ဒေါသအမျက်ထွက်ခြင်း
Vol. 02 Ch. 64
ချမ်းသာကြွယ်ဝ လိုမှုသည် အချိန်နှင့် အသက်အရွယ်အလိုက် ဖြစ်ပေါ်တည်ရှိနေပြီး ငွေသည် အရာရာကို ဖန်ဆင်းနိုင်ကာ လူတိုင်းသည်းခြေကြိုက် ဖြစ်သည်။ လူတို့သည် ပြောကြသည် - လူတိုင်းသည် ညီတူညီမျှ မွေးဖွားလာကြသည်။ သို့သော် ဘဝတွင် အခြေအနေတစ်ခု၌ အောင်မြင်မှု ရရှိပြီးသွားပါက
လောကကြီးသည် အတန်းအစား ခွဲခြားထားသည်ဟူသော အမှန်တရားအား သိနိုင်လာကြသည်။
ဂူယွဲ့တာသည် ထိပ်ဆုံးအဆင့်မှ မဟုတ်သော်လည်း သူသည် စည်ပင်သာယာရေး အဖွဲ့မှ အတွင်းရေးမှူး(၁)၏ သားတစ်ယောက် ဖြစ်သောကြောင့် သည်အမှန်တရားအား ကောင်းစွာ သဘောပေါက်သည်။
“သခင်လေးလုံက ဒီသူငယ်ချင်းအပေါ် အတော်အလေးထားတာ ဆိုတော့ အကောင်ကြီးထဲကပဲ ဖြစ်ရမယ်။ ကျွန်တော့်ကို သူနဲ့ မိတ်ဆက်ပေးလို့ ရမလား”
လုံကျန့်ယု ခေါင်းညိတ်ပြခဲ့သည်။ သူသည် ဂူယွဲ့တာ၏ အမူအကျင့် စရိုက်များအား သိခဲ့သည်မှာ ကာလတစ်ခုရှိခဲ့ပြီ ဖြစ်သည်။ သူ့ဖခင်၏ လွှမ်းမိုးနိုင်မှုအပေါ် အမှီပြုကာ ဂူယွဲ့တာသည်လည်း ကြယ်တာရာမြို့တွင် ခိုင်မာသောသူ တစ်ယောက်ဟု ဆိုနိုင်သကဲ့သို့ စိတ်ကြီးဝင်၊ ဘဝင်မြင့်ပြီး အထက်ဆီးဆန်သူ တစ်ဦးလည်း ဖြစ်သည်။ သူသည် များပြားလှစွာသော ဆိုးရွားသည့် အပြုအမူများအား ပြုလုပ်ခဲ့ပြီး သူ၏ဖခင်ကသာ လိုက်လံမဖြေရှင်းပေး နိုင်ပါက သူ့ဘဝသက်တမ်းအား ထောင်ထဲတွင်ပင် ကုန်ဆုံးရစေလိမ့်မည် ဖြစ်သည်။
“သူ လာပြီ…”
၇မိနစ် ၈မိနစ်ကြာသောအခါ လုံကျန့်ယုသည် ပျော်ရွှင်စွာ မတ်တတ်ရပ်လိုက်ပြီး ထန်ရှုအား နှုတ်ဆက်ရန် လျှောက်သွားလိုက်သည်။
“အစ်ကိုကြီးလုံ…”
ထန်ရှု၏ရင်ထဲတွင် ရယ်ချင်ပက်ကျိ ဖြစ်နေသည်။ သူ၏အသက် နှစ်ပေါင်းတစ်သောင်းကို ထည့်တွက်လိုက်ပါက သူသည် အိုမင်းနေပြီဖြစ်သော ဆရာကြီးတစ်ယောက် ဖြစ်သည်။ သို့သော် အသက်၂ဝကျော် ၃ဝအတွင်း လူရွယ်တစ်ယောက်အား အစ်ကိုကြီးဟု ခေါ်နေရပေသည်။
လုံကျန့်လုသည် ရယ်မောလိုက်ကာ…
“ညီလေးထန်က ကောင်းကင်ဘုံက လူတွေထက်တောင် တွေ့ရခက်ခဲတဲ့ လူတွေထဲက တစ်ယောက်ပဲ။ ကျန့်လင်း ညီလေးကို ခေါ်တာ အကြိမ်အများကြီး ရှိနေပေါ့။ တစ်ခါမှတောင် ညီလေးက ဖုန်းမကိုင်ခဲ့ဘူးလေ”
