← Chapters

အရူးအပေါတစ်ယောက်ကလွဲပြီး ဘာမျှ မရှိ

Vol. 02 Ch. 60

အရူးအပေါတစ်ယောက်ကလွဲပြီး ဘာမျှ မရှိ

Vol. 02 Ch. 60

ထောင့်တစ်နေရာတွင် ဖမ်းချုပ်ထားခြင်း ခံထားရသော ကျောင်ကျင်းသည်  မိန်းမချော ချောသောသူနှင့် ဘောင်မပါသော မျက်မှန်နှင့်လူတို့ ပြောနေကြသည့် စကားများအား ကြားနေရသဖြင့် သူမ၏ရင်ထဲတွင် ကြောက်ရွံ့ ထိတ်လန့်မှုကြီးစွာ ဖြစ်လာရသည်။ ထိုလူများ၏ လှုပ်ရှားမှုများနှင့် ရက်စက် ကြမ်းကြုတ်မှုများအား သူမသည် မျက်မြင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ တစ်နေ့သောအချိန်၌ သူမသည် အဖမ်းခံရပြီး သည်နေရာသို့ ခေါ်ဆောင်ခံလာရသည်။ မိန်းမပျိုလေး တစ်ယောက် ဖျက်ဆီးခံရပြီးနောက် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင်  ဖြတ်တောက်ခံရသည်ကို သူမမြင်တွေ့ခဲ့ရပြီး ထိတ်လန့် ကြောက်ရွံ့မှုအား ယနေ့တိုင်  ခံစားနေခဲ့ရသည်။

သူမ ဆုတောင်းခဲ့သည်။

သူမ၏ယောက်ျား ယွမ်ကျန်းရွှမ်ဖြစ်ဖြစ် ရဲများမှဖြစ်ဖြစ် သူမအား ရှာတွေ့နိုင်ကြပြီး ကယ်တင်နိုင်ရန် သူမ ဆုတောင်းခဲ့သည်။ သို့သော်လည်း ထိုလူများ၏ပြောစကားများအရ သူမအား ဖျက်ဆီးကြပြီး အသူတရာနက်သော ချောက်ထဲထိ တွန်းပို့ကြတော့မည် ဖြစ်သည်။

“ဝူးးး….ဝူးးး…”

သူမ၏ပါးစပ်အား ပိတ်ဆို့ထားကြသည်။ သူမ အော်ဟစ်ကျိန်ဆဲ လိုလျှင်တောင်မှ သူမသည် အကူအညီမဲ့စွာဖြင့် ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။  ဘောင်မပါသော မျက်မှန်နှင့်လူ သူမဆီသို့ တစ်လှမ်းချင်း လှမ်းလာနေသည်ကို လူသတ်ချင်စိတ် ပြည့်နေသော မျက်ဝန်းများဖြင့်  စူးစူးဝါးဝါး ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

နောက်၂မိနစ်တွင် ဘောင်မပါသော မျက်မှန်နှင့်လူသည် ကျောင်ကျင်းအား နောက်အခန်း တစ်ခုထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။ ထိုအခန်းသည် အပိုင်းပိုင်း ဖြတ်တောက်ခြင်းတို့ ပြုလုပ်ရာ အခန်းဖြစ်ပြီး ရှုပ်ပွနေသည်။ သွေးကွက်များနှင့် ဖြတ်တောက်ခြင်း ကိရိယာများသည် အခန်းတွင်း၌ နေရာအနှံ့ ပြန့်ကျဲလျက်ရှိသည်။ ဖော့ဖျာတစ်ချပ်သည် အတွင်းအကျဆုံးနေရာ တစ်နေရာတွင် ရှိနပြီး ကျောင်ကျင်းသည် ၎င်းဖျာပေါ်သို့ ပစ်လှဲလိုက်ခြင်း ခံရလေသည်။

“ပီအိုနီပန်းလေးက သေပြီးရင် သရဲ ဖြစ်သွားကြတယ်တဲ့။ ဒီဆိုရိုးစကားက ချိုးဖောက်တဲ့ခံစားမှုကို မရဖူးသေးတဲ့ မင်းကိုယ်လုံးလေးကို ရည်ရွယ်ပြောတာ ဖြစ်ရမယ်။ ဒီနေ့ ဒီဖေဖေကြီးက မင်းကို ပထမဆုံး ခံစားဖူးအောင် ပြုစုပေးမယ်။ အဲဒါရပြီးသွားရင်တော့ မင်းက မချိတင်ကဲ မြည်ကြွေးရပြီးတော့ သေလို့ရသွားပြီ။ ဟား ... ဟား ... ဟား”

