← Chapters

အခြေအနေ

Vol. 02 Ch. 65

အခြေအနေ

Vol. 02 Ch. 65

ကြယ်တာရာမြို့တော်တွင် အဆုံးမဲ့ဂုဏ်ဆေးပညာ ဆိုင်ရာလုပ်ငန်းသည် အဓိကျသော လုပ်ငန်းအဖြစ် ဦးဆောင်ရပ်တည်နေပြီး ၎င်း၏အဓိက စီးပွားရေးသည် ဆေးဝါးလုပ်ငန်း ဖြစ်သည်။  နိုင်ငံတစ်ဝှမ်းတွင် ဆေးဝါးလုပ်ငန်း အကောင်းဆုံး ကုမ္ပဏီများ ရှိသည့်အနက် တစ်ခုအပါအဝင် ဖြစ်သည်။

ချန်းကျီကျုံးသည် အဆုံးမဲ့ဂုဏ်ဆေးပညာ ဆိုင်ရာလုပ်ငန်း၏ သူဋ္ဌေးကြီးတစ်ဦး ဖြစ်ပြီး ဘီလီယံပေါင်းများစွာ ကြွယ်ဝပြီး ထင်ပေါ်ကျော်ကြားသူ တစ်ဦးလည်း ဖြစ်သည်။

သူ၏ အရှေ့တွင်ရှိသော ထန်ရှုအား ကြည့်ပြီး ထူးဆန်းသော အတွေးများသည် သူ၏ရင်ထဲ၌ ဖြစ်တည်လို့နေသည်။

“ဒီအငယ်လေးက ငါ့သွေးကြောကို စမ်းချင်တာလား။ သူက တရုတ်ဆေး ဆရာဝန်လား။ ငါ ကိုယ်တွင်းမှာ ဒဏ်ရာရှိနေတာကို သူ ဘယ်လိုသိလဲ။ ငါ့ဇနီးကလွဲပြီး သည်အကြောင်းကို သိတဲ့သူ ဘယ်သူမှ မရှိတာကို။

မဖြစ်နိုင်ဘူး။ သူ ဒီဟာကို သိတာ မဖြစ်နိုင်ဘူး”

ချန်းကျီကျုံးသည် တိတ်တဆိတ် ခေါင်းကို ခါလိုက်ရင်း သူ၏စိတ်ထဲမှ အတွေးများအား  မောင်းထုတ်လိုက်သည်။  သို့သော်လည်း လုံဟန်ဝမ်၏ မျက်နှာအား ကြည့်လိုက်ပြီး ထန်ရှု၏ တောင်းဆိုချက်အတိုင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

စူးခနဲ နာကျင်မှုသည် သူ၏ရင်ဘတ်ဆီမှ လာပြီး နှလုံးနှင့် အဆုတ်များအား ဆုတ်ဖြဲသွားသည့်နှယ်ပင် ဖြစ်သည်။ နာကျင်ခံစားရမှုသည် သူ၏မျက်ဝန်းများအား အမှောင်ထုထဲသို့ ရောက်သွားသည့်နှယ် ဖြစ်စေပြီး အားအင်ကုန်ခန်းသွားစေ သကဲ့သို့ ခံစားမိရသည်။ တစ်ချိန်တည်း၌ပင် အားကောင်းသည့် လောင်ကျွမ်းသော ခံစားမှုအချို့အား ရှင်းရှင်းလင်းလင်း သူ ခံစားသိရှိနေပြီး သူ၏ ကိုယ်တွင်းအင်္ဂါများအား ပူလောင်နေစေသည်။

ထန်ရှုသည် သူ ကိုင်ထားသည်အား လွှတ်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဦးရဲ့အတွင်းဒဏ်ရာက အရမ်းပြင်းတယ်။ တခြားလူ တစ်ယောက်ကြောင့် ထိခိုက်ထားတဲ့ ဦးရဲ့ဒဏ်ရာက အကြိမ်များစွာ ကုသထားတဲ့အတွက် အစိတ်စိတ်အပိုင်းပိုင်း ကွဲလုနီး ဖြစ်နေပြီ။ ဒီလိုဒဏ်ရာတွေနဲ့ ဦးနေ့တိုင်း လျှောက်သွားနိုင်တာ ကျွန်တော် အံ့သြမိတယ်”

