သတင်းကောင်း
Vol. 02 Ch. 62
ကြယ်တာရာ ရွှေရောင်အင်ပါယာ အိမ်ရာဝင်း
ယွမ်ကျန်းရွှမ်၏ မျက်နှာမှာ မည်းမှောင်လျက် သူ၏ရင်ထဲတွင်လည်း ဗြောင်းဆန်လျက် ရှိနေပေသည်။ ကျောင်ကျင်း ပြန်ပေးဆွဲခံရသည်မှာ အချိန်အတော် ကြာသွားပြီဖြစ်ပြီး အန္တရာယ်သည်လည်း ကြီးမားနေလောက်ပြီ ဖြစ်သည်။ ပြန်ပေးသမားတွေ ကိုလည်း သူမုန်းတီးလှသလို သူနှင့် ရဲအဖွဲ့ ခုချိန်ထိ ဘာမှ မလုပ်ပေးနိုင်ခြင်းကိုလည်း သူ မုန်းတီးသည်။ ကျောင်ကျင်း မည်သည့်နေရာ ရောက်နေသည်ကို သဲလွန်စ သေးသေးလေးပင် ရှာမတွေ့သေးချေ။
သူ့ဇနီးအား ပြန်ပေးဆွဲသူများနှင့် ကြယ်တာရာ ပထမအထက်တန်း ကျောင်းအား ဝင်ရောက်စီးနင်းသူမှာ တစ်ဖွဲ့တည်း ဖြစ်ရမည်နှင့် လက်တုံ့ပြန်ရန်အတွက် သူ့ဇနီးအား ပြန်ပေးဆွဲခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းသည်မှာ သေချာသလောက် ရှိနေပြီဖြစ်သည်။
“ရှောင်လင် … သားရဲ့အတန်းဖော်ကို ဆက်သွယ်လို့ရလား”
ယွမ်ကျန်းရွှမ်သည် ထပ်ကာထပ်ကာ ဖုန်းဆက်သွယ်ရန် ကြိုးစားနေသော သူ၏သားအား ကြည့်လိုက်ပြီး စိုးရိမ်ပူပန်နေသော အသံဖြင့် မေးလိုက်သည်။
ခါးသီးသော အမူအရာနှင့် ယွမ်ချူးလင်သည် ခေါင်းအား ယမ်းလိုက်ပြီး
“သူ့ကို ဆက်သွယ်လို့မရဘူး။ ဖုန်းပိတ်ထားတယ်။ သူ ကျောင်းက မရှိတော့တဲ့အချိန်နဲ့ အမေ ပြန်ပေးဆွဲခံရတဲ့ အချိန်က တစ်ချိန်တည်းလို ဖြစ်နေတယ်။ အဲဒါ တိုက်ဆိုင်မှု ဖြစ်နိုင်တယ်လို့ အဖေ ထင်လား”
ယွမ်ကျန်းရွှမ် အဖြေမပေးဘဲ သူ၏အကြည့်သည် မထွက်ခွာရသေးသော ပြည်သူ့လုံခြုံရေးဗျူရို ဒါရိုက်တာ သန်ကျန်းမင်နှင့် မှုခင်းရဲတပ်ဖွဲ့ ခေါင်းဆောင် ချန်းရွှဲ့မေဆီသို့ ရောက်သွားသည်။
“ဒါက ဖြစ်နိုင်ခြေ နည်းပါတယ်။ ကျောင်ကျင်း ပြန်ပေးဆွဲခံရတာ သူမ ရုံးခန်းအနားမှာ။ အဲဒီအချိန်တုန်းက ထန်ရှုက ကျောင်းမှာ စာလေ့လာနေတုန်းပဲ ရှိသေးတယ်။ နေရာ၂ခု အကွာအဝေးကလည်း ၁ဝကီလိုမီတာ ကွာဝေးတယ်။ ထန်ရှုမှာ ရှေ့ရေး ကြိုသိတဲ့ စွမ်းရည်မရှိဘဲ ကျောင်ကျင်း ပြန်ပေးဆွဲတဲ့ အဖြစ်အပျက်နဲ့ ချိတ်ဆက်မှု ရှိတာမဖြစ်နိုင်ပါဘူး။ နောက်ပြီး သူက အထက်တန်း ကျောင်းသားလေး တစ်ယောက်ပါပဲ”