တောင်းပန်သော အမူအရာဖြင့် ထန်ရှု ပြန်ပြောလိုက်သည်။
“အာ ... ကျွန်တော် တကယ် တောင်းပန်ပါတယ်။ ကျွန်တော် ဖုန်းသုံးတတ်တဲ့ အကျင့်မရှိတာပါ။ ဘက်ထရီကုန်တာ မဟုတ်ရင်တောင် ကျွန်တော် မရှာဖြစ်ဘူး။ ဒါနဲ့ သူက ဘယ်သူလဲ”
လုံကျန့်ယုသည် ဂူယွဲ့တာအား ကြည့်လိုက်ပြီး အဖြေပေးလိုက်သည်။
“သူက ငါ့သူငယ်ချင်း ဂူယွဲ့တာ။ ဒီတောင်တံခါးမြို့ အိမ်ရာဝင်းကို လာရတဲ့အကြောင်းက ငါ့သူငယ်ချင်း တစ်ယောက်က သူ့အိမ်ရောင်းချင်တယ်။ ဂူယွဲ့တာက ဝယ်ချင်တယ်။ အဲဒါကြောင့် လာပြီး ကူညီပေးတာ”
ထန်ရှု ရုတ်ခြည်းပင် သဘောပေါက် သွားသောကြောင့် ဂူယွဲ့တာအား ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“ကျွန်တော် မင်းကို အနှောင့်အယှက် မဖြစ်ပါဘူးနော်”
လုံကျန့်ယုသည် ရယ်လိုက်ပြီး …
“ဒါ အဆင်ပြေပါတယ်”
လုံကျန့်ယု အလွန်အရေးထားပြီး ရင်းနှီးကျွမ်းဝင်သူမှာ ငယ်ရွယ်သော သူတစ်ယောက် ဖြစ်လိမ့်မည်ဟု ဂူယွဲ့တာ မျှော်လင့်မထားမိချေ။ သည်လူငယ်လေးသည် သာမန်ထက် ထူးကဲသော ဟန်ပန်အမူအရာ ရှိသည်ဟု သူ ပြောနိုင်သော်လည်း စိတ်တွင်းမှ အထင်သေးနေခြင်းအား တားဆီးမရချေ။ သူသည် သာမန်ကာလျှံကာ ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“ညီလေးထန်က အရမ်းငယ်ဦးမယ့်ပုံပဲ။ အလုပ်အကိုင်ကရော ဘာများပါလိမ့် ... ညီလေးထန်”
ထန်ရှု၏မျက်ခုံးများ အနည်းငယ် တွန့်သွားရပြီး ဂူယွဲ့တာအား အနည်းငယ် အေးစက်စက် ဖြစ်သွားရသည်။
လုံကျန့်ယုနှင့်သူ၏ ရင်းနှီးမှု အတိုင်းအတာနှင့် လုံကျန့်လင်းကြောင့် “ညီလေးထန်”ဟု ခေါ်သည်ကို လက်ခံပေးနိုင်သည်။ သို့သော် ဂူယွဲ့တာသည် သူ၏အပေါ်ယံသွင်ပြင်ကို ကြည့်ပြီး ခေါ်သည့်အပြင် ပြက်ချော်ချော် စကားလုံးနှင့် အသံသည် သူ့အား မသက်မသာ ဖြစ်စေသည်။
“ကျောင်းသား”
လုံကျန့်ယု၏ မျက်နှာအား ထောက်ထားပြီး ထန်ရှုသည် ထူးမခြားနားသော လေသံဖြင့် စဉ်းစားခြင်းမရှိဘဲ ပြောလိုက်သည်။
ဂူယွဲ့တာသည်လည်း ထန်ရှု၏ သဘောထားအား ရိပ်မိသောကြောင့် ဒေါသများ ထွက်လာရသော်လည်း ထန်ရှု၏ ကိုယ်ရေးရာဇဝင် အစစ်အမှန်အား မသိသေးသောကြောင့် စိတ်ရှည်ရှည်ထားကာ ဒေါသအမျက် အပြင်သို့ မထွက်စေရပေ။ ထို့နောက် သူသည် ခပ်ဖွဖွ ပြောလိုက်သည်။
