← Chapters

လူလား သရဲလား

Vol. 02 Ch. 61

လူလား သရဲလား

Vol. 02 Ch. 61

မိန်းမချော ချောသောသူသည် တပ်ပြန်ဆုတ်ချင်နေ သော်လည်း တစ်ဖက်လပ်အကြောင်း သူ ကောင်းစွာ သိသည်။ တစ်ဖက်လပ်သည် ဆုံးဖြတ်ပြီးပါက ဘယ်တော့မှ နောက်ပြန်မဆုတ်သော လူစားဖြစ်သည်။ သူ့အသက်ကို မဆုံးရှုံးလိုပါက အခွင့်အရေးရှာပြီး တစ်ယောက်တည်း ထွက်ပြေးရန်ဖြစ်သည်။ ထန်ရှုထံမှ ဝေးနိုင်သမျှ ဝေးဝေးပြေးပြီး သည်ကမ္ဘာကြီးထဲရှိ မည်သည့် နေရာကိုမဆို သွားနိုင်ပေမည်။

အကယ်၍ ...  ...

အကယ်၍ ဒီနေရာမှာသာ သူတို့ သေဆုံးခဲ့ပါက သူသည် အခြားစွမ်းအား ရှိသူများနှင့် ပူးပေါင်းကာ ထန်ရှုဆီသို့ သူတို့၏ခါးသီးမှုနှင့် လက်စားချေမှုတို့ကို နောက်မှ ဆောင်ရွက်ရန်အတွက် နောက်ကျလွန်းသည်ဟု ဆိုနိုင်မည် မဟုတ်ပေ။

“ဘန်း…”

သည်နေရာမှ ၁ဝမီတာအကွာရှိ ကားပစ ္စည်းများ ထားသောနေရာမှ အသံသည် လွင့်ပျံလာခဲ့သည်။

“ဟိုမှာပဲ ... ”

သူတို့အမူအရာများ ပြောင်းသွားကာ အလွန်သတိရှိသော အနေအထားသို့ ဖြစ်သွားသည်။ သူတို့၏ မျက်လုံးများသည် အသံလာရာဆီသို့ စူးစိုက်ကြည့် နေကြသည်။ တစ်ဖက်လပ်သည် ရဲစိတ်မွေးလိုက်ကာ ဘေးဘက်သို့ လျှောက်သွားမည် ဖြစ်ကြောင်း သူ၏ အဖော်၂ယောက်အား အချက်ပေးလိုက်သည်။ သူ၏ဘယ်လက်တွင် စစ်သုံးဓားအား ကိုင်ဆောင်ကာ အသံလာရာဘက်သို့ လျှောက်သွားလိုက်သည်။ သူတို့အရှေ့ ၁ဝမီတာအကွာတွင် ရှိသော ကားဘော်ဒီ၂ခု၏ အနောက်မှ မျက်ဝန်းတစ်စုံသည် သူတို့အား စူးစူးစိုက်စိုက် ကြည့်နေကြောင်း သူတို့ သတိမပြုမိကြပေ။

“အစ်ကိုကြီး တစ်ဖက်လပ် ... လက်နှစ်ဘက်က လက်၄ဘက်ကို မနိုင် နိုင်ပါဘူး။ ငါတို့မှာ ဓား၃ချောင်းနဲ့ သေနတ်၂လက် ရှိတယ်။ ဒီကြွက်စုတ် စွမ်းအား ကြီးရင်တောင်မှ ငါတို့ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး”

သန်မာကြံ့ခိုင်သော သူသည် လူသတ်လိုစိတ်များ ဖော်ပြကာ ချောက်ချားစရာ လေသံဖြင့် ပြောလိုက်သည်။ သူတို့အားလုံးထဲတွင် သူသည် တိုက်ခိုက်မှု စွမ်းရည်အကောင်းဆုံး ဖြစ်သည်။

