ဆရာတစ်ပိုင်း
Vol. 02 Ch. 66
ချန်းကျီကျုံး၏ မျက်လုံးသူငယ်အိမ်သည် ကျယ်ပြန့်လာပြီး လက်ဖက်ရည် ပန်းကန်ပြားလောက်နီးနီး ဖြစ်သွားသည်။ ပြင်းထန်သော နာကျင်မှုသည် သူ့အား အမြင်အာရုံမှောင်အတိ ကျသွားစေလျက် အားကုန်လုနီးပါး ဖြစ်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျခဲ့သည်။ သူ နားမလည်နိုင်သကဲ့သို့ အဖြေရှာမရ ဖြစ်ခဲ့သည်။ ထန်ရှုသည် သူ့အား ကုသပေးမည်ဟုဆိုကာ မည်သည့်အတွက်ကြောင့် တိုက်ခိုက် နေရပါသနည်း။ ထန်ရှု၏ ထိုးနှက်ချက်သည် စွမ်းအား ပြည့်ဝလှကာ သူ့အား အားကုန်လုနီးပါး ဖြစ်ခဲ့ရသည်။
“နာကျင်မှုကို သည်းခံထားပါ”
ထန်ရှု လျင်မြန်စွာ ရွေ့လျားလိုက်ပြီး ချန်းကျီကျုံး၏ အနောက်တွင် ရပ်လိုက်သည်။ သူ၏လက်သီးသည် အဆက်မပြတ်ပင် ချန်းကျီကျုံး၏ နောက်ကျောအား ထိုးနှက်နေသည်။ ခဏအကြာတွင် သူ၏ လက်ချောင်းလေးများဖြင့် လက်မဖြင့် စိတ်ဝိညာဉ်အမှတ်၊ လက်ခလယ်ဖြင့် ကြွယ်ရင်အမှတ်၊ လက်သန်းဖြင့် ယန်အမှတ်ဆီသို့ ရွေ့လျားစေသည်။
“ပွင့်လိုက်စမ်း…”
သူ၏ လက်ချောင်းလေးများသည် ရွေ့လျားကာ ဖိနှိပ်နေသကဲ့သို့ သူ၏ အခြားလက်သီးဖြင့်လည်း ချန်းကျီကျုံး၏ နောက်ကျောအား တစ်ဖန်ပြန်ပြီး အဆက်မပြတ် ထိုးနှက်နေပြန်သည်။ အော်တစ်ဝက် ချောင်းဆိုး တစ်ဝက်ဖြင့် ကုသမှုဖြစ်စဉ်အား ကျော်လွှားရင်း သွေးအမည်းရောင်များသည် ပါးစပ်နှင့်အပြည့် ချန်းကျီကျုံး၏ပါးစပ်ထဲမှ အန်ထွက်ကျလာသည်။
“အဟွတ်…အဟွတ်…”
ထန်ရှုသည် စက္ကန့်အနည်းငယ် ရပ်တန့်လိုက်ပြီး ဘေးမှ လျှောက်လာကာ ချန်းကျီကျုံး၏အရှေ့တွင် ရပ်လိုက်သည်။ သူ၏လက်မသည် တိကျစွာဖြင့် ချန်းကျီကျုံး၏ ရင်ဘတ်မှ ကြီးမြတ်သော ခေါင်းလောင်းအမှတ်အား ဖိလိုက်သည်။ သုံးကြိမ်ဖိပြီးသွား သောအခါ သူ၏လက်ဝါးသည် လက်သီးအဖြစ် ပြောင်းလဲပြီး သူ၏ခွန်အားအား သုံးပုံ၁ပုံ လျှော့ချလျက် ချန်းကျီကျုံး၏ရင်ဘတ်အား ထပ်မံ ထိုးနှက်ပြန်လေသည်။
“အဟွတ်…အဟွတ်…”
ချန်းကျီကျုံး သွေး ထပ်မံအန်လိုက်ပြန်သည်။ သည်တစ်ကြိမ်တွင်တော့ သွေးရောင်သည် ပထမအကြိမ်များ ထက်စာပါက အနီရောင်သန်းလာပြီ ဖြစ်သည်။
“အောက်သွား…”
