သတ်ဖြတ်ခြင်းစံအိမ်
Vol. 02 Ch. 63
ပျော်ရွှင်သွားဟန်နှင့် အလျင်လိုနေဟန်ရသော အသံတစ်သံသည် ဖုန်းမှတစ်ဆင့်
“ငါ ချန်းရွှဲ့မေပါ။ ပြည်သူ့လုံခြုံရေး ဗျူရိုရဲ့ မှုခင်းဋ္ဌာနကလေ။ ထန်ရှု နင် ဘယ်မှာလဲ။ ငါ နင့်ကို တွေ့ဖို့ လိုအပ်တယ်”
ချန်းရွှဲ့မေလား…။
ထန်ရှု တိတ်တဆိတ် ပြုံးလိုက်မိသည်။ ပြည်သူ့လုံခြုံရေး ဗျူရိုသည် သည်တရားခံများ နောက်သို့ လိုက်နေလိမ့်မည်မှန်း သူ သိပြီးသားဖြစ်သည်။ သို့သော် သူ့အား ရှာနေသူမှာ ချန်းရွှဲ့မေ ဖြစ်လိမ့်မည်ဟု သူ မထင်ထားချေ။ သို့ပါသော်လည်း ပြည်သူ့လုံခြုံရေး ဗျူရိုမှ မည်သူတစ်ဦး တစ်ယောက်နှင့်မျှ မဆက်ဆံလိုသောကြောင့် ကြိုတင် ချေဖျက်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
“အရာရှိချန်း … ကျွန်တော့်ကို မေးစရာတစ်ခုခု ရှိလို့လား။ အရေးတကြီးကိစ္စ မရှိရင် ကျွန်တော် အခုတလော အလုပ်များနေလို့”
ထန်ရှုသည် သူသိပြီးသားဖြစ်သော တစ်စုံတစ်ခုအတွက် သက်သေ ပြလိုက်သည်။
“အရမ်း အရေးကြီးတယ်”
ချန်းရွှဲ့မေ၏အသံသည် ခပ်ပြတ်ပြတ် ဖြစ်သွားသည်။
“အဲဒါဆိုလည်း တောင်တံခါးမြို့ကို လာခဲ့နိုင်ပါတယ်။ အာ ... ဟုတ်သားပဲ။ ကျွန်တော် ခုပဲ ကျွန်တော့်အိမ်ကနေ ထွက်ပြီး အိမ်ခြံမြေရုံးခန်းမှာ သူငယ်ချင်း တစ်ယောက်ကို သွားတွေ့မလို့”
“တောင်တံခါးမြို့…။ နင့်အိမ်…။
အာမေဋိတ်သံသည် ဖုန်းထဲမှ ထွက်လာသည်။ ချန်းရွှဲ့မေ အံ့သြသွားခဲ့သည်။
ထန်ရှုသည် စိတ်ထဲမှ ကျိတ်ရယ်လိုက်သည်။ ချန်းရွှဲ့မေသည် သူ၏ နောက်ခံအကြောင်းအား စုံစမ်းပြီးသား ဖြစ်မည်ဟု သူ ရိပ်မိပြီးသား ဖြစ်သည်။ သို့သော် သူမ မတွေးထင်ထား ခဲ့သည်မှာ တောင်တံခါးမြို့၌ သူ့တွင် အိမ်တစ်လုံး ရှိလိမ့်မည် ဆိုတာကိုပင်။
“ဘာဖြစ်လို့လဲ။ ပြဿနာ ရှိလို့လား အရာရှိချန်း”
“မဟု…။ မဟုတ်…။ ငါ နင့်ကို အဲဒီမှာ လာတွေ့မယ်”
တည်ငြိမ်အေးချမ်း ဒေသရှိ မိုးတိမ်နီလမ်းမ…
ကားအချို့ အပြေးအလွှား ရောက်ရှိလာပြီး ပျက်စီးနေသော ကားဝပ်ရှော့ဟောင်း တစ်ခုတွင် ရပ်လိုက်ကြသည်။
ရဲကားတစ်စီးပေါ်ရှိ ကားမောင်းသူဘေးရှိ ထိုင်ခုံတွင် ထိုင်နေသော ချန်းရွှဲ့မေသည် အံ့အားသင့်နေသော အမူအရာဖြင့် ဖုန်းအား ချလိုက်သည်။ ထန်ရှုအား လိုက်လံစုံစမ်း ခဲ့ရာတွင် အလွန်အရေးကြီးသော အချို့အချက်များ လွတ်နေဟန်တူသည်။
“ဘာတဲ့လဲ”
