← Chapters

ပါရာဂွန်တံတားကို ဖယ်ရှားခြင်း

Vol. 101 Ch. 1405

ပါရာဂွန်တံတားကို ဖယ်ရှားခြင်း

Vol. 101 Ch. 1405

အစိမ်းရောင်ဖြစ်တည်မှု၏အသံ တိုးဝင်ပျောက်ကွယ်နေစဉ် မန်ဟို့နှလုံးသားသည် တုန်ရီနေ၏။ တစ်ချိန်တည်းမှာပဲ လိပ်ပြာက အချိန်ပြောင်းလဲမှော်အစွမ်းအတွင်းမှ ထွက်လာသည်။

ဧရာမစွမ်းအားကြီး စုဝေးလာခဲ့သကဲ့သို့ အချိန်ပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်သော ပေါက်ကွဲမှုသည် ... လိပ်ပြာ၏အရှိန်ကို တွန်းတင်ပေးလိုက်နိုင်၏။

လိပ်ပြာကား ဝုန်းခနဲ ကြယ်တာရာကောင်းကင်ကို ခွင်းကာ .... လောကအတွက် မျှော်လင့်ချက်ရှိသည်ဟု ပါရာဂွန်ပင်လယ်အိပ်မက် အတည်ပြုခဲ့သော ဝဲ၏အပေါ်တည့်တည့်တွင် ပေါ်လာတော့သည်။

လိပ်ပြာကား ဝဲ၏အလယ်တည့်တည့် ၊ ဝဲ၏စွမ်းအားအလုံးစုံ စုဝေးနေရာ၏အပေါ်တည့်တည့်တွင် ဖြစ်လေသည်။

ဝဲ၏စွမ်းအားက မန်ဟို၏မိစ္ဆာချီကို ပြိုကွဲသွားစေသဖြင့် လိပ်ပြာ၏နေရာအတိအကျကို အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကမှ ထောက်လှမ်းသိရှိသွားစေသည်။

ထိုသို့သိရှိသွားသည်နှင့် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကသည် နေရာရွှေ့ပြောင်းစွမ်းအားကို ထုတ်လွှတ်လိုက်သဖြင့် တုန်ခါလာပြီး ၎င်းတို့ပတ်ပတ်လည်တွင် အရိပ်များ ပေါ်လာ၏။ ထို့နောက် ၎င်းတို့ ပျောက်ကွယ်သွားတော့သည်။

မန်ဟို စိုးရိမ်နေစဉ် အချိန်ပြောင်းလဲစွမ်းအားက လိပ်ပြာကို ဝန်းရံရစ်သိုင်းရင်း တ‌ဝေါဝေါ လည်နေသော ဝဲထဲ တွန်းပေးနေသည်။ လိပ်ပြာကို ဝဲနှင့်ယှဉ်လျှင် မပြောပလောက်ပေ။

ထိုမြင်ကွင်းက မန်ဟို၏သူငယ်အိမ်များကို ကျုံ့သွားစေသည်။ သူ့မှာ လိပ်ပြာ၏ကျောပေါ်တွင် ရပ်လျက် အစိမ်းရောင်ဖြစ်တည်မှု ပြောသွားခဲ့သော စကားလုံးများကို မတွေးမိဘဲ မနေပေ။ သို့သော် လေးလေးနက်နက် စဉ်းစားနေရန် အချိန်မရ။ ဝဲအနား နီးကပ်လာသည်နှင့်အမျှ ဝဲထဲတွင် မိုးကြိုးလျှပ်စီးများ အဆက်မပြတ် ထစ်ချုန်းအော်မြည်လာသည်။

ဝဲနက်ကြီး၏ အတွင်းကျဆုံးနေရာတွင် ... အစိမ်းရောင်ခေါင်းတလားတစ်ခု ရှိသည်။ ဝဲကို ဖွဲ့စည်းထားသော အဖြူရောင်နှင့်အမည်းရောင်အပြင် ထိုအစိမ်းရောင်ကိုပါ ထည့်ပေါင်းလိုက်လျှင် တစ်ကမ္ဘာလုံးတွင် အရောင်သုံးရောင်သာ ရှိလေ၏။