တည်ကြည်လေးနက်သော အသံဖြင့် သန်ကျန်းမင် ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ထန်ရှုလည်း ပျောက်နေတယ်လေ။ သူ့ကိုရော မရှာကြဘူးလား။ ၂ရက်-၃ရက်တောင် ပျောက်နေတာကို ရှာမတွေ့ဘူးလေ ဟုတ်တယ် မဟုတ်လား”
ယွမ်ကျန်းရွှမ် ပြောလိုက်သည်။
“ဒီဟာကတော့ တကယ် ထူးဆန်းတယ်။ သူ့အိမ်ကို ကျွန်မ ရဲအဖွဲ့ကတစ်ယောက် လွှတ်လိုက်သေးတယ်။ သူက အိမ်ကိုလည်း ပြန်မလာဘူး။ သူ့အမေကလည်း သူ ဘယ်ရောက်နေမှန်း မသိဘူး”
ရုတ်တရက် တယ်လီဖုန်းသံ မြည်လာသည်။
ယွမ်ကျန်းရွှမ်၏ အမူအရာ ပြောင်းသွားပြီး ကော်ဖီစားပွဲဆီသို့ အပြေးသွားကာ ဖုန်းကို ကောက်ယူလိုက်ပြီး ကြည့်လိုက်ရာ ဖုန်းနံပါတ်အစိမ်း ဖြစ်နေသောကြောင့် မျက်မှောင်ကြုတ် သွားရသည်။
“ဖြေလိုက်ပါ”
သန်ကျန်းမင် နောက်မှ အပြေးရောက်လာပြီး ပြောလိုက်သည်။
ယွမ်ကျန်းရွှမ်သည် ဖြေရန်ခလုပ်အား နှိပ်ပြီး အသံချဲ့ခလုပ်ပါ ဖွင့်လိုက်သည်။ ထို့နောက် သူသည် လေးနက်တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
“ယောက်ျား…ကျွန်မ ... ကျွန်မပါ ကျောင်ကျင်း”
ယွမ်ကျန်းရွှမ် မျက်လုံးများ ပြူးကျယ်သွားကာ ကျယ်လောင်စွာ အော်လိုက်မိသည်။
“ဘာ ... ။ ကျင်းအာ…။ မင်း တကယ် ကျင်းအာလား။ မင်း ဘယ်နေရာမှာလဲ။ ကိုယ့်ကို အမြန်ပြောပါ”
“ယောက်ျား ... ကျွန်မ အခု အငှားကားပေါ်မှာ။ ရှင့်အိမ်ကို အပြေးလာနေတယ်။ အခု အဲဒီကားမောင်းသမားရဲ့ ဖုန်းနဲ့ဆက်နေတာ”
“ကျင်းအာ ... မင်းကို ပြန်ပေးသမားတွေက ပြန်လွှတ်လိုက်တာလား။ မင်းသိရဲ့လား ကိုယ့်မှာ မင်းကို စိတ်ပူရလွန်းလို့ ရူးမတတ်ပဲ”
“ယောက်ျား ... ဒီလူဆိုးကောင် ပြန်ပေးသမားတွေက ကျွန်မကို ပြန်လွှတ်တာ မဟုတ်ဘူး။ တစ်ယောက်က ကျွန်မကို လာကယ်ခဲ့တာ။ အာ ... တည်ငြိမ်အေးချမ်း ဒေသက မိုးတိမ်နီလမ်းပေါ်မှာရှိတဲ့ ကားဝပ်ရှော့ရုံ အဟောင်းကို လူတွေ အမြန်လွှတ်လိုက်ပါဦး။ ကျွန်မရဲ့ကယ်တင်ရှင်က အဲဒီမှာ ရှိနေသေးတယ်။ ပြီးတော့ ရဲကို မခေါ်နဲ့။ ကျွန်မရဲ့ ကယ်တင်ရှင်က ပြောတယ် ရဲအဖွဲ့ထဲမှာ သူလျှို ရှိနေတယ်တဲ့”
သန်ကျန်းမင်နှင့် ချန်းရွှဲ့မေ့တို့ ပင့်သက်ရှိုက် လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ယုံကြည်ရန် ခက်ခဲသော အမူအရာများ ရှိနေကြသည်။