နောက်ခုံတွင် ထိုင်နေသော သန်ကျန်းမင်သည် ချန်းရွှဲ့မေ၏ မူမမှန်သော အမူအရာအား သတိထားမိသောကြောင့် မေးလိုက်သည်။
ချန်းရွှဲ့မေသည် ခေါင်း နောက်သို့လှည့်ကာ မျက်မှောင်တွန့်လျက် ပြောလိုက်သည်။
“ထန်ရှု ဖုန်းဆက်တာ။ သူက တောင်တံခါးမြို့က အိမ်မှာ ရှိနေတယ်လို့ ပြောတယ်”
“တောင်တံခါးမြို့ ဟုတ်လား။ ထန်ရှုကို စုံစမ်းထားတဲ့ အချက်တွေကို ငါဖတ်ပြီးပါပြီ။ တောင်တံခါးမြို့ အိမ်ရာဝင်းမှာ အိမ်ရှိတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲဒီမှာနေတဲ့သူတွေက ကြယ်တာရာမြို့က ချမ်းသာတဲ့သူတွေနဲ့ လေးစားထိုက်တဲ့ သူတွေပဲ အများဆုံးနေ နေတာ။ သူ….”
သန်ကျန်းမင်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်လျက် ထိုင်နေရာမှ မတ်ခနဲ ဖြစ်သွားရသည်။
“ကျွန်မမှာလည်း အဲဒါအတွက် သဲလွန်စ မရှိဘူး”
ချန်းရွှဲ့မေ ပြုံးကာ ပြောလိုက်သည်။
သန်ကျန်းမင်သည် အသက်ပြင်းပြင်း ရှူလိုက်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ငါတို့ အရင်ဦးဆုံး ဒီကားဂိုဒေါင်ဟောင်းကို ရှင်းကြမယ်။ ဒီဟာကို ကိုင်တွယ်ပြီးတာနဲ့ မင်း တောင်တံခါးမြို့ အိမ်ရာဝင်းကို သွားပြီး ထန်ရှုကို တွေ့ခဲ့။ သူ့အခြေအနေကို နှံ့နှံ့စပ်စပ် ရှင်းရှင်းလင်းလင်း ထောက်လှမ်းခဲ့ဖို့ မမေ့ပါနဲ့”
“ဟုတ်ကဲ့”
ချန်းရွှဲ့မေ ခေါင်းညိတ်ပြ လိုက်သည်။
ခဏအကြာတွင် သန်ကျန်းမင်နှင့် ချန်းရွှဲ့မေတို့သည် အကြမ်းဖက် နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ဝင် ၇ယောက် ၈ယောက်နှင့်အား ဦးဆောင်လာသလို ယွမ်ကျန်းရွှမ် လက်အောက်မှ ကျွမ်းကျင်သူ ၁ဝယောက်လည်း လျင်မြန်စွာ ဆင်းလာကြသည်။ ထရပ်ကားအား တိုက်ထားသော ကားရှေ့မှန် ကွဲကြေနေသည့် ဘောက်စ်ဝက်ဂွန် ကားလေးအား တွေ့ခဲ့ပြီး ကားမောင်းသူ နေရာတွင် သွေးများ စွန်းထင်နေသည်။
“ဒီနေရာမှာ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်”
သူမ၏ များပြားလှသော ထောက်လှမ်းရေး အတွေ့အကြုံအရ ချန်းရွှဲ့မေသည် မှန်ကန်သော သုံးသပ်ချက်ကို မြန်မြန် ပြုလုပ်နိုင်ခဲ့သည်။
အထူးရဲတပ်ဖွဲ့ဝင်များသည် သေနတ်များ ဆွဲထုတ်လိုက်သည်ကို မြင်သောကြောင့် သန်ကျန်းမင် ခေါင်းညိတ်ပြလိုက် ပြီးနောက် တည်ကြည်သော အမူအရာဖြင့် အမိန့်ပေးလိုက်သည်။
“အထဲကို တစ်ချက်ဝင်ကြည့်။ သေချာ သတိထားပါ။ ဒီတရားခံတွေကို ဖမ်းမိမှဖြစ်မယ်။ လိုအပ်ရင် မြင်တာနဲ့ သတ်”