“ညီလေးထန် … သခင်လေးလုံက ညီလေးကို သူငယ်ချင်းအဖြစ် အသိအမှတ် ပြုထားတာဆိုတော့ ညီလေးရဲ့နောက်ခံက အလွန်ကြီးမှာပဲ ဟုတ်တယ်မဟုတ်လား”
နောက်ခံ….။
ထန်ရှု၏မျက်ဝန်းများ အေးစက်သွားသည်။
သူသည် အင်မော်တယ် ကမ္ဘာတွင် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တုန်းက နောက်ခံအခြေအနေဖြင့် စိတ်ကြီးဝင် မောက်မာသည့် သခင်လေးများအား မနှစ်မြို့သောကြောင့် မရေမတွက် နိုင်လောက်အောင် သတ်ခဲ့ဖူးသည်။ ဆိုရိုးစကား တစ်ခုရှိသည်။
“မိဘအပေါ် မှီခိုနေသော တစ်စုံတစ်ယောက်သည် မည်သည့်အခါမျှ စစ်မှန်သော လူတစ်ယောက် ဖြစ်လာမည်မဟုတ်” ဟူ၍ပင်။ အခက်အခဲ အမျိုးမျိုးအား ခံနိုင်ရည်ရှိပြီး မိမိကိုယ်ကို တိုးတက်အောင် ပြုလုပ်နိုင်သော သူသည်သာ စစ်မှန်သော လူတစ်ယောက် ဖြစ်လာနိုင်မည်။ ကောင်းကင်ဘုံကို ဆန့်ကျင်ရလျှင်တောင်မှ သူတို့၏ စိတ်ဝိညာဉ်သည် နောက်တွန့်လိမ့်မည် မဟုတ်ချေ။
ထို့ပြင် တစ်စုံတစ်ယောက်သည် သူ့အပေါ် လေးစားမှုရှိပါက သူသည် ထိုလူအား ဆယ်ဆပြန်၍
လေးစားမှုပေးမည် ဖြစ်သည်။ ထန်ရှုသည် မိမိကိုယ်တိုင်မှစ၍ သူတစ်ဖက်သားအား အထင်သေး လှောင်ပြောင်မှု မပြုလုပ်ချေ။ သူ့အား ပြုလုပ်လာပါကလည်း ဟန်မူရာဘီ၏ ကိုဓဥပဒေကဲ့သို့ မျက်လုံး တစ်လုံးဆုံးလျှင် မျက်လုံးတစ်လုံးချင်း၊ သွားတစ်ချောင်းဆုံးလျှင် သွားတစ်ချောင်းချင်း တုံ့ပြန်မှုပေးမည် ဖြစ်သည်။ ထို့ကြောင့် သည်လို လူစားမျိုးအား ယခုအချိန်တွင် လျစ်လျူရှုထားရန် သူ ရွေးချယ်လိုက်သည်။
“အစ်ကိုလုံ ... ကျွမ်းကျင်မှုအဆင့် မန်နေဂျာရှာနေတာ ဘယ်လိုဖြစ်သွားပြီလဲ။ တစ်ခုခု အဆင်မပြေတာများ ရှိလို့လား”
လုံကျန့်ယုသည် ဂူယွဲ့တာ၏ အပြုအမူအား ကြည့်ကာ ဒေါသထွက်နေသော်လည်း သူသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်သောကြောင့် အစိုးရဝန်ထမ်းများနှင့် ဆက်ဆံရသည်မှာ ရှောင်လွှဲမရနိုင်သော အရာတစ်ခုဖြစ်သည်။ လုံမိသားစု၏ စီးပွားရေး လုပ်ငန်းစုများမှ သည်လည်း အလွန်ကြီးမား ကျယ်ပြန့်သောကြောင့် အစိုးရပိုင်းနှင့် ရှောင်လွှဲမရနိုင်ဘဲ ချိတ်ဆက်ရလျက် ရှိသည်။