သို့သော်လည်း…

သူ ပြောပြီးရုံရှိသေးသည် ပုံရိပ်တစ်ခုသည် အလင်းကဲ့သို့ လျင်မြန်ခြင်းဖြင့် ရုတ်တရက် ပေါ်လာသည်။ အရိပ်သည် လျင်မြန်စွာဖြင့် ပြေးလာကာ သူ့အား ဘေးဘက်မှ ကန်ထည့်လိုက်သည်။ လူသန်ကြီးသည် သူ၏ဘယ်ဘက် လက်မောင်းအား အလိုအလျောက်မကာ ကာလိုက်ရာ ခရက်ခနဲအသံအား ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဓားမြှောင် တစ်ချောင်းသည် ထူးဆန်းစွာ ဝင်လာပြီး သူ၏ချိုင်းကြားအား ထိုးဖောက်သွားသည်။

“အား….”

စူးစူးဝါးဝါး အော်သံတစ်သံသည် လူတို့၏သွေးအား အေးခဲသွားစေသည်။

သန်မာသော သတ်ဖြတ်မှု စွမ်းရည်အား ထန်ရှုသည် ဖော်ပြလာခဲ့သည်။ သူ၏လက်ရုံးချင်း ယှဉ်ပြိုင်မှုနှင့် တိုက်ခိုက်ရေး စွမ်းရည်တို့သည် အလွန်ထက်မြက်ပြီး စွမ်းရည် ပြည့်လွန်းနေသည်။ သူ၏ဓားအား လူသန်၏ချိုင်းကြားမှ ဆွဲထုတ်လိုက်ပြီး ထိုသူ၏ကိုယ်အား ဆွဲညှစ်ကိုင်လိုက်ကာ တစ်ဖက်လပ်နှင့် မိန်းမချော ချောသူဆီသို့ ရှေးရှုပစ်ပေး လိုက်သည်။

“ယီးတဲ့မှပဲ”

တစ်ဖက်လပ်၏ အမူအရာ အကြီးအကျယ် ပျက်သွားပြီး လူသန်၏ ခန္ဓာကိုယ်နှင့် မတိုက်မိစေရန် အသည်းအသန် ရှောင်လိုက်ရသည်။ သူ၏စစ်သုံးဓားအား ဝှေ့ယမ်းကာ ထန်ရှုအား ပြင်းထန်စွာ ထိုးလိုက်သည်။ ထန်ရှု၏ ထိုးဖောက်လာမှုအား ကာကွယ်ရန် ယုံကြည်ချက် မရှိသော်လည်း သူခုခံနေသည့် အချိန်တွင် မိန်းမချော ချောသောသူသည် ထန်ရှုအား သေနတ်ဖြင့် ပစ်လိမ့်မည်ဟု သူ ယုံကြည်သည်။

“ဒိုင်း…ဒိုင်း…ဒိုင်း ... ”

မိန်းမချော ချောသောသူသည် ထန်ရှုအား အမှန်တကယ် ပစ်ခဲ့သည်။ သို့သော် ကတိုက်တရိုက် ဖြစ်သော ပစ်ချက်ဖြစ်သောကြောင့် ထန်ရှုသည် အေးဆေးစွာ ရှောင်တိမ်းသွားသည်။ ထန်ရှုအား ပစ်ပြီးပြီးချင်းသည် မိန်းမချော ချောသောသူသည် လျင်မြန်စွာ တံခါးဆီသို့ ပြေးသွားလိမ့်မည်ဟု တစ်ဖက်လပ် မျှော်လင့်မထားမိချေ။ ထန်ရှု၏ မခန့်မှန်းနိုင်သော လှုပ်ရှားမှု၊ ပြင်းထန်ရက်စက်ပြီး ရှောင်လွှဲရန် ခက်ခဲသော သတ်ဖြတ်မှုတို့သည် သူ့အား ကြီးမားသော တုန်လှုပ် ချောက်ချားမှုကို ပေးခဲ့သည်။

“ညီမလေး…နင် ... ”