“ဟုတ်ကဲ့”
အထူးရဲတပ်ဖွဲ့ဝင်များ သဘောတူညီစွာဖြင့် ပြန်ဖြေလိုက်သည်။
ချန်းရွှဲ့မေသည် မူလကပင် ရဲဝံ့စွန့်စားသူ တစ်ဦးပင် ဖြစ်သည်။
“အမျိုးသမီးအရာရှိ လုပ်ရဲပါက ဘဝကို စွန့်စားရဲရမည်” ဟူသည်ကို သူမ ကောင်းစွာ သဘောပေါက်သည်။ သူမ၏ ဦးဆောင်မှုအောက်တွင် လူတိုင်းသည် လျင်မြန်စွာ ပုန်းခိုကာ အချင်းချင်း အကာအကွယ်ပေးလျက် ကားဝပ်ရှော့ဂိုဒေါင်ဟောင်းဆီသို့ အပြေးသွားကြသည်။
“သွေးနံ့လား”
အနံ့ခံကောင်းသော အဖွဲ့ဝင်တစ်ယောက်၏ အမူအရာသည် ရုတ်ခြည်း ပြောင်းလဲသွားသည်။
မကြာမီ…
ချန်းရွှဲ့မေနှင့် အဖွဲ့ဝင်များ ဂိုဒေါင်ဆီသို့ အပြေးသွားကြရာ မြင်ကွင်းတစ်ခုသည် သူတို့အား ကြောင်ငေးသွားစေသည်။ ဂိုဒေါင်အလယ်တွင် အလောင်း ၃လောင်းသည် သွေးအိုင်ထဲတွင် လဲနေသည်။ တစ်ယောက်မှာ စစ်သုံးဓားဖြင့် ထိုးစိုက်ခံထားရပြီး သေနတ်များနှင့် ဓားများလည်း ရှိနေသည်။
ချန်းရွှဲ့မေသည် အလောင်းများအား စစ်ဆေးလိုက်ရာ သူမတို့ အလိုရှိနေသည့် ပစ်မှတ် ထားထားသည့် အေအဆင့်တရားခံများ ဖြစ်နေသည်ကို သိလိုက်ရသဖြင့် တုန်လှုပ်သွားသည်။
“ခေါင်းဆောင် ... နောက်တစ်ခန်းမှာလည်း တစ်ခုခု ရှိနေတယ်”
အဖွဲ့ဝင်တစ်ယောက်က အော်ပြောလိုက်သည်။
ချန်းရွှဲ့မေ ထိုအခန်းဆီသို့ ပြေးသွားပြီး ဖြတ်တောက်ခြင်း အခန်းထဲသို့ ဝင်သွားသောအခါတွင် သူမရှေ့မှ အခြေအနေသည် ကြီးမားသော လှိုင်းများက သူမ၏ခေါင်းအား ရိုက်ပုတ်လိုက်သည့်နှယ် ဖြစ်သည်။
အခန်းတစ်ခုလုံးသည် သတ်ဖြတ်ခြင်းနှင့် ဖြတ်တောက်ခြင်းဆိုင်ရာ ကိရိယာများ၊ ပစ္စည်းများနှင့် ပြည့်နှက်နေပြီး သွေးနံ့ခပ်ပြင်းပြင်း တစ်ခုလည်း ရနေသည်။ သွေးများသည် ကြမ်းပြင်ပေါ်၊ နံရံပေါ်နှင့် နေရာတိုင်းတွင် ရှိနေသည်။ ထိုသွေးနံ့သည် ကြမ်းပြင်ပေါ်ရှိ သွေးအိုင်ထဲမှ လူသေအလောင်း၂ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအလောင်း၂ခုသည်လည်း အလိုရှိနေသော အေအဆင့်တရားခံများ ဖြစ်သည်။
သေပြီလား။ သူတို့အားလုံး သေသွားကြပြီလား။