တစ်ဖက်တွင်

လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့ ရောက်ကတည်းက ဂူယွဲ့တာသည် ဘေးတွင် ရောက်နေသည်။ သည်လို အေးစက်သော ဆက်ဆံမှုမျိုးသည် သူ့အား သက်တောင့်သက်သာ မရှိသကဲ့သို့ ခံစားနေရသည်။

ထန်ရှုမှ သူ့အား ပေးသော မနှစ်သက်မှုနှင့်  အလွန်ကျော်ကြားသော လုံဟန်ဝမ်မှ ထန်ရှုအား ချီးမြှင့်မြှောက်စား နေမှုများအား မြင်နေရသည့်အခါ အားကျမှု၊ မနာလိုမှုများသည် သူ၏ရင်တွင်း၌ လှိုက်ကာ ဆူပွက်လာခဲ့သည်။ သည်အခွင့်အရေးအား ကြည့်ရင်း သူ ချက်ချင်း အော်လိုက်သည်။

“ထန်ရှု … သူဋ္ဌေးချန်းကို ဘာတွေလုပ်နေတာလဲ။ နတ်ဘုရားလိုလို နတ်ဆိုးကပဲ ကစားနေတဲ့ပုံလိုလို သရုပ်ဆောင်နေတာလား။ မင်းက လူလိမ်တစ်ယောက်ပဲ”

ထန်ရှု ပြန်ခနဲ့လိုက်သည်။

“ငါ လူလိမ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မင်းအပူပါလား။ မဆိုင်တာ ဝင်မရှုပ်စမ်းပါနဲ့”

“မင်း…”

ဂူယွဲ့တာ ရုတ်ခြည်းပင် ဒေါသဖြစ်သွားသည်။

ထန်ရှုသည်  ကြားဖြတ်လိုက်ကာ အေးစက်စက် နှာမှုတ်သံတစ်ချက် ပြုလိုက်သည်။

“ငါနဲ့ ဘာအကြောင်းရှိလို့လဲ ... ဟမ့်။ တခြားလူကြီးတွေနဲ့ ငါ စကားပြောနေတယ်။ မင်း ကြားဝင်ဖြတ်စရာ အကြောင်းရှိလို့လား။ ဘေးမှာ အသာနေရင် နေ၊ မနေချင်ရင် ပြန်လိုက်တော့”

ဂူယွဲ့တာ၏ မျက်နှာသည် ရှက်စိတ်ကြောင့် နီရဲသွားခဲ့သည်။ လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့သာ မရှိခဲ့ပါက ချက်ချင်း ပြေးသွားကာ ထန်ရှုအား ရိုက်နှက်မိမည် ဖြစ်သည်။

ချန်းကျီကျုံးသည် ထန်ရှုအား တွေးတောမရနိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ရင်ဘတ်မှ နာကျင်မှုများ တဖြည်းဖြည်း ပြန်လည် လျော့နည်းသွားသည့် အလျောက် သူသည် တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

“မင်း ဘယ်သူလဲ။ တခြားလူကြောင့် ငါ အတွင်းဒဏ် ခံစားနေရတာ ဘယ်လိုသိလဲ”

ထန်ရှု ဖျော့တော့စွာ ပြောလိုက်သည်။

“ဦးနဲ့ ယှဉ်ပြီးပြောရမယ်ဆိုရင် ကျွန်တော့်မှာ မရေတွက်နိုင်တဲ့ ဒဏ်ရာတွေ အများကြီးရခဲ့ဖူးတယ်။ ကျွန်တော့် အဖော်ရောပဲ…။ အဲဒါကြောင့် အတွင်းဒဏ် တစ်စုံတစ်ယောက်ရနေရင် အဲ့ဒါရဲ့လက္ခဏာတွေ ကျွန်တော် ကောင်းကောင်း သတိထားမိတယ်။ ကျွန်တော်မမှားရင် တန်ဖိုးကြီးတဲ့ ဆေးဝါးတွေ မှီဝဲထားသေးတယ် မဟုတ်လား။ အဲဒီအချိန်ဆို ဒဏ်ရာတွေကို ဖိနှိပ်ထားနိုင်ပေမဲ့ ဆေးအာနိသင် ကုန်သွားပြီး ဦးလေးကလည်း အချိန်ခဏလောက် ဆေးလွတ်သွားခဲ့ရင်