ထန်ရှု ကျည်ဆံ ရှောင်လိုက်သည့် အချိန်ခဏလေးအား အခွင့်အရေးယူကာ တစ်ဖက်လပ်သည်  ရှေ့သို့လျင်မြန်စွာ တက်လိုက်သည်။ သို့သော် သူ၏သွေးသောက် ညီအစ်ကိုသည် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးလိမ့်မည်ဟု သူ မည်သည့်အခါမျှ ထင်မထားမိချေ။ ထိုခဏတွင် သူ့အား သစ္စာဖောက်ကာ ချန်ထားခဲ့သော မိန်းမချော ချောသောသူအပေါ် ဖြစ်ပေါ်လာသော သူ၏အမုန်းသည် ထန်ရှုအပေါ်ထားသည့် အမုန်းထက်ပင် များစွာ ပိုခဲ့လေသည်။

မိန်းမချော ချောသောသူ သည်အချိန်တွင် ထွက်ပြေးရန် ရွေးချယ်ခြင်းအား ထန်ရှုလည်း မတွေးတောခဲ့ဖူးချေ။ သူမပြေးလျှင် သည်၃ယောက်အား သုတ်သင်ရန် ပိုမို ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့သော် အခု…

ထန်ရှုသည် အေးစက်စွာ ပြုံးလိုက်သည်။ သူသည် လူသန်နှင့် တစ်ဖက်လပ် လျင်မြန်ပြီး စွမ်းအားပြည့်သော တိုက်ခိုက်မှုများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ပြီး ပြန်မထနိုင်အောင် အလဲထိုးချကာ သေစေနိုင်သော ဒဏ်ရာများဖြင့် ထားရစ်ခဲ့သည်။

“ဒင်းက ပြေးချင်တာလား။ လုံးဝ မလွတ်မြောက်စေရဘူး”

ထန်ရှုသည် တစ်ဖက်လပ်အား ကန်ကျောက်ကာ လုံးဝအားအင် ဆုတ်ယုတ်သွားသည် အထိ လုပ်လိုက်ပြီး ရှေ့သို့ အပြေးအလွှားပြေးကာ မိန်းမချော ချောသူနောက်သို့ လိုက်တော့သည်။ သူ၏စိတ်ဝိညာဉ် အာရုံအရ ထိုသူသည် သူ၏အရှေ့ မီတာ ၅ဝ-၆ဝအကွာတွင် ပြေးနှင့်နေပြီး အဝေးကြီးသို့ မရောက်ရှိသေးပေ။

သူ အလျင်စလို ပြေးလိုက်သွားသည်။

သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် တဖြည်းဖြည်းနှင့် နီးသည်ထက် နီးလာသည်။

ရှေ့၌ပြေးနေသော မိန်းမချော ချောသူသည် ကြောက်လန့်တကြားနှင့် လှည့်ကြည့်လိုက်ရာ ထန်ရှု၏ သူမတူသော အမြန်နှုန်းအား တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ တစ်ချိန်တည်းမှာပင် ခံနိုင်ရည် အားနည်းသော အသုံးမကျသည့် သူ၏ အဖော်၂ယောက်အား ဆဲရေးလိုက်သည်။

ကားလား…

သူ၏မျက်လုံးများ အရောင်တောက်သွားသည်။ ရုတ်တရက် သူသည် ရှေ့သို့ အပြေးအလွှားသွားကာ  ဘောက်စဝက်ဂွန် ကားဆီသို့ ဦးတည်လိုက်သည်။ ကားထဲသို့ လျင်မြန်စွာ ဝင်ပြီးနောက် ကားတံခါးပိတ်ကာ ချက်ချင်း စက်နှိုးလိုက်သည်။

“ဘိုင့် ...  ဘိုင်…”

ကားစက်နိုးသည်နှင့် မိန်းမချော ချောသူသည် စိန်ခေါ်သည့် အပြုအမူဖြင့် ရယ်မောလိုက်ကာ ကားအား ထန်ရှုဆီသို့ ဦးတည်လိုက်သည်။