ချန်းရွှဲ့မေ တောင့်တောင့်ကြီးရပ်ကာ ကြက်သေ သေလျက်ရှိသည်။ သူမသည် သည်နေရာအား လာခဲ့ရာတွင် သူမကိုယ်သူမ သေလူအဖြစ် သဘောထားကာ စစ်ပွဲ တိုက်ပွဲတစ်ခု အဖြစ်နှင့်ပင် အဆင်သင့်ပြင် ထားခဲ့သည်။ ထိုတရားခံများသည် လူ့ခန္ဓာကိုယ် အတွင်းအင်္ဂါများအား ကုန်ကူးနေကြသူများ ဖြစ်သောကြောင့် ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့သော လက်မရွံ့ လူသတ်သမားများ ဖြစ်ကြသည်။ သူတို့၏ အထူးရဲတပ်ဖွဲ့ဝင်များနှင့် ယွမ်ကျန်းရွှမ်၏လူများ ပူးပေါင်းကာ ထိုတရားခံများအား တိုက်ခိုက်လျှင်ပင် ဒဏ်ရာအနာတရ ဖြစ်ပွားနိုင်သေးသည်။
သို့သော်လည်း ဒီမြင်ကွင်းက မည်သို့ ဖြစ်ပျက်ပါသနည်း။
ချန်းရွှဲ့မေသည် ကျောင်ကျင်းပြောသော စကားများအား ရုတ်ခြည်းပင် သတိရသွားသည်။ ကျောင်ကျင်းကို ကယ်တင်ခဲ့သော လူငယ်က ဒီတရားခံများကို သတ်သွားသော သူတစ်ယောက် ဖြစ်နိုင်မလား။
သူ ဘယ်သူ ဖြစ်နိုင်မလဲ…။ ထန်ရှုလား ... ။
“ခေါင်းဆောင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
အဖွဲ့ဝင်တစ်ယောက်မှ တံတွေးမျိုချကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူမသည် အသက်ပြင်းပြင်း ရှူလိုက်ကာ သူမရင်ထဲမှ တုန်လှုပ်မှုအား ဖိနှိပ်လျက် ပြန်ဖြေလိုက်သည်။
“ဒီနေရာမှာ ရှိတဲ့ မှုခင်းမြင်ကွင်းတွေကို ဂရုစိုက်ပြီး အရေးကြီးတဲ့ သဲလွန်စတွေ စုပါ။ ဒီတရားခံတွေက ဆိုးယုတ်တဲ့သူတွေ ဆိုပေမဲ့ သူတို့ကို ဥပဒေအတိုင်းပဲ စီရင်ရမယ်။ အခြားဘေးပယောဂက အပြစ်ပေးတာမျိုး မဖြစ်ရဘူး။ ငါတို့ အဲဒီကျူးလွန်သူကို ရှာရမယ်”
“ဟုတ်ကဲ့ ခေါင်းဆောင်…”
အဖွဲ့ဝင်များ လေးစားစွာဖြင့် ခေါင်းညိတ် လိုက်ကြသည်။
သန်ကျန်းမင်လည်း ဖြတ်တောက်ခြင်း အခန်းဆီသို့ အပြေးရောက်လာပြီး အတွင်းမှ မြင်ကွင်းအား တွေ့ရသောအခါ စကားပင် မပြောနိုင်လောက်အောင် တုန်လှုပ်သွားရသည်။ သူသည် ရဲတပ်ဖွဲ့ထဲတွင် ဆယ်စုနှစ်မက ရှိခဲ့ပြီး အမှုအမျိုးမျိုးကိုလည်း တွေ့ကြုံခဲ့ဖူးသူ ဖြစ်သည်။ သို့သော် ယခုကဲ့သို့ မြင်ကွင်းမျိုးအား တစ်ခါမှ သူ မကြုံခဲ့ဖူးပါချေ။
“ဒါရိုက်တာ သန် ... ခေါင်းဆောင်ချန်း ... ကျွန်တော်တို့ ဒီနားမှာ မြေအောက်ခန်းတစ်ခု တွေ့တယ်။ အဲဒီမှာ အဲဒီမှာ ... လူသေအလောင်းတွေ အများကြီးပဲ အထဲမှာရှိတယ်။ ကျွန်တော်တို့ အဲဒီက စစ်ဆေးရေး တစ်ယောက်ကို အခု ဆက်သွယ်နေတယ်”
“မင်း ဘာ တွေ့ပြီးပြီလဲ”
သန်ကျန်းမင် ရုတ်ခြည်းပင် အမူအရာ ပြောင်းသွားသည်။
မိနစ်ဝက်ကြာသော ဂိုဒေါင်အနီးတွင် မြေအောက်ခန်းတစ်ခု ရှိသည်ကို သူတို့တွေ့လိုက်ရသည်။ သူတို့ ရေတွက်ပြီးနောက် ကိုယ်တွင်းအင်္ဂါများ မရှိတော့သော လူသေအလောင်း၂၃လောင်း ရှိသည်ကို သိလိုက်ရသည်။