စကားပြောပြီးသည်နှင့်…

သူသည် ကတ်ကြေး တစ်လက်အား ယူလိုက်ပြီး ကျောင်ကျင်းအား လက်နှင့် ခြေထောက်တို့တွင် ချည်ထားသော ကြိုးများသာ ချန်ထားပြီး ကျန်သော ချည်နှောင် ထားသည်များအား ဖြတ်လိုက်သည်။

ထန်ရှုသည် ဖြတ်တောက်ခြင်း အခန်း၏ အနောက် ပြတင်းအောက်တွင် ပုန်းကွယ်နေပြီး သူ၏စိတ်ဝိညာဉ် အာရုံအား မီတာ ၁ဝဝဗဟိုပြုကာ ဖြန့်ကြက်ထားရှိသည်။ သူ၏ အကြားစွမ်းရည် တိုးတက်လာမှုကြောင့် ကားဝပ်ရှော့ဟောင်း အတွင်းရှိ  လူ၅ယောက် ပြောဆိုနေသော စကားများအား ရှင်းလင်းပြတ်သားစွာ ကြားနိုင်ပေသည်။ သို့သော် သူ ထင်မထားခဲ့သည်မှာ ပြန်ပေးအဆွဲခံရသော အမျိုးသမီးသည် ယွမ်ချူးလင်၏မိခင် ဖြစ်နေခြင်းနှင့် ထိုသူတို့၏ အစ်ကိုသုံး အသတ်ခံရမှုတွင် ယွမ်ချူးလင်အား မှားယွင်းစွာ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ပထမတွင် ထန်ရှုသည် အလျင်စလို ပြေးဝင်လှုပ်ရှားရန် ဆန္ဒရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏လက်ရှိ ကျင့်ကြံမှုသည် သေနတ် ကျည်ဆံများအား  ရှောင်နိုင်သော အဆင့်သို့ မရောက်ရှိသေးသောကြောင့် ဖြစ်သည်။  တရားခံ ၅ယောက်နှင့်  သေနတ်၃လက်ကို သူ ရင်ဆိုင်ရမည်။ လူတစ်ယောက် သို့မဟုတ် ၂ယောက်ဆိုပါက သူ၏ အလင်းလျင်မြန်ခြင်း အရှိန်ကို အသုံးပြုပြီး သူ့အား မပစ်နိုင်ရန် လှုပ်ရှားနိုင်ပေမည်။  သို့သော်လည်း သေနတ် ၃လက်ကသာ တစ်ပြိုင်နက်တည်း သူ့အား ပစ်မည်ဆိုပါက သူသည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခြင်း သို့တည်းမဟုတ် သေဆုံးခြင်းတို့ပင် ဖြစ်နိုင်ပေသည်။

သို့သော် သည်အခိုက်အတန့်ရှိ လူဆိုးကောင်မှာမူ ထန်ရှုအတွက် စာမဖွဲ့လောက်ချေ။

ဘောင်မပါသော မျက်မှန်နှင့်လူသည် ယုတ်မာသော အပြုံးဖြင့် ကျောင်ကျင်း၏ အဝတ်အစားများအား ဆုတ်ဖြဲတော့မည့် ဟန်ပြင်နေစဉ် ထန်ရှုသည် အနောက်ဘက် ပြတင်းပေါက်မှန်အား ခွဲကာ အလင်းကဲ့သို့ လျင်မြန်ခြင်းဖြင့် ပြေးဝင်လာခဲ့သည်။

“ဘာကြီးလဲ…”

