ပြင်းပြသည့်ဆန္ဒ
Vol. 02 Ch. 58
လုံကျန့်ယုသည် အတွေးထဲ နစ်မြုပ်နေသောကြောင့် ချူယီနှင့် ပိုင်ထောင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြီး အဖြေရှာနေကြသည်။ လုံကျန်ယု တန်ဖိုးထားသော ထိုလူငယ်လေးနှင့် ဖုန်းပြောခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သူတို့ ပြောနိုင်သည်။
“သခင်လေး လုံ ... ဘာဖြစ်လို့လဲ”
ပိုင်ထောင်သည် ဘွင်းဘွင်း ရှင်းရှင်းသမား ဖြစ်သောကြောင့် တိုက်ရိုက်ပင် မေးလိုက်သည်။
လုံကျန့်ယုသည် ဖြည်းညင်းစွာ ဖြေလိုက်သည်။
“သူက စီးပွားရေး လုပ်ချင်နေပြီး ကျွမ်းကျင်အဆင့် မန်နေဂျာ တစ်ယောက်ကို ရှာပေးဖို့ ငါ့ကို အကူအညီ တောင်းတယ်။ ကြယ်တာရာမြို့မှာ ဘယ်ကျွမ်းကျင်အဆင့် မန်နေဂျာ တစ်ယောက်ကများ အမှားအယွင်းမရှိ စီမံခန့်ခွဲနိုင်မလဲလို့ ငါ စဉ်းစားနေတာ”
ပိုင်ထောင် ပြုံးပြီး ပြန်ပြောလိုက်သည်။
“ဒီဟာက လုပ်ဖို့လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးလား။ ငါ့ကို လွှဲလိုက်စမ်းပါ ပေကျင်းကနေ ငါ ရှာလာပါမယ်”
ရင့်ကျက်သူ တစ်ယောက်ဖြစ်သော ချူယီကမူ သေသေချာချာ တွေးတောနေသည်။ သူတို့နှစ်ယောက် ပြောသောစကားများအား ကြားရပြီး သူ၏အမူအရာသည် မသိမသာ လှုပ်ရှားသွားကာ ထန်ရှုကို စမ်းသပ်လိုသော အတွေးတစ်စ ပေါ်ထွက်လာလေသည်။ ထို့နောက် သူသည် အပြုံးခပ်ဖွဖွဖြင့် ပြောလိုက်သည်။
“ဟေး ... ခန်းရှဆို ဘယ်လိုနေမလဲ။ ထန်ရှုက သခင်လေးလုံ ပြောတဲ့အတိုင်း မှန်တယ်ဆိုရင် သူ ခန်းရှကို အလုပ်ခန့်ဖို့ ပြဿနာ မရှိလောက်ဘူး ထင်တယ်”
“ခန်းရှလား”
ပိုင်ထောင် အသံကျယ်ကြီးနှင့် အော်လိုက်သည်။
လုံကျန့်ယုသည် သည် “ခန်းရှ”ဆိုသော အမည်အား ရင်းနှီးနေသလို ရှိသည်ဟု ခံစားရသော်လည်း မည်သည့်နေရာတွင် ကြားခဲ့မှန်း သူ မမှတ်မိချေ။ ခဏကြာ ဇဝေဇဝါ ဖြစ်ပြီးနောက် သူ မေးလိုက်တော့သည်။
“ဒီ ခန်းရှ ဆိုတာက…”
ပိုင်ထောင်သည် သူ၏တံတွေးအား အသည်းအသန် မျိုချလိုက်ပြီး မချိုမချဉ်ပြုံးကာ ဖြေလိုက်သည်။