ရဲအဖွဲ့ထဲမှာ သူလျှို ရှိနေတယ်ဟုတ်စ။ ဒါဘယ်လို ဖြစ်နိုင်ပါမည်နည်း။
သတင်းရရှိမှုကြောင့် လိုက်လံဖမ်းဆီးပါက တရားခံများသည် ကြိုတင်သိရှိနေ သကဲ့သို့ ရဲများမရောက်ခင် အမြဲ ကြိုတင်လွတ်မြောက် သွားသည်ကို ရုတ်ခြည်းပင် သူတို့၂ယောက် ပြန်လည် သတိရသွားသည်။
သည်ဟာ တကယ်ပဲ ရဲတပ်ဖွဲ့ထဲမှာ သစ္စာဖောက် ရှိနေနိုင်တာလား။
ယွမ်ချူးလင်သည် သန်ကျန်းမင်နှင့် ချန်းရွှဲ့မေတို့အား ဒေါသတကြီး ကြည့်လိုက်သည်။ သူသည် ဒေါသရိပ်တို့ စွက်နေသော အသံဖြင့် လေးလေးနက်နက် ပြောလိုက်သည်။
“ကျင်းအာ ... ကိုယ် အခု လူတိုင်းကို အဲဒီကားဝပ်ရှော့ အဟောင်းကို သွားဖို့ ချက်ချင်း ပြောလိုက်မယ်။ ကျင်းအာ အခု အငှားကားပေါ်မှာလား။ အခု ဘယ်နေရာ ရောက်ပြီလဲ။ ကားနံပါတ် ကိုယ့်ကို ပြောစမ်းပါ။ ကိုယ် တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ မဟုတ်ဘူး…။ ကိုယ်ကိုယ်တိုင် လာခေါ်လှည့်မယ်”
“ကောင်းပြီ”
ဖုန်းပြောမှု ပြီးဆုံးသွားပြီ ဖြစ်သည်။
ယွမ်ကျင်းလင် ဒေါသတကြီး ပြောတော့သည်။
“ခင်ဗျားတို့ရဲတွေ အတော် ကောင်းတာပဲ။ ရဲတပ်ဖွဲ့ထဲမှာတောင် သူလျှို ရှိနေတယ်။ ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ဒီတိုင်းပြည်ရဲ့ လုံခြုံကာကွယ်ရေး အတွက် စံပြဖြစ်တော့မှာလဲ။ ကျွန်တော့်ဇနီး ပြောတာကြားတယ်နော်။ ကျွန်တော့်နောက်ကို ခင်ဗျားတို့ရဲတွေ မလိုက်လာနဲ့။ ကျွန်တော့်လူတွေနဲ့ပဲ ကားဝပ်ရှော့ အဟောင်းက ပြဿနာကို သွားရှင်းမယ်”
“မလုပ်ရဘူး”
သန်ကျင်းမင်၏ မျက်နှာသည် စိမ်းလိုက် ဖြူလိုက် ဖြစ်နေသော်လည်း သူသည် လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။
ချီတုံချတုံဖြစ်နေသော အမူအရာဖြင့် ချန်းရွှဲ့မေ ပြောလိုက်သည်။
“ဆရာယွမ် ... ကားဝပ်ရှော့အဟောင်းရဲ့ အခြေအနေက အမှန်တကယ်ကို အရေးပါ အရာရောက်တဲ့ ပြဿနာမို့လို့ ရဲတွေ လှုပ်ရှားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဲဒီ ပြန်ပေးသမားတွေက ကျွန်မတို့ လွယ်လွယ် ကိုင်တွယ်လို့ရမယ့်သူတွေ မဟုတ်ဘူး။ သူတို့တစ်ကိုယ်လုံး သွေးလွှမ်းနေတဲ့ အေအဆင့် အလိုရှိနေတဲ့ တရားခံတွေပါ။ ကျွန်မရဲ့ ရဲမှုခင်းအဖွဲ့က လူတွေက အမှုတွေကို စုံစမ်းထောက်လှမ်း ဖော်ထုတ်ခဲ့တာ နှစ်အတော်ကြာပါပြီ။ အဲဒါအပြင် တစ်ယောက်ချင်းစီတိုင်း ကလည်း နောက်ကြောင်းရာဇဝင် မှတ်တမ်းမှတ်ရာ ရှင်းပါတယ်။ ကျွန်မ အဖွဲ့ထဲမှာတော့ မရှိတာ လုံးဝသေချာတယ်။
ကျွန်မတို့ကို ရှင့်ကို ကူညီပြီး ဒီပြဿနာကို ရှင်းပါရစေ”
ယွမ်ချူးလင် တစ်ခဏမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်ကာ ဖြေလိုက်သည်။
“ကောင်းပြီ။ ခင်ဗျားတို့ကလွဲပြီး ဘယ်သူမှ မသိစေနဲ့”
သန်ကျန်းမင် အလျင်အမြန် ပြောလိုက်သည်။
“ငါလည်း လိုက်ခဲ့မယ်”
တည်ငြိမ်အေးချမ်း ဒေသရှိ မိုးတိမ်နီလမ်းပေါ်မှ ကားဝပ်ရှော့ရုံ အဟောင်း၌…
ထန်ရှုသည် ထိုကားဝပ်ရှော့ အဟောင်းထဲတွင် ရှိနေသေးပြီး သူ၏ မျက်ဝန်းအစုံသည် သေခါနီးဖြစ်နေသော ဖျော့တော့စွာ ရှိနေသည့် တစ်ဖက်လပ်အား စူးစိုက်ကြည့်နေသည်။ ထန်ရှု အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
“ငါ မင်းကို ပြောဖို့ အခွင့်အရေး ပေးပြီးပြီ။ မင်း ပြောရင်ပြော၊ မပြောရင် အကျိုးဆက်ကို ရင်ဆိုင်လိုက်”
တစ်ဖက်လပ် တိတ်ဆိတ်နေသည်။ သူ၏ ညီအစ်ကိုအကြောင်း သူ ဖွင့်မပြောချင်ပေ။ သူတို့အတွက် လက်စားချေပေး နိုင်ရန်အတွက် မျှော်လင့်ထားခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏အရှေ့မှ လူငယ်လေးသည် ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှု မရှိသောသူ ဖြစ်သည်။ သူသာ မပြောခဲ့ပါက သူ့အဖွားသည် အနှိပ်စက် ခံရနိုင်သည်။ သူ၏ အဘွားလက်ပေါ်တွင် ကြီးပြင်းလာရ သောကြောင့် အဖွားသည် တစ်ဖက်လပ်အတွက် အရေးပါဆုံး လူသားတစ်ယောက် ဖြစ်သည်။
သူ ဘာလုပ်သင့်ပါသနည်း။
သူ ချီတုံချတုံ ဖြစ်နေစဉ်တွင်
“ငါ... ၃ကနေ စရေမယ်။ မင်း မဖြေရင် မင်း ရွေးချယ်မှုပဲ။ နောက်ပြီး မင်းရဲ့သေဆုံးသွားတဲ့ ညီအစ်ကိုတွေကနေ ရဲအဖွဲ့ထဲက သူလျှို ဘယ်သူလဲဆိုတာ ငါ သိထားပြီးသား။ မင်းရဲ့ ောက်ပါးစပ်ကနေ သေချာ ထပ်သိချင်သေးလို့”
ထန်ရှု၏စကားများသည် သူ၏ရင်အား ဆယ်ပေါင်တူဖြင့် ထုလိုက်ဘိသကဲ့သို့ လေးလံသွားစေခဲ့သည်။
“၃ ... ၂ ... ၁.”