ဘောင်မပါသော မျက်မှန်နှင့်လူသည် တိုက်ခိုက်ရေးစွမ်းရည် မရှိပေ။ သူသည် လူတစ်ဦး တစ်ယောက်ကိုမျှ  သတ်နိုင်စွမ်း မရှိသော်လည်း ထိုလူသတ်ဖြတ်တောက်ခြင်း သမားများနှင့်  အဖွဲ့ဖြစ်နေရခြင်းသည် ထိုသူ၏ ကျွမ်းကျင် ပြောင်မြောက်လှသော ကွန်ပျူတာနှင့် ချိတ်ဆိုင်မှုဆိုင်ရာ စွမ်းရည်ကြောင့် ဖြစ်သည်။ ထန်ရှုထံမှ လျင်မြန်လှသော အရှိန်နှင့် တိကျသော ကန်ချက်တို့ကြောင့် သူ၏လည်ချောင်း စုတ်ပြတ်သတ် သွားခဲ့ရပြီး စကားတစ်လုံးသာ ပြောနိုင်ကာ ရပ်တန့်သွားတော့သည်။

“ဘန်း…”

ထန်ရှုသည် သူ၏ညာခြေထောက်အား မြှောက်ကာ ဘောင်မပါသော မျက်မှန်နှင့်လူ၏ မျက်နှာအား ချက်ချင်း ကန်ကျောက်လိုက်ရာ ထိုလူသည် မာကျောသော နံရံနှင့်တိုက်ကာ မြည်သွားခြင်း ဖြစ်သည်။ သို့သော်လည်း ဘောင်မပါသော မျက်မှန်နှင့်လူသည် ချက်ချင်း မသေသေးသောကြောင့်  ထန်ရှုသည် ထိုသူ၏လည်ပင်းအား လက်များဖြင့် လိမ်ကာ လှည့်ချိုးပစ်လိုက်သည်။ ထန်ရှုသည် ထိုသူအား ကြည့်လိုက်ပြီးနောက် ကျောင်ကျင်းဘက်သို့ လှည့်ကာ အသံမထွက်ရန် လက်ဟန်အမူအရာ ပြလျက် သူမ၏ပါးစပ်ထဲမှ အဝတ်စအား ဆွဲဖြုတ်ပစ်လိုက်သည်။

“မင်း ဘယ်သူလဲ”

“ကျွန်တော် ဘယ်သူလဲ သိဖို့ မလိုပါဘူးခင်ဗျာ။ အန်တီ့ကို ကယ်ဖို့ လာတယ်လို့ သိရင် ရပါပြီ။ ကျွန်တော် ခြေတွေလက်တွေမှာ ချည်ထားတဲ့ ကြိုးတွေ ဖြုတ်ပေးလိုက်မယ်။  ဒီပြတင်းပေါက်ကနေ ထွက်ပြီး သည်နေရာကနေ လွတ်အောင် ပြေးပါ”

ထန်ရှု ခပ်တိုးတိုး ပြောလိုက်သည်။

“မင်းကရော”

မိုးပေါ်က ကျလာသော သူမ၏ ကယ်တယ်ရှင်သည် ကျောင်ကျင်းအား အားရကျေနပ်စေသည်။ ထန်ရှု၏ ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ရမည်ကို သူမ နားလည်သောကြောင့်  အတတ်နိုင်ဆုံး  လေသံတိုးကာ မေးလိုက်သည်။

ထန်ရှုသည် တည်ကြည် လေးနက်သောအသံဖြင့်

“ဒီလူတွေက မကောင်းဆိုးဝါးတွေပဲ။ သူတို့ကို လောကကြီးမှာ အသက်ရှင်ခွင့် ပေးလိုက်ရင် သူတို့ရဲ့ ရက်စက် ကမ်းကုန်မှုကို ခွင့်ပြုလိုက်သလို ဖြစ်သွားလိမ့်မယ်။ သူတို့အားလုံးကို အဆုံးသတ်ရမယ်”

ကျောင်ကျင်း ပြောစရာစကား မဲ့သွားသည်။

“မင်း ရူးနေပြီလား။ သူတို့က လူကြီး ၄ယောက်တောင် ကျန်သေးတယ်။ လက်နက် အပြည့်အစုံ ရှိနေတယ်။ မင်း မမြင်တာလား တစ်ခုခုပဲ။ မင်းရော ငါနဲ့အတူ ထွက်ပြေးပြီး ရဲတွေကို ချက်ချင်း အကြောင်းကြားရမယ်။ ငါ့ ယောက်ျားက ကူညီနိုင်တယ်။ သူ့မှာ သက်တော်စောင့်တွေ အများကြီးရှိတယ်”