အသက်အန္တရာယ် ကိုတောင် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်တဲ့အထိ ဒဏ်ရာက ပိုပြီး ပြင်းထန်လာလိမ့်မယ်။

ကျွန်တော်ပြောတာ မှန်လား”

လုံဟန်ဝမ် တုန်လှုပ်သွားရသည်။

“အစ်ကိုချန်း ... မင်း မင်းမှာ … တကယ်ပဲ အတွင်းဒဏ်ရာ ရှိတာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ”

ချန်းကျီကျုံးသည် နာကျင်နေသောဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ထန်ရှုအား လေးလေးနက်နက် ကြည့်ကာ ပြုံးလိုက်ပြီးမှ …

“အစ်ကိုလုံ … ဒီနေရာက စကားပြောလို့ မသင့်တော်တဲ့နေရာ ဖြစ်နေလို့ သင့်တော်တဲ့နေရာ တစ်ခုရှာပြီး  ပြောကြရအောင်”

လုံဟန်ဝမ်သည် ထန်ရှုအား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ထန်လေး ... သွားကြစို့”

“ဟုတ်ကဲ့ ဦး”

ထန်ရှုသည် ခေါင်းညိတ်လျက် အနောက်မှ လိုက်သွားသည်။

သူတို့အားလုံး အိမ်ခြံမြေရုံးခန်းမှ ထွက်တော့မည့်ဆဲဆဲတွင် ချန်းကျီကျုံးသည် ရုတ်တရက် ရပ်လိုက်ကာ ဂူယွဲ့တာအား ကြည့်လျက် ပြောလိုက်သည်။

“အတွင်းရေးမှူးဂူရဲ့ သားလေးလား။ ဦးတို့ အရေးကြီးတဲ့ အကြောင်းအရာ ဆွေးနွေးဖို့ရှိနေလို့ ငါ့တူကို အချိန်ကုန် မခံစေချင်ဘူး။ ဒီမှာပဲ လမ်းခွဲကြရအောင်”

ဟူးး….။

ဂူယွဲ့တာ ရှက်စိတ်ကြောင့် မျက်နှာ နီရဲသွားခဲ့သည်။ ချန်းကျီကျုံးသည် သူ့အား အနုနည်းဖြင့် နှင်ထုတ်လိမ့်မည်ဟု သူ မည်သည့်အခါမျှ မမျှော်လင့်ထားခဲ့ပါချေ။

နောင်တတရားများ သူ၏ရင်ထဲတွင် တလိမ့်လိမ့် တက်လာခဲ့သည်။ သူသည် ထန်ရှုအား ထိခိုက်အောင် ပြောခဲ့မည့်အစား မြှောက်ပင့်ပြောခဲ့ပါလျှင်  ဤကဲ့သို့ နှင်ထုတ်ခံရလိမ့်မည် မဟုတ်ချေ။

“ယီးလိုမှပဲ ... ခွေးမသား ထန်ရှု ... ”

သူ၏ဒေါသများသည် ထန်ရှုအပေါ် ကျရောက်သွားခဲ့သည်။ ဂူယွဲ့တာသည် လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့ကဲ့သို့  ကြီးမားသောပုံရိပ် ရှိသူများအား နှောင့်ယှက်မရကြောင်း ကောင်းကောင်း သဘောပေါက်သည်။ ထန်ရှုသည် သည်နေ့ ပေါ်မလာခဲ့ပါက  ဤကဲ့သို့ ရှက်စရာကောင်းသည့် အဖြစ်မျိုး ဖြစ်လိမ့်မည် မဟုတ်ချေ။ လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့၏ ချီးကျူးမှု သို့မဟုတ် အားပေးမှုကိုပင် သူ ရနိုင်သေးသည်။

အိမ်ခြံမြေလုပ်ငန်းစု စီမံခန့်ခွဲမှုရုံး…

တန်ဖိုးကြီး ပစ္စည်းများဖြင့် ပြင်ဆင်ထားသော ရုံးခန်းအတွင်းတွင် လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့နှင့် မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထန်ရှုသည် ထိုင်နေသကဲ့သို့  လုံကျန့်ယုသည် လက်ဘက်ရည် ဖျော်စပ်ရန်အတွက် အလုပ်များနေခဲ့သည်။

