စကားအရာ ကျွမ်းကျင်မှု
Vol. 02 Ch. 67
ထန်ရှု အမူအရာ အေးစက်သွားသည်။ သူသည် ထူးမခြားနားသောဟန်ဖြင့် သူ၏အရှေ့တွင် ဒူးထောက်နေသော ချန်းကျီကျုံးအား ကြည့်လိုက်သည်။ သူ၏အမြင်တွင် ချန်းကျီကျုံး သူ့အား ဆရာတင်ခြင်းသည် သူ၏ဘဝတွင် ကြီးမားသော အောင်မြင်မှု မဟုတ်သေးချေ။ အခက်အခဲများစွာဖြင့် အင်မော်တယ် တစ်ယောက်အဖြစ် တက်လှမ်းနိုင်ရေးသာ ဖြစ်သည်။
သူ၏အတိတ်ဘဝတွင်
အင်မော်တယ် လောကတွင် သူ၏တပည့် ဖြစ်လာဖို့အတွက် တောင်းဆိုကြသော အင်မော်တယ်များ ဘယ်လောက်တောင် များခဲ့လဲ။ အဆုံးသတ်တွင် ဘာတွေဖြစ်ခဲ့လဲ။ လက်ဆောင် ပေးလာကြသော လူများထဲမှ အနည်းငယ်ကိုသာ ရွေးချယ်ပြီး သူ၏တရားမဝင် တပည့်အဖြစ် လက်ခံထားခဲ့သည်။
“ကျွန်တော် ငြင်းတယ်”
ထန်ရှု အေးစက်စွာဖြင့် ငြင်းဆန်လိုက်သည်။ ထို့နောက် သူသည် မတ်တတ်ရပ်လိုက်ပြီး လုံဟန်ဝမ်အား ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော့်မှာ တခြားလုပ်စရာတွေ ရှိနေသေးလို့ ပြန်လိုက်ပါဦးမယ်”
“……”
လုံဟန်ဝမ်သည် ထန်ရှုအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ကြမ်းပြင်တွင် ဒူးထောက်နေသော ချန်းကျီကျုံးအား ကြည့်လိုက်မိသည်။ သူ၏ ပါးစပ်တွန့်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ကောင်းပြီ။ လုပ်စရာရှိနေရင် အရင်ပြန်နှင့်ပါ။ အချိန်ရရင် ယုလေး၊ လင်းလေးနဲ့ အိမ်ကို အလည်လာပြီး အစားအသောက်လာစားဖို့ မမေ့ပါနဲ့ဦး”
ထန်ရှုသည် လုံကျန့်ယုအား ခေါင်းညိတ်ပြကာ နှုတ်ဆက်ပြီး ထွက်သွားတော့သည်။
“အဖေ … ကျွန်တော် ထန်ရှုကို ပြန်လိုက်ပို့လိုက်ဦးမယ်”
လုံကျန့်ယုသည် ယုံကြည်ရန်ခက်ခဲသော မြင်ကွင်းကြောင့် တုန်လှုပ်နေခဲ့ပြီး အမြန်ပြန်ဖြေကာ လိုက်သွားတော့သည်။
အခန်းထဲတွင် လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့သာ ကျန်ရစ်ခဲ့သည်။ ချန်းကျီကျုံးသည် စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူသည် ဆိုဖာတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
လုံဟန်ဝမ်သည် နားမလည်နိုင်သော အပြုံးဖြင့် ပြောလိုက်သည်။