သူတို့ တကယ် ကွာရှင်းထားတာရော ဟုတ်ရဲ့လား။

ထန်ရှု မျက်ဝန်းတွင် အံ့သြသည့် အရိပ်အယောင်တစ်ချက် ဖြတ်သန်းသွား ပြီးနောက် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“ကျွန်တော် သူတို့ပြောတဲ့စကားကို ခိုးနားထောင်ပြီးပြီ။ ပြည်သူ့လုံခြုံရေး ဗျူရိုမှာ သူတို့ အတွင်းလူ ရှိနေတယ်။ ကျွန်တော်တို့ ရဲတွေကို ချက်ချင်း အကြောင်းကြားတာနဲ့ သူတို့က သတင်းရပြီး လွတ်မြောက်သွားမှာ။ အခုအချိန်က သူတို့ကို ရှင်းပစ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ကျွန်တော် သူတို့ကို လွတ်မြောက်ခွင့် မပေးနိုင်ဘူး။ စိတ်မပူပါနဲ့။ ဒီလိုတန်ဖိုးမရှိတဲ့ အကောင်တွေအတွက် ရှင်းပစ်ဖို့ မခက်ခဲပါဘူး”

ကျောင်ကျင်း အမူအရာ ပြောင်းသွားသည်။ ပြန်ပေးဆွဲသူများတွင် ထိုကဲ့သို့  ပြည်သူ့လုံခြုံရေး ဗျူရို၌ပင် အတွင်းလူ ထားနိုင်လိမ့်မည်ဟု သူမ ထင်မထားမိချေ။

“အဲ့ဒါ ... အဲဒါဆို မင်း ဂရုစိုက်ရမယ်နော်”

စကားပြောမှု ပြီးသွားခဲ့သည်။ ထန်ရှု၏အကူအညီဖြင့် ကျောင်ကျင်းသည် အနောက်ဘက် ပြတင်းပေါက်မှ ထွက်ပြေးလွတ်မြောက် သွားလေတော့သည်။

အဆောက်အဦ အတွင်းတွင် မိန်းမချော ချောသောသူနှင့် တစ်ဖက်လပ်တို့သည် ဆေးလိပ်ဖွာ အရက်သောက်ကာ အေးအေးလူလူ ထိုင်လျက်ရှိနေကြသည်။ ဖြတ်တောက်ခြင်း အခန်းတံခါးဆီသို့လည်း မကြာမကြာ ထူးဆန်းသော အမူအရာဖြင့် လှမ်းကြည့်မိကြသည်။ ရာဂစိတ် ပြင်းထန်သော သူတို့ အစ်ကိုခြောက်သည် ထိုနေရာတွင် ရှိနေသည်။

“ဟ ... အဲဒီမှာ ဘယ်လိုတောင် အသံကျယ် ထွက်နေရတာလဲ။  အစ်ကိုခြောက်က သူ ဘုနေတဲ့အချိန် ဒါမျိုး ဆူညံသံ တစ်ခါမှ မထွက်ဖူးပါဘူး”

တစ်ဖက်လပ်သည် တစ်ခုခု မူမမှန်ကို ခံစားမိသည့်အလား အံ့သြစွာဖြင့် ပြောလိုက်သည်။

မိန်းမချော ချောသောသူသည် ခပ်ညစ်ညစ်အပြုံးဖြင့် ပြုံးလျက် ပြောလိုက်သည်။

“နံပါတ်ခြောက် အခြေအနေက မကောင်းဘူးနဲ့တူတယ်။ သည်တစ်ခေါက် သူဘုတာ မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားတယ်။ ငါသာ မိန်းမအစစ်ဆို အဲဒီလိုဘုတာ ငြင်းပစ်မှာ။ ဘယ့်နှယ် ၃စက္ကန့်လောက်နဲ့ကွာ”

သို့သော်လည်း တစ်ဖက်လပ်မှာ နဂိုကပင် သံသယများသူ တစ်ယောက် ဖြစ်သောကြောင့် သူ၏အမူအရာသည် လေးနက်သွားပြီး ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

“မဟုတ်သေးဘူး တစ်ခုခုတော့ မှားနေပြီ။ နံပါတ်လေး အဲဒီကိုသွားပြီး တစ်ချက် ကြည့်ရအောင်”