“သူမက ပြည်တွင်းမှာ ထူးချွန်တဲ့ ကျွမ်းကျင်အဆင့် မန်နေဂျာတွေထဲက တစ်ယောက်ပဲ။ အာ … ဘယ်ဟုတ်မလဲ။ သူမက ကမ္ဘာ့အဆင့်အတန်း မန်နေဂျာတွေ ထက်တောင် ပိုသေးတယ်။
သူမက ကမ္ဘာ့ငွေကြေးဆိုင်ရာ ဝေါစထရိကနေ လွန်ခဲ့ ၃နှစ်လောက်က ပြန်လာခဲ့တာ။ အဲဒီနောက် ဖန်ဂရုက သူမကို လစာအများကြီးနဲ့ စာချုပ် ချုပ်ခဲ့တယ်။ သူမ တာဝန်ယူ ပြီးသွားတဲ့နောက် ၃နှစ်အတွင်း ကုမ္ပဏီကို ၄ဆ ကြီးထားလာအောင် တိုးချဲ့နိုင်ခဲ့တယ်”
“ပြီးခဲ့တဲ့၂လက ဖန်ဂရုရဲ့ ဒုတိယ သခင်လေးဖြစ်တဲ့ ပေကျင်းရဲ့ကံဆိုးတဲ့ သခင်လေးဖန်က သူမကို ပျက်စီးဖို့ အမြဲတမ်း ဆွဲဆောင်နေတာ။ ဆေးဝါးနဲ့တောင်မှ ကြိုးစားသေးတယ်။ သူ ကျဆုံးပြီး အဲဒါက ခန်းရှကို ဒေါသ ဖြစ်စေတယ်လေ။ သူမက အုပ်စုစီအီးအိုကနေ တိုက်ရိုက် အလုပ်ထွက်ခဲ့တယ်။ အဲဒီ ဒုတိယသခင်လေး ဖန်လည်း ဖန်မိသားစု ခေါင်းဆောင်ရဲ့ရိုက်နှက်တာကို ခံရပြီး ခုထိ အိပ်ရာထဲ လဲနေတုန်းပဲ”
“လူတွေ စိတ်လှုပ်ရှားတာ ဖြစ်စေတဲ့ အံ့သြစရာ အကောင်းဆုံးအချက်က ခန်းရှ ဖန်လုပ်ငန်းစုကနေ ထွက်တော့ လူတိုင်းက သူမကို အလုပ်ခန့်ဖို့ အခွင့်အရေးတစ်ခုပဲလို့ တွေးကြတယ်။ ဒါပေမဲ့ ငွေဘယ်လောက်ပဲပေးပေး ဘယ်လို အဓိပ္ပာယ်ပဲရှိရှိ သူမက အားလုံးကို ငြင်းဆန်ခဲ့တယ်။ ငါ့အဖေဆို မိသားစုရှယ်ယာရဲ့၁ဝ% ပေးမယ်လို့ ကတိပေးတာတောင်မှ သူမက တုတ်တုတ်မှ မလှုပ်ခဲ့ဘူး”
လုံကျန့်ယုသည် အံ့သြလွန်းသဖြင့် မျက်လုံးအဝိုင်းသား ဖြစ်နေသည်။ ပိုင်မိသားစု၏ ပိုင်ဆိုင်မှု မည်မျှကြီးမားသည် ဆိုသည်ကို အခြားသူများ မသိနိုင်သော်လည်း သူသည် ရှင်းရှင်းလင်းလင်း သိသည်။ သူတို့ရှယ်ယာ၏၁ဝ%သည် ဂဏန်း၁ဝလုံးနှင့် ညီမျှသည်။
“အဲဒါ သူမလား”
လုံကျန့်ယု မှတ်မိသွားပြီ ဖြစ်သည်။
ချူယီသည် ခပ်ဖွဖွ ရယ်မောကာ
“ဟုတ်တယ်။ သူမကို အလုပ်ခန့်နိုင်ဖို့က ထန်ရှုရဲ့ စွမ်းရည်အပေါ် မူတည်တယ်။ သူသာ သူမကို နိုင်ခဲ့ရင် ငါသေချာပေါက် ယုံကြည်မယ်။ နို့မဟုတ်ရင်တော့ ငါတို့ သတိပြုမိဖို့ ဒါက လိုအပ်တယ်လို့ ငါမထင်ဘူး”