“ဟမ့် ... ”

ထန်ရှသည် အေးစက်စက် နှာမှုတ်သံတစ်ချက် ပြုလိုက်ကာ ဓားမြှောင်အား လျင်မြန်လှသော အရှိန်ဖြင့် ပစ်လိုက်သည်။ ၁၅ဝဝကီလို လက်မောင်းအားနှင့် ဓားမြှောင်သည် ကားမောင်းသူနေရာမှ ကားရှေ့မှန်အား ခွဲကာ မိန်းမချော ချောသူ၏လည်ပင်းအား တိကျစွာ ထိုးစိုက်သွားလေသည်။

ဘောက်စဝက်ဂွန် ကားသည် စက်နိုးနေပြီ ဖြစ်သောကြောင့်  မိန်းမချော ချောသူထိခိုက်သွား သော်လည်း ကားသည် ရှေ့ကို ထွက်သွားကာ ပစ်ကပ်ထရပ် ကားလေးအား တိုက်မိကာ ရပ်သွားသည်။

“ငါ ပြောပါတယ် မင်း မလွတ်နိုင်ပါဘူးလို့”

ထန်ရှုသည် ခပ်မြန်မြန်ပင် ဘောက်စဝက်ဂွန် ကားလေးဆီသို့သွားကာ ကားမောင်းသူနေရာမှ မိန်းမချော ချောသူ၏ ဆံပင်အား ဆွဲစုကိုင်ကာ ပြတင်းပေါက်မှ ဆွဲထုတ်လျက် ထိုသူ၏မျက်နှာအား ပြင်းထန်စွာ ဆောင့်လေတော့သည်။

မိန်းမချော ချောသူအား လက်စသတ် ပြီးသည်နှင့် ထန်ရှုသည် ကားဝပ်ရှော့သို့ ပြန်လာခဲ့သည်။ ထိုတရားခံများအား ရှင်းလင်းပြီး ဖြစ်သော်လည်း ရဲအဖွဲ့ထဲတွင် ရှိနေသည့် သူလျှို၏ သတင်းအား သူ လိုအပ်နေသေးသည်။

“အပင်ပန်း ခံမနေနဲ့တော့။ ဒီနေ့ မင်း သေရမှာပဲ။ ခြားနားချက် တစ်ခုတော့ ရှိတယ်။ ပျော်ပျော်ရွှင်ရွှင် သေချင်လား။ နာနာကျင်ကျင် သေချင်လားဆိုတာပဲ။ ငရဲကို မသွားခင် မင်းကို နောက်ဆုံး ရွေးချယ်စရာ ပေးထားတယ်”

လူသန်သည် သူ၏ကိုယ်မှ ဒဏ်ရာများအား ကြည့်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“ငါ့ကို နာနာကျင်ကျင် သေချင်တယ်လို့မေးတာလား။ ယီးပဲ။ ငါ့မှာ သေလောက်အောင် ဒဏ်ရာ ရထားတာကို ... အဟွတ် ဟွတ် ... မင်း အချိန်ဆွဲပြီး အရူးလုပ်မနေနဲ့”

ထန်ရှုသည် မျက်ခုံးတွန့်သွားကာ လူသန်ကြီး၏ ဒဏ်ရာအနီးမှ ဆုံမှတ်အား လက်ချောင်းဖြင့် လျင်မြန်စွာ ဖိလိုက်သည်။

“ဒါက ဘာလဲ…”

လူသန်သည် အံ့သြလှသဖြင့် မျက်လုံးများ ပြူးသွားသည်။ သူ၏ဒဏ်ရာသည် သွေးမထွက်တော့ချေ။

ထန်ရှုသည် အေးစက်စက် လေသံဖြင့်

“မင်း မယုံရင်တောင်မှ ငါက ယုံအောင်ပြလို့ရတယ်။ မင်း အမြန် မသေဘူး။ အနည်းဆုံး ၂နာရီတော့ အသက်ရှင်မယ်။ အဲဒီအတောအတွင်း ငါက မင်းကို အစိတ်စိတ် ဖြတ်တောက်မယ်”