သောက်ထားသောကြောင့် ရီဝေဝေ ဖြစ်နေသောလူသည် ယိမ်းထိုးကာ မတ်တတ်ရပ်လျက် စားပွဲပေါ်တင်ထားသော သေနတ်အား ယူလိုက်သည်။ ထို့နောက် တစ်ဖက်လပ်နှင့်အတူ သူသည်  ဖြတ်တောက်ခြင်း အခန်းဆီသို့ ယိုင်ထိုးကာ လျှောက်သွားတော့သည်။

“ဘန်း…”

တစ်ဖက်လပ်နှင့်လူသည် တံခါးအား ကန်ဖွင့်လိုက်သောကြောင့် မူးယစ်ရီဝေနေသော မျက်လုံးပိုင်ရှင်သည် ယိုင်ထိုးနေသော ကိုယ်အား ကြိုးစားတည့်လိုက်ပြီး တံခါးဆီသို့ လျှောက်လာခဲ့သည်။ သူ၏မြင်ကွင်းသည် ဝေဝါးနေသော်လည်း ကြမ်းပြင်ပေါ်မှ ဘောင်မပါသော မျက်မှန်နှင့်လူအား တွေ့လိုက်သောအခါ သူ၏မျက်လုံးအိမ်သည် ကျဉ်းမြောင်း သွားရသည်။ သူ၏ကိုယ်သည် တောင့်တင်းသွားကာ စိတ်လှုပ်ရှား သွားရသည်။

“ဇွက် ... ”

ရုတ်တရက် ဓားတစ်ချောင်း လွင့်ပျံလာပြီး သူ၏နှလုံးသား တည့်တည့်သို့ ထိုးစိုက်သွားသည်။ ပြင်းထန်သော လက်သီးများပါ ကပ်ပါလာလျက် သူ၏ရင်ဘတ်ဆီသို့ ထိုးနှက်လိုက်သောကြောင့် သူ၏ကိုယ်လုံးသည် အပြင်သို့ လွင့်စဉ်သွားကာ တစ်ဖက်လပ်ရှေ့တွင် ကျသွားတော့သည်။

“ခွေးမသား”

တစ်ဖက်လပ်သည် ရူးသွပ်သကဲ့သို့ ဖြစ်သွားပြီး သူ၏ခါးမှ အသွား ၃ချောင်းပါသော စစ်သုံးဓားအား လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ မူးနေသော လူ၏ကိုယ်လုံးအား လျင်မြန်စွာ ဖယ်လိုက်ကာ ထန်ရှုဆီ ပြေးသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဆူညံများကြောင့် မီးသှက်သဖွယ် သန်မာလှသော သက်လတ်ပိုင်းလူသည် သေနတ်နှင့် ဓားကိုယူကာ ရှေ့သို့ အပြေးလာခဲ့သည်။

“ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ မဖြစ်နိုင်တာကို လုပ်ဖို့ ကြိုးစားနေကြတယ်”

ထန်ရှု၏ ကျင့်ကြံခြင်း အဆင့်သည် ခန္ဓာကိုယ် ပြောင်းလဲခြင်း၏ အထွတ်အထိပ် အဆင့်သို့  ရောက်ရှိပြီး ဖြစ်သောကြောင့် သူ၏ခွန်အားနှင့် အမြန်နှုန်းသည် သာမန်လူ တစ်ယောက်၏ အကန့်အသတ်ထက်ပင် သာလွန်နေပြီဖြစ်သည်။ သူ၏သိုင်းပညာ နယ်ပယ်အရ သူ့အနေဖြင့် အထူးလှုပ်ရှားမှု စတိုင်အား မလိုအပ်ပေ။ မည်သည့် လှုပ်ရှားမှုမျိုးမဆို ကောင်းမွန်အောင် လှုပ်ရှားနိုင်ပေသည်။ သူသည် အေးစက်စွာဖြင့် စစ်သုံးဓား၏ လှုပ်ရှားမှုအား ကြည့်နေပြီး အလွန်လျင်မြန်စွာ ရှောင်လိုက်ကာ သူ၏လက်ထဲမှ ဓားမြှောင်ဖြင့် စစ်သုံးဓား ကိုင်ဆောင်ထားသော တစ်ဖက်လပ်၏ လက်ကောက်ဝတ်အား လှီးဖြတ်လိုက်သည်။