“အစ်ကိုချန်း ... ဒီဟာကို ဘာကြောင့် ကြိုက်တာလဲ။ ထန်ရှုက စွမ်းအား အလွန်အားတယ် ဆိုရင်တောင်မှ သူ့ကို ဆရာအဖြစ် ဒူးမထောက်သင့်ဘူး မဟုတ်လား”
ချန်းကျီကျုံးသည် ခေါင်းကိုယမ်းကာ ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။
“အစ်ကိုလုံ … မင်း နားမလည်ပါဘူး။ သိုင်းပညာ လေ့ကျင့်ခြင်းက ငါ့ရဲ့အကြီးမားဆုံးသော ဝါသနာဖြစ်ပြီးတော့ ငါ့ဘဝတစ်ခုလုံးရဲ့ အိပ်မက်တစ်ခုလည်း ဖြစ်တယ်။ ငါ့ရဲ့မိသားစုက ဆင်းရဲလွန်းလို့ မိသားစုတာဝန် ထမ်းရတဲ့အတွက် သိုင်းပညာကိုပဲ အာရုံစိုက်လို့မရခဲ့ပဲ စီးပွားရေး လုပ်ခဲ့ရတယ်။ ဒါပေမဲ့ သိုင်းပညာကိုစွဲလမ်းတဲ့ ငါ့ရဲ့အိပ်မက်ကတော့ နည်းနည်းလေးတောင်မှ မလျော့သွားခဲ့တဲ့အပြင် အချိန်နဲ့အမျှ ပိုပြီးတောင် ကြီးမားလာသေးတယ်။ ပိုပြီး အသက်ကြီးလာလေ ပိုပြီး စွဲလမ်းလာလေပဲ။ ငါ သူ့ကို ဆရာတင်ချင်ရတဲ့ အကြောင်းက သူက စွမ်းအားကြီးလွန်းလို့ပဲ”
လုံဟန်ဝမ်သည် စူးစမ်းလိုသော အမူအရာဖြင့် မေးလိုက်သည်။
“ထန်ရှုရဲ့စွမ်းအားက အစ်ကိုလုံအောက် နိမ့်တယ်လို့ မပြောခဲ့ဘူး မဟုတ်လား”
ချန်းကျီကျုံး ခေါင်းကို ထပ်ယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။
“မင်း မှားနေပြီ။ သူ့ရဲ့စွမ်းအားက ငါ့အထက်မှာရှိတယ်။ သူ ငါ့ကို ဘယ်လို ကုသပေးတယ်ဆိုတာ မင်းမြင်တယ် မဟုတ်လား။ သူရဲ့လှုပ်ရှားမှုက အလင်းတန်းလို မြန်ဆန်ပြီး အလွန်အင်မတန် တိကျတဲ့ ထိန်းချုပ်မှုရှိတယ်။ အားလုံးထဲမှာ အရေးကြီးဆုံး အချက်က ဘာဖြစ်မယ်လို့ မင်း ထင်မိလဲ”
လုံဟန်ဝမ် ဇဝေဇဝါဟန်ဖြင့် …
“ဘာကြီးလဲ”
ချန်းကျီကျုံး အလွန်လေးနက်သော အသံဖြင့်…
“ငါ့ရဲ့ ကျင့်ကြံမှုနည်းလမ်းက မိသားစုအမွေအနှစ် ဖြစ်ပြီး အတွင်းခွန်အားနဲ့ စိတ်ကို လေ့ကျင့်ရတာဖြစ်တယ်။ ငါ အဆင့်နှစ်ကို ရောက်နေတာ ၁ဝနှစ်ကြာခဲ့ပြီ။ ငါ ဘယ်လိုပဲ လေ့ကျင့်လေ့ကျင့် အဆင့်၃ကို မချိုးဖြတ်နိုင်ခဲ့ဘူး။ အခု ဆရာထန်က ငါ့ရဲ့အတွင်းဒဏ်ရာတွေကို ကုသပေးလိုက်တဲ့အပြင် ကြီးမားတဲ့ အကျိုးကျေးဇူးကိုပါ ရရှိစေတယ်။ ငါကုသပြီးတဲ့ခဏမှာပဲ အဆင့်၃ကို ချိုးဖြတ်နိုင်ခဲ့ပြီဆိုတာ သိလိုက်ရတယ်”
