ကြားလိုက်ရသည်။ လန်လင်းအယ် မော့ကြည့်လိုက်ရာ သူမ၏ရှေ့တွင် ပုစွန်မိစ္ဆာ ခုနှစ်ကောင်ရှစ်ကောင်အား တွေ့လိုက်ရသည်။ သူမ၏မျက်နှာရှေ့တွင် လက်သည်းချွန်ဆယ်ခုမက ဝဲနေပြီး တိုက်ခိုက်ရန်အသင့် ဖြစ်နေပေသည်။ မြေပြင်ပေါ်၌လည်း ကျင်းများစွာ ရှိနေလေသည်။ ပုစွန်မိစ္ဆာများ မြေကြီးအတွင်းမှ ထွက်လာခြင်းပင်။

ထိုသို့အခက်ကြုံနေစဉ် လန်လင်းအယ်တစ်ယောက် ညင်သာစွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူမ၏ အင်္ကျီလက်အတွင်းမှ ကြွေပုလင်းနောက်တစ်လုံးအားထုတ်၍ ပစ်ပေါက်လိုက်လေသည်။ ထိုအခိုက် ဆရာတူအစ်ကို၏ အသံဩဩအား စိတ်ထဲတွင် ပြန်လည်ကြားယောင်နေလေသည်။

“ အရေးပေါ်အခြေအနေနဲ့ကြုံပြီဆိုရင် ဒါမှမဟုတ် ညီမလေးကို ရန်သူတွေဝိုင်းနေရင် ဒီပုလင်းကိုသာ ပစ်ပေါက်လိုက် ”

ဘုန်း …

ကြွေပုလင်းသည် ပုစွန်မိစ္ဆာများအကြားတွင် ပေါက်ကွဲသွားပြီး ပုလင်းအတွင်းမှ အစိမ်းရောင် အခိုးအငွေ့များ ထွက်လာကာ ပုစွန်မိစ္ဆာများအား လွှမ်းခြုံသွားလေသည်။

ထို့နောက် ပုစွန်မိစ္ဆာများ လေပေါ်မြောက်တက်သွားကြ၏။

ပင်လယ်လေညင်းကလေး တိုက်ခတ်သွားသည်။ ပုစွန်မိစ္ဆာများတွင် မာကြောသည့်ပြင်ပအခွံများ ရှိသော်လည်း လေထဲမှာပင် ပျောက်ကွယ်၍ ရောင်စုံပူဖောင်းများအဖြစ် ပြောင်းလဲသွားကာ လေနှင့်အတူ လွင့်မြောသွားလေတော့သည်။

လန်လင်းအယ်သည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်လေ၏။ သို့သော် သူမ၏ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းနေကြောင်း ရုတ်ခြည်း ခံစားလာရသည်။

သူမ လှည့်ကြည့်လိုက်ရာ သူမအား ကယ်ရန် အပြေးလာကြသည့် ဂိုဏ်းတူ အစ်ကိုအစ်မများသည် အဝေးတစ်နေရာ၌ ရပ်တန့်နေကြကြောင်း တွေ့လိုက်ရသည်။ သူတို့အားလုံး၏မျက်နှာများတွင် ထူးဆန်းသည့်အမူအရာများ ရှိနေလေသည်။

လန်လင်းအယ်သည် နားမလည်ဟန်ဖြင့် မျက်တောင်ကလေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

ဒုတ်...

ဝိညာဉ်အခြေတည်အဆင့်ရှိ ဂိုဏ်းသားတစ်ယောက်၏ ဓားသည် သူမ၏ နံဘေးသို့ ပြုတ်ကျလာပြီး သူက ခပ်မြန်မြန်ပင် ကုန်း၍ ကောက်လိုက်သည်။

“ ဂိုဏ်းတူညီမလေးလင်းအယ် … ဆက်လုပ်၊ ဆက်လုပ် ”

“ အစ်ကိုတို့က ဒီအတိုင်း ဖြတ် … ဖြတ်သွားရုံပါပဲ ”

***

All Chapters