“ညီငယ်လေးထန် ... ငါ့အတွင်း ဒဏ်ရာတွေကို မြင်နိုင်တယ်ဆိုမှတော့ ကုသဖို့ နည်းလမ်းရော ရှိသလား။

ငါမင်းကို ဘာမှ မဖုံးကွယ်ပါဘူး။ ငါ့ဇနီးကလည်း တရုတ်တိုင်းရင်းဆေး ဆရာဝန်ဖြစ်ပြီးတော့ အရမ်း ကျွမ်းကျင်ပါတယ်။ ငါ့ရဲ့ဒဏ်ရာတွေကို ကုပေးရင်းနဲ့ သူမလည်း ကူကယ်ရာမဲ့နေခဲ့တယ်။ ရုတ်တရက် ကျိုးပေါက်မသွားအောင် ယာယီဖိနှိပ်ထားရုံပဲ သူမ တတ်နိုင်ခဲ့တယ်”

မျှော်လင့်နေသော အမူအရာဖြင့် ချန်းကျီကျုံးသည် ထန်ရှုအား စိုက်ကြည့်ရင်း မေးလိုက်သည်။

“ကုသမှုက အရမ်းလွယ်ပါတယ်”

ထန်ရှု ပြန်ဖြေလိုက်သည်။

“တကယ်လား”

ချန်းကျီကျုံးသည် ရုတ်တရက် မတ်တတ်ရပ်မိလိုက်ပြီး အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။

ထန်ရှု ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဒါက တကယ်ကို လွယ်တာပါ။ ကျွန်တော် ဦးရဲ့အတွင်းဒဏ်တွေကို ကုဖို့ ဆေးညွှန်းပေးနိုင်တယ်။ ဆေးညွှန်းတချို့ကို လွယ်လွယ်ကူကူ ရေးပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တွင်းအင်္ဂါတွေက ကာလကြာမြင့်စွာ ဒဏ်ရာဖြစ်ထားတော့ သွေးတွေ၊ ချီတွေက ပိတ်ဆို့ပြီး ကိုယ်ခန္ဓာရဲ့လုပ်ငန်းတွေကို နှောင့်နှေးစေ ကျဆင်းစေခဲ့တာ။ ကျွန်တော့် ဆေးညွှန်းအတိုင်း ဆေးကို မှီဝဲမယ်ဆိုရင် အရင်အခြေအနေအတိုင်း ပြန်ဖြစ်ဖို့ တစ်နှစ်လောက်တော့ အချိန်ပေးရလိမ့်မယ်”

ချန်းကျီကျုံးသည် ပျော်ရွှင်စွာဖြင့် အံ့အားသင့်ခဲ့သည်။

“သည်အချိန်က အဆင်ပြေပါတယ်။ ငါ…”

သူ၏အမူအရာသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး စကားသည် တစ်ဝက်တစ်ပျက်နှင့် ရပ်သွားသည်။

သူ၏လက်ရှိအခြေအနေအရ သူသည် တည်ငြိမ်ရမည်ဖြစ်ပြီး စိတ်အလွန် မလှုပ်ရှားမိဖို့ လိုအပ်သည်ကို သူ ကောင်းစွာ သတိပြုမိသည်။

“ဒါပေမဲ့လည်း ကျွန်တော် ဦးကို အချိန်တိုအတွင်း ပျောက်အောင် ကုသပေးနိုင်တယ်”

ထန်ရှုသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။

ချန်းကျီကျုံး တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။

“ဘယ်လို အခြေအနေမျိုး အောက်မှာလဲ”

“တချို့ကိစ္စတွေ ကျွန်တော် ဆောင်ရွက်တဲ့အခါမှာ ကူညီပေးပါ”

“ပြောပါ။ ငါလုပ်ပေးနိုင်တာ လုပ်ပေးမယ်။ ငြင်းဆန်နေမှာ မဟုတ်ဘူး”