လုံကျန့်ယုသည် မျက်စိစွေပြီး ကြည့်လိုက်သည်။ သူသည် အခြားသူများ၏ ရုပ်ရည်သွင်ပြင် အကျင့်စရိုက်တို့အား ဆုံးဖြတ်ရာတွင် အလွန်တော်သည်။ သို့သော် ထန်ရှုအား အကုန်မမြင်နိုင်ခဲ့ပေ။ သူ့အနေဖြင့် အနည်းအကျဉ်းသာ ထန်ရှုအား သိသော်လည်း သူ၏ရင်ထဲတွင် ဖော်မပြနိုင်သော ချစ်ခင်လေးစားမှု ရှိသည်။ သူ ခိုင်မာစွာ တုံ့ပြန်လိုက်သည်။
“သူမကို သူနိုင်မယ်လို့ ငါ ယုံတယ်”
၂ရက် လွန်ပြီးသော်
ထိုအတောအတွင်း ထန်ရှုသည် ဘန်ရှို၊ ဒင်ဇီနှင့် အခြားသူများအား ပစ္စည်းအများအပြား ဝယ်ဖို့ ကူညီရန် စေခိုင်းခဲ့သည်။ ထိုဝယ်သမျှ အားလုံးကိုလည်း သူ၏လျှို့ဝှက်နေရာသို့ ပေးပို့ခိုင်းခဲ့သည်။ သူသည် ထိုနှစ်ရက်တွင် ရာပေါင်းများစွာသော စမ်းသပ်မှု၊ စစ်ဆေးမှုများအား ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် အသားအရေ ကျန်းမာရေးဆိုင်ရာ ထုတ်ကုန် ဖော်မြူလာများနှင့် ထုတ်လုပ်မှုအဆင့်များအား ဖန်တီးရေးဆွဲ နိုင်ခဲ့သည်။
အသားအရေ လိမ်းဆေး
အမာရွတ် ဖျောက်ဆေး
ထိုအမည်များသည် ထုတ်ကုန်၂ခုအား ထန်ရှု ပေးလိုက်ခြင်း ဖြစ်သည်။
အသားအရေ လိမ်းဆေးတွင် စွမ်းအားကောင်းသော အသားဖြူခြင်းနှင့် အစိုဓာတ် ဖြည့်တင်းခြင်းတို့ ပါဝင်သည်။ ထိုလိမ်းဆေးသည် ဈေးကြီးသော အဆင့်မြင့် အသားဖြူလိမ်းဆေး အလှကုန်များထက် ၁ဝဆ ပိုမို အစွမ်းထက်ပေသည်။
အမာရွတ် ဖျောက်ဆေးသည် အမာရွတ်များအား ပျောက်ကင်းကာ အသားအရေ ပြန်လည်ကောင်းမွန် လာစေသည့်နည်းတူ တင်းတိတ်နှင့် ဝက်ခြံများကိုလည်း သက်သာပျောက်ကင်း စေသည်။
ထိုထုတ်ကုန်၂ခုသာ ဈေးကွက်သို့ ဖြန့်လိုက်ပါက ကြီးစွာသော စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ ယုံကြည်သည်။ ယခုအချိန်သည် လူအများသည် ရုပ်ရည်သွင်ပြင် အပြင်အဆင်ကိုသာမက အမာရွတ်များ မရှိရန်အတွက်ပါ ဂရုစိုက်ကြသောကြောင့် သည်ထုတ်ကုန်၂ခုသည် ထိုသူတို့အား သေချာပေါက် ဆွဲဆောင်နိုင်ပေ လိမ့်မည်။
နောက်ဆုံး လိုအပ်ချက်သည် မတည်ငွေရှာရန် ဖြစ်သည်။ ကုမ္ပဏီ မှတ်ပုံတင်ရန်၊ စက်ရုံတည်ဆောက်ရန်၊ အရောင်းမြှင့်တင်ရန်၊ ဈေးကွက်ရှာဖွေရန် … စသောကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော အခြေခံ မတည်ငွေပင် သူ့တွင် မရှိချေ။