“အိုကေ ... အိုကေ ... ငါ ပြောပါမယ်”
သူ၏နှလုံးနေရာတွင် နာကျင်စွာ စူးဝင်လာသော်လည်း နောက်ဆုံး အခြေအနေတွင် သူ၏အဘွားအား ကာကွယ်ဖို့ သူ ရွေးချယ်ချင်သေးသည်။
“ဘယ်သူလဲ”
တစ်ဖက်လပ်သည် အံကြိတ်ကာ ဖြေလိုက်သည်။
“လီတောင်။ သူက ပြည်သူ့လုံခြုံရေးဗျူရို သတင်းဋ္ဌာနက လက်ထောက် အကြီးအကဲပါ”
“တကယ် သူပဲပေါ့”
ထန်ရှုသည် သရော်ပြုံး ပြုံးလိုက်သည်။ သူသည် စစ်သုံးဓားဖြင့် တစ်ဖက်လပ်၏ လည်ချောင်းအား ခွဲလိုက်ပြီး သူ၏နှလုံးအား ထိုးဖောက်လိုက်သည်။ တစ်ဖက်လပ်အား အဆုံးသတ် ပေးပြီးနောက် သူသည် နံရံထောင့်တွင် တွင်းတစ်တွင်းအား တူးလိုက်ပြီး အတွင်းမှ ပိုက်ဆံအပြည့်ပါသော ပလတ်စတစ်အိတ်အား ထုတ်လိုက်ကာ ထွက်ခွာလာ ခဲ့တော့သည်။
အမှန်တကယ်အားဖြင့် ထိုတရားခံများသည် သူ့အား ခြိမ်းခြောက်သူများ မဟုတ်သောကြောင့် သူသည် ထိုသူများအား ရှင်းပစ်ရန် စိတ်မပါချေ။ သို့သော် ထိုသူတို့သည် ယွမ်ချူးလင်၏ မိခင်အား ပြန်ပေးဆွဲလာ သောကြောင့် သူ သေချာပေါက် ရှင်းပစ်မည် ဖြစ်သည်။
သို့သော်လည်း အခုချက်ချင်း သူ့အတွက် အရေးကြီးဆုံး လုပ်ရမည့်အချက်မှာ ငွေရှာရန်ဖြစ်သည်။ သူကိုယ်တိုင် ကျင့်ကြံရန် လိုအပ်ပြီး ထိုအတွက် ဆေးပင်များ၊ အရင်းအမြစ်များ၊ အဖိုးတန်အရာများ များစွာလိုအပ်သည်။ ထိုလိုအပ်မှုအတွက် ဝယ်ယူရန် လုံလောက်သော ချမ်းသာကြွယ်မှု ရှိမှသာ သူ၏ကျင့်ကြံမှု လမ်းစဉ်သည် ခရီးရောက်မည် ဖြစ်သည်။ ငွေရှာရန်အတွက် သူ့တွင် အစီအစဉ် ရေးဆွဲပြီးဖြစ်ပြီး သူ့အတွက် လိုအပ်နေသောအရာ တစ်ခုဖြစ်သည့် သူ၏စီးပွားရေးအား စီမံခန့်ခွဲပေးရန် ကျွမ်းကျင်အဆင့် မန်နေဂျာကိုလည်း လုံကျန့်ယုအား ရှာပေးပါရန်အတွက် ယုံကြည်စွာ တောင်းဆိုပြီးဖြစ်သည်။ အချိန်တွက်လိုက် သောအခါ လုံကျန့်ယုတစ်ယောက် ထိုလိုအပ်နေသည့် မန်နေဂျာအား ရှာဖွေပြီးလောက်ပြီဟု သူ ထင်သည်။
နာရီဝက်ကြာသော်
ထန်ရှုသည် သွေးစွန်းနေသော သူ၏အပေါ်ဝတ် အင်္ကျီအား ချွတ်ကာ သူ ဖြတ်သန်းလာသော လမ်းဘေးရှိ မြစ်ထဲသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် မြစ်ရေသည် ထိုအင်္ကျီအား ရေလှိုင်းများဖြင့် လျှော်ဖွပ်သကဲ့သို့ ဖြစ်ပြီးနောက် မြစ်ရေထဲသို့ နစ်မြုပ်သွားသည်ကို စောင့်ကြည့်ခဲ့သည်။ ထို့နောက် သူသည် ကျောင်းသို့ မပြန်တော့ဘဲ တောင်တံခါးမြို့မှ သူ၏ အိမ်ရာဝင်းထဲသို့ ပြန်လာခဲ့သည်။