သူ၏နောက်ကျောအား ပြင်းထန်စွာ ထိုးနှက်ပြီးနောက် ထန်ရှု၏ခြေမသည် ချန်းကျီကျုံး၏ ဖနောင့်အား ထိုးလိုက်ပြီး သူ၏ခြေ၂ချောင်းဖြင့် ဖိလိုက်သောကြောင့် လဲကျလုနီးပါး ဖြစ်သွားရသည်။ သို့သော်လည်း ထန်ရှုသည် သူ၏လက်မောင်း တစ်ဖက်အား သန်မာသော ခွန်အားဖြင့် ဆွဲထားသောကြောင့် သူသည် ကြမ်းပြင်သို့လဲကာ ဒဏ်ရာမရသွားခဲ့ပေ။
“ချီလင်အရိုး၊ ကျားဖြူသွေးကြောများ၊ ပျံသန်းနေသော လူဝံ၏လက်မောင်းများ”
သူ၏လက်များသည် ချန်းကျီကျုံး၏ကိုယ်အား အဆက်မပြတ် စစ်ဆေး ဆောင်ရွက်နေရင်း ထန်ရှု၏မျက်နှာသည် တဖြည်းဖြည်း အံ့အားသင့်လာ ပြီးနောက် တွေးလိုက်မိသည်။
“ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။ ကျင့်ကြံဖို့အတွက် သင့်တော်တဲ့ ကိုယ်ခန္ဓာရှိရဲ့သားနဲ့ သူ့မှာ ကောင်းမွန်တဲ့ ကျင့်ကြံမှုကျင့်စဉ်နဲ့ သင်ပေးဖို့ ဆရာတစ်ယောက်တောင် မရှိရှာဘူး။ အခုတော့ ကိုယ်ခန္ဓာက ပျက်စီးနေတဲ့ အခြေအနေတောင် ရောက်နေပြီ။ ဒါ တကယ့်ကို ကံမကောင်းတာပဲ”
စဉ်းစားနေစဉ်အတွင်း သူ၏လက်များအား ရုတ်ခြည်းပင် မလိုက်ပြီး ချန်းကျီကျုံး၏ ရင်ဘတ်အား လက်ဝါးဖြင့် ရိုက်ခဲ့သည်။ သူ၏ရိုက်ချက်များသည် အလွန်စည်းချက် ကျလှသည်။ အချို့အချိန်များတွင် သိန်းငှက်အော်သံများကဲ့သို့ အခြားအချိန်များတွင် ဒရမ်ရိုက်ချက်ကဲ့သို့ ရှင်းလင်းလှသည်။ တဖြည်းဖြည်းနှင့် ချန်းကျီကျုံး၏ရင်ဘတ်မှ ဆုံမှတ်သည် ရိုက်ချက်ကြောင့် သွေးနီရောင်လိုင်းများ ပေါ်လာခဲ့သည်။ စီးဆင်းနေသည့်ရေအား မြင်နိုင်သော ရေမျက်နှာပြင် ကဲ့သို့ပင် ထိုလိုင်းများအတွင်းတွင် နိမ့်လိုက်မြင့်လိုက် ရွေ့လျားနေပေသည်။
တစ်ဖက်တွင် လုံဟန်ဝမ်သည် သူ၏အရှေ့မှ မြင်ကွင်းအား ကြည့်ကာ အံ့အားသင့်နေသည်။ အိပ်မက်မက်နေသည့် အလားပင် ထင်မိသည်။ ထန်ရှုသည် ချန်းကျီကျုံးအား အဆက်မပြတ် ရိုက်နှက်နေသည်။ မည်ကဲ့သို့သော ကုသနည်း ဖြစ်ပါသနည်း။ ချန်းကျီကျုံးသည် နကိုယ်ကတည်းကပင် ပြင်းထန်သော ဒဏ်ရရရှိထားသူ ဖြစ်သည်။ ထိုကဲ့သို့ အားအင် အပြည့်ပါသော ရိုက်ချက်နှင့်ဆိုပါက သူ့အား သတ်နေသည်နှင့် အတူတူပင် ဖြစ်လိမ့်မည်။
“……”
သူ အော်ဟစ်ကာ တားလိုက်ချင်သည်။ သို့သော် ထန်ရှု၏စကားများအား သတိရသွားသဖြင့် သူ၏ စိုးရိမ်ပူပန်မှုများအား ရင်ထဲတွင်သာ ထားလိုက်ရသည်။
အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးလာခဲ့သည်။