***
ကြယ်တာရာ ရွှေရောင်အင်ပါယာ အိမ်ရာဝင်းဒေသသည် အိမ်ရာဝင်းသည် ကြယ်တာရာမြို့၏ အကောင်းအိမ်ရာဝင်းဆုံး ဗီလာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သူဋ္ဌေးများနှင့် လေးစားထိုက်သော သူများသာ နေကြသည်။ သည်နေရာတွင် နေထိုင်သော သူတစ်ယောက်စီတိုင်းသည် ကြယ်တာရာမြို့ကိုပင် ကိုင်လှုပ်နိုင်စွမ်းရှိသူများ ဖြစ်ကြသည်။
ထိုအထဲရှိ အိမ်တစ်လုံးထဲတွင် တင်းမာသော မျက်နှာထားနှင့် ယွမ်ကျန်းရွှမ်သည် သူ့ရှေ့တွင် ရှိနေသော ဝတ်စုံပြည့်နှင့် လူ၄ယောက်အား အေးစက်စွာ စိုက်ကြည့်နေသည်။
“၂ရက်တောင်ရှိပြီကွ။ မင်းတို့ ဒီလောက်တောင် အသုံးမကျဘူးလား။ ထပ်ရှာကြစမ်း။ ကြယ်တာရာမြို့တစ်ခုလုံး မြေလှန်ရှာရမယ် ဆိုရင်တောင် ငါ့ဇနီး ဘယ်မှာရှိလဲဆိုတာ မင်းတို့တွေ့အောင် ရှာရမယ်”
“ဟုတ်ကဲ့”
လူ၄ယောက်စလုံး အလေးအနက်ထားကာ ဖြေလိုက်သည်။
ထိုအချိန်မှာပင် ဘလေဇာအင်္ကျီ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးသည် ခန်းမထဲသို့ လျှောက်လာပြီး ပြောလိုက်သည်။
“ဆရာယွမ် … ပြည်သူ့လုံခြုံရေးဗျူရိုက ဒါရိုက်တာ သန်ကျန်းမင်နဲ့ မှုခင်းဆိုင်ရာရဲ အဖွဲ့ရဲ့ခေါင်းဆောင် ချန်းရွှဲ့မေတို့ ရောက်လာပါတယ်။ အပြင်မှာ စောင့်နေကြပါတယ်”
ယွမ်ကျန်းရွှမ်၏ အမူအရာ ပြောင်းသွားပြီး လေးနက်သောအသံဖြင့် မြန်မြန်ပြောလိုက်သည်။
“သူတို့ကို အထဲ အမြန်ခေါ်လာခဲ့ပါ”
မကြာမီ…
သန်ကျန်းမင်သည် စိတ်ဆိုးနေသော အမူအရာဖြင့် ချန်းရွှဲ့မေနှင့်အတူ ခန်းမထဲ ဝင်ရောက်လာပြီး သူတို့၏ အမူအရာများမှ တစ်ဆင့် သူတို့၏ဒေါသများအား မြင်နိုင်ပေသည်။
ယွမ်ကျန်းရွှမ်သည် သူတို့၏ အမူအရာများအား မြင်သောအခါ သူ၏စိတ်များ လေးလံသွားရကာ မေးလိုက်သည်။
“ဒါရိုက်တာ သန် ... အခြေအနေ ထူးလို့လား”
သန်ကျန်းမင်သည် ခါးသီးနေသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။