“ဟင်…”
လုံဟန်ဝမ်သည် အံ့သြတုန်လှုပ်သွားသည်။
စကားပြောပြီးခဏတွင် သူသည် ဖြည်းညင်းစွာ ခါးကိုင်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့ အားအပြည့် ရိုက်ချလိုက်သည်။
“ဘုန်း…”
နက်ရှိုင်းသော လက်သီးချက်ကြောင့် ကြမ်းပြင် ကျောက်ပြားများသည် ကျိုးပဲ့ကာ နေရာတိုင်းသို့ လွင့်စဉ်သွားသည်။ တစ်လက်မခန့် နက်သောတွင်းသည် ယခင် မာကျောချောမွတ်သော ကြမ်းပြင်နေရာတွင် ပေါ်ပေါက်လာခဲ့သည်။ သို့သော် ချန်းကျီကျုံး၏ လက်သီးတွင် မည်သည့်ဒဏ်ရာမှ မရှိခဲ့ပေ။
လုံဟန်ဝမ် ရုတ်ခြည်းပင် ဆိုဖာပေါ်မှ ခုန်ထလာခဲ့ပြီး ဂြိုဟ်သား တစ်ယောက်အား ကြည့်နေသကဲ့သို့ အံ့သြတုန်လှုပ်စွာ ကြည့်ကာ ကျယ်လောင်စွာ အော်မိလိုက်သည်။
“ဒါ ဘယ်လိုဖြစ်နိုင်မလဲ။ မင်းရဲ့စွမ်းအားက…”
“ငါ့ရဲ့ သုံးသပ်ချက်အရ အရင်က ငါ့လက်သီးခွန်အားက အရင် ၁ဝဝပေါင်သာ ရှိခဲ့တယ်။ ဒါပေမဲ့ အခု အနည်းဆုံး ပေါင်၃ဝဝ ရှိနေပြီ။ နောင် ငါ့ လေ့ကျင့်နေတဲ့ ကာလပတ်လုံး ငါ့ခွန်အားက ခုန်ပျံပြီး တိုးလာလိမ့်မယ်။
အစ်ကိုလုံ ... ဆရာထန်က ငါ့ကို အဖိုးတန်တဲ့ အနာဂတ် ပေးလိုက်တယ်ဆိုတာ မင်း ယုံပြီလား”
လုံဟန်ဝမ် အံ့သြတုန်လှုပ်လွန်းသဖြင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်ခဲ့သည်။ သည်နေ့ သူအံ့သြတုန်လှုပ်ရသည့် အရာများက များလွန်းနေခဲ့ပြီ ဖြစ်သည်။
တောင်တံခါးမြို့ အိမ်ရာဝင်းရှိ ထန်ရှု၏နေအိမ်…
ထန်ရှု အိမ်ပြန်ရောက်ခဲ့ပြီး ဒုတိယထပ်ရှိ သူ၏အိပ်ခန်းသို့ တန်းသွားခဲ့ပြီးနောက် ဝရန်တာတွင် မတ်တတ်ရပ်လိုက်သည်။ အိမ်ရာဝင်းထဲရှိ လှပသော မြင်ကွင်းအား ကြည့်လိုက်ပြီးနောက် ဖုန်းအား ထုတ်ကာ ခန်းရှ ဟု မှတ်ထားသော ဖုန်းနံပါတ်အား သူ၏လက်မသည် ညင်သာစွာ ထိလိုက်သော်လည်း ဖုန်းမခေါ်သေးဘဲ ကမ္ဘာ့အဆင့် စီးပွားရေး မန်နေဂျာ တစ်ယောက်အား အလုပ်ခန့်ရန်အတွက် သူမ၏ယုံကြည်မှု ရရှိနိုင်မည့် နည်းလမ်းအား စဉ်းစားနေခဲ့သည်။ လုံကျန့်ယုသည် သူ့အား ဖုန်းနံပါတ်နှင့်တကွ ခန်းရှနှင့်ပတ်သက်သည့် သတင်း အချက်အလက်များနှင့် ဆက်သွယ်ကြသည့် နည်းလမ်းကိုပါ ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် သူ့တွင် ခန်းရှ၏အမူအကျင့်များနှင့် အခြေအနေများစွာအား သိရှိနေပြီဖြစ်သည်။