၁ဝမိနစ်ကြာသော် ချန်းရွှဲ့မေသည် အိမ်ရာအပြင်ဘက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။ သူမအရှေ့တွင် ရှိနေသော အရပ်မြင်မြင့်နှင့် စနစ်တကျ ရှိနေသော လုံခြုံရေးအဖွဲ့များအား ရေခဲတမျှ အေးစက်သော အမူအရာဖြင့် ကြည့်ပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ငါက မှုခင်းရဲတပ်ဖွဲ့က ချန်းရွှဲ့မေပါ။ အမှုတစ်ခုအတွက် ထန်ရှုဆီက အချို့သတင်းတွေ စုံစမ်းဖို့ တွေ့လိုပါတယ်။ ငါကြားသိသလောက်က ထန်ရှုက ဒီရုံးခန်းထဲမှာ ရှိနေတယ်။ ကျေးဇူးပြုပြီး လမ်းပြပေးပါ”
“ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော့်တို့ သူဋ္ဌေးရဲ့အမိန့်အရ ရုံးခန်းထဲကို ဘယ်သူမှ ဝင်လို့မရပါဘူး”
ချန်းရွှဲ့မေ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောတော့သည်။
“ဟေး … နိုင်ငံသားတိုင်းက ရဲစုံစမ်းစစ်ဆေးရေးမှာ တာဝန်သိစိတ်နဲ့တောင် ပူးပေါင်းဆောင်ရွက် ပေးရတယ်။ နင့်သူဋ္ဌေး ဘယ်သူလဲ ငါဂရုမစိုက်ဘူး။ လမ်းဖွင့်လိုက်စမ်း။ အဲဒီလိုမှ မဟုတ်ရင် တာဝန်ချိန်မှာ ဝတ္တရားနှောင့်ယှက်မှုနဲ့ နင်တို့ကို ဖမ်းပစ်လိုက်မယ်”
“သွားလို့မရပါဘူး”
အေးစက်သော အသံဖြင့် တုံ့ပြန်ခြင်းသာ သူမ ထပ်မံရရှိခဲ့သည်။
“ဘာတွေ ဖြစ်နေကြတာလဲ”
လုံကျန့်ယုသည် အပြေးအလွှား လာသဖြင့် အချိန်ကိုက် ရောက်ရှိလာသည်။ သူသည် ချန်းရွှဲ့မေနှင့် ရဲနှစ်ယောက်အား ကြည့်လိုက်ပြီးနောက် လုံခြုံရေးများ ဘက်သို့လှည့်ကာ ဖြစ်စဉ်အား မေးလိုက်သည်။
“နင်က လုံကျန့်ယုလား”
“ကျွန်တော့်ကို သိနေတာလား”
လုံကျန်ယု အံ့အားသင့်သွားသည်။
“ကြယ်တာရာမြို့ရဲ့ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်ပြီးတော့ များပြားလှတဲ့ စီးပွားရေး မဂ္ဂဇင်းတွေမှာ ပါနေတဲ့လူကို မသိတဲ့သူ ရှိပါ့မလား။ ထားပါတော့။ ငါက မှုခင်းရဲတပ်ဖွဲ့က ချန်းရွှဲ့မေပါ။ အမှုတစ်ခုအတွက် ထန်ရှုဆီက အချို့သတင်းတွေ စုံစမ်းဖို့ တွေ့လိုပါတယ်။ နင် ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်”
လုံကျန့်ယု ပြုံးလိုက်သည်။
“အာ ... ခေါင်းဆောင်ချန်း ...။ ငါ တကယ်ကို စိတ်မကောင်းပါဘူး။ ထန်ရှုကို လောလောဆယ် နှောင့်ယှက်လို့ မရနိုင်သေးဘူး။ ခဏစောင့်ပေးပါ။ ငါအထဲဝင်ပြီး သတင်းပို့ပေးပါမယ်”
“ဘာ…”