“စုံစမ်းပြီးတဲ့နောက်မှာ အဲဒီပြန်ပေးသမားတွေရဲ့ အချက်အလက်တွေ ငါတို့မှာ ရှိနေပြီ။ သူတို့က အေအဆင့် တရားခံတွေပဲ။ လူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေ ကုန်ကူးနေတဲ့သူတွေ ဖြစ်တဲ့အပြင် ငါတို့ စစ်ဆင်ရေးမှာလည်း အလိုက်ခံနေရတဲ့သူတွေ။ သူတို့ ဘယ်နေရာမှာ ရှိလဲဆိုတာ ငါတို့မရှာနိုင်သေးပေမဲ့ စစ်ဆေးတဲ့နေရာ အသီးသီးမှာ ငါတို့လူတွေ ချထားတဲ့အတွက် သူတို့က ဒီမြို့ထဲမှာပဲ ရှိသေးတယ်ဆိုတာ ငါတို့ သေချာပြောနိုင်တယ်”
ယွမ်ကျန်းရွှမ် စိတ်မရှည်နိုင်အောင် ဖြစ်နေရသော်လည်း အတွေ့အကြုံ ရင့်ကျက်ပြီး အခက်အခဲများစွာကို ဖြတ်ကျော်လာသောသူ တစ်ယောက်ပီပီ ကြိုးစားထိန်းချုပ် ထားသည့်တိုင်အောင် သူ၏စိတ်ခံစားမှုအား ဖိနှိပ်ရန် ခက်ခဲနေပေသည်။ အချိန်အနည်းငယ် ကြာအောင် တိတ်ဆိတ်နေပြီးမှ သူသည် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဒါရိုက်တာသန် ... ကျွန်တော်တော့ နားမလည်တော့ဘူး။ သူတို့က ကိုယ်တွင်းအင်္ဂါ ကုန်ကူးတဲ့အဖွဲ့ဖြစ်ပြီး ကျွန်တော်တို့နဲ့လည်း ဘာပြဿနာမှ မရှိပဲနဲ့ ဘာကြောင့် ကျွန်တော့်ဇနီးကို ရုတ်တရက် ပြန်ပေးဆွဲသွားတာလဲ”
သန်ကျန်းမင်နှင့် ချန်းရွှဲ့မေတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ ပြီးနောက် ချန်းရွှဲ့မေက ယမန်နေ့က ကြယ်တာရာပထမ အထက်တန်းကျောင်းတွင် ကျောင်းသားများ ပြန်ပေးဆွဲခံရသည့် အကြောင်းနှင့် ယွမ်ချူးလင်တို့ ကျောင်းသား၂ယောက်မှ ရဲရဲရင့်ရင့် စွန့်စားပြီး ကယ်တင်ရန် ကြိုးစားရာမှ ထိုပြန်ပေးဆွဲသူ သေဆုံးသွားကြောင်း ပြောပြကာ ဇနီးသည် ပြန်ပေးဆွဲခံရမှုသည် ယွမ်ချူးလင်နှင့် ပတ်သက်နိုင်သည်ဟု ထင်မြင်ယူဆကြောင်း ပြောပြလိုက်သည်။
“လင်အာကလား”
ယွမ်ကျန်းရွှမ်သည် မယုံကြည်နိုင်သော အမူအရာဖြင့် အော်ပြောလိုက်သည်။
“ဒါ မဖြစ်နိုင်ဘူး။ ကျွန်တော့်သားက တစ်စုံတစ်ယောက်ကို သတ်တာ မဖြစ်နိုင်ဘူး”
“အမှန်အတိုင်း ပြောရရင် အဲဒီလူကို သတ်တာ ယွမ်ချူးလင် မဟုတ်ပါဘူး။ သူနဲ့ အတူ ထွက်တိုက်တဲ့ အခြား ကျောင်းသားလေးပါ”
ယွမ်ကျန်းရွှမ်သည် သူ၏ဖုန်းကာ ထုတ်ကာ ယွမ်ချူးလင်ဆီသို့ ဆက်ရန် ဟန်ပြင်လိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ရာအား သဘောပေါက် သွားသည့်အလား သူ၏သက်တော်စောင့် ၄ယောက်အား ကြည့်လိုက်ပြီးနောက် လေးနက်စွာဖြင့် ပြောလိုက်သည်။
“မင်းတို့အားလုံး ကျောင်းကို အမြန်သွားပြီး ငါ့သားကို ခေါ်လာခဲ့ကြ။ ဘာအကြောင်းပဲရှိရှိ သူဘေးကင်းအောင် သေချာခေါ်လာခဲ့”
“ဟုတ်ကဲ့ ဘော့စ်”
သက်တော်စောင့် ၄ယောက် ချက်ချင်း ထွက်သွားကြသည်။
***
ကြယ်တာရာပထမ အထက်တန်းကျောင်း အနီးရှိ လူနေအဆောက်အဦ
ထန်ရှုသည် လူနေအဆောက်အဦထဲရှိ ရှုပ်ပွနေသော အခန်းလေးအား ကြည့်နေရင်း ကျေနပ်နှစ်သိမ့်နေသော ခံစားမှုသည် ရုတ်တရက် သူ၏ရင်တွင်းထဲ၌ ဖွဲ့တည်လာခဲ့သည်။ နှစ်ပေါင်းတစ်သောင်း အင်မော်တယ် ကမ္ဘာတွင် ရှိစဉ်အခါက သူလိုသမျှ အရာရာအား ဆောင်ရွက်ပေးနေသော လူများစွာရှိသောကြောင့် ယခုကဲ့သို့ အသေးအမွှား ကိစ္စရပ်လေးများအား ဂရုစိုက်ရန် မလိုခဲ့ပေ။
“အာ ... မဟုတ်သေးဘူး”
ထန်ရှု၏အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏အမြင်နှင့် စိတ်ခံစားမှုတို့သည် များစွာပြောင်းလဲ သွားကြောင်း သူ ရှင်းရှင်းလင်းလင်း သိလိုက်သည်။ ယခင်ဘဝတုန်းက သူ့တွင်ရှိနေခဲ့သော စိတ်နေသဘောထား အရာရာသည် ပြောင်းလဲနေခဲ့သည်။ ယခု ကမ္ဘာကြီးတွင် သူ နေထိုင်စဉ်တွင် သာမန်လူသား တစ်ယောက်ကဲ့သို့ စိတ်ခံစားမှုအမျိုးမျိုး၏ လွှမ်းမိုးမှုအား သူသည် ခံနေရပေသည်။
အပေါ်ထပ်အခန်းတွင် မိန်းမချော ချောသူသည် တန်းခွဲ-၁ဝမှ ယွမ်ချူးလင်အား အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်နေခဲ့သည်။
“ထန်ကြွက်စုတ် ထွက်သွားတယ်လို့ မင်းပြောတယ် မဟုတ်လား။ အဲဒီနေ့ကတည်းက ထွက်သွားတာခုထိ ကျောင်းပြန်မတက်သေးဘူး။ ဒီကြွက်စုတ် တတိယ အစ်ကိုကြောင့် ကြောက်သွားတာများ ဖြစ်လေမလား”
ဘောင်မပါသော မျက်မှန်နှင့်လူသည် ကီးဘုတ်ပေါ်တွင် သူ၏ လက်ချောင်းလေးများအား ပြေးလွှားလှုပ်ရှားနေရင်း မပြတ်သားသော ဗွီဒီယိုမျက်နှာပြင်အား ဖွင့်ထားလေသည်။ ဒါဇင်ပေါင်းများစွာသော မြင်ကွင်းများသည် သူ၏ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ပြသနေပြီး ထိုမြင်ကွင်းများသည် ကြယ်တာရာပထမ အထက်တန်းကျောင်းအား ပတ်ပတ်လည်မှ စောင့်ကြည့်ရန် တပ်ဆင်ထားသော စုံစမ်းထောက်လှမ်းရေး ကင်မရာများမှပင် ဖြစ်တော့သည်။ ထိုအချင်းအရာသည် မြို့တော်လမ်းကြောင်းများ အတွက် ရဲများစောင့်ကြည့်သည့် စနစ်အား ထိုသူသည် ကွန်ပျူတာဖြင့် ရယူနှောင့်ယှက် ထားသည့်ဟန် ရှိသည်။
“သူက ကြွက်စုတ် သာသာပါပဲကွာ။ ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးတော့ သွေးမြင်ပြီး လန့်သွားတာနေမှာပေါ့။ ဒီထန်ကြွက်စုတ်က ဦးနှောက် ကျပ်မပြည့်တဲ့ ကောင်လေးပဲဟာကို။ သူ့ကို ခေါက်ထားလိုက်။ ငါတို့ အချိန်တွေ ပုပ်တယ်။ ငါစိတ်ဝင်စားနေတာက ပြည်သူ့လုံခြုံရေး ဗျူရိုက လူအတွေ ဘယ်အချိန် တပ်ခေါက်ပြီး ကျောင်းကို စောင့်ကြည့်တာ ရပ်သွားမလဲ ဆိုတာကိုပဲ”
မိန်းမချော ချောသူက ရယ်မောကာ
“ဒီငတုံးရဲတွေ ဒီရက်အတွင်း ကျောင်းကို လာစုံစမ်းတာ ၄ကြီမ်ရှိနေပြီ။ အခေါက်တိုင်းလည်း သူတို့မျက်နှာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အမူအရာတွေနဲ့ချည်းပဲ။ ငါတကယ်ကို ရယ်ချင်နေခဲ့တာ။ ငါ မင်းကို ပြောမယ်…”
ရုတ်တရက်…
မိန်းမချော ချောသူသည် စကားတစ်ဝက် တစ်ပျက်နှင့် ရပ်သွားပြီး ကျောင်းအား မှန်ပြောင်းဖြင့် သေချာစွာ ကြည့်နေပေသည်။
“ဘာဖြစ်ပြန်ပြီလဲ”
ဘောင်မပါသော မျက်မှန်နှင့်လူသည် မျက်မှောင်ကြုတ်သွားကာ ကွန်ပျုတာအား ပိတ်လိုက်သည်။
မိန်းမချော ချောသူသည် သရော်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ ယွမ်ကျန်းရွှမ်က သူ့ဇနီးဟောင်းနဲ့ သားကို ဂရုစိုက်သေးသားပဲ။ မျှော်လင့်မထားမိဘူး သူ့ရဲ့ သက်တော်စောင့် ၄ယောက်ကို ကျောင်းကို လွှတ်ပြီး သူ့သားကို ခေါ်ခိုင်းလိမ့်မယ်လို့။ ဒီငတုံးရဲတွေက ကျောင်းမှာဖြစ်တဲ့ အကြောင်းတွေကို ယွမ်ကျန်းရွှမ်ကို ပြောလိုက်တယ်လို့ ငါ သေချာပေါက် ပြောရဲတယ်”
ဘောင်မပါသော မျက်မှန်နှင့်လူသည် လှောင်ရယ်ရယ်လျက်
“ငါတို့ အရည်အချင်းနဲ့ဆို ဒီငတုံးရဲတွေက ဘယ်ယှဉ်နိုင်ပါ့မလဲ။ ယွမ်ချူးလင် အိမ်ပြန်မယ်ဆိုရင် ငါတို့ ဒီမှာ စောင့်ကြည့်စရာ အကြောင်းမရှိတော့ဘူး။ ငါတို့လည်း ပြန်ကြမယ်”
“ကောင်းတယ်”
ကြယ်တာရာ ပထမ အထက်တန်းကျောင်း တန်းခွဲ-၁ဝ
ယွမ်ချူးလင်သည် သူ၏ခဲသားဘောပင်အား ပျင်းရိစွာ ဆော့ကစားနေလေသည်။ အချိန်နှင့်အမျှ သူ၏အကြည့်များသည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းလှမ်းကြည့်နေသည်။ ယွမ်ချူးလင် တန်းခွဲ-၁ဝသို့ အဓိက လာရသည့် အကြောင်းရင်းသည် ထန်ရှုကြောင့် ဖြစ်သည်။ သို့သော် ထန်ရှုသည် ဒီရက်ပိုင်းများတွင် အတန်းပျက်နေပြီး သူ့အား တစ်ယောက်တည်း ထားခဲ့သောကြောင့် မည်သူနှင့်မှ စကားပြောစရာ မရှိဘဲ ပျင်းစရာ ကောင်းနေပေသည်။
“ယွမ်ချူးလင် ... ထွက်လာခဲ့ဦး”
တန်းခွဲ-၁ဝ၏ အတန်းပိုင်ဆရာမ ဟန်ကျင်းဝူသည် စာသင်ခန်း တံခါးဝတွင် ပေါ်လာပြီး သူ့အား လှမ်းခေါ်လိုက်သဖြင့် ယွမ်ချူးလင်သည် တစ်ခဏမျှ အံ့သြသွားရပြီး ထရပ်လိုက်ကာ သူမဆီ လျှောက်သွားလိုက်လေသည်။ သူ မေးတော့မည့်ဆဲဆဲတွင် ဟန်ကျင်းဝူ၏ နောက်ဘက်တွင် ဖခင်ဖြစ်သူ၏ သက်တော်စောင့် ၄ယောက်အား ရဲယူနီဖောင်း ဝတ်ထားသော ချန်းရွှဲ့မေနှင့်အတူ တွေ့လိုက်ရသောကြောင့် သူ၏အမူအရာ ပြောင်းလဲသွားသည်။ ချန်းရွှဲ့မေသည် ရဲမှုခင်းတပ်ဖွဲ့၏ ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် အရေးကြီးသော အမှုများအား ကိုင်တွယ်ဖြေရှင်းရသူ တစ်ယောက်မှန်း သူ သိသည်။
မတော်တဆ အမှုတစ်ခုခု ဖြစ်ပွားနေသည်ပဲ ဖြစ်ရမည်။
ဖြစ်ပွားသည့်အမှုသည် သူ၏မိသားစုနှင့် သက်ဆိုင်နေခြင်းပေလား။
“ယွမ်ချူးလင် နင့်အမေ ပြန်ပေးဆွဲ ခံထားရတယ်။ ငါတို့နဲ့ နင့်အဖေဆီကို လိုက်ခဲ့ပါ”
ချန်းရွှဲ့မေမှ ဦးဆောင်ခေါ်သွားရင်း ပြောပြသည်။
ယွမ်ချူးလင် ပင့်သက်ရှိုက်လိုက်ရင်း အမြန်မေးလိုက်သည်။
“အဲဒါ ဘယ်သူလုပ်တာလဲ”
“သွားကြစို့။ သွားရင်းနဲ့ လမ်းမှာ ပြောပြမယ်”
လူနေအဆောက်အဦတွင် ထန်ရှုသည် သူ ယာယီနေထိုင်သော အခန်းအား ရှင်းလင်းနေရင်း အပေါ်ထပ်အခန်းမှ လူနှစ်ယောက်သည် သူတို့၏ပစ္စည်းများအား သိမ်းကာ အခန်းမှ ထွက်ခွာရန် ပြင်နေသည်ကို သိရှိသွားသည်။
“ဒီလူဆိုးတွေကို ရှင်းဖို့ အချိန်ကျပြီပဲ”
တွေဝေခြင်းမရှိဘဲ ထိုလူ၂ယောက်နောက်မှ ထန်ရှုသည် နောက်ယောင်ခံ လိုက်သွားတော့သည်။
***