“အေးစက်ပြီး တသီးတခြားနေတယ်၊ ကြံ့ခိုင်တယ်၊ စွန့်စားမှုကြီးတွေကို စွန့်စားရဲတဲ့ စိတ်ရှိတယ်၊ ထုံးစံမဟုတ်တဲ့ လှုပ်ရှားမှုတွေကို နှစ်သက်တယ်၊ အခွင့်အရေးကို သိနားလည်ပြီး အရအမိ ဆုပ်ကိုင်နိုင်စွမ်း ရှိတယ်၊ အခြေအနေကိုလိုက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်သလို အချိန်တိုအတွင်း ဆောင်ရွက်နိုင်တယ်”
ထန်ရှုသည် သူ၏စိတ်ထဲတွင် မှတ်သားထားသော ခန်းရှ၏ အကျင့်စရိုက်နှင့် အပြုအမူတို့အား ပြန်လည် စဉ်းစားနေခဲ့သည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ချက် ပေါ်လာပြီးနောက် သူ၏လက်မသည် ခေါ်ဆိုရန် ခလုပ်နှိပ်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာသော် ဖုန်းဝင်သံ ကြားလိုက်ရပြီး ဖုန်းကောက်ကိုင်လာသည်။
“ခန်းရှ ပြောနေပါတယ်။ ဖုန်းခေါ်တာ ဘယ်သူများပါလဲ”
သူ၏အရှေ့တွင် ရှိနေသော လှပသည့် မြင်ကွင်းအား ကြည့်လျက် ထန်ရှု ပြောလိုက်သည်။
“ကျွန်တော်က ထန်ရှုပါ။ ခင်ဗျား ကျွန်တော့်အကြောင်း ကြားဖူးမှာမဟုတ်ပေမဲ့ ကျွန်တော် ခင်ဗျားကို တိုက်ရိုက်ဆက်သွယ်တာ ဖြစ်တယ်။ ကျွန်တော် ခင်ဗျားကို ခေါ်ရတဲ့ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ အနာဂတ်အတွက် ရုန်းကန်စွန့်စားရတဲ့ အခွင့်အရေး ပေးနေတာပါ။ ခင်ဗျား စိတ်ဝင်စားလား”
ခန်းရှ ခဏတိတ်ဆိတ်သွား ပြီးနောက် ပြန်ပြောလိုက်သည်။
“အရိုးသားဆုံး ပြောရရင် မင်းရဲ့တိုက်ရိုက်ကျပြီး ရိုးရှင်းတဲ့စကားက ငါ့ရဲ့ သိချင်စိတ်ကို နှိုးဆွစေတယ်။ ဆိုစမ်းပါဦး။ မင်း ငါ့ကို ကမ်းလှမ်းတဲ့ လမ်းကြောင်းက ဘာများလဲ”
ထန်ရှု ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို မပြောပြခင်မှာ ကျွန်တော့် မေးခွန်းတွေ ဖြေဖို့လိုလိမ့်မယ်။
အလှကုန်၂မျိုးရှိတယ်။ တစ်မျိုးက အသားအရေ ဖြူဝင်းစိုပြည်စေပြီး အမျိုးသမီးတွေရဲ့ အသားအရေကို ကောင်းမွန်တိုးတက် စေနိုင်တယ်။ အဆင့်မြင့် အလှကုန်တွေထက် ၁ဝဆ အစွမ်းထက်တယ်။