“အဲဒါက အမှန်တကယ် ရိုးရှင်းပါတယ်။ ပြီးခဲ့တဲ့ ၂ရက်၃ရက်က အချိန်တချို့အတွက် ကာကွယ်ဖို့ ကျွန်တော့်ကို ကူညာပေးပါ။ တောင်တံခါးမြို့ အိမ်ရာဝင်းမှာရှိတဲ့ ကျွန်တော့်အိမ်ကို အလည်လာတယ် ဆိုပြီးပေါ့။ ဒီအိမ်မှာ ကျွန်တော် အမြဲရှိတယ်ဆိုပြီး ပြောပေးရမှာဖြစ်တယ်”

“ဒီပြဿနာပဲလား”

ချန်းကျီကျုံး အံ့အားသင့်သွားသည်။

“ဟုတ်ပါတယ်”

ထန်ရှု ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ငါ ကတိပေးတယ်။ ဒါပေမဲ့ မေးပါရစေဦး ဘယ်သူ့ကို ပြောသင့်တာလဲ”

ထန်ရှု ထူးမခြားနားသော လေသံဖြင့် ပြောလိုက်သည်။

“ရဲတွေကိုပါ”

ချန်းကျီကျုံး အတွေးတစ်စ ဖြတ်သန်းသွား သော်လည်း သူဘာမျှ ထပ်မမေးတော့ချေ။

သူတို့နှစ်ယောက်၏ သဘောတူညီမှု ရရှိသွားသည်ကို ကြည့်ရင်း စကားဝိုင်းအား တိတ်ဆိတ်စွာ ထိုင်နားထောင်နေသော လုံဟန်ဝမ်သည် လုံကျန့်ယုအား အိမ်ခြံမြေ စောင့်ကြည့်ရေး အခန်းသို့သွားကာ လွန်ခဲ့သော ရက်အနည်းငယ်မှ စီစီတီဗွီ မှတ်တမ်းများအား ဖျက်ပစ်ရန်နှင့် တစ်စုံတစ်ယောက် မေးလာခဲ့ပါက စောင့်ကြည့်စနစ် ချို့ယွင်းနေသောကြောင့်  ပြင်ဆင်ခဲ့ကြောင်း ပြောရန်အတွက် မှာခဲ့ရန်အား ညွှန်ကြားလိုက်သဖြင့် လုံကျန့်ယုသည် ထန်ရှုအား ကြည့်ကာ အခန်းထဲမှ ထွက်သွားလေတော့သည်။

လုံကျန့်ယု မထွက်ခွာမီ ထန်ရှုသည် ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ကျွန်တော် ဒီမျက်နှာသာပေးမှုကို စိတ်ထဲ မှတ်ထားပါမယ်။ နောက်ပိုင်း ဦးလေးလုံ ကျွန်တော့် အကူအညီ လိုအပ်တာရှိရင် ကျေးဇူးပြုပြီး ပြောပါ”

လုံဟန်ဝမ်သည် ရဲများ၏စုံစမ်းမှုအတွက် ထူးဆန်းမှုအား ခံစားရသော်လည်း ထန်ရှု၏ စကားကြောင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သည်နေ့သည် ထန်ရှုအား သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

သူ၏သားများမှ ထန်ရှုအား ချီးမွမ်းစကား ဆိုသော်လည်း ထန်ရှုသည် အထက်တန်း ကျောင်းသား တစ်ယောက် ဖြစ်သောကြောင့် သူ မယုံခဲ့ပေ။

သို့သော်လည်း … ကိုယ်တိုင် မြင်တွေ့ခြင်းသည် တစ်ပါးသူထံမှ ကြားရခြင်းထက် ပိုမိုကောင်းမွန်သည်။

သည်နေ့ ထန်ရှုအား တွေ့ရခြင်းသည် တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ ထန်ရှုသည် စကားအများကြီး မပြောသော်လည်း အထက်တန်း ကျောင်းသား အချို့တွင် ရှိတတ်သော ပြုမူလှုပ်ရှားပုံများနှင့် မတူညီသော သူ၏တည်ငြိမ်မှုနှင့် အပြုအမူတို့တစ်ဆင့် သူ၏စကားများနှင့် ဆောင်ရွက်မှုတို့အား သိနိုင် ပြောနိုင်သည်။