ထန်ရှုကို တွေ့ဖို့အရေး ကြိုတင်ကြောင်းကြား ပေးရမည်ဟု သူမ တစ်ခါမျှ တွေးမထားခဲ့ဖူးချေ။ ထို့ပြင် သွားရောက်အကြောင်းကြား ပေးသူမှာလည်း ကြယ်တာရာမြို့က ကျော်ကြားသော သခင်လေးလုံ ဖြစ်နေချေသေးသည်။ ထန်ရှု၏ အဆင့်အတန်းသည် သခင်လေးလုံထက်ပင် မြင့်နေပေသည်လော။
လုံကျန့်ယု အထဲဝင်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာကာ ပြောလိုက်သည်။
“ထန်ရှုက ပြောတယ်။ အခုလောလောဆယ်တော့ အရာရှိချန်းကို ထွက်တွေ့ဖို့ အဆင်မပြေသေးပါဘူးတဲ့ ခင်ဗျ”
အခန်းထဲတွင်
နောက်ဆုံးတစ်ချက် ရိုက်ပြီးနောက် ထန်ရှု၏ လက်ချောင်းလေးများသည် ချန်းကျီကျုံး၏ ကောင်းကင်ဆုံမှတ် အမှတ်အား ဖိနှိပ်ထားလေသည်။ ခဏကြသော် သူသညါ အသက်ပြင်းပြင်းရှူကာ ဖိထားသည်အား လွှတ်ပေးလိုက်သည်။ နောက်ဆုံးတွင် စိတ်လက်ပေါ့ပါး သွားတော့သည်။
“ဘယ်လို ခံစားရလဲ”
“ငါ…”
ကျန်းချီကျုံး ပါးစပ် ဟလိုက်သော်လည်း အသံသည် လည်ချောင်းဝတွင် ပျောက်ဆုံးသွားခဲ့ရသည်။ သူ၏ကိုယ်သည် တုန်ခါလျက် သူ၏အသားသည် ဆူပွက်ထားသည့်ပမာ နီရဲလျက် ရှိနေသည်။ ထို့နောက် မသန့်စင်သော အညစ်အကြေးများသည် မည်းနက်လျက် သူ၏ မွေးညင်းပေါက်များမှ ထွက်လာသည်မှာ ပုံမှန်မျက်စိဖြင့်ပင် မြင်နိုင်သည်။ သူသည် ခြေချိတ်ထိုင်ကာ မျက်လုံးမှိတ်လိုက်သည်။
နာရီဝက်ကြာသော် ကျန်းချီကျုံး မျက်လုံးဖွင့်လိုက်သည်။ သူ၏ကိုယ်သည် ပေါ့ပါးနေပြီး ညင်သာစွာ ခုန်ထလိုက်သည်။ သူ နေထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိနေသည်။
“ငါ့ ဒဏ်ရာတွေ ... ”
တစ်ခဏမျှ အံ့သြသွားပြီးနောက် သူ အပျော်လွန်သွားခဲ့သည်။ သူ၏အတွင်းဒဏ်ရာများ ပျောက်ကင်းသွားပြီ ဖြစ်သည့်အပြင် သူ အချိန်အတော် ကြာသည့်တိုင် မချိုးဖျက်နိုင်သော တတိယအဆင့်အား တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
“ဆရာထန် ကျေးဇူးတင်ပါတယ်”
ကျန်းချီကျုံး အလွန်စိတ်လှုပ်ရှားနေပြီး လေးစားမှုဖြင့် လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။
“ရေအရင် ချိုးလိုက်ဦး။ ကျွန်တော် လိုအပ်တဲ့ကုသမှုတွေ လုပ်ပြီးပြီ”
ကျန်းချီကျုံး အံ့အားသင့်သွားသည်။ ထို့နောက် ခေါင်းညိတ်ကာ အပြင်ဘက်သို့ ထွက်လိုက်သည်။ ချန်းကျီကျုံး အပြင်ဘက် ရောက်သောအခါ ထိုညစ်ပတ် နံစော်နေသော လူအား မြင်ဖူးသည်ဟု ဇဝေဇဝါဖြစ်နေသော ချန်းရွှဲ့မေအား တွေ့လိုက်ရသည်။