ဒီအလှကုန်ကို စမ်းသပ်ပြီး ဈေးကွက်ထဲ သွင်းလိုက်တာနဲ့ ဘာအခွင့်အရေးတွေ ရမယ်လို့ ခင်ဗျား ထင်လဲ”
“ဒုတိယအလှကုန်က အမာရွတ်တွေကို ဖယ်ရှား ပျောက်ကင်းစေပြီး အသားအရေကို မူလအတိုင်း ပြန်ဖြစ်စေတယ်။ ဝက်ခြံနဲ့ တင်းတိတ်တွေကို ဖယ်ရှားပျောက်ကင်း စေတယ်။ သူ့ရဲ့အစွမ်းက ပြောတာထက်ကို ပိုပြီး အာနိသင်ပိုရှိနေတယ်။ သည်အလှကုန်ကိုရော စမ်းသပ်ပြီး ဈေးကွက်ထဲ ရောင်းလိုက်တာနဲ့ ဘာအခွင့်အရေးတွေ ရမယ်လို့ ခင်ဗျား ထင်လဲ”
ပေကျင်းရှိ အဆင့်အတန်းမြင့် အိမ်ရာတွင်…
အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော မျက်နှာ၊ အလွန်လှပသော ကိုယ်လုံး ကောက်ကြောင်းတို့ဖြင့် ဆွဲဆောင်အားကောင်းသော ရေကူးဝတ်စုံအား ဝတ်ဆင်လျက် ခန်းရှသည် ရေကူးကန်ဘေးတွင် ထိုင်နေသည်။ သူမ၏ လက်တစ်ဖက်သည် ရေစိုနေသော သူမ၏ဆံပင်ရှည်များအား သုတ်လျက် အခြားလက်တစ်ဖက်သည် ဖုန်းကို ကိုင်ထားလျက်ရှိနေပြီး နင်နေသော အမူအရာဖြင့် ရှိနေသည်။
အေးစက်ပြီး တသီးတခြား နေတတ်သော အမူအရာရှိသောကြောင့် ဖုန်းကိုချလိုသော်လည်း ယခုအခါတွင် လုံးဝ ကွဲပြားခြားနားသည်။
မေးခွန်းနှစ်ခုသည် ရိုးရှင်းသည့်ဟန် ရှိသော်လည်း မည်သို့ဆိုစေကာမူ ပြဿနာများသာ ဖြစ်သည်။
ဖုန်းခေါ်ဆိုသူက သူမအား ပြောသည့်အတိုင်း သည်အလှကုန်များသည် ထိုကဲ့သို့ အကျိုးကျေးဇူးသာ ရှိနေပါလျှင် စစ်ဆေးမှု အောင်မြင်သွားပြီး ကြေညာကြောင့် ဈေးကွက်က လက်ခံခဲ့သည်ဆိုပါက ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ကြီးစွာသော ဆွဲဆောင်မှုအား ဖြစ်ပေါ်စေပြီး စီးပွားရေးလောက သည်လည်း လုံးဝ ဝုန်းဆန်သွားပေလိမ့်မည်။
သို့သော်လည်း သည်လိုအလှကုန်မျိုး ကမ္ဘာတွင် ရှိနိုင်ပါမည်လော။
ခန်းရှသည် အခွင့်အရေးအား သိမြင်သော အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့သည်ဆိုသည်အား သူမကိုယ်တိုင်ပင် နားမလည်ဖြစ်ခဲ့သည်။ သူမသည် ၂မိနစ်မျှ တိတ်ဆိတ်နေပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“မင်းရဲ့နံပါတ်ကို ကြည့်လိုက်တာ ကြယ်တာရာမြို့က ခေါ်တဲ့ပုံပဲ။ ကောင်းပြီ။ ငါ့ဖုန်းနံပါတ်နဲ့ လိပ်စာရပြီးသားဆိုတော့ ပစ္စည်းကို ပို့လိုက်ဖို့ အချိန်၂ရက်ပေးမယ်။ နမူနာပစ္စည်းကို စမ်းသပ်စစ်ဆေးဖို့ ငါ့ကို စောင့်ပေးပါ။ ပြီးမှ ထပ်ပြောကြတာပေါ့”