ဂူယွဲ့တာ၏ဖခင်တွင် စစ်မှန်သောအာဏာ မရှိသော်လည်း သူသည် မြို့တော်အဖွဲ့တွင် အတွင်းရေးမှူး(၁) အဆင့်ရှိနေသောကြောင့် ထူးခြားသောအခြေအနေ ရှိသေးသည်ဖြစ်ပြီး လူအများက အလွယ်တကူ ဆန့်ကျင်နိုင်သောသူမျိုး မဟုတ်ပေ။
သို့သော် ထန်ရှုသည် ဂူယွဲ့တာအား ပြောင်ပြောင် တင်းတင်းပင် လျစ်လျူရှုလိုက်သည်ကို မြင်ရသောအခါ လုံကျန့်ယုသည်လည်း အာရုံမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ထန်ရှုအား ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အဆင်မပြေတာ မရှိပါဘူး။ ဒါပေမဲ့ ငါညီလေးနဲ့ အရေးကြီးတာတစ်ခု ဆွေးနွေးစရာရှိသေးတယ်”
ထို့နောက် သူသည် ထန်ရှုအား ထိုင်ရန်ပြောလိုက်ပြီး ပေကျင်းမှ သူ၏သူငယ်ချင်း နှစ်ယောက် လာသည့်အကြောင်းနှင့် ရွှေအဆင့်ရှိသော ကျွမ်းကျင်မှုအဆင့် မန်နေဂျာခန်းရှ အကြောင်းအား လွန်ခဲ့သော ၃နှစ်လောက်ကတည်းက သူ ကြားသိထားသမျှအား အကြောင်းစုံ ပြောပြလေတော့သည်။
“သူမက အခု ပေကျင်းရဲ့ဖန်မိသားစုကနေ အလုပ်ထွက်ထားတယ်။ ညီလေး စွမ်းနိုင်ရင် ပေကျင်းကို ကိုယ်တိုင် သွားပြီးတော့ သူမကို ဖိတ်ခေါ်သင့်တယ်”
“သူမက တကယ် ကောင်းတာလား”
“သူမက တကယ် ကြီးမြတ်တယ်”
လုံကျန့်ယု အလေးအနက်ထားကာ အဖြေပေးလိုက်သည်။
ဂူယွဲ့တာဘေးတွင် မတ်တတ်ရပ်နေသော သက်လတ်ပိုင်းလူ၏ အမူအရာ ပြောင်းသွားပြီးနောက် ပြောလိုက်သည်။
“ခန်းရှက ကောင်းတာ ဟုတ်လား။ သူမက စီးပွားရေး အသိုင်းအဝိုင်း လောကမှာတော့ ဒဏ္ဍာရီတစ်ပါးပဲ။ သူမက လုပ်ငန်းတိုးချဲ့တာတွေ၊ ဘဏ္ဍာရေးတွေ၊ စီမံကိန်းအသစ်တွေ၊ ရောင်းအားတက်အောင် လုပ်တာတွေ အများအပြားကို အောင်အောင်မြင်မြင် စီမံခန့်ခွဲ နိုင်ခဲ့တယ်လေ။ သူမက အငြင်းပွားဖွယ်မရှိတဲ့ ဂုဏ်သတင်းရှိတယ်။ လုပ်ငန်းစုတိုင်းက သူမ အလုပ်ခန့်ချင် နေကြတာ။ ဒါပေမဲ့ သူတို့အားလုံး အငြင်းခံရတယ်။ ဒီညီလေးက ငယ်ရွယ်ပြီး အမြင့်ကြီး မှန်းနေတာလို့ ငါထင်တယ်။ သူက မင်းကို ရွေးချယ်ပါ့မလား”
