မိသားစုဝင်ဆီသို့ ရောက်ရှိလာသော ဘေးအန္တရာယ်
Vol. 02 Ch. 55
ထန်ရှု မျှော်လင့်ထားသည့်အတိုင်း အတန်း ပြီးသောအခါ သူ၏စားပွဲတွင် အခြား ကျောင်းသားများ ဝန်းရံနေတော့သည်။ သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြသည့်နည်းတူ ထန်ရှု ထိုကဲ့သို့ သန်မာလှသော ခွန်အား မည်ကဲ့သို့ ရရှိလာသည်ကိုလည်း စပ်စုနေကြသည်။ တချို့ကျောင်းသား များသည်လည်း လွန်ခဲ့သော တစ်နှစ်ကျော်က ကားအက်ဆီးဒင့် ဖြစ်မှု၏ အသေးစိတ်အား မေးမြန်းကြသည်။
ကြီးစွာသော လုံ့လစိုက်ထုတ်ကာ ထန်ရှုသည် စိတ်အားထက်သန်ပြီး စပ်စုတတ်သော ကျောင်းသားအဖွဲ့အား သူ့အနားမှ ထွက်သွားစေရန် အချိန်အချို့ပေးလိုက်ရသည်။
“ထန်ရှု ... အိုးရန်ဟိုက်ဖေးရဲ့ အဖွဲ့က ငါတို့ကို လာရှာပြီး လက်စားချေလိမ့်မယ်လို့ နင်ထင်လား” မည်သူမျှ ထန်ရှုစားပွဲ အနားတွင် မရှိတော့ချိန်တွင် ရှေ့တွင် ထိုင်နေသော ချန်းယန်နန်သည် ရုတ်တရက် နောက်သို့ လှည့်လာကာ နူးညံ့စွာ မေးလိုက်သည်။
“ဒီနေ့ အဖြစ်အပျက် နောက်ပိုင်းတော့ ရဲတွေရော ကျောင်းမှာရော လုံခြုံရေး တိုးမြှင့်လိမ့်မယ်လို့ ငါ ထင်တယ်။ သူတို့ ကျောင်းမှာတော့ ပြဿနာရှာဖို့ အခွင့်မရှိပါဘူး” ထန်ရှုသည် တစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီး အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။
“ကျေးဇူးပါ” ထိုစကားအား ကြားသော် ချန်းယန်နန်သည် စိတ်သက်သာရာ ရသွားဟန်ရပြီး တွေဝေနေ ငေးမောနေပြန်သည်။ သူမ၏ ပုံမှန်တုံ့ပြန်မှုမျိုး မဟုတ်သောကြောင့် ချန်းယန်နန်၏ အမူအရာအား ထန်ရှုသည် သေချာစွာ ကြည့်ရှုပြီး အံ့အားသင့် သွားရသည်။ သို့သော်လည်း ချန်းယန်နန်သည် ပုံမှန်အားဖြင့် လွတ်လပ်ပေါ့ပါးစွာ နေတတ်သော်လည်း သူမသည် ၁၈ နှစ်ပင် မပြည့်သေးသော ဆယ်ကျော်သက် မိန်းကလေးသာ ဖြစ်သည်ကို ထန်ရှု သတိရသွားသည်။ လူသတ်သမား တစ်ဦး၏ ရုတ်တရက် ပြန်ပေးဆွဲမှုကို ခံလိုက်ရပြီး သူမ၏အသက်ပင် ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရသောကြောင့် သူမ ကြောက်ရွံ့နေသည်မှာ သဘာဝကျပေသည်။ သူမတင်မကဘဲ အခြားသူများသည်လည်း သူတို့၏ စိတ်ဝိညာဉ်များ တစ်ဝက်သာလျှင် ရှိတော့သည်ဟု ခံစားနေရသည်။
ထန်ရှုသည် ထိုအကြောင်းအား တွေးမိသည်နှင့် သူနှင့်တစ်စားပွဲတည်း ထိုင်သော ယွမ်ချူးလင်အား အမှတ်တမဲ့ ကြည့်လိုက်မိသည်။ သူသည်လည်း ပုံမှန်အခြေအနေနှင့် မတူဘဲ ချောက်ချားစရာ ကောင်းလောက်အောင် တိတ်ဆိတ်လျက် ရှိပေသည်။ ရဲမှတ်တမ်းအတွက် ထွက်ချက်ယူနေစဉ်ကပင် တိတ်ဆိတ်နေခဲ့ပြီး ယခုလည်း ဖြူဖျော့ကာ တွေဝေမိန်းမောလျက် ရှိနေသည်။
“ဖက်တီး ... မင်း အဆင်ပြေရဲ့လား”
ထန်ရှုသည် ယွမ်ချူးလင်အား တွန်းလိုက်ပြီး စိတ်ပူသော အမူအရာဖြင့် မေးလိုက်သည်။
“ငါ ... ငါ ... အဆင်ပြေပါတယ်”
ထန်ရှု၏ ကြမ်းကြမ်းတမ်းတမ်း နှိုးလိုက်မှုကြောင့် ယွမ်ချူးလင် တုန်လှုပ်သွားပြီး
ဘေးပတ်လည်အား အသက်မဲ့သော မျက်ဝန်းများဖြင့် လိုက်ကြည့်လိုက်သည်။ စာသင်ခန်းထဲတွင် ထိုင်နေသည်မှန်း သိသွားမှ ယွမ်ချူးလင် ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။
“ကိစ မရှိတော့ဘူး။ မင်းတီရှပ်မှာ ချွေးတွေ စိုရွှဲနေတာပဲ”
ယွမ်ချူးလင်၏ တုံ့ပြန်မှုအား သေချာစွာ ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။
“ဖက်တီး ... အရာရာ ပြီးသွားခဲ့ပြီ. ငါတို့ အခု ဘေးကင်းနေပါပြီ”
“အစ်ကိုကြီး ... ကျွန်တော့်ကို တစ်ခုလောက် ပြောပြပါ။ လူတစ်ယောက် သေတာ မြင်ရဖို့ ခက်တယ်ဆိုတာ ဟုတ်လား။ လူတစ်ယောက် သေသွားရင် သူ့ရဲ့စိတ်ဝိညာဉ်က တကယ် ထွက်သွားတာလား”
ယွမ်ချူးလင်သည် မဆီမဆိုင် မေးခွန်းများအား မေးလာသည်။
“အွန်း ... ငါတော့ မသိဘူး။ မင်း ပြတင်းပေါက်ကနေ ခုန်ချပြီးတော့ ဘာလို့ သွားမစမ်းကြည့်တာလဲ”
ထန်ရှုသည် သူ၏ခေါင်းအား မှီလိုက်ပြီး တစ်ခဏမျှ တွေးလိုက်ပြီးနောက် အလွန်လေးနက်သော အမူအရာဖြင့် အကြံပေးလိုက်သည်။
“မင်း … သွား သေလိုက်”
ယွမ်ချူးလင်သည် သူ၏ကြောက်လန့်စရာ အခြေအနေမှ ရုန်းထွက်နိုင်ကာစ ရှိသေးသည်။ သူသည် အချိန်အတန်ကြာအောင် မိန်းမောနေရာမှ ထန်ရှု၏ စကားကြောင့် သူ၏စိတ်အခြေအနေ ပြန်ကောင်းမွန်လာခဲ့ပြီး ထန်ရှုအား လက်သီးနှင့် ထိုးလိုက်သည်။
“သွားမသေပါဘူး။ မင်း စိတ်အခြေအနေ ပြင်းထန်နေတာ ငါတွေ့နေရတယ်။ မင်းအတွက် တကယ်ကောင်းမွန်တဲ့ အလုပ် ငါတွေ့ထားတယ်”
ထန်ရှုသည် ယွမ်ချူးလင်၏ လက်သီးအား တားလိုက်ရင်း ပြုံးကာ စလိုက်သည်။
“အစ်ကိုကြီး ... ငါ ခွန်အားကြီးတယ် ရဲရင့်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့မိတယ်။ တစ်နေ့မှာ ငါက သူရဲကောင်း တစ်ယောက် ဖြစ်လာရမယ်လို့ ယုံကြည်ထားတာ။ ဒါပေမဲ့ ကျွန်တော် ရိုက်လိုက်တဲ့ ခုံစောင်းကို လူဆိုးကောင်က ချန်းယန်နန်နဲ့ ကာလိုက်တဲ့အချိန်မှာ အဲဒီလမ်းကြောင်းကို ကျွန်တော် ရပ်လို့လည်းမရ ပြောင်းလို့လည်း မရခဲ့ဘူး။ တကယ်ကို ကျွန်တော် အသုံးမကျဘူးလို့ ခံစားရတယ်”
“အထူးသဖြင့် လူဆိုးက ဓားနဲ့ ကျွန်တော့်ကို ထိုးလိုက်တဲ့အချိန်မှာ ငရဲပဲ။ ကျွန်တော် ဘယ်လောက်တောင် အဲဒီအချိန်မှာ ကြောက်လန့်ခဲ့ရလဲ ဆိုတာကို အစ်ကိုကြီး သိနိုင်မှာ မဟုတ်ဘူး”
“…”
ထန်ရှုသည် သူ့အား အကြိမ်များစွာ စနောက်ပြီးနောက် ယွမ်ချူးလင်သည် သူ၏ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားနေရသည်များကို ဖြည်းညင်းစွာ ဖွင့်ပြောလာခဲ့သည်။
နောက်ဆုံးတွင် ယွမ်ချူးလင်သည် သူ့အား အနှောင့်အယှက် ပေးနေသော လူဆိုးကောင်၏ အရိပ်မည်းအောက်မှ ချိုးဖောက်လာနိုင်သည်ကို မြင်ရတော့မှ ထန်ရှု စိတ်သက်သာခဲ့ရသည်။
သို့သော် သူတို့ရှေ့တွင် ထိုင်နေသည့် ချန်းယန်နန်သည် ယွမ်ချူးလင်၏ စကားအား တိတ်တဆိတ် နားထောင်နေသော်လည်း နောက်သို့ လှည့်မလာခဲ့ပေ။ ယွမ်ချူးလင်အား ထန်ရှု စနောက်နေသည်များကို ကြားရတိုင်း သူမ၏ ကိုယ်လေးသည် သိမ့်သိမ့်တုန်သွားကာ အားရပါးရ ရယ်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။ သို့သော် အတန်းထဲတွင်သာ ရှိနေသေးသောကြောင့် သူမ၏ ရယ်ချင်စိတ်အား အောင့်အည်း ထားနေရသည်။
၄၅ မိနစ်ကြာအောင် စိတ်ဓာတ်ရေးရာ ပြောဆိုဆွေးနွေးခဲ့ ပေးသော ဟန်ကျင်းဝူကြောင့် ကျောင်းသား အများစု၏ ရင်ထဲမှ အကြောက်တရားများ လွင့်ပါးသွား ရသော်လည်း ကျောင်းသားများမှာ စာသင်ခန်းထဲတွင် တွေဝေမိန်းမောလျက် ရှိနေသေးသည်။ အချို့မှာ လူဆိုးကောင်အကြောင်း ပြန်ပြောရင်း စိတ်လှုပ်ရှား နေကြသည်။ ကျောင်းသားများသည် ဟိုဟိုဒီဒီ လုပ်နေကြရင်း အကြောက်တရားများ မောင်းထုတ်နိုင်ကာ စိတ်လှုပ်ရှားမှုများအား စိတ်တည်ငြိမ်အောင် လုပ်နေကြသည်။
လူဆိုးကောင်၏ ကျောင်းအနုကြမ်းစီးသော အကြောင်းသည် ကြယ်တာရာ ပထမအထက်တန်းကျောင်း၏ ယနေ့အဖို့ နံပါတ်တစ် ပြောစရာအကြောင်း ဖြစ်ခဲ့သည်။ တန်းခွဲ-၁၀ ကျောင်းသားများ အထူးသဖြင့် ထန်ရှု၊ ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့သည် အာရုံအစိုက်ခံရသူများ ဖြစ်လာသည်။
သို့သော်လည်း အဓိက ပါဝင်ခဲ့ကြသူများသည် ထိုပြောဆိုမှု စကားဝိုင်းများထဲတွင် မပါဝင်သည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်သည်။ လူဆိုးအဖွဲ့မှ တိုက်ခိုက်လာမှုကို ကာကွယ်ရန်အတွက် လျှို့ဝှက်စောင့်ကြည့်မှု အောက်တွင် သူတို့၏အတွေးများသည် သင်ယူလေ့လာမှု အပေါ်တွင် ပိုမို အာရုံစိုက်လာကြသည်။
အချိန်တစ်ရက်သည် မည်သူမျှ သတိထားမိလိုက်ခြင်း မရှိဘဲ ကုန်ဆုံးသွားသည်။ လူဆိုးအကြောင်း ပြောဆိုသည်များလည်း တဖြည်းဖြည်းနှင့် ကျောင်းအာဏာပိုင်များ၏ သတိထားလှုပ်ရှားမှု အောက်တွင် ကွယ်ပျောက် လာခဲ့သည်။ ကြယ်တာရာ ပထမအထက်တန်းကျောင်း အနီးရှိ လူနေအဆောက်အဦ အတွင်းရှိ လူတစ်ယောက်သည် သူ၏အဝေးကြည့် မှန်ပြောင်းအား အဝေးတစ်နေရာတွင် တင်ထားလိုက်ကာ သူ၏မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ဝင်းဝင်းတောက်လျက် ရှိသည်။
“ရဲသတင်းပေးတစ်ယောက် ပြောတာတော့ တတိယအစ်ကိုကို ထန်ရှုဆိုတဲ့ ကျောင်းသားလေး တစ်ယောက်က သတ်လိုက်တာတဲ့။ ဒီဟာ မဟုတ်ဘူးလို့ ဘာဖြစ်လို့ ငါ ခံစားနေရတာလဲ။ ရဲက ငါတို့ သတင်းပေးအကြောင်း သိသွားလို့ ထောင်ချောက်ဆင်ထားတာပဲ ဖြစ်မယ် ထင်တယ်”
လူအုပ်ကြားထဲမှ မျက်မှန်တပ်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်သည် ထန်ရှု၏ရုပ်ပုံအား ကိုင်လျက် အကြိမ်များစွာ ထပ်ကာ ထပ်ကာ ကြည့်လိုက်ပြီးနောက် ဘေးသို့ ပစ်လိုက်ကာ ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
“တတိယအစ်ကိုရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ကျွန်တော်တို့ထဲမှာ အကောင်းဆုံး မဟုတ်ပေမဲ့ သူရဲ့ခွန်အားက အသန်မာဆုံးဆိုတာ ကျွန်တော်တို့အားလုံး သိနေကြတာပဲ။ ဒီလို အားနည်းတဲ့ အထက်တန်း ကျောင်းသားလေး တစ်ယောက်ရဲ့ လက်ချက်ကြောင့် ဆုံးပါးရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”
ချယ်ရီပန်းသီးရှပ်အင်္ကျီ ဝတ်ဆင်ထားသော လူရွယ် တစ်ယောက်သည်လည်း ဒွိဟဖြစ်နေဟန်ဖြင့် ဝင်ပြောလိုက်သည်။
“မင်းတို့ ခဏစောင့်ကြဦး။ ငါ ဒီလူ ၃ ယောက်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အကြောင်း စုံစမ်းနေတာ ပြည့်စုံသလောက် ဖြစ်နေပြီ”
ဘောင်မပါသော မျက်မှန်ဖြင့် ကွန်ပျူတာ ရိုက်နေသော လူတစ်ယောက်သည် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“တတိယအစ်ကို သေသွားခဲ့ပြီ။ ဘယ်သူပဲ သူ့ကို သတ်သတ် သူ့အတွက် ငါတို့ လက်စားချေမယ်။ အဲဒီလူ ပြန်ပေးဆပ်ရမယ်။ တတိယအစ်ကို သေဆုံးတဲ့ သတင်းကို ရဲတွေ ရည်ရွယ်ချက်ရှိရှိ သတင်းမှာ ထုတ်လွှင့်ကတည်းက ကြယ်တာရာ အထက်တန်းကျောင်းမှာ သူတို့ ထောင်ချောက်တွေ ဆင်ထားတာ ဖြစ်ရမယ်။ ငါတို့က သူတို့နဲ့ ဆန့့်ကျင်ဘက် လှုပ်ရှားရမယ်။ အဲဒီကျောင်းက ကျောင်းသားတွေအပေါ် ဘာလှုပ်ရှားမှုမှ မပြုသင့်ဘူး”
“ဒီငတုံးရဲတွေက သူတို့ထဲမှာ ငါတို့သတင်းပေးတွေ ရှိနေတာ သူတို့ မသိကြဘူး။ သူတို့မျက်စိရှေ့မှာပဲ သူတို့ကို ကစားနေတာ ဘယ်တော့မှ တွေးမိမှာ မဟုတ်လောက်ဘူး။ ငါ အခု ပြောနိုင်တာက သူတို့တွေရဲ့ ထောင်ချောက်ထဲ ငါတို့ဝင်လာဖို့ သူတို့ စောင့်စားနေကြတယ် ဆိုတာကိုပဲ”
အိမ်ထဲရှိ အခြားလူနှစ်ယောက်သည် အဝေးကြည့် မှန်ပြောင်းဖြင့် ကြယ်တာရာ ပထမအထက်တန်းကျောင်းအား ကြည့်နေကြပြီး တန်းခွဲ-၁၀အား အာရုံစိုက်ထားလေသည်။ သူတို့၏ ခန္ဓာကိုယ်မှ အေးစက်သော လေထုများ ထုတ်လွှတ်နေပြီး အေးစက် နက်မှောင်သော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
“ထန်ရှု၊ ယွမ်ချူးလင်၊ ချန်းယန်နန်နဲ့ သူတို့မိသားစုအကြောင်း သတင်းအပြည့်အစုံ ရလာပြီဟေ့။ ငါတို့ ကြည့်လိုက်ကြရအောင်။ ပြီးတော့မှ ဘယ်သူ့ကို ပစ်မှတ်ထားမလဲ ဆိုတာ ပြောကြတာပေါ့”
ရုတ်တရက် ဘောင်မပါသော မျက်မှန်နှင့် လူတစ်ယောက်သည် အေဖိုးစာရွက်များအား ဝှေ့ယမ်းပြလိုက်ပြီး
အခန်းထဲရှိ လူတိုင်းအား ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ ထိုသူ၏ခေါ်သံ ကြားသည်နှင့် လူတိုင်း ပြေးလာကြကာ ပရင့်ထုတ်ထားသော စာရွက်များမှ သတင်းအား ဝိုင်းအုံကြည့်ရှု လိုက်ကြသည်။
“ဒီကောင်မလေးက တကယ်ကို ရဲအရာရှိရဲ့ ညီမလေးကိုး။ ဒါကြောင့် ငါတို့လုပ်ငန်းကို ဝင်နှောင့်ယှက်ရဲတာ အံ့သြစရာ မရှိတော့ဘူးပဲ”
“ထန်ရှုရဲ့ အားကစားအတန်းက ရမှတ်တွေက ကျဆင်းနေတာ အတော်ကြာပြီပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကားအက်ဆီးဒင့် ဖြစ်ခဲ့ပြီး နည်းနည်းလွတ်နေတဲ့ အခြေအနေတဲ့လား”
“ချီးပဲ။ ဒါ သေချာပေါက် ဟိုဖက်တီးပဲ ဖြစ်ရမယ်။ ငါ သေချာပြောရဲတယ်။ သူက ရိုးရှင်းတဲ့ပုံ ပေါ်ပေမဲ့ ပုန်းကွယ်နေတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ထဲက တစ်ယောက်ပဲလို့ ငါ ဘာကြောင့် မတွေးမိရတာလဲ။ သူက သိုင်းနဲ့ တိုက်ကွမ်ဒိုလည်း တတ်မြောက်ထားပြီးတော့ အတော်လေး စွမ်းတယ်”
“…”
လူ ၅ ယောက်သည် ထန်ရှု၊ ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့ အကြောင်းအား ထပ်ကာတလဲလဲ ဖတ်ရှုပြီးနောက် ထန်ရှုနှင့် ချန်းယန်နန် အကြောင်းအား ဘေးချင်းယှဉ်ချလျက် ဆွေးနွေးကြသည်။ ထို့နောက် သူတို့သည် ယွမ်ချူးလင်၏ အကြောင်းအား သေချာစွာ ဖတ်ရှုကြသည်။
ထန်ရှုနှင့် ချန်းယန်နန် အကြောင်းသည် သာမန်သာဖြစ်သည်။ ထန်ရှုသည် နိမ့်ကျသော မိသားစုမှ လာခဲ့ပြီး သူ့တွင် မိခင်ဖြစ်သူ ကျေးလက်တောရွာသူ စုလင်းယွမ်သာ ရှိသည်။ ထို့ပြင် ထန်ရှုသည် ရုပ်ပိုင်းဆိုင်ရာတွင် အားနည်းရုံသာမက သူ၏ဦးနှောက်သည်လည်း ပြဿနာများစွာ ရှိနေသည်။ ထို့ကြောင့် အိုးရန်ဟိုက်ဖေးအား ထန်ရှု သတ်သည်ဆိုသည်မှာ မဖြစ်နိုင်ချေ။ သူတို့အား ထိုကဲ့သို့ လူမျိုးသည် ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။ သည်အကြောင်းပြချက်ဖြင့် သူတို့သည် ထန်ရှု၏မိခင်ကို ဆုံးမမည့် အကြံအစည်အား ဘေးဖယ်လိုက်သည်။
ချန်းယန်နန်တွင် အစ်မဖြစ်သူ တစ်ယောက်သာ ရှိသည်။ သူမသည် တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်ပြီး စစ်တပ်လက်ဝှေ့အား သင်ယူထားသည့်ဟန်ရှိသည်။ သူမ၏ကြိုးစား အားထုတ်မှုသည် အတော်ခရီးပေါက်နေပြီ ဖြစ်သည်။ သို့သော် အိုးရန်ဟိုက်ဖေးသည် သူမအား ယခင်က ဆုံးမနိုင်စွမ်း ရှိသောကြောင့် သူမသည်လည်း အိုးရန်ဟိုက်ဖေးအား သတ်သောသူ မဖြစ်နိုင်ချေ။ ချန်းယန်နန်၏ အစ်မဖြစ်သူသည် ရဲတစ်ယောက် ဖြစ်နေသောကြောင့် လူဆိုးများသည် ရဲရင့်ခဲ့လျှင်တောင်မှ သူတို့၏ ပထမဆုံး တိုက်ခိုက်မှုအား ရဲများနှင့် မစတင်ချင်ခဲ့ပေ။
“ယီးပဲကွာ။ ယွမ်ချူးလင်အဖေရဲ့ အကြောင်းက ရှုပ်ထွေးနေတယ်။ အပေါ်ယံမှာတော့ သူ့ကုမ္ပဏီက အဆင့်မြင့်နည်းပညာ ကုမ္ပဏီတစ်ခုပဲ။ ဒါပေမဲ့ အစိုးရနဲ့ ခွဲမရအောင် ချိတ်ဆက်နေပြီး အမြတ်ငွေက ယွမ်သန်းရာပေါင်းများစွာ ရှိတယ်။ အဲဒါအပြင် လျှို့ဝှက် လှုပ်ရှားမှုတွေအတွက် စစ်တပ်လျှို့ဝှက် အကြံပေးဆိုင်ရာ လုပ်ငန်းလည်း လုပ်ကိုင်တယ်။ သူ့သူ့ကုမ္ပဏီက ဘာတွေ လုပ်တာလဲ”
“ချီးပဲ။ ဆိုးလိုက်တာကွာ။ ဒါကြီးက ပိုကြောက်စရာကောင်းတယ်။ စစ်တပ်ဆိုင်ရာ အကြီးစား ပတ်သက်မှုတွေနဲ့ ငါတို့ လုပ်လို့မရဘူး။ ဒီမှာတော့ သူ့ကို စီးပွားရေး လုပ်ငန်းရှင်လို့ပဲ ပြထားတာ။ အား ... သူ့စီးပွားရေးက စစ်ဆေးပြီး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပေးရတာထက် ပိုလိမ့်မယ်။ မြို့တွေရဲ့ လျှို့ဝှက် စောင့်ကြည့်မှုပညာနဲ့ ချိတ်ဆက်နေလိမ့်မယ်”
“စစ်ဆေး ချိတ်ဆက်တာကတော့ ထားပါတော့ သိသလိုပဲ။ မြို့တွေရဲ့ လျှို့ဝှက် စောင့်ကြည့်မှုပညာနဲ့ ချိတ်ဆက်နေလိမ့်မယ် ဆိုတာက ဘာကြီးတုန်း”
သူတို့သည် ယွမ်ချူးလင်၏ ဖခင်ဖြစ်သူ ယွမ်ကျန်းရွှမ်အကြောင်း ဖတ်ရှုရာတွင် အစစ်အမှန် အခြေအနေအား မဖော်ထုတ်နိုင်ဘဲ ရှိနေသည်။
“ယွမ်ကျန်းရွှန်ရဲ့ဇနီး ကျောင်ကျင်းကလည်း ထူးခြားတဲ့သူပဲ။ ယွမ်ကျန်းရွှမ် မပါဘဲ သူမဘာသာ စက်ကြီးပိုင်း လုပ်ငန်းစုကို တည်ထောင်နိုင်ခဲ့တယ်။ သူမရဲ့အမြတ်ငွေက ယွမ်ကျန်းရွှမ်ကို မယှဉ်နိုင်သေးပေမဲ့ ရေရှည်မှာ အလားအလာရှိတဲ့ လုပ်ငန်းစုအဖြစ် သတ်မှတ်ခြင်း ခံရတယ်”
“ကျောင်ကျင်းက စွမ်းရည်ရှိပြီး စိတ်ဓာတ်ပြင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ယွမ်ကျန်းရွှမ် တခြားမိန်းမ တစ်ယောက်နဲ့ ဖောက်ပြန်နေတယ် ကြားတုန်းက သူမမှာ သက်သေမရှိပေမဲ့ ကျန်းရွှမ်ကို ကွာရှင်းခဲ့တယ်။ ဒီလိုရဲရင့်ပုံက သာမန်အမျိုးသမီးတွေမှာ တွေ့မယ်မထင်ဘူး”
“ဒီနှစ်ယောက်ရဲ့ ဦးနှောက်တွေ ဘယ်လို အလုပ်လုပ်မှန်း ငါတော့ မသိဘူး။ နှစ်ယောက်စလုံးက ခက်ခဲမဲ့ သူချည်းပဲ။ ဘယ်သူက စွမ်းအား ပိုကြီးလဲတောင် နှိုင်းယှဉ်ရတာ ခက်နေပြီ။ သူတို့ဆီက ရမယ့်ပိုက်ဆံက ငါတို့တစ်သက်စာ ဖူလုံနိုင်တယ်။ သူတို့ ၂ ယောက်ကို နှိုင်းယှဉ်ရတာ ရူးချင်လာပြီ”
“ငါတို့ကို ငွေရပေါက်ဖွင့်ပေးတဲ့ သူတို့ကိုပဲ အပြစ်တင်ရတော့မယ်။ အိုကေ။။ ငါတို့ ကျောင်ကျင်းကို ရွေးလိုက်ကြစို့ရဲ့။ သူမကို ငါတို့ ရလာရင် ကျန်းရွှမ်ကိုပါ အလိုအလျောက် ဆွဲဆောင်နိုင်လိမ့်မယ်”
ဆွေးနွေးမှုအပြီးတွင် သူတို့၏ပစ်မှတ်အား ရွေးလိုက်ကြပြီး အစီအစဉ်များ ရေးဆွဲကြလေသည်။
***
ကြယ်တာရာ ပထမအထက်တန်းကျောင်း၏ တန်းခွဲ-၁၀တွင် ထန်ရှုသည် စာဖတ်နေသော်လည်း သူ၏စိတ်သည် အချိန်တိုင်း မေးခွန်းများဖြင့် ရှိနေသည်။ ၎င်းမှာ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့် မဟုတ်ဘဲ ငွေရှာရန် နည်းလမ်းအား စဉ်းစားနေခြင်းကြောင့် ဖြစ်သည်။
ထန်ရှုသည် ကျောင်းနှင့် ပြည်နယ် စာကြည့်တိုက်တွင် သူ၏အချိန်များအား လဝက်နီးပါး သုံးခဲ့သောကြောင့် စာအုပ်အကုန်လုံးနီးပါး ဖတ်ရှုခဲ့ပြီးဖြစ်သည်။ ထိုကြောင့် သူ၏ဦးနှောက်ထဲတွင် အချက်အလက် အပြည့်အစုံ ရှိနေသည်။ အင်မောတယ်ကမ္ဘာမှ ဆေးဖော်စပ်နည်းများနှင့် အတွေ့အကြုံများ၊ လိုအပ်သော ဆေးပင်များနှင့် ပစ္စည်းများ၊ အစားထိုးနိုင်မည့် ကမ္ဘာမြေပေါ်မှ ပစ္စည်းများ စသည်တို့အား စဉ်းစား သုံးသပ်ရန်သာ လိုအပ်သည်။ ထိုအထဲမှ မည်သည့် ဆေးနည်းများသည် ကမ္ဘာမြေပေါ်တွင် ဖော်စပ်လို့ရနိုင်ပြီး ထိုအထဲမှ မည်သည်သည် သူ့အတွက် အမြတ်အစွန်းများစွာ ရရှိစေပါအံ့နည်း။
***