ထန်ရှုသည် ထူးမခြားနားသော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်တော့်ကို ဘာလုပ်ပါလို့ ပြောတဲ့လူတွေကို ကျွန်တော် သဘောမကျဘူး။ ကျွန်တော် ခန့်တဲ့လူတွေကို လုပ်ပိုင်ခွင့်နဲ့ လွတ်လပ်ခွင့် ကျွန်တော် ပေးမှာဖြစ်ပေမဲ့ စိတ်ကြီးဝင် ဆရာကြီးလုပ်တဲ့လူမျိုး မဖြစ်ရဘူး။ နားထောင်ပါ ... ကျွန်တော်က စီးပွားရေး လုပ်ချင်တယ် ဒါပေမဲ့ ကျွန်တော့်မှာ အဲဒါကို ကိုယ်တိုင်ဆောင်ရွက်ဖို့ အချိန်အများကြီး မရှိဘူး။ ကျွန်တော် ပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော် ခင်ဗျားရဲ့ စွမ်းဆောင်နိုင်ရည်တွေနဲ့ ဉာဏ်ပညာကို သိချင်တယ်။ ကောင်းပြီ ... ခင်ဗျားကို ကြယ်တာရာမြို့မှာ စောင့်နေမယ်။ ခင်ဗျား ရောက်လာရင် ကျွန်တော့်ကို ဆက်သွယ်ပါ”
ပြောပြီးသည်နှင့် ထန်ရှု ဖုန်းချလိုက်သည်။
ပေကျင်းရှိ ရေကူးကန်ဘေးတွင် ခန်းရှသည် သူမ၏ဖုန်းအတွင်းမှ လိုင်းကျသွားသံအား နားထောင်ရင်း မယုံကြည်နိုင်သော အမူအရာဖြင့် ကြောင်ပြီး ကျန်နေခဲ့သည်။
သူမက ဘယ်သူလဲ။ ခန်းရှလေ…။
သူမအား အလုပ်ခန့်နိုင်ရန်အတွက် မြင့်မားသော အခွင့်အရေးများပေးကာ ချီးမြှောက် ပြောဆိုကြသည့် မရေမတွက်နိုင်သော လူများ ရှိသောသူတစ်ယောက် ဖြစ်သည်။ စီးပွားရေးလောကတွင် အလုပ်ခန့်ချင်ကြဆုံး အကောင်းဆုံးလူ တစ်ယောက်လည်း ဖြစ်သည်။ ယခင်က သူမသည်သာ ပထမဆုံး ဖုန်းချပစ်သောသူ ဖြစ်ခဲ့သည်။ ယခုမူ ကံကြမ္မာ တစ်ပတ်လည်သည်ထင်၊ ထိုသူက ဦးအောင် ဖုန်းချသွားခဲ့သည်။
ထိုသူ ရူးနေသည်လော၊ သူမ၏တန်ဖိုးများသည်ပင် ပျက်စီးကုန်ပြီလော။
သူမက သူ့အား တောင်းပန်ရမည်ဟု မည်သည် အတွက်ကြောင့် ခံစားထင်မြင်နေ ရပါသနည်း။
ခန်းရှသည် တွေးရင်း ဒေါသထွက်လာသောကြောင့် သူမ၏ဖုန်းအား ကော်ဖီစားပွဲအနားရှိ အမှီထိုင်ခုံဆီ လွှင့်ပစ်လိုက်မိသည်။
အလွန် အထက်စီးဆန်တယ် ...။