“အာ ... ”
ထန်ရှုသည် အိမ်ရာဝင်းထဲရှိ ခန်းမထဲသို့ ဝင်လိုက်သောအခါ ဖုန်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ သူ သည်အိမ်ကို လက်ခံရရှိစဉ် အခါက အိမ်ရာမြေ စောင့်ရှောက်ရေးအဖွဲ့မှ သည်အိမ်၏ သန့်ရှင်းရေးအား ပိုင်ရှင်မရှိခင်အချိန်ထိ တာဝန်ယူပေးထားခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် သူသည် ပိုင်ရှင်ဖြစ်လာပြီ ဖြစ်သောကြောင့် အိမ်ရာမြေ စောင့်ရှောက်ရေး အဖွဲ့မှ သည်အိမ်၏ သန့်ရှင်းရေးအား တာဝန်မယူထားတော့ဘဲ သန့်ရှင်းရေးအတွက် လူမလွှတ်တော့ခြင်း ဖြစ်လိမ့်မည်။
“သည်လို ကြီးမားတဲ့ အိမ်မျိုးအတွက် ငါ အိမ်အကူ ခေါ်ရလိမ့်မယ် တစ်ယောက်နဲ့တောင် မရလောက်ဘူး။ တီဗွီရုပ်သံတွဲ ထဲကလို ကျွမ်းကျင် ဘဏ္ဍာစိုးတစ်ယောက် ခေါ်သင့်သလား”
ထန်ရှုသည် မချိပြုံး ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ကျွမ်းကျင် ဘဏ္ဍာစိုးတစ်ယောက် သို့မဟုတ် အိမ်တော်ထိန်း တစ်ယောက် ငှားရန် သူ့တွင် စည်းစိမ်ချမ်းသာ မရှိပေ။ သူသည် အပေါ်ထပ်သို့ တက်ကာ ရေချိုးလိုက်သည်။ ထို့နောက် လုံကျန့်ယု ကြိုတင် စီစဉ်ထားရှိသော ဗီရိုထဲမှ ထသွားထလာ ပေါ့ပေါ့ပါ့းပါး ဝတ်စုံတစ်စုံအား ယူကာ ထုတ်ဝတ်လိုက်သည်။
သည်အိမ်၏ အဓိကအခန်းသည် ဒုတိယထပ်တွင် ရှိသည်။ မာစတာ အိပ်ခန်းသည် စတုရန်းပေ ရာပေါင်းများစွာ ကျယ်ပြီး အတွင်းအခန်း အပြင်အဆင်သည် ခမ်းနားသော ပစ္စည်းများဖြင့် ဆင်ယင်ထားသောကြောင့် လူများစွာအား သွေးများ ဆူပွက်စေနိုင်သည်။ သည်ရက်ပိုင်းတွင် သူ ကောင်းကောင်း မနားရသောကြောင့် အနားယူရန် ပြင်ဆင်နေသည်။ သို့သော်လည်း သူသည် လုံကျန့်ယုအား ဆက်သွယ်ပြီး ကျွမ်းကျင်အဆင့် မန်နေဂျာအကြောင်း မေးလိုသေးသည်။ ထိုအကြောင်းအား စဉ်းစားမိသည့်ခဏ သူ၏ဖုန်းအား အချိန်အတော် ကြာအောင် ပိတ်ထားမိသည့် အကြောင်း သတိရသွားသည်။ သူသည် လျင်မြန်စွာ ဖုန်းကို ဖွင့်လိုက်သည်။ မြောက်မြားလှစွာသော ဖုန်းခေါ်ဆိုမှုများနှင့် စာတိုများသည် တောက်လျှောက် တက်လာခဲ့သည်။
သူ ကျင့်ကြံနေသည့် အချိန်တုန်းကလည်း ဖုန်းစက်ပိတ်ထားပြီး ပြန်ဖွင့်လိုက်သောအခါ ထိုမြင်ကွင်းမျိုး ကြုံဖူးသည်။ ယခုလည်း ထပ်ကြုံပြန်ပြီ ဖြစ်သည်။ ဟန်ကျင်းဝူနှင့် ယွမ်ချူးလင်တို့မှ လွဲပြီး သူမသိသော ဖုန်းနံပါတ်များမှလည်း ၁ဝကြိမ်ထက်မနည်း ခေါ်ဆိုထားသည်ကို တွေ့လိုက်ရသည်။