“ဒီဟာ ဆိုးဝါးလှတဲ့ သတ်ဖြတ်ခြင်း စံအိမ်ပေပဲလား…”
သန်ကျန်းမင် မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူလျော်သွားခဲ့သည်။ သူ ပျက်စီးသွားခဲ့ပြီဟု သူ သိလိုက်သည်။ သူရှိနေသော မြို့တော်၏ အချုပ်အခြာ အာဏာကိုပင် လွှမ်းမိုးနိုင်သော အမှုကြီးတစ်ခု ဖြစ်ပျက်ခဲ့ခြင်းသည် သူ၏ရာထူး၊ အလုပ်တို့သည် အဆုံးသတ်သို့ ရောက်ပြီဟု ဆိုလိုနေရင်းပင် ဖြစ်တော့သည်။
သူ၏သွင်ပြင်သည် လျှပ်တစ်ပြက်အတွင်း နှစ်အနည်းငယ် အိုစာသွားသကဲ့သို့ပင် ဖြစ်တော့သည်။
ချန်းရွှဲ့မေသည်လည်း များပြားလှသော အလောင်းများအား မြင်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ လျင်မြန်စွာပင် အမိန့်ထုတ်လိုက်သည်။
“သတင်းအရာရှိတွေကို ဆက်သွယ်ပါ။ အခုလတ်တလော ပျောက်ဆုံးနေတဲ့ သူတွေရဲ့သတင်းကို စုပြီး ငါ့ဖုန်းကို ပို့ပေးပါလို့”
“နေဦး ... ။ ရပ်…”
သန်ကျန်းမင် စိတ်ရှုပ်ထွေးနေ သော်လည်း သတိမလွတ်သွား သေးသောကြောင့် ချက်ချင်း အော်ကာတားလိုက်သည်။
“ဒါရိုက်တာသန် ... ရှင် ဘာလုပ် ... ”
ချန်းရွှဲ့မေ ဇဝေဇဝါ ဖြစ်သွားသည်။
သန်ကျန်းမင်သည် အုံ့မှိုင်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။
“ကျောင်ကျင်းဆီက ဖုန်းခေါ်ဆိုမှုကို မေ့သွားပြီလား။ ငါတို့ထဲမှာ သူလျှို အမှန်တကယ် ရှိနေတယ်ဆိုရင် သူတို့ကို အချက်ပေးလိုက်သလို ဖြစ်လိမ့်မယ်။ ဒီအမှုကို လိုအပ်ရင် ငါတို့ဘာသာ စုံစမ်းပြီး သူလျှိုတွေကိုလည်း သူတို့တွင်းထဲက ထွက်လာအောင် လုပ်ရမယ်”
“နားလည်ပါပြီ ... ”
ချန်းရွှဲ့မေ ခေါင်းညိတ်ပြလိုက်သည်။
သန်ကျန်းမင်၏ မျက်လုံးများထဲတွင် အံ့သြသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဒီနေ့အခြေအနေက ပုံမှန်မဟုတ်ဘူး။ တောင်တံခါးမြို့ အိမ်ရာဝင်းကိုသွားပြီး ထန်ရှုကို တွေ့ပါ။ ဒီနေရာကို ငါနဲ့ လွှဲခဲ့။ ဒီရက်ပိုင်း သူပျောက်နေရတဲ့ အကြောင်းရယ် ဒီနေ့အလီဘိုင်ရယ် သေချာစုံစမ်းလာခဲ့ပါ”
“ဟုတ်ကဲ့…”
ချန်းရွှဲ့မေ တုံ့ပြန်လိုက်သည်။ သူမ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည် ရုတ်ရက် ရပ်တန့်လိုက်ပြီး
“ဒါရိုက်တာသန်…အမှုကို အရင် အစီရင် မခံဘူးလား”
သန်ကျန်းမင် အမူအရာ ပြောင်းသွားပြီး သေချာအောင် မေးလိုက်သည်။
“မင်း ဆိုလိုတာက….”
“ရှင်က ဗျူရိုဒါရိုက်တာ တစ်ယောက်ပါ။ ရှင့်လက်အောက်မှာ တာဝန် ထမ်းဆောင်ရတဲ့ ကျွန်မတို့ အဖွဲ့ဝင်တွေက အရေးကြီးတဲ့အမှု တော်တော်များများကို အောင်မြင်ခဲ့ဖူးကြတယ်”
“ဒါ…”
သန်ကျန်းမင် စိတ်လှုပ်ရှားသွားသည်။ သူသည် အမှန်အတိုင်း အစီရင်ခံပါက အကျိုးဆက်သည် စိုးရိမ်ဖွယ်ဖြစ်သည်။ ထိုအရာသည် ရှက်ဖွယ်ဖြစ်ပြီး ရဲအဖွဲ့၏ ဂုဏ်သိက္ခာနှင့် အမည်သတင်းအား ရိုက်ချိုးခံလိုက်ရသကဲ့သို့ ဖြစ်မည်။ သို့သော်လည်း သူကိုယ်တိုင် ဦးဆောင်ပြီး နှိမ်နင်းခဲ့သော အမှုအဖြစ်
အစီရင်ခံစာ အကြောင်းအရာအချို့အား ပြောင်းလဲခဲ့ပါလျှင် နောက်ဆက်တွဲသည် မျက်နှာသာ ပေးခံရဖွယ်ရှိသည်။
“သူတို့ကို သတ်တဲ့သူတွေကျရော ... ”
ချန်းရွှဲ့မေ တိတ်ဆိတ်နေသည်။ သန်ကျန်းမင်၏ စကားအား သူမ ကောင်းစွာ နားလည်သည်။ အစီရင်ခံစာ၏ အကြောင်းအရာ ပြောင်းလဲသွားသည်နှင့် သတ်သူအမှန်အား ဖျောက်ကွယ်သကဲ့သို့ ဖြစ်သွားလိမ့်မည်။ အမှန်အတိုင်း ပြောရပါမူ သူမသည် ကောင်းကင်ဘုံ ဥပဒေအတိုင်း စီရင်သည့် သူရဲကောင်းအား အမှန်တကယ် လေးစားပါသည်။ သည်ရက်စက် ယုတ်မာလှသော တရားခံများသည် အပြစ်မဲ့သူများအား ဖမ်းကာ ကိုယ်တွင်းအင်္ဂါ ရောင်းစားသည်အထိ ရက်စက်ယုတ်မာချက်က ကမ်းကုန်သည်။ သို့သော် တရားဥပဒေကမူ….
“ဒါရိုက်တာသန် ... ဒီလူတွေက တကယ်ကို မကောင်းဆိုးဝါးတွေပါ”
ရဲအရာရှိ တစ်ယောက်မှ တုန်လှုပ်နေသော အမူအရာဖြင့် စက်ဆုပ်မုန်းတီးစွာ ပြောလိုက်သည်။
ချန်းရွှဲ့မေ၏အကြည့်သည် ထိုသူ၏မျက်နှာပေါ်သို့ ရောက်ရှိသွားပြီး ထိုမှတစ်ဆင့် သယ်ဆောင်လာကာ အလောင်းပေါ်သို့ ရောက်သွားလေသည်။
သူမရင်ထဲတွင် တင်းကျပ်နေပြီး ပြင်းထန်သော လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ သူတို့က လူတွေမဟုတ်ကြဘူး”
သန်ကျန်းမင် နှုတ်ခမ်းတပြင်ပြင် ဖြစ်နေပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
“ကျေးဇူးတင်ပါတယ်”
***
တောင်တံခါးမြို့အိမ်ရာဝင်း၏ အိမ်ခြံမြေရုံးခန်းသည် ထိုနေရာတစ်ခုလုံး၏ အလယ်ဗဟိုတွင် ရှိသည်။
အနောက်တိုင်းစတိုင် တည်ဆောက်ထားသော ၂ထပ်အဆောက်အဦ ဖြစ်ပြီး စတုရန်းမီတာ ၂ဝဝဝရှိသည်။
ရုံးခန်းသည် ခြံစည်းရိုးမရှိဘဲ တင်းကျပ်ပြီး ရဲရင့်သော လုံခြုံရေးအစောင့်မှ စောင့်ကြပ်သည်။ လှပပြီး အရောင်စိုသော အနီနှင့် ခရမ်းရောင်ပန်းလေးများ ပွင့်သောအပင်များအား ခြံဝင်းထဲတွင် သပ်ရပ်စွာ စိုက်ပျိုးထားရှိသည်။ တစ်ဖက်တွင် စားပွဲနှင့် ကုလားထိုင်များ ခင်းကျင်းထားသော နေရာများတွင် ကြီးမားသော နေကာထီးများအား စိုက်ထူထားရှိသည်။
လုံကျန့်ယုသည် ပြုံးလျက် အဓိက အဆောက်အဦ၏ တံခါးဘက်ဆီသို့ မကြာမကြာ ကြည့်နေသည်။ သူ၏ရှေ့တွင် ကြည့်ကောင်းသော လူရွယ်တစ်ယောက်သည် ခြေချိတ်ထိုင်လျက် စီးကရက်ခဲကာ ရှိနေသည်။ သူ၏ဘေးတွင် နေကာမျက်မှန် တပ်ထားသော လူတစ်ယောက်သည် လက်ဆွဲသေတ္တာငယ်အား ကိုင်လျက် မတ်တတ်ရပ်လျက် ရှိသည်။
“သခင်လေးလုံ ... မင်း စောင့်ပေးရလောက်တဲ့အထိ လေးစားခံရတဲ့ မင်းသူငယ်ချင်းက ဘယ်သူလဲ။ သူက မင်း စောင့်ပေးရတဲ့အထိ ထိုက်တန်လို့လား”
ဂူယွဲ့တာ စိတ်မသက်မသာ ဖြစ်နေသည်။ လုံကျန့်ယုသည် မူလက တောင်တံခါးမြို့ အိမ်ရာဝင်းထဲရှိ အိမ်အား စစ်ဆေးကြည့်ရှုရန် သူ့အား အဖော်လုပ်ပေးခဲ့ပြီး သူသည်လည်း သတင်းအချို့ကို ရပြီးနောက် အိမ်တစ်လုံး ဝယ်ရန်အတွက် စီစဉ်ခဲ့သည်။ သို့သော်လည်း လုံကျန့်ယုသည် ဖုန်းတစ်လုံးအား ဖြေဆိုပြီးနောက် တစ်စုံတစ်ယောက်အား သူကိုယ်တိုင် စောင့်နေသဖြင့် အခြားသူများအား အံ့အားသင့်စေသည်။
မလိုသော အရိပ်အယောင်တစ်ခုသည် လုံကျန့်ယု၏ မျက်ဝန်းထဲတွင် ရိပ်ခနဲ ဖြတ်သွားပြီးနောက် သူသည် ပြတ်သားစွာ ပြောလိုက်သည်။
“သူက ငါ့ သူငယ်ချင်းလည်း ဖြစ်သလို လုံမိသားစုရဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်။ ထပ်ပြောရမယ်ဆိုရင် သူ့ကို စော်ကားရင် လုံမိသားစုကို စော်ကားတာနဲ့ အတူတူပဲ”
ဂူယွဲ့တာ အံ့အားသင့်သွားပြီး နေမကောင်းချင်သလိုပင် ဖြစ်သွားသည်။ သူသည် ဂုဏ်မောက်သူတစ်ဦး ဖြစ်သော်လည်း လုံကျန့်ယုရှေ့တွင် ထိုသို့ မနေရဲပါပေ။ လုံကျန့်ယု၏ ဂုဏ်သတင်းအား သူသိသလို လုံမိသားစု၏ အာဏာကိုလည်း သူ ကောင်းစွာ သိသောကြောင့် ဖြစ်သည်။
***