လွန်လွန်ကျူးကျူးကို အထက်စီးဆန်တယ် ...။
ခန်းရှသည် ထိုလူပေးသော မေးခွန်း၂ခုအား စဉ်းစားသုံးသပ်နေသည်။ သည်ဟာသည် အခွင့်အရေး ဟုတ်သည်လား၊ မဟုတ်သည်လား ဆိုတာကိုတော့ သူမကိုယ်တိုင် မသေချာချေ။ ထိုဟာသည် အမှန်ဖြစ်ပြီး သူမ ယူလိုက်ပါက လူတိုင်း အံ့သြတုန်လှုပ် သွားပေမည်။ သို့သော် ထိုဟာသည် အမှန်မဟုတ်ခဲ့ပါက သူမ ကစားခံလိုက်ရသည်ဟု ဆိုနိုင်သည်။
“ထန်ရှုလား…။ ကြယ်တာရာမြို့ကလား…”
ခန်းရှသည် ဖုန်းကို ပြန်ယူလိုက်ကာ နံပါတ်တစ်ခုအား လှည့်လိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
“ငါ့ကို လူတစ်ယောက်ကို စုံစမ်းပေးပါ။ ငါ့မှာ သူနဲ့ဆိုင်တဲ့ အကြောင်းဆိုလို့ နာမည် ထန်ရှု၊ ကြယ်တာရာမြို့၊ ယောက်ျား၊ အထက်စီးဆန်တယ်၊ သူ့ဖုန်းနံပါတ်က….။ နင် အချိန် ဘယ်လောက်ယူမလဲ”
“၁ရက်”
ချစ်စရာကောင်းသော အသံရှင်က ဖြေလိုက်သည်။
“နေ့တစ်ဝက်”
ခန်းရှ ပြန်ပြောလိုက်သည်။
“…”
တောင်တံခါးမြို့ အိမ်ရာတွင်…
ထန်ရှုသည် ဖုန်းချလိုက်ပြီးနောက်တွင် ဟန်ကျင်းဝူနှင့် ယွမ်ချူးလင်တို့ကိုပါ ဆက်သွယ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ယွမ်ချူးလင်၏မိခင် ကယ်တင်ခံရပြီး ဖြစ်သောကြောင့် သူ၏မိခင်အား ကယ်တင်သူမှာ ထန်ရှုလားဟု မေးခဲ့ခြင်းအား ထန်ရှုသည် ပါးနပ်စွာ မဖြေဘဲ ရှောင်ခဲ့သည်။
ဟန်ကျင်းဝူအား ဆက်သွယ်ရာတွင်တော့ အတော် အခက်တွေ့ခဲ့သည်။ စိတ်ရှုပ်ထွေးမှုနှင့်အတူ ကူကယ်ရာမဲ့သော ခံစားမှုသည် သူ၏ရင်တွင်းတွင် ပြည့်နေသည်။ ဟန်ကျင်းဝူ၏ ရုပ်ရည်သွင်ပြင်သည် အင်မော်တယ်ကမ္ဘာမှ သူ၏ချစ်သူနှင့်တူနေပြီး သူမအပေါ် မည်ကဲ့သို့ ခံစားရသည်အား ထန်ရှု မပြောနိုင်ချေ။ သူမအား ဖုန်းဖြင့် တောင်းပန်ပြီး မနက်ဖြန်တွင် ကျောင်းသို့လာကာ အတန်းတက်ပါမည့် အကြောင်း ကတိပေးလိုက်ရသည်။ များပြားလှစွာသော သတိပေးဝေဖန်မှုများ ခံရပြီးနောက် ခွင့်လွှတ်မှုအား ယာယီရလာခဲ့သည်။
အရာရာအား ဆောင်ရွက်ပြီးနောက် ထန်ရှုသည် ချန်းကျီကျုံးနှင့် မည်သို့ပတ်သက်စရာ ရှိသည်ကို တွေးတောလိုက်သည်။
“သူက ကြယ်တာရာ ဆေးပင်ဈေးကနေ တန်ဖိုးကြီးတဲ့ ဆေးပင်တွေ