“ဟ ... ယွမ်ချူးလင်က ငါ့ကို ၄၂ကြိမ်တောင် ခေါ်ထားတာပါလား။ ကြည့်ရတာ သူ့အမေ ပြန်ပေးဆွဲခံရတာကို သိသွားပြီး ငါကလည်း ကျောင်းကနေ ပျောက်နေတော့ သူ့အမေ ပြန်ပေးဆွဲခံရတဲ့အမှုနဲ့ ချိတ်ဆက်နေ လောက်တယ်လို့ တွေးမိပုံရတယ်”
ထန်ရှုသည် တစ်ခဏမျှ တွေးတောပြီး ယွမ်ချူးလင်အား မခေါ်သေးရန် ဆုံးဖြတ်လိုက်သည်။ သူ၏မိခင်အား ကယ်တင်ပေးပြီးပြီ ဖြစ်ရာ ဘာမျှ ထပ်ဖြစ်စရာအကြောင်း မရှိတော့ချေ။ ထန်ရှု၏ အသုံးချခြင်းကို ခံရပြီး အညာခံထားရသော ဟန်ကျင်းဝူသည်လည်း သူ့အား အမြန်ရှာတွေ့ပြီး ကြမ်းကြမ်းတမ်းတမ်း ဆုံးမရန်ပင် ဆုတောင်းနေနိုင်သည်။ သူမသည် လောလောဆယ် ဆက်သွယ်ရန် မလိုသေးချေ။
မိနစ်ဝက်ကြာသော်
ထန်ရှုသည် လုံကျန့်ယု၏ဖုန်းအား ခေါ်ဆိုလိုက်သည်။
“အစ်ကိုကြီးလုံ ... ကျွန်တော် ထန်ရှုပါ။ နှောင့်ယှက်ရတာ အားတော့နာပါတယ်။ ကျွမ်းကျင်အဆင့် မန်နေဂျာ ရှာဖွေတာ ဘယ်လိုအခြေအနေ ရှိနေပြီလဲ ခင်ဗျ”
“အား ... ညီလေးထန်။ ညီလေးက စပြီး ဆက်သွယ်လိမ့်မယ်လို့ ငါ မထင်မိဘူးဟေ့။ ငါ ညီလေးဖုန်းကို ခေါ်နေတာ အကြိမ်များနေပြီ ဖုန်းစက်ပိတ်ထားတာနဲ့ တိုးနေလို့။ ငါ ထောက်ခံတဲ့ ကျွမ်းကျင်အဆင့် မန်နေဂျာက အတော်ကြီးကို ထူးခြားတယ်။ မင်း သူနဲ့ လူချင်းတွေ့ဖို့ အချိန်ရှိလား”
လုံကျန့်ယု၏အသံသည် ကောင်းမွန်သော အရာတစ်ခုအား ရှာတွေ့ထားဘိ သကဲ့သို့ ရွှင်ပျနေသည်။
ထူးခြားတယ် ဟုတ်လား…။
ထန်ရှုမျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင် ဖြတ်သန်းသွားပြီး သူ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဟုတ်ကဲ့။ ကျွန်တော်တို့ တွေ့ကြတာပေါ့။ အစ်ကိုကြီး အခု ဘယ်မှာလဲ။ ကျွန်တော် အပြေးလာခဲ့မယ်”
လုံကျန့်ယု ရယ်မောလိုက်ရင်း
“ငါ အခု တောင်တံခါးမြို့က အိမ်ခြံမြေ စီမံခန့်ခွဲမှု ရုံးခန်းမှာ ရှိတယ်”
“ဟုတ်။ ၁ဝမိနစ်အရောက် လာခဲ့မယ်”
ထန်ရှုသည် ဖုန်းအား ချလိုက်ပြီးနောက် နောက်နံပါတ် တစ်ခုအား ခေါ်ဆိုရန် ချီတုံချတုံ ဖြစ်နေသည်။ ထိုနံပါတ်သည် သူ မသိသောနံပါတ် ဖြစ်သော်လည်း သူ့အား အကြိမ်များစွာ ခေါ်ဆိုထားသည်။
“ဟယ်လို…ထန်ရှုလား”
ဖုန်းဝင်သွားသည်နှင့် ထန်ရှု မပြောရသေးမီ အမျိုးသမီး တစ်ယောက်၏ အလောတကြီး အသံသည် ဝင်ရောက်လာသည်။
“ဟုတ်ကဲ့။ ကျွန်တော်ပါ။ ဖုန်းကိုင်တာ ဘယ်သူများပါလဲ”
***