လူသန်သည် တံတွေးအား အမြန်မျိုချလိုက်ပြီး တုန်လှုပ်သော အမူအရာဖြင့်

“ဆုံမှတ် ... ဆုံမှတ်လက်ချောင်းပညာ ... မင်း ဘယ်သူလဲ”

“မင်း ဒီပညာကို သိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဖူးဘူး”

လူသန်သည် ချောင်းဆိုးလိုက်ရာ သွေးများပါလာသည်။ သူ၏ မျက်ဝန်းထဲတွင် တစ်စုံတစ်ရာအား ရွံ့ရှာနေသော အမူအရာတို့ ရှိနေသည်။

“ငါ့ရဲ့လက်ဝှေ့ဆရာက တစ်ခါတလေ ကွန်ဖူးကျင့်တယ်။ သူ့စွမ်းရည်က ဒဏ္ဍာရီလာလို မဟုတ်ပေမဲ့လည်း အတော်လေး စွမ်းတယ်။ မကောင်းတဲ့အချက်က သူက ငါ့ကို အတွင်း ကျင့်ကြံမှုကျင့် ပညာရပ်ကို မသင်ပေးချင်ဘူး”

“ဘာလို့လဲ”

“တခြားတော့ မဟုတ်ဘူး။ အဲဒီလူအိုကြီးက ငါ့ရဲ့ စီမံခန့်ခွဲတဲ့ နည်းတွေက ဆိုးဝါးတယ်၊ ရက်စက် ကြမ်းကြုတ်တယ်၊ အကြင်နာ ကင်းမဲ့တယ်လို့ သူ တွေးတယ်။ ဒါပေမဲ့ ငါသာ လုံလုံလောက်လောက် အကြင်နာ မကင်းမဲ့ခဲ့ရင် ဒီရက်စက်တဲ့ လောကကြီးမှာ ငါဘယ်လို အသက်ရှင်ပြီး ငွေရှာနိုင်မှာလဲ”

ဆိုးဝါးတဲ့ စီမံခန့်ခွဲခြင်းတဲ့လား…။

ထန်ရှု ရုတ်တရက် နားလည်သွားသည်။ ဒီကမ္ဘာကြီးတွင် သိုင်းပညာဖြင့် အကြင်နာတရား ကင်းမဲ့စွာ တိုက်ခိုက်ခြင်းအား တားမြစ်ထားလေသည်။ သို့သော် သူ့တွင် ထိုကဲ့သို့ စည်းမျဉ်းမရှိပေ။

အင်မော်တယ်ကမ္ဘာ၏ မရေမတွက်နိုင်သော တိုက်ခိုက်ပွဲများတွင်  လုံလောက်သော ခွန်အားနှင့် အကြင်နာ ကင်းမဲ့စွာ တိုက်ခိုက်နိုင်ပါမှ အသက်ရှင် ကျန်ရစ်မည်ဖြစ်သည်။

“ငါ့မေးတာသာ ဖြေစမ်းပါ ... ရဲအဖွဲ့ထဲက သူလျိုက ဘယ်သူလဲ။ မင်း မြန်မြန်နဲ့ မှန်မှန်ပြောရင် ညင်ညင်သာသာ သေရမယ်။ ငါကတိပေးတယ်”

“နိုင်သူက အမြဲ ဘုရင်ပါကွာ။ ငါရှုံးသွားလို့ မင်းကို ပြောပြမယ်။ ဒါပေမဲ့ ငါ့ကို ကတိတစ်ခုတော့ ပေးပါ”

ထန်ရှု ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“မင်းမှာ ငါ့ကို အဲဒီလိုပြောနိုင်ဖို့ အရည်အချင်း မမီဘူး”