ခေါင်းတလားမှာ သိပ်မဝေးသလို ထင်ရသော်လည်း အမှန်မှာ ဝဲထဲဝင်ပြီးနောက်တွင်ပင် ၎င်းဆီရောက်ဖို့ အကွာအဝေးအား တိုင်းတာမရပေ။

“ရန်သူ‌တွေ အချိန်မရွေးရောက်လာတော့မယ်” မန်ဟိုက မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် တွေးသည်။ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံကို လိပ်ပြာထဲ စီးဆင်းစေလိုက်ရာ လိပ်ပြာသည် တောင်ပံများတဖျတ်ဖျတ်ခတ်လျက် ဝဲအတွင်းထဲ ဦးတည်သွား၏။

ထိုအခိုက်အတန့်မှာပင် သိပ်မလှမ်းမကမ်းရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ထလာပြီးနောက် ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း တိတ်ဆိတ်စွာ ပွင့်လာသည်။ ထွက်လာသည်မှာ အင်မော်တယ်နတ်ဘုရားကမ္ဘာမဟုတ်ဘဲ အလိပ်လိပ်ထနေသော အနက်ရောင်အခိုးအငွေ့များ ဖြစ်သည်။ အခိုးအငွေ့များ ပျံ့နှံ့လာစဉ် အင်မော်တယ်နတ်ဘုရားကမ္ဘာနည်းတူ ကြီးမားသည့် မြေထုကြီးတစ်ခုသည် ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်လျက် ပေါ်လာ၏။

မြေထုကို အရောင်အဝါတောက်ပသော လိပ်ပြာများက ဆွဲလာသည်။ မြေထုကြီးအပေါ်တွင်မူ ကျင့်ကြံသူပေါင်းမရေမတွက်နိုင်အောင် ရှိခိုးအရိုအသေပေးနေသော အခေါင်းကြီးတစ်ခေါင်းအား မြင်ရနိုင်သည်။ ထိုကျင့်ကြံသူများက တဖြည်းဖြည်း ခေါင်းမော့၍ မြေထုကြီး၏အပြင်ရှိ... မန်ဟိုနှင့်လိပ်ပြာအား လှမ်းကြည့်ကြသည်။

“နတ်ဆိုးလောက” မန်ဟို ရင်ထဲလေးလံသွားသည်။ နောက်တစ်စက္ကန့်မှာပဲ ဟင်းလင်းပြင်သည် ပွင့်ထွက်လာပြီး အင်မော်တယ်နတ်ဘုရားလောက ထွက်လာ၏။

အဆုံးမဲ့အသတ်အဖြတ်စိတ်ဆန္ဒများက မန်ဟိုနှင့်လိပ်ပြာအပေါ် ချိန်ရွယ်နေသည်။

မန်ဟို၊ လိပ်ပြာနှင့် တောင်ပင်လယ်လောကသားအားလုံးကို ... အန္တရာယ်၏ပါးစပ်ကြီးက လှမ်းဟပ်ပေတော့မည်။

အင်‌မော်တယ်နတ်ဘုရားကမ္ဘာမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ ထွက်လာကြပြီး သူတို့အားလုံးကို ဦးဆောင်နေသူများမှာတော့ မန်ဟိုနှင့် တိုက်ခိုက်ခဲ့ဖူးသော အနှစ်သာရ ၉ ခု ပါရာဂွန်လေးယောက်ပင်။

“ဒီတစ်‌ခေါက် နင် ပြေးမလွတ်ဘူး”

ထိုသို့ဖြစ်ပျက်နေစဉ် နတ်ဆိုးလောကမှ အေးစက်စက်နှာမှုတ်သံနှင့်အတူ ဗလ‌တောင့်တောင့်လူတစ်ယောက်သည် နတ်ဆိုးလောကသားကျင့်ကြံသူများစွာကို ဦးဆောင်လျက် ထွက်လာ၏။

မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော တန်ခိုးများကို ထုတ်လွှတ်လျက် ထွက်လာသည့် အလင်းတန်းသုံးတန်းလည်း ရှိသည်။ ပြိုင်ဘက်ကင်းအငွေ့အသက်များနှင့် ဘီလူးကြီးတစ်ကောင် ထလာသည်ကိုပင် မန်ဟို လှမ်းမြင်လိုက်သည်။