မည်သည့်ခံစားမှုဟု သူ သေချာ မပြောနိုင်သော်လည်း ထန်ရှုဆီမှ ထူးခြားသော အမူအရာအား သူ ဖျော့တော့စွာ ခံစားမိနေသည်။ ထိုအရာသည် ရေပြင်မှ ရောင်ပြန်လာသော လရောင်သဖွယ် ဖြစ်သော်လည်း သူ့အား သတိရှိစေပြီး ကန့်သတ်ထားသကဲ့သို့ ရှိသည်။

လွန်ခဲ့သော ၁၈နှစ်…

လုံဟန်ဝမ်သည် တစ်စုံတစ်ယောက်နှင့် ဆုံဖူးသည်။ သူသည် သာမန်လူတစ်ယောက် ပုံစံဖြစ်သော်လည်း အန ရာယ်ရှိသော ခံစားချက်မျိုး ပေးစွမ်းနိုင်ပြီး အလွန်နက်သော မြေအောက်ထဲတွင် သတိနှင့် နိုးနိုးကြားကြားနေသော သားရဲကောင် တစ်ကောင်နှင့် အလားသဏ္ဌာန် တူသည်။ နောက်ပိုင်းတွင် ထိုသူအား တက်ကြွနေသော စစ်သားတစ်ယောက် အဖြစ်တွေ့ခဲ့ပြီး သူ၏ မျိုးရိုးနာမည် သည်လည်း တိုက်ဆိုင်စွာ ထန် ဖြစ်နေသည်။

ထန်ရှုအား ကြည့်နေရင် လုံကျန်ဝမ်သည် ထူးခြားသော ခံစားမှုအား တိတ်ဆိတ်စွာ ဖိနှိပ်ကာ ချန်းကျီကျုံး ဘက်လှည့်ပြီး ကြည့်လိုက်သည်။

“အစ်ကိုချန်း ... ထန်ရှုက ပြောတယ် အစ်ကိုက တစ်စုံ တစ်ယောက်ကြောင့် ဒဏ်ရာရခဲ့တယ်ဆို။ အဲဒါ ဘယ်လိုဖြစ်ရတာလဲ။ ဘယ်သူက အစ်ကို့ကို ကုသရတဲ့အထိ လုပ်ရဲတယ်လဲ”

ချန်းကျီကျုံးသည် ထန်ရှုအား ကြည့်လိုက်ပြီး မချိပြုံးဖြင့်…

“အစ်ကိုလုံက ငါ့ကို စီးပွားရေးသမား အဖြစ်ပဲ သိတာလေ။ ငါက ရှေးသိုင်းပညာရှင် တစ်ယောက်ရဲ့ တပည့်တစ်ယောက်ပါ။ သာမန်လူတွေထဲက လူနည်းစုလောက်ပဲ ငါတို့ အဖွဲ့ထဲကိုဝင်ဖို့ ရွေးချယ်ခံရတာ”

ထန်ရှု ရုတ်တရက် ဝင်ပြောလိုက်သည်။

“ဦးရဲ့ကျင့်ကြံမှုက အရမ်းနိမ့်သေးတယ်။ အခုချိန်မှာ ကျွန်တော့်ထက် အများကြီး သန်မာပေမဲ့ စစ်မှန်တဲ့ ဆရာနဲ့တွေ့ရင် အလွယ်ရှုံးသွား လိမ့်မယ်”

ချန်းကျီကျုံး အကြီးအကျယ် အံ့အားသင့်သွားသည်။

“မင်းလည်း ကျင့်ကြံသူ တစ်ယောက်လား”

သည်ဟာသည် ထန်ရှုအတွက် သိုင်းလောကနှင့် ချိတ်ဆက်ရန် ပထမအဆက်အသွယ် ဖြစ်သောကြောင့် ထန်ရှုသည် ချန်းကျီကျုံးဆီမှ မျက်မှောက်ခေတ် သိုင်းလောက အခြေအနေအား သိလိုသဖြင့်