“ယီးပဲ…”

လှီးဖြတ် နာကျင်မှုဒဏ်ကြောင့် သူ၏စစ်သုံးဓားသည် ချက်ချင်း လွှတ်ကျသွားရပြီး တစ်ဖက်လပ်သည် အလင်း၏ လျင်မြန်ခြင်းနှုန်းဖြင့် နောက်သို့ ဆုတ်ခွာလိုက်သည်။ ထန်ရှုအကြောင်းအား သူ သိထားပြီးဖြစ်သည်။ ကားအက်ဆီးဒင့် ဖြစ်သွားပြီး ဦးနှောက်ပျက်နေသော ကောင်လေး တစ်ယောက်သာ ဖြစ်သည်ဟု သူ ယုံကြည်ထားသောကြာင့် သူ အသောက်လွန်ကာ အိပ်မက် မက်နေသည်လားဟု စိတ်ရှုပ်ထွေးသွားသည်။

“မလှုပ်နဲ့”

၁ဝမီတာထက် မနည်းသောအကွာသို့ ရောက်ရှိချိန်တွင် မိန်းမချော ချောသောသူသည် ထန်ရှုအား သေနတ်ပြောင်းဝဖြင့် ချိန်ထားကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။

ထန်ရှုသည် မျက်မှောင်ကြုတ် သွားပြီးနောက် တစ်ပြိုင်နက်တည်း နောက်သို့ ခုန်ဆုတ်လိုက်သည်။ နည်းနည်းမျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ  ဖြတ်တောက်ခြင်း အခန်း၏ အနောက်ဘက် ပြတင်းပေါက်မှ တစ်ဆင့် အပြင်သို့ အပြေးထွက်သွားတော့သည်။ သူ၏ခွန်အားသည် ကျည်ဆံအား ရှောင်နိုင်ရန်အတွက် မလုံလောက်သေးချေ။ ဒုတိယအဆင့် ဖြစ်သော အရေပြားသန်မာခြင်း အဆင့်သို့ မရောက်မီ ခေါင်းနှင့် ကျည်ဆန်မိတ် ဆက်ရမည့် ရူးမိုက်သော အလုပ်မျိုးအား သူ မလုပ်နိုင်ပါချေ။

လျှပ်တစ်ပြက် တိုက်ခိုက်ခြင်း…

အလစ်လုပ်ကြံခြင်း…

အင်မော်တယ် ဖြစ်လာဖို့ ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့ ရက်စက်သော လှုပ်ရှားမှုမျိုးအား ရင်းနှီးခဲ့ ပြုလုပ်ခဲ့ရသည်။ အန္တရာယ်များပြီး မျှော်လင့်ချက်မဲ့သော အခြေအနေမျိုး၌ပင် သူသည် ခက်ခက်ခဲခဲ သေမင်းတံခါးဝမှ ပြန်လာနိုင်ခဲ့ပြီး အသက်ရှင်နိုင်ခဲ့သည်။

မိန်းမချော ချောသောသူနှင့် တစ်ဖက်လပ်တို့ အတူ ပူးပေါင်းပြီး ဖြတ်တောက်ခြင်း အခန်းထဲသို့ အပြေးလိုက်ရာ ကွဲကြေနေသော ပြတင်းပေါက်မှန်ကိုသာ တွေ့လိုက်ရတော့သည်။

“ခွေးမသား ... ဘယ်ရောက်သွားလဲ”

လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် တစ်ဖက်လပ် ဒေါသထွက်စွာ ပြောလိုက်သည်။

“ငါတို့ အရာရာတိုင်းကို စဉ်းစားသုံးသပ် ခဲ့တာပဲ။ ဒါပေမဲ့ ဒီခွေးသားလေးက ဒီလိုကျွမ်းကျင်သူ ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ကြည့်ရတာ ငါတို့ကို အကြီးအကျယ် ထိခိုက်စေတာပဲ”

မိန်းမချော ချောသောသူသည် ကြမ်းပြင်ပေါ်မှ ညီအစ်ကို၂ယောက်၏ အလောင်းများအား ပူဆွေးစွာဖြင့်  ကြည့်လိုက်ပြီး ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူသည် မုန်းတီးမှု ခါးသီးမှုတို့ဖြင့် အော်ပြောလိုက်သည်။