အဆုံးမရှိသောကျင့်ကြံသူများကို မြင်လျှင် မန်ဟိုမှာ ပို၍တိတ်ဆိတ်သွားတော့သည်။ ဧရာမမြေထုကြီးနှစ်ခုကို ကြည့်နေရခြင်းက သူ့နှလုံးသားအား အလေးတုံးများအတင်ခံထားရသကဲ့သို့ လေးလံနေစေသည်။

မန်ဟိုသည် ကျင့်ကြံသူပေါင်းများစွာကို မော့ကြည့်ပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ဘာကြောင့်လဲ။ မင်းတို့တွေ လိုချင်တာက ဘာလဲ။ အင်‌မော်တယ်ပေါ်ထွန်းမလာအောင် တားချင်ကြတာမလား။ အခု အင်မော်တယ်လည်း မရှိတော့ဘူး။ မင်းတို့ လိုချင်တာက အဲဒီပစ္စည်းလား။ အဲဒါဆို ငါ့မှာ ရှိတယ်။ ငါ နေခဲ့မယ်၊ တောင်ပင်လယ်ကျင့်ကြံသူတွေကို သွားခွင့်ပေးလိုက်”

မန်ဟို့မေးခွန်းကို ဖြေသူမှာ အေးစက်စက်အမျိုးသမီးပါရာဂွန် ဖြစ်သည်။ “အင်မော်တယ်မရှိတော့ဘူးလို့ ဘယ်သူပြောလဲ။ တောင်ပင်လယ်ကျင့်ကြံသူသွေးဆက်ကို ချိတ်မပိတ်ဘဲ ထားသရွေ့ အတုမရှိအင်မော်တယ်အတွက် အခြေခံအုတ်မြစ်က အမြဲရှိနေဦးမှာပဲ

“အဲဒီပစ္စည်းနဲ့ပတ်သက်ပြီးကတော့ ... နင့်မှာ ရှိတာ ငါတို့ မသိဘဲ နေမလား”

သူမ၏ရန်လိုနေသောစကားသံအရ မန်ဟိုနှင့် ဆွေးနွေးညှိနှိုင်းလိုစိတ်မရှိကြောင်း သိသာထင်ရှားသည်။ သူမသည် လက်ဝှေ့ယမ်းရင်း ကျန်အဘိုးအိုသုံးယောက်နှင့်အတူ တဟုန်ထိုး ရှေ့တက်လာ၏။ သူတို့အနားရောက်လာသည့်အချိန်မှာပင် နတ်ဆိုးလောကမှ ဗလ‌တောင့်တောင့်လူက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်သည်။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ဆက်စပ်ကြည့်နိုင်ဖို့ သူ့အတွက် တခဏသာ ကြာလိုက်ပြီး သူလည်း မန်ဟို့ထံ ဦးတည်လာတော့သည်။

အစွမ်းထက်ကျင့်ကြံသူများနှင့် မရေမတွက်နိုင်သောကျင့်ကြံသူပေါင်းများစွာ မန်ဟို့ထံ ပြေးတက်လာသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ သူတို့သည် မည်သည့်အရာကိုမဆို ချေမှုန်းဝါးမြိုပစ်နိုင်သော ‌ရေလှိုင်းလုံးကြီးပမာပင်။

မန်ဟိုမျက်နှာပျက်သွားပြီး အံတင်းတင်းကြိတ်သည်။ ထို့နောက် သူသည် လိပ်ပြာကို လှမ်းတွန်း၍ အရှိန်တင်ပေးလိုက်၏။ ၎င်း ဝဲ၏အလည်ရှိ တွင်းနက်ထံ ဦးတည်သွားသည်နှင့် မန်ဟိုက လိပ်ပြာကျော‌ပေါ်မှ မဆိုင်းမတွ ခုန်ဆင်းကာ အင်အားစုကြီးနှစ်စု၏ ကျင့်ကြံသူများကို ရင်ဆိုင်ရန် တစ်ယောက်တည်း ပျံဝဲနေလေသည်။