ထန်ရှုသည် စက န့်အနည်းငယ်မျှ ငြိမ်သက်သွားပြီးနောက် လုံကျန့်ယုအား ကြည့်ကာ ပြောလိုက်သည်။
“သူမရဲ့ဆက်သွယ်ရမှာတွေ ကျွန်တော့်ကို ပေးပါ”
“ကောင်းပြီ…”
လုံကျန့်ယု၏ မျက်လုံးထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ လောင်းကစားပြိုင်ပွဲ၏ အတွေ့အကြုံအရ ထန်ရှုအပေါ်တွင် ထားရှိသော ယုံကြည်မှုသည် ရှင်းပြ၍ မရနိုင်ပါချေ။
အခြားသူများမှ မယုံကြည်မှု ဖြစ်နိုင်သော်လည်း ထန်ရှုသည် ကွဲပြားခြားနားမှုအား ပေးပြီး သူ့အား အံ့အားသင့်မှု အကြီးစားအား ပေးလိမ့်မည်ဟု သူ ယုံကြည်သည်။
ခန်းရှ၏ ဆက်သွယ်ရမည့် လိပ်စာအား ထန်ရှုအား ပေးပြီးနောက် လုံကျန့်ယုသည် ရုတ်တရက် ပြောလိုက်သည်။
“ညီလေးထန် ... ကုမ္ပဏီ တည်ထောင်ဖို့အတွက် အစ်ကို ရှယ်ယာ ဝယ်လို့ရမလား။ အစ်ကို မင်းကို ယွမ်သန်း၂ဝနဲ့ ရှယ်ယာဝယ်ပြီး ထောက်ပံ့ပေးမယ်”
ရှယ်ယာ ဝယ်တာလား။
ထန်ရှု၏မျက်ခုံး အနည်းငယ် တွန့်သွားသည်။
လုံကျန့်ယုသည် အလျင်အမြန် ပြောလိုက်သည်။
“ဒီပိုက်ဆံက နည်းသေးတယ်ဆိုရင် အစ်ကို ထပ်ထည့်ပေးပါမယ်။ ညီလေးထန်က အရင်တုန်းက စီးပွားရေး လုပ်ငန်းတွေ မလုပ်ဖူးသေးတော့ ညီလေးသိရမှာတွေ အများကြီး ရှိသေးတယ်။ စီးပွားရေး လုပ်ပြီဆိုရင် များပြားလှတဲ့ ပြဿနာတွေ အခက်အခဲတွေကို စီမံခန့်ခွဲဖို့လိုတယ်။ လုံမိသားစုက ကြယ်တာရာမြို့တော်မှာ စီးပွားရေး လုပ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ကြယ်တာရာမြို့မှာ ညီလေး ကုမ္ပဏီ တည်ထောင်ဖို့ဆိုရင် အစ်ကိုက အများကြီး အကူအညီ ပေးနိုင်ပါတယ်”
ထန်ရှုသည် လုံကျန့်ယု၏ မျက်ဝန်းများအား အကြည့်နက်နက် တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“၅% ရှယ်ယာ။ အဲဒါထက်တော့ ပိုမရနိုင်တော့ဘူး။ ခန်းရှလာရင် ဒီက အခြေအနေတွေ သူမ မသိသေးတဲ့အတွက် အစ်ကိုကြီးလုံက ကူညီပေးပါ”
ထိုတစ်ခဏတွင် … ထန်ရှုသည် လုံကျန့်ယု၏ စိတ်ရင်းအား သိသွားခဲ့ပြီး သူ့အပေါ် မျက်နှာသာ ပေးလိုသော ခံစားချက်ရှိခဲ့သည်။
သူတည်ထောင်မည့် အလှကုန် လုပ်ငန်းအကြောင်း လုံကျန့်ယုအား အသေးစိတ် မပြောထားသော်လည်း လုံကျန့်ယုသည် ရင်ထဲအသည်းထဲမှနေ၍ သူ့အား ယုံကြည်ပေးခဲ့သည်။ သည်အချင်းအရာသည် ထန်ရှု၏ရင်အား နွေးထွေးစေခဲ့သည်။
ထူးဆန်းသော အမူအရာဖြင့် ဂူယွဲ့တာသည် လုံကျန့်ယုအား ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“သခင်လေးလုံ ... မင်း တကယ်ကို ပိုက်ဆံတွေ မီးရှို့မလို့လား။ ဘယ်လိုဖြစ်ပြီး ပိုက်ဆံတွေကို ပျော်ပျော်ရွှင်ရွှင် မိုက်မိုက်မဲမဲ ဖြုန်းနေရတာလဲ။ ယွမ်သန်း၂ဝက ရှယ်ယာ၅%ပဲ ရသတဲ့လား။ မင်း စိတ်များ လွတ်သွားပြီလား။ ဒီကလေးက ခန်းရှကို ဖိတ်နိုင်တယ်လို့ သူပြောတာနဲ့ ဘယ်လိုဖြစ်ပြီး သူ့အပေါ် ယုံကြည်နိုင်ရတာလဲ။ သူက သူကိုယ့်သူ သမ္မတ သားစဉ်မြေးဆက်များ ထင်နေတာလား မသိဘူး”
လုံကျန့်ယု၏မျက်နှာ အေးစက်သွားပြီး မနှစ်မြို့သော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ငါ ရူးလား မရူးလားဆိုတာ မင်း နောက်ကျ သိလိမ့်မယ်”
တီ…တီ…တီ…
ထိုအချိန်တွင် ကားဟွန်းသံ ဆင့်ကာကြားရပြီး အနက်ရောင် မာစီးဒီးဘင့်ကား၂စီးသည် ဖြည်းညင်းစွာ ဝင်ရောက်လာကာ ရပ်တန့်လိုက်ပြီး သက်လတ်ပိုင်း လူကြီး၂ဦး ကားပေါ်မှ ဆင်းလာသည်။ သူတို့သည် လုံကျန့်ယုအား လှမ်းမြင်လိုက်သောအခါ ပြုံးလိုက်ကြပြီးနောက် လျှောက်လာကြသည်။
“အဖေ ... ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
လုံကျန့်ယုသည် ခရီးဦးကြို ပြုလိုက်ပြီးနောက် လူကြီးတစ်ယောက်အား စူးစမ်းလိုက်သည်။
လုံဟန်ဝမ်၏ အကြည့်များသည် ထန်ရှုနှင့် ဂူယွဲ့တာဆီ ရောက်သွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
“အဖေ ဒီနေ့အားတယ်ကွ။ အဲဒါကြောင့် အန်ကယ်ချန်းနဲ့အတူ လာသောက်တာ”
လုံကျန့်ယုသည် အခြားသက်လတ်ပိုင်း လူကြီးဆီသို့ လျင်မြန်စွာ လှည့်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
“အန်ကယ်ချန်း ... ဘယ်တုန်းက ရောက်တာလဲ ခင်ဗျ”
ထိုလူကြီးသည် ရယ်မောကာ ပြောလိုက်သည်။
“ယုလေး ... မင်း တော်တယ်။ အခုတလော ငါကြားမိလိုက်ပါတယ်။ အောင်မြင်မှု အကြီးကြီးတစ်ခု ရသွားပြီး အခြားလူငယ်လေးတွေကို စိတ်သောက ရောက်အောင် လုပ်လိုက်နိုင်တယ်ဆိုကွ။ ဟား ... ဟား ... ဟား ... ကျားလို ဖခင်တစ်ယောက်က သူနဲ့တူတဲ့သားကို မွေးထုတ်ပေးနိုင်စွမ်း ရှိပါပေတယ်”
လုံကျန့်ယုသည် နှိမ့်ချစွာ ပြုံးကာ…
“အန်ကယ်ချန်းက ကျွန်တော့်ကို ချီးမွမ်းလွန်းနေပါပြီ။ တကယ် တော်တဲ့သူက လောင်းကစားပွဲမှာ အနိုင်ရခဲ့တဲ့ ကျွန်တော့်ညီပါ။ အဖေ ... ကျွန်တော် ထန်ရှုနဲ့ မိတ်ဆက်ပေးပါရစေ”
လုံဟန်ဝမ်သည် ဖျော့တော့သော မျက်ဝန်းတို့ဖြင့် ထန်ရှုအား အကဲခတ်လိုက်ပြီး ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“သူရဲကောင်းတွေက ငယ်ရွယ်သူတွေကြားမှာ ပေါ်ထွက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ထန်ရှု မင်းက တကယ်ကို ပြောင်မြောက် လှပါပေတယ်။ ကောင်းတယ်။ တအား ကောင်းတယ်။ အချိန်ရခဲ့လို့ရှိရင် မင်းကို အိမ်အလည်ခေါ်ခဲ့ဖို့ ယုလေးနဲ့ လင်းလေးတို့ကို ပြောလိုက်ဦးမယ်။ မင်းရဲ့အန်တီက စားကောင်းသောက်ဖွယ်တွေ ချက်ကျွေးပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် အန်ကယ်လုံ ... ”
လုံဟန်ဝမ်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် လုံကျန့်ယုသည် ပြောလိုက်သည်။
“အဖေ ... ထန်ရှုက ကုမ္ပဏီတည်ထောင်ဖို့ လုပ်နေတာ။ အဲဒါ ကျွန်တော် ရှယ်ယာအချို့ ဝယ်ချင်လို့”
ကုမ္ပဏီတစ်ခု တည်ထောင်ဖို့လား…။
ရှယ်ယာတွေ ရောင်းပြီး ဘဏ္ဍာငွေ ဖြည့်သွင်းဖို့လား…။
လုံဟန်ဝမ်သည် ထန်ရှုအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူသည် ထန်ရှုအကြောင်း စုံစမ်းပြီး ဖြစ်သောကြောင့် သူသည် ကျေးလက်တောရွာမှ လာသည်ကို သိခဲ့သည်။ သူ့တွင် မတည်ငွေ အများကြီးရှိမည် မဟုတ်သည့်အပြင် အထက်တန်းကျောင်းသား တစ်ဦးသာလျှင် ရှိသေးသည်။ မုန့်ဖိုးအတွက် ငွေရှာချင်တာ ဖြစ်နိုင်လား။
လုံဟန်ဝမ်သည် ခေတ္တစဉ်းစားလိုက်ပြီး ပြုံးကာ ဖြေလိုက်သည်။
“ရှယ်ယာ ဝယ်လိုက်ပါ။ ထန်ရှုက ငယ်သေးပေမဲ့လည်း သူက အလွန်ရင့်ကျက် တည်ငြိမ်တယ်လို့ အဖေ ပြောနိုင်တယ်။ အနာဂတ်မှာ သူက အရေးကြီးတဲ့ ကျွမ်းကျင်တဲ့လူ ဖြစ်လာလိမ့်မယ်။ ကောင်းပြီ … အဲဒါကို သားပဲ စီစဉ်လိုက်လေ။ သူငယ်ချင်းတွေ စကားဆက်ပြောကြဦး”
“ခဏ နေပါဦးခင်ဗျာ…”
အကျဉ်းချုံးစကားသာ ပြောလိုက်ရသော်လည်း လုံဟန်ဝမ်သည် သူ့အား မျက်နှာသာ ပေးသည်ဟု ထန်ရှု ခံစားမိသည်။ ဖခင်ကောင်း တစ်ယောက်သည် ထူးချွန်ထက်မြက်သော သားများအား ပျိုးထောင်ပေးနိုင်သည် ဟူသော ဆိုရိုးစကားသည် တကယ့်ကို မှန်ကန်သည်။ လုံကျန်ယုသည်သာ ထူးချွန်ထက်မြက်ရုံမက သူ၏ဖခင်သည်လည်း ထူးချွန်ထက်မြက်သည်။ လုံဟန်ဝမ်အား ကူညီပေးခြင်းသည် နောင်တွင် သူ၏အစီအစဉ်နှင့် ရည်ရွည်ချက်များအား ပြည့်စုံစေရန် အထောက်အပံ့ ဖြစ်စေလိမ့်မည်။
လုံဟန်ဝမ်သည် ဇဝေဇဝါ ဖြစ်သွားသည်။
“တစ်ခုခု ပြောဖို့ ရှိနေသေးတာလား”
ထန်ရှုသည် ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး အန်ကယ်ချန်းဟု ခေါ်သော အခြားသက်လတ်ပိုင်း လူကြီးဆီသို့ သူ၏အကြည့်များ ရောက်ရှိသွားသည်။ ထိုလူကြီး၏ ခန္ဓာကိုယ်အတွင်းတွင် ပြဿနာတစ်ခု ရှိနေကြောင်း သူ သတိပြုမိခဲ့သည်။ သေသေချာချာ ကြည့်ရှုပြီးသော အခါတွင် သူ၏ သတိပြုမိချက်သည် မှန်ကန်ကြောင်း သူ ပြောနိုင်လေသည်။
“လက်ကောက်ဝတ်ကို ဆန့်လိုက်ပါ”
ချန်းဆိုသော သက်လတ်ပိုင်း လူကြီးနှင့်အတူ အခြား၂ယောက်မှာလည်း ကြောင်အအ ဖြစ်နေကြသည်။ သူသည် လုံဟန်ဝမ်နှင့် လုံကျန်ယုအား ရှေးဦးစွာ ကြည့်လိုက်သည်။ ထန်ရှု၏ ရည်ရွယ်ချက်အား အဖြေရှာမရ ဖြစ်နေသော်လည်း သူ၏ လက်ဝဲဘက်လက်အား ဆန့်ထုတ်ထားဆဲ ရှိသည်။
အဖြေရှာနေကြသော အကြည့်များအောက်တွင် ထန်ရှုသည် အန်ကယ်ချန်း၏ သွေးခုန်နှုန်းအား စစ်ဆေးလိုက်သည်။ ၁ဝစက္ကန့် ကြာပြီးနောက် သူ၏ လက်ချောင်းလေးများဖြင့် ထန်ကျုံးအမှတ်အား ဖိကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကြိုးစားပြီး အသက်ရှူကြည့်လိုက်ပါ”
(Charm Ming Nge - ထန်ကျုံးအမှတ်သည် ရင်အုပ်တွင် ရှိသော ရင်ဘတ် အလည်တည့်တည့်ရှိ အမှတ် ဖြစ်သည်။ တရုတ်ရိုးရာ ဆေးပညာတွင် နှလုံးကျန်းမာရေးအတွက် စွမ်းအားကြီးသော အမှတ်ဖြစ်သည့်အပြင် စိတ်လှုပ်ရှားမှုများနှင့် ကြောက်ရွံ့မှုများ လျော့နည်းသက်သာစေရန်၊ ချီလမ်းကြောင်း လည်ပတ်ရန်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာအတွက် အသုံးဝင်သောအမှတ် ဖြစ်သည်။)
***