“တစ်ဖက်လပ် ... ထန်ရှုက ငါ့ကို  မြင်သွားတယ်လို့ ငါ မပြောခဲ့ဘူးလား။ မင်းပဲ ပြောတယ် ဒီကောင်လေးက အရူးအပေါလေး တစ်ယောက်ပါဆို။ အခု ငါ့ကို ပြောစမ်းပါ နံပါတ်လေးနဲ့ ခြောက်ကို ဘယ်သူ သတ်သွားတာလဲ ... ဟမ်”

တစ်ဖပ်လပ် ခေါင်းကို ညိတ်ပြလိုက်ရင်း ပြန်ပြောလိုက်သည်။

“အေး ငါသိတယ်။ ငါတို့ ထန်ရှုအကြောင်း နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းပြီးပြီလို့ ထင်ခဲ့မိကြတယ်”

သူ နောင်တ ရနေခဲ့သည်။

နောင်တအကြီးအကျယ် သူ ရနေခဲ့သည်။ နောင်တများအတွက် သည်လောကတွင် ရောင်းရန်ရှိမည်ဆိုပါက ဧကန်မုချပင် သူ့တွင် ရှိသမျှပေးကာ ဝယ်လိုက်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် ထန်ရှုအား အရုးအပေါကျောင်းသား တစ်ယောက်ဟု လျစ်လျူရှုကာ အပေါ်ယံလောက်ပဲ ကြည့်မိတော့မည် မဟုတ်ချေ။

“ဘာမျှ မရှိသော အရူးအပေါ တစ်ယောက်”

သူသည် ထိုစကားအား ခပ်ဖွဖွရွတ်ရင်း အသိစိတ်လွတ်ကာ သူ၏လက်ဖဝါး နှစ်ဖက်အား မလိုက်ကာ သူ၏မျက်နှာအား အညှာအတာ ကင်းမဲ့စွာ ရိုက်တော့သည်။ သူ ရှက်သည်။ သူ့ကိုယ်သူလည်း မုန်းတီးသည်။

မိန်းမချော ချောသောသူသည် တုန်လှုပ်ချောက်ချားကာ ဒေါသထွက်ဆဲ ဖြစ်သောကြောင့် ဆဲဆိုနေသည်။

“ငါမင်းကို သတိမပေးဘူးလား။ ဒါပေမဲ့ မင်းတို့အားလုံး ဒီကောင်လေးက ကြက်လေး တစ်ကောင်ကို သတ်ဖို့တောင် အားမရှိတဲ့ တန်ဖိုးမရှိတဲ့ ကြွက်စုတ်လေးလို့ပဲ အမြဲတွေးနေ ကြတာလေ။ ဒီကောင်က အစ်ကိုလေးနဲ့ခြောက်ကို သတ်မယ်လို့ တွေးတောင် မတွေးမိဘူး မဟုတ်လား။ ခွေးမ ကျောင်ကျင်းကိုပါ ကယ်တင်သွား လိုက်သေးတယ်”

သူ ထပ်ပြောလေ တစ်ဖက်လပ် ပိုခံစားရလေဖြစ်ကာ မျက်လုံးများ သွေးချင်းချင်း နီရဲလျက် ညီအစ်ကို၂ယောက်၏ အလောင်းအား ကြည့်လိုက်သည်။ တံခါးဆီသို့ ပြေးထွက်ကာ ချောက်ချားစွာ အော်ဟစ်လိုက်သည်။

“ခွေးမသား ထန်ရှု  ... သတ္တိရှိရင် ထွက်ပြီး ငါနဲ့ ရင်ဆိုင်လိုက်စမ်းပါ။ မင်းသတ္တိကို ငါရိုက်ချိုးပြမယ်”

သို့သော်လည်း … မည်သည့် တုံ့ပြန်သံမှ မကြားရသလို ထန်ရှု၏အရိပ်အယောင်ကိုလည်း မမြင်ရပေ။

မိန်းမချော ချောသောသူသည် ဒေါသထွက်နေသော်လည်း ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ရှိသေးသည်။ ထို့ကြောင့်ပင် သူတို့ ညီအစ်ကိုများကြားတွင် သူ အကျိုးသင့် အကြောင်းသင့် အလုပ်နိုင်ဆုံးသူ ဖြစ်သည်။