“ယုလေး … အရာရှိတွေကို အထဲထည့်လိုက်ပါ”
လုံဟန်ဝမ်၏ အသံသည် အခန်းထဲမှ ထွက်လာခဲ့သည်။
အခန်းထဲသို့ မဝင်မီ အရာရှိချန်းသည် လုံကျန့်ယုအား ကြည့်လိုက်သည်။ အခန်းထဲ ရောက်ပြီးနောက် လုံဟန်ဝမ်အား ကြည့်လိုက်သည်။ လုံဟန်ဝမ်၏ အကြောင်းအား သိရှိထားသောကြောင့် လုံကျန့်ယု အဘယ်ကြောင့် တံခါးဝတွင် စောင့်နေရသည်ကို သူမ သိသွားခဲ့သည်။ ထို့နောက် သူမ၏အကြည့်သည် ဆိုဖာတွင် ထိုင်ကာ လက်ဘက်ရည် သောက်နေသော ထန်ရှုဆီသို့ အကြည့်ရောက် သွားခဲ့သည်။ ထို့နောက် ထန်ရှုထံသို့သွားကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ထန်ရှု ... ငါတို့ တွေ့ကြပြန်ပြီနော်…”
“အရာရှိချန်း … ဘာအကြောင်းကြောင့် ကျွန်တော့်ကို ရှာတာလဲမသိဘူး။ ကျွန်တော့်ကို အကုန် စစ်မေးပြီးပြီ မဟုတ်လား။ တခြားလူတွေ ကယ်ဖို့အတွက်မို့လို့သာ ကျောင်းကို စီးနင်းတဲ့ အလိုရှိတရားခံကို မတော်တဆ သတ်မိသွားတာပါ”
ချန်းရွှဲ့မေ အေးစက်စက် နှာမှုတ်သံတစ်ချက် ပြုလိုက်ပြီးနောက် …
“ထန်ရှု ငါ့ကို အရူးကွက် မနင်းဘဲ ရှင်းလင်းတဲ့ အဖြေတစ်ခုသာပေး။ တည်ငြိမ် အေးချမ်းရေးဒေသ အနီရောင် မိုးတိမ်လမ်း ကားဂိုဒေါင်ဟောင်းက တရားခံတွေကို နင် သတ်လိုက်တာ မဟုတ်လား”
ထန်ရှုသည် ဇဝေဇဝါ ဖြစ်နေသောဟန်ဖြင့် …
“အရာရှိချန်း ... ကျူးလွန်တဲ့စုံတွဲကို ဖမ်းချင်ရင် ၂ယောက်စလုံးကို ဖမ်းရတယ်။ သူခိုးဆိုလည်း သူ မလှုပ်ရှားခင် ဖမ်းမိဖို့လိုတယ်။ အရာရှိပြောတဲ့ ဘာ … လမ်းပါလိမ့် လူသတ်မှုက ကျွန်တော်နဲ့ ဘာပတ်သက်မှုရှိလို့လဲ။ အစ်မကြီးက ရဲအရာရှိပါ။ စွပ်စွဲတာ၊ ထိခိုက်နစ်နာအောင် ပြောတာတွေရဲ့အဆုံးသတ်က ဘာလဲဆိုတာ အရာရှိလည်း သိမှာပဲ”
ချန်းရွှဲ့မေတစ်ယောက် စိတ်မရှည်တော့ပေ။ ထန်ရှုသည် သူမအား ဒုက္ခရောက်နေသူအပေါ် အပြစ်တင်နေသူ ဖြစ်အောင် လှည့်ပတ် ပြောနေသောကြောင့် တစ်ခဏတွင် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားသည်။ ရဲအဖွဲ့တစ်ယောက်၏ ခပ်တိုးတိုး သတိပေးမှုကြောင့် သူမ ပြန်လည် တည်ငြိမ်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ထန်ရှု ... ခုနက လူသတ်မှုအကြောင်း ငါမပြောခဲ့ဘူးလို့ပဲ သဘောထားပေးပါ။ ငါမေးချင်တာတစ်ခုက ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ နင် ဘာကြောင့် ပျောက်နေတာလဲ။ အထူးသဖြင့် လွန်ခဲ့တဲ့ နာရီပိုင်းအနည်းငယ်မှာ နင် ဘယ်ရောက်နေတာလဲ”
ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ ကျွန်တော် လုပ်စရာတချို့ ရှိနေလို့ တောင်တံခါးမြို့ အိမ်ရာဝင်းက ကျွန်တော့်အိမ်မှာ ရှိနေခဲ့တယ်။ ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းကလည်း ကျွန်တော့်အိမ်မှာပါပဲ”
“နင် သက်သေပြနိုင်လား”
“တစ်စုံတစ်ယောက်က ကျွန်တော့်အတွက် လုပ်ပေးနိုင်တယ်။ ကျွန်တော် သူနဲ့ တစ်နေရာတည်းမှာ တစ်ချိန်လုံး ရှိနေခဲ့တာ”
“ဘယ်သူလဲ”
“ချန်းကျီကျုံး”
ချန်းကျီကျုံး မျက်မှောင်ကြုတ်သွားသည်။ သည်နာမည်အား ရင်းနှီးနေသကဲ့သို့ သူမခံစားရသော်လည်း မည်သည့်နေရာမှ ကြားဖူးနေမှန်း သူမ မသိတော့ပေ။ ထပ်မံမေးတော့မည့် ဆဲဆဲတွင် အခန်းထဲမှ ထွက်သွားသော လူတစ်ယောက်၏ မျက်နှာသည် ရုတ်ခြည်းပင် သူမ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သည်လူက အဆုံးမဲ့ ဂုဏ်ဆေးပညာဆိုင်ရာ လုပ်ငန်းရဲ့သူဋ္ဌေး ချန်းကျီကျုံးပေလား။
မိနစ်အနည်းငယ်ကြာသော် ချန်းကျီကျုံးသည် မည်သည့်နေရာတွင် ရေချိုးအဝတ်အစား လဲခဲ့မှန်း မသိလိုက်ပါဘဲ ရေမိုးချိုး သန့်ရှင်းသော အဝတ်အစားများလဲကာ ပြန်လည်ရောက်ရှိလာသည်။
“သူဋ္ဌေးချန်း ... ထန်ရှုက လွန်ခဲ့တဲ့ ၃-၄နာရီအတွင်းမှာ အတူရှိနေခဲ့တာလား”
ချန်းရွှဲ့မေ မေးလိုက်သည်။
ချန်းကျီကျုံး ပြုံးကာ ဖြေလိုက်သည်။
“အာ ... ဟုတ်တယ်။ ထန်လေးက ငါနဲ့ အမှန်တကယ် ရှိနေခဲ့တယ်။ သူ တအားတော်တယ်လို့ ငါပြောရမယ်။ ငါ့ကိုယ်မှာ ပြဿနာမှာ ရှိနေခဲ့တာကို ထန်ရှုက ကူညီပေးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် တောင်တံခါးမြို့ အိမ်ရာဝင်းက ထန်ရှုရဲ့အိမ်ကို လာလည်ပြီး ရက်အနည်းငယ်လောက် ကုသမှုခံနေခဲ့တယ်”
“ဒါ…”
သူမ၏ယူဆချက်များ မှားယွင်းနေကြောင်း ချန်းရွှဲ့မေ သိလိုက်ရသည်။ ထန်ရှုသည် လွန်ခဲ့သော နာရီပိုင်းအတွင်း တောင်တံခါးမြို့ အိမ်ရာဝင်းအတွင်းတွင် ရှိနေကြောင်းနှင့် လူသတ်မှုများနှင့် ပတ်သက်မှုမရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ ထိုအရာသည် အမှုဖြစ်ပွားသော နေရာတွင် သူ မရှိကြောင်း ဆိုလိုခြင်းပင် ဖြစ်တော့သည်။