လူသန်ကြီးက တည့်တိုး ပြောလိုက်သည်။

“မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် သတ်လို့ရတယ်။ မင်းမှာ အဲဒီ အခွင့်အရေး ရှိပါတယ်။ အနည်းဆုံးတော့ မသေခင် ငါ့စကားကို နားထောင်ပေးပါလား။ အဲဒါဆို ငါလည်း နောင်တမရဘဲ အေးအေးချမ်းချမ်း သေလို့ရပြီ”

ထန်ရှု မျက်မှောင်ကြုတ် သွားသည်။ သူ သည်နေရာတွင် အချိန် အများကြီး မဖြုန်းချင်ပေ။ ကျောင်ကျင်း လွတ်မြောက်သွားပြီ ဖြစ်သောကြောင့် သူမသည် ရဲတွေအား အကြောင်းကြားလိမ့်မည် ဖြစ်သည်။ အချိန်မဆိုင်းဘဲ ရဲများစွာ ရောက်ရှိလာနိုင်သည်။  အခြားသူများအား ကယ်တင်နိုင်သည် ဆိုသော်ငြားလည်း လူသတ်သမားများ ဆိုသည်မှာ ဥပဒေအား ချိုးဖောက်သူများ ဖြစ်ကြောင်း ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ထန်ရှုသည် ကောင်းစွာ သိရှိထားသည်။ သူ သတ်လိုက်သော သည်လူများသည် မကောင်းဆိုးဝါးများသဖွယ် ဖြစ်ပြီး အရေးကြီးသော တရားခံပြေးများ ဖြစ်သော်လည်း ထိုသို့ သတ်လိုက်ခြင်းကြောင့် သူ့အား အမှုပတ်လာနိုင်ပြီး အခက်တွေ့စေလိမ့်မည် ဖြစ်သည်။

“မင်းအခြေအနေကို ပြောပါ ... ”

ထန်ရှုသည် ထူးမခြားနားသောပုံစံဖြင့် တုံ့ပြန်လိုက်သည်။

ခါးသီးသော အမူအရာနှင့် လူသန်ကြီးသည် ပြောလိုက်သည်။

“ဒီဟာ ငါ့ရဲ့ တောင်းဆိုချက်လေးပါ။ အစ်ကိုကြီး တစ်ဖက်လပ်နဲ့ ငါက အတူတူ ကြီးပြင်းလာကြတာပါ။ ငါတို့ ကံကြမ္မာဆိုး ဝင်ပြီး ဒီလိုဘဝ ရောက်ခဲ့ရတယ်။ ဒါပေမဲ့လည်း ငါတို့ သေသွားပြီးနောက် မင်း အချိန်ရတဲ့အခါ မြောက်အရပ်ကို သွားပေးပါ။ အဲဒီမှာ အစ်ကိုကြီး တစ်ဖက်လပ်ရဲ့အဖွားက သက်ရှိထင်ရှား ရှိနေသေးပြီး သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ပါ”

“မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ”

“ငါ့ဆီမှာ ငွေသောင်းနဲ့ချီပြီး ဝှက်ထားတာရှိတယ်။ မင်း အဘွားနဲ့တွေ့ရင် ပေး ပေးပါ”

“ငါ ပေး ပေးမယ်”

ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။ လူသားများတွင် မြင်ရသော အလင်းဘက်နှင့် မမြင်နိုင်သော အမှောင်ဘက်ဟု ပုံမှန်အားဖြင့် အမြဲတမ်း ဘက်၂ဘက် ရှိသည်။ မည်သည့်လူမဆို ယုတ်စွအဆုံး ဘဝတစ်လျှောက်လုံး ရက်စက်ကြမ်းတမ်းသော လူများပင် ဖြစ်လင့်ကစား သူတို့၏ ရင်တွင်းတစ်နေရာတွင် နူးညံ့သောအရာ တစ်ခုသည် ရှိနေမြဲပင်ဖြစ်သည်။ ထန်ရှုပင်လျှင် အင်မော်တယ် ကမ္ဘာတွင် မရေအတွက်နိုင်သော လူများအား သတ်ဖြတ်ခဲ့ပြီး သွေးအေးသော လူသတ်သမားဟု အမည်တွင်ခဲ့သော်လည်း သူ အစိုးရိမ်ရဆုံးနှင့် အလွမ်းဆွတ်ခဲ့ရဆုံး အရာသည် သူ၏မိခင်ဖြစ်ခဲ့သည်။