သူ၏သတိတရားအား ထိန်းထားရင်း တစ်ဖက်လပ်ဆီသို့ လျှောက်သွားကာ လေးနက်စွာ ပြောလိုက်သည်။

“တစ်ဖက်လပ် ... ထန်ရှုက အမှောင်ထဲမှာ ပုန်းနေပြီးတော့ ငါတို့က အလင်းအောက်မှာ ရပ်နေတယ်။ ဒီအခြေအနေက ငါတို့အတွက် မကောင်းဘူး။ ငါတို့ ချက်ချင်း ဆုတ်သင့်တယ်လို့ ငါထင်တယ်။ ၁ဝနှစ်လောက်နေမှ လက်စားချေလည်း ယောက်ျား တစ်ယောက်အတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။

ငါတို့က တရားခံပြေးတွေ ဖြစ်နေရင်တောင်မှ ငါတို့ လက်စားချေဖို့အတွက် အစီအစဉ် လုပ်နိုင်ပါသေးတယ်”

သူ၏လက်ကောက်ဝတ်မှ ဒဏ်ရာအား အခြားလက်တစ်ဖက်ဖြင့် အုပ်ကိုင်လျက် တစ်ဖက်လပ်သည် အဆောက်အဦထဲတွင် လမ်းလျှောက်ကာ ပြောလိုက်သည်။

“ယီးလိုမှပဲ။ ငါက ဘာလို့ ဒီကောင့်ကို ကြောက်ရမှာလဲ။ ငါတို့မှာ သေနတ်တွေ ရှိသေးတယ်။ ဒီနေ့တော့ သူသေကိုယ်သေပဲ။ နောက်ဆုတ်တာလောက် ရှက်စရာကောင်းတာ မရှိဘူးကွ”

“ငါလည်း နေမယ်။ ငါတို့ ပြန်ဆုတ်ရင် သူ့ကို ကြောက်သလို ဖြစ်နေမယ်။ ငါတို့ ဘာကြောင့် ကြောက်ရမှာလဲ”

သန်မာထွားကျိုင်းသာ သူကလည်း စိတ်ဆိုးမာန်ဆိုးဖြင့် အော်ပြောလိုက်သည်။

‘ဒီခေါင်းမရှိတဲ့ ၂ကောင်ကတော့ကွာ ... ’

မိန်းမချော ချောသောသူသည် စိတ်ထဲမှ ကြိတ်ဆဲလိုက်သည်။ ကြယ်တာရာ ပထမအထက်တန်း ကျောင်းအား စောင့်ကြည့်နေခဲ့သည့် အချိန်အား ပြန်လည် တွေးလိုက်မိသည်။ ထန်ရှုသည် မီတာ၁ဝဝဝ အကွာအဝေးမှ သူ့ကို ကြည့်နေခဲ့သည်။ ရုတ်တရက် သူ၏ကိုယ်တွင်းမှ အေးစိမ့်သော ခံစားချက်အား ခံစားလိုက်ရပြီး သူ၏စိတ်သည် လေးလံသွားတော့သည်။

အကယ်၍သာ ထန်ရှုသည် မီတာ ၁ဝဝဝအကွာအဝေးမှ သူ့အား ကြည့်ခဲ့ အာရုံရခဲ့သည်ဆိုပါလျှင် သူသည် ဧကန်မုချပင် အရူးအပေါ တစ်ယောက် မဟုတ်ဘဲ မကောင်းဆိုးဝါး တစ်ကောင်လို  ကြောက်စရာ ကောင်းလှသော သူ ဖြစ်ပေလိမ့်မည်။ သည်ကဲ့သို့ မကောင်းဆိုးဝါး တစ်ကောင်နှင့် တိုက်ခိုက်ခြင်းသည် သူ၏အသက်အား ဖက်နှင့် ထုပ်ထားရသကဲ့သို့ ဖြစ်ချေလိမ့်မည်။

ထိုအဖြစ်အပျက်သည် တူသည်…

နံပါတ်သုံး၊ နံပါတ်လေးနှင့် နံပါတ်ခြောက်တို့ သေဆုံးခဲ့သော ကံကြမ္မာနှင့် သေချာပေါက် တူပေလိမ့်မည်။

***

All Chapters