“ထန်ရှု … သူဋ္ဌေးချန်း ... ပူးပေါင်းကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါတို့မှာ တခြားကိစ္စလေးတွေရှိလို့ မနှောင့်ယှက်တော့ဘူး။
ထန်ရှု၏အမူအရာသည် တည်ငြိမ်အေးဆေး နေပေသည်။ သူသည် လက်ဘက်ရည်များ ထပ်မံထည့်ကာ ပါးစပ် အပြည့်သောက်ရင်း ချန်းရွှဲ့မေနှင့် ရဲနှစ်ယောက် ထွက်သွားသည်ကို ကြည့်နေလိုက်သည်။ သည်အဖြစ်အပျက်အတွင်း သူသည် လုံးဝ သတိထားလာခဲ့သည်။ အနာဂတ်တွင် သူသည် ခြေတစ်လှမ်း ကြိုစောနေရမည်ဖြစ်ပြီး လွတ်မြောက်ရန်လမ်းများ ကြိုတင် အစီအစဉ် ချထားရမည် ဖြစ်သည်။ အထူးသဖြင့် ရဲများနှင့် ပတ်သက်ရမည့် အခါများတွင် ဖြစ်သည်။
ချန်းကျီကျုံးနှင့် လုံဟန်ဝမ်သည် ထန်ရှု ဘာလုပ်ခဲ့သည်ကို မမေးခဲ့ပါချေ။ သို့သော် သူတို့ရင်ထဲတွင် သည်အကြောင်းအရာအား နောက်မှ စုံစမ်းရန် မှတ်ထားလိုက်သည်။
“ကျွီ…ဘန်း…”
တံခါးပိတ်သွားပြီးခဏတွင် ချန်းကျီကျုံးသည် ထန်ရှု၏အရှေ့တွင် ဒူးထောက်လိုက်သည်။
“ဟာ … အစ်ကိုချန်း ... ဘာလုပ်နေတာလဲ”
လုံဟန်ဝမ်သည် ချန်းကျီကျုံးအား အံ့အားသင့်စွာ ကြည့်မိပြီး တုန်လှုပ်သွားကာ အကျယ်ကြီး အော်လိုက်မိသည်။
ချန်းကျီကျုံးသည် လုံဟန်ဝမ်အား လျစ်လျူရှုထားလိုက်ပြီး အလွန်လေးစားသော အမူအရာဖြင့် ပြောလိုက်သည်။
“ဆရာထန် … မင်းရဲ့သိုင်းပညာအစွမ်းက ငါ ကြားဖူးထားတာထက်ကို ကျော်လွန်နေပါပြီ။ ငါ့ရဲ့အတွင်း ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်ခဲ့တဲ့ အသက်သခင်ပါ။ ကျေးဇူးပြုပြီး ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ။ ကျေးဇူးရှင်”
“ဘာကြီးလဲ…”
လုံဟန်ဝမ်သည် ချန်းကျီကျုံးအား မယုံနိုင်သော အမူအရာဖြင့် အံ့အားသင့်စွာ ကြည့်နေမိသည်။ သူနှင့် ဆယ်စုနှစ်များစွာ ရင်းနှီးလာသော ထိုသူငယ်ချင်းသည် ယခုအခါတွင် ထူးဆန်းနေသည်။
ချန်းကျီကျုံး ဆိုသည်မှာ ဘယ်သူလဲ ... သူသည် ဘီလီယံပေါင်းများစွာ ချမ်းသာသော၊ လူများစွာ၏ လေးစားမှုအား ခံရသော အဆုံးမဲ့ ဂုဏ်ဆေးပညာဆိုင်ရာ လုပ်ငန်းရဲ့သူဋ္ဌေး ဖြစ်သည်။ ဘယ်လိုကြောင့်များ အထက်တန်းကျောင်းသား တစ်ယောက်အား ဆရာအဖြစ် သတ်မှတ်ချင် နေရတာတုန်း။
ချန်းကျီကျုံး ကျန်းမာရေး ကောင်းသေးတယ် မဟုတ်လား။ ဒါမှမဟုတ် ကမ္ဘာကြီးက ဖောက်ပြန်သွားပြီလား။
***