လူသန်ကြီးသည် ခေါင်းညိတ်ပြလိုက်ပြီး လေးပင်စွာ ပြလိုက်သည်။

“လီတောင် ...။ ငါတို့ရဲ့သတင်းပေးက ပြည်သူ့လုံခြုံရေး ဗျူရိုသတင်းဋ္ဌာနက လီတောင်ပါ”

ထန်ရှုသည် စကားဆက်မပြောတော့ဘဲ မြေပြင်ပေါ်မှ စစ်သုံးဓားအား ယူကာ လူသန်ကြီးအား ပျော်ရွှင်စေသည့် လျင်မြန်သော သေခြင်းမျိုးဖြင့် အဆုံးသတ် ပေးလိုက်သည်။ ထို့နောက် သူသည် တစ်ဖက်လပ်အား နှိုးလိုက်သည်။

“မင်း ... ယီး  ... မင်း ဘာလုပ်လိုက်တာလဲ”

တစ်ဖက်လပ်သည် အားနည်းနေသော အခြေအနေမှ နိုးလာသောအခါ သေဆုံးနှင့်နေပြီ ဖြစ်သော လူသန်ကြီးနှင့် မိန်းမချော ချောသူအား တွေ့လိုက်ရသဖြင့် သူ၏ရင်ထဲတွင် အလွန်အမင်း အေးခဲသွားရတော့သည်။

“ပြောပါ။ ပြည်သူ့လုံခြုံရေး ဗျူရိုသတင်းဋ္ဌာနက မင်းတို့ရဲ့သတင်းပေးက ဘယ်သူလဲ”

မုန်းတီးမှုများဖြင့် ပြည့်နှက်လျက် တစ်ဖက်လပ် အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။

“မင်းအိပ်မက်ထဲမှာပဲ သွားရှာ။ ငါကတော့ ပြောမှာမဟုတ်ဘူး။ ငါတို့ သေသွားရင်တောင်မှ ငါတို့အတွက် လက်တုံ့ပြန်ဖို့ ဖြစ်နိုင်သမျှ ရှာနေဦးမှာပဲ။ အနှေးနဲ့အမြန် ဆိုသလို မင်း သွေးကြွေးဆပ်ရ လိမ့်မယ်”

“မြောက်ပိုင်း ဖီးနစ်မြို့၊ မင်းအဘွား ... ”

ထန်ရှု အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

ဘာ…။

တစ်ဖက်လပ် ထန်ရှုအား မယုံနိုင်သော အမူအရာဖြင့် ကြည့်လိုက်ရင်း ကြောက်စိတ်လှိုင်းများသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ ရောက်ရှိသွားတော့သည်။ ကလွဲပြီး သူ့အဖွဲ့ထဲမှ ဘယ်သူမှ အဘွားအကြောင်း မသိချေ။

သို့သော်….

သည်ခွေးကောင်က သူ့ရှေ့မှာတင် ဒါကို ဘယ်လို သိနိုင်ပါမည်နည်း။

“မင်း ... မင်း ဘယ်လိုငရဲလဲ။ လူလား သရဲလား”

လှောင်ပြောင်လိုသော အမူအရာဖြင့် ထန်ရှုသည် တစ်ဖက်လပ်အား ကြည့်ကာ ပြောလိုက်သည်။

“သရဲတွေသာ ကောင်းကင်ဘုံကို သွားနိုင်တယ် ဆိုရင်တောင်မှ ငါဆန္ဒရှိရင် အဲဒီသရဲတွေကို ငါ သတ်နိုင်သေးတယ်”

***

All Chapters