သူ၏ ရပ်တည်ချက်အား ဖုံးကွယ်မထားချေ။

“ကျွန်တော်က အမှန်တကယ် ကျင့်ကြံသူပါ။ ဒါပေမဲ့ ကျွန်တော့်ဟာက ဦးလေး ကျင့်စဉ်နဲ့မတူပါဘူး။ အမှန်အတိုင်းပြောရရင် မျက်မှောက်ခေတ် သိုင်းလောက အခြေအနေကို ကျွန်တော်မသိဘူး။ ကျွန်တော့်ကို ပြောပြပေးလို့ရမလား”

“အမှန်တကယ်တော့ ငါလည်း သိပ်မသိပါဘူး။ တချို့က ရိုးရာအတိုင်း၊ တချို့ကျတော့ မိသားစုအမွေအနှစ်၊ အခြားသူတွေကတော့ ကျောင်းတော်တွေက အမွေအနှစ်။ ငါ မိသားစု အမွေဆက်ခံသူတွေထဲက နည်းနည်းပဲသိတယ်။ အချို့တွေက ဆရာကြီးအဆင့် ရောက်နေကြပြီး ငှက်တစ်ကောင်လို ပေါ့ပါးတယ်။ အချို့က ကျွဲတစ်ကောင်ကို အလွယ်တကူ တိုက်ခိုက်နိုင်တယ်”

ထန်ရှု စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူသိလိုသည်မှာ သိုင်းပညာ အဖွဲ့အစည်းအကြောင်း မဟုတ်၊ ကျင့်ကြံသူတို့၏ အသိုင်းအဝန်းကို သိလိုတာဖြစ်သည်။ ချန်းကျီကျုံးပြောသော ဆရာကြီးဆိုသူများသည် ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးထဲတွင် ကလေးတစ်ယောက်နှင့် ဘာမျှ မခြားချေ။ အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်မှပင် ထိုဆရာကြီးများအား လွယ်ကူစွာ ရှင်းလင်းပစ်နိုင်သည်။

ထို့နောက် ထန်ရှုနှင့် လုံဟန်ဝမ်သည် ချန်းကျီကျုံး ဒဏ်ရာရခဲ့သည့် အကြောင်းမှာ ကျွမ်းကျင်သော သိုင်းပညာရှင်ကြောင့် ဖြစ်ကြောင်းသိရသည်။ ဆေးပင်အား လေလံဆွဲရာမှ ချန်းကျီကျုံး အနိုင်ရခဲ့သော်လည်း ထိုပညာရှင် တိတ်တဆိတ် လုယူရန် ကြိုးစားသဖြင့် အပြန်အလှန် တိုက်ခိုက်ရာမှ ထိုပညာရှင် သေဆုံးခဲ့ပြီး ချန်းကျီကျုံးလည်း ဒဏ်ရာပြင်းထန်စွာ ရခဲ့ခြင်းဖြစ်သည်။

“ဒါအဆင်ပြေပါတယ်။ ကျွန်တော့်မှာ တခြားလုပ်စရာတွေ ရှိလို့ ဦးလေးကို အရင်ကုပေးပါမယ်။ ဦးလေးလုံ အားတော့နာပါတယ်။ ကျွန်တော်တို့၂ယောက်ကို အခြားသူတွေ မနှောင့်ယှက်အောင် စောင့်ပေးပါဦးခင်ဗျာ”

“တစ်စုံတစ်ယောက်ကို ကယ်တင်ခြင်းက မီးငြိမ်းသတ်သလိုပဲ မြန်လေ ပိုကောင်းလေပဲ။ စိတ်ချလက်ချနေပါ။ ဒီအခန်းကို စောင့်ကြပ်ဖို့ လူစီစဉ်လိုက်မယ်။ ဘယ်သူမှ မနှောင့်ယှက်စေရဘူး”

ကျေနပ်နှစ်သိမ့်မှု နှင့်အတူ ထန်ရှုသည် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ချန်းကျီကျုံးအား အတွင်းခံမှ လွဲပြီး အဝတ်အစားများ ချွတ်ရန် ပြောလိုက်သည်။ ချန်းကျီကျုံး၏ ကို့ရိုးကားရား ဖြစ်နေသော အမူအရာအား မသိချင်ဟန်ဆောင်ကာ သူ၏ ဝမ်းဗိုက်အား ထန်ရှုသည် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်လေသည်။

“ပီ…”

***

All Chapters