လိပ်ပြာပေါ်တွင် ရှုချင်မှာ ငိုကြွေးနေပြီး ခိတိဂဗ္ဗလည်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် ရပ်နေသည်။ ဖက်တီးက ဒေါသတကြီး လှမ်းအော်ခေါ်ပြီး ကျန်ရှိသူတိုင်းလည်း တုန်ရီနေကြသည်။ ဤလူများသည် ရွှေတုန်းလျှိုသေသွားသည်ကို ကြည့်ခဲ့ရ၏။ ပါရာဂွန်ပင်လယ်အိပ်မက် သေသွားသည်ကိုလည်း ကြည့်ခဲ့ရ၏။ ယခုတွင် မန်ဟို ရွှေတုန်းလျှိုလုပ်ခဲ့သလို လုပ်နေသည်ကို ကြည့်နေရလေပြီ။ သူသည် သူတို့ကို ကာကွယ်ပေးဖို့ တစ်ယောက်တည်း ရပ်နေ၏။

“အသက်ဆက်ရှင်နေပေးပါ....” မန်ဟိုက ပြောသည်။ “ငါ မသေပါဘူး။ တစ်နေ့ ငါ့မိသားစု၊ ငါ့မိန်းမ၊ ငါ့မိတ်ဆွေ‌တွေနဲ့ ငါရဲ့တောင်ပင်လယ်လောကဖြစ်တဲ့ မင်းတို့အားလုံးဆီ ပြန်လာခဲ့မယ်” မန်ဟိုသည် ဟိန်းဟောက်ရင်း ညာလက်ကို မြှောက်၍ သူ့ခေါင်းအား ရိုက်လိုက်၏။ ချက်ချင်းပင် တောင်ပင်လယ်လောကဖြစ်သော အဖိုးထိုက်ရတနာ ပေါ်လာသည်။

တောင်ပင်လယ်လောကမဟာဒိုင်းကာလည်း တစ်နေရာလုံးကို လွှမ်းခြုံလျက် ပေါ်လာသဖြင့် ဂျိန်းခနဲ ပဲ့တင်ထပ်သွားသည်။ မန်ဟို၏စွမ်းအားက တရှိန်ထိုး မြင့်တက်နေသဖြင့် သူ့ဆံပင်များက လူးလွန့်လှုပ်ခတ်လျက်ရှိ၏။ ထို့နောက် သူက မိစ္ဆာချီများဖြင့် ရစ်သိုင်းနေလျက် ... ရန်သူများကို တစ်ယောက်တည်း စတင်တိုက်ခိုက်တော့သည်။

ထိုအရာအားလုံးက ... မျှော်လင့်ချက်ရှိသည်ဟု ပါရာဂွန်ပင်လယ်အိပ်မက် ညွှန်ပြခဲ့သော တွင်းနက်ကြီးထံသို့ တောင်ပင်လယ်လောကသားများကို သယ်လျက် ပျံသန်းနေသည့် လိပ်ပြာအတွက် အချိန်ဆွဲပေးရန်အတွက်ပင်။

“သေပေတော့” မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်သည်။ သူ၏မျက်လုံးများသည် နီရဲတောက်နေပြီး သူ့အနောက်တွင်လည်း ဟိန်းဟောက်နေသော မိစ္ဆာကြီးတစ်ကောင်၏ ဧရာမအရိပ်ကြီးတစ်ခုအား မြင်ရနိုင်သည်။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုကား အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အေးစက်စက်အမျိုးသမီးကို ဝင်တိုက်လိုက်လေပြီ။

အုန်းးးးးးးးး မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့သော် သူက ခေါင်းချင်းတိုက်ရန် လှုပ်ရှားလိုက်သည်။ အေးစက်စက်အမျိုးသမီး၏မျက်နှာ ပျက်သွားပြီး သူမက နောက်ဆုတ်လိုက်သော်လည်း ထိုအချိန်မှာပဲ မန်ဟို့ညာလက်က မုဒြာလက်ကွက်ဖော်လိုက်ရာ စစ်လက်နက် ပေါ်လာသည်။ စစ်လက်နက်အတွင်းတွင် ကြက်တူရွေးသည် တိတ်ဆိတ်နေ၏။ ကြက်တူရွေးစကားမပြောသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း စစ်လက်နက်အတွင်း၌ ထိန်းမနိုင်သိမ်းမရ ရူးမိုက်နေသောအသွင်ဖြင့် ရှိနေခဲ့သည်။

အသားဂျယ်လီက ချပ်ဝတ်အသွင်ဖြင့် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သွေးခွေးကြီးသည် ဟိန်းဟောက်ရင်း အနီ‌ရောင်ခြုံထည်ဖြစ်လာ၏။ ချပ်ဝတ်က ဖြူစွတ်နေပြီး စစ်လက်နက်က အမျက်‌ဒေါသကို ထုတ်လွှတ်နေသည်။ မိစ္ဆာအရိပ်ကြီးတွင် နီရဲတောက်နေသောမျက်လုံးကြီးများ ရှိပြီး မန်ဟို ဆံပင်များလွင့်လူပျံဝဲလျက် ရပ်နေစဉ် လူသတ်လိုသောအငွေ့များက သူ့ကို ရစ်သိုင်းနေသည်။

အင်မော်တယ်နတ်ဘုရားကမ္ဘာမှ လူအုပ်ကြီးကို သူ ဝင်တိုက်လိုက်သည့်အခါ စစ်လက်နက်သည် တစ်ချက်ဝှေ့လိုက်တိုင်း ရန်သူများကို ခုတ်ပိုင်းနေ၏။ ထို့နောက် နတ်ဆိုးလောကမှ ဗလတောင့်တောင့်လူက လျှောက်လာသည်။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း...

သူသည် ခြေလှမ်းခုနစ်လှမ်းတိတိ လျှောက်လာခဲ့ပြီး တစ်လှမ်းလှမ်းတိုင်း သူ့စွမ်အားက မြင့်သထက် မြင့်တက်သွားသည်။ သူသည် စစ်နတ်ဘုရားကြီးလို မာန်သွင်းဟိန်းဟောက်ရင်း လက်သီးတစ်လုံးဖြင့် မန်ဟို့အနား ချဉ်းကပ်လာ၏။

“နတ်ဘုရားခြေခုနစ်လှမ်း” သူက ဟိန်းဟောက်သည်။

မန်ဟိုက ချာခနဲ လှည်၍ နတ်ဘုရားသုတ်သင်လက်သီးအား ထုတ်လွှတ်လိုက်သည်။

လက်သီးနှစ်လုံး ဆုံသောအခါ ကြောက်မက်ဖွယ်ပေါက်ကွဲအားလှိုင်းကြီးတစ်လုံး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ဗလတောင့်တောင့်လူလည်း ပါးစပ်မှသွေးများ စီးကျလျက် နောက်ဆုတ်လိုက်ရ၏။ သူ နောက်တိုက်ကွက်တစ်ကွက်အတွက် ချဉ်းကပ်ရန် ပြင်လိုက်စဉ် မန်ဟိုက ချာခနဲ လှည့်၍ အင်မော်တယ်နတ်ဘုရားကမ္ဘာသားများကို တိုက်ခိုက်နေကြောင်း သတိထားမိလိုက်သည်။

ထိုလူသည် မျက်မှောင်ကြုတ်ပြီးနောက် အေးစက်စက် နှာမှုတ်လိုက်၏။ ထို့နောက် နတ်ဆိုးလောကသားများသည် အင်မော်တယ်နတ်ဘုရားကမ္ဘာသားများနှင့် မန်ဟို့ကို တိုက်ခိုက်ဖို့ ချီတက်လာကြတော့သည်။

တိုက်ပွဲကား ရုန့်ရင်းဆန်ခတ်ပင်။ မန်ဟိုဖြတ်သွားသမျှနေရာတိုင်းတွင် အလောင်းများ ကျန်ခဲ့သည်။ သူသည် အဆက်မပြတ်ပြောင်းလဲနေသည့် အရှိန်အဝါဖြင့် လျင်မြန်စွာ လှုပ်ရှားနေ၏။ သူ့အရှိန်အဝါမှာ ပထမတစ်စက္ကန့်တွင် သြဇာကြီးမားပြီး နောက်တစ်စက္ကန့်တွင် ကြမ်းကြုတ်ခက်ထန်သွားတတ်သည်။ သူသည် အင်မော်တယ်နတ်ဘုရားကျင့်ကြံသူတစ်ယောက်ကို လှမ်းဆွဲ၍ သူ၏အသွေးအသားများအား ရက်ရက်စက်စက် စုပ်ယူလိုက်၏။ မိစ္ဆာတစ်ကောင်ဖြစ်လာသည်နှင့်အညီ မန်ဟို၏သွေးမိစ္ဆာမဟာမှော်သိုင်းမှာလည်း အတိုင်းထက်အလွန် အင်အားကြီးမား၍ အလေအလွင့်နည်းပါးလာသည်။

မိုးကြိုးဒယ်အိုးက ဖျတ်ခနဲ ပေါ်လာပြီး သူသည် လိပ်ပြာနောက် လိုက်နေသော ကျင့်ကြံသူအုပ်စုရှိရာသို့ မြန်မြန်ဆန်ဆန် နေရာရွှေ့ပြောင်းလိုက်၏။ မန်ဟိုက ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် အင်္ကျီလက်စခါလိုက်ရာ ကျင့်ကြံသူများအား သွေးအန်လိုက်ရစေသည်။ တချို့ဆိုလျှင် ချက်ချင်း အသတ်ခံလိုက်ရပြီး ပြာကျကုန်သည်။

မန်ဟိုမှာ သွေးတို့ရွှဲနေပြီဖြစ်နေသော်လည်း တဟားဟား ရယ်နေသည်။ ရယ်သံထဲတွင် တဟုန်းဟုန်းတောက်နေသော အမျက်မီးနှင့် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေ၏။

လိပ်ပြာ ဝဲထံ ဦးတည်သွားသည့်အခိုက်အတန့်မှစ၍ ယခုအချိန်အထိ အသက်ရှူချိန်အနည်းငယ်မျှသာ ကြာသေးသည်။ သို့သော် ထိုအချိန်အတွင်း မန်ဟိုသည် မည်သူ့မှ လိပ်ပြာအနားမကပ်နိုင်‌အောင် ရန်သူစစ်တပ်တစ်တပ်လုံးကို တစ်ယောက်တည်း ထိန်းထား၏။

“နင် သေချင်နေလား” အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အေးစက်စက်အမျိုးသမီးက ဟိန်းဟောက်သည်။ သူမသည် သတ်ဖြတ်လိုသည့်ဇောအဟုန်ဖြင့် အနှစ်သာရ ၉ ခု ကျင့်ကြံသူသုံးဦးနှင့်အတူ မန်ဟို့ထံ ချဉ်းကပ်လာလေပြီ။

မန်ဟို့မျက်လုံးများက နီရဲတောက်နေသည်။ သူသည် တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ ညာလက်ကို ဝှေ့ယမ်းကာ တောင်များအား ဆင်းသက်လာစေ၏။ အနှစ်သာရအစွမ်းလည်း ထုတ်လွှတ်ခံလိုက်ရသည်။

တစ်ဆက်တည်းမှာပင် အဘိုးအိုသုံးဦးက မန်ဟို့ကို ပစ်မှတ်မထားဘဲ လိပ်ပြာထံ ဦးတည်နေသည်။

သို့သ်ော သူတို့ မန်ဟို့ကို ဖြတ်ကျော်တော့မည့်အချိန်မှာပင် မန်ဟိုက အကျယ်ကြီးအော်ရယ်ပြီးနောက် သူ၏ညာလက်မောင်းကို အားပါပါလွဲလိုက်သည်။

ဟင်းလင်းပြင်သည် တဝုန်းဝုန်းတုန်ခါသွားပြီး အရာအားလုံး လှုပ်ခတ်လာ၏။ ပါရာဂွန်တံတားက အေးစက်စက်အမျိုးသမီးနှင့် အဘိုးအိုသုံးဦး၏အာရုံကို ဆွဲဆောင်ရင်း ပေါ်လာသည်။ သူတို့မျက်နှာပေါ်တွင် ရှုပ်ထွေးသောခံစားချက်များ ပေါ်လာသော်လည်း တခဏလေးပင် မရပ်ကြပေ။ မန်ဟိုက ဟားတိုက်ရယ်သည်။

“အခု ငါ့တာအိုကနေ ငါ့ပါရာဂွန်တံတားကို အပြီးတိုင်ဖယ်ရှားတော့မယ်.... ပေါက်ကွဲလိုက်တော့” မန်ဟို့ရယ်သံကြီး ပဲ့တင်ထပ်နေစဉ် ပါရာဂွန်တံတားမှာ တုန်ရီလာသည်။ အကွဲကြောင်းများက မျက်စိကျိန်းမတတ်တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လျက် တံတားမျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွား၏။ ထို့နောက် တံတားကား ပေါက်ကွဲသွားတော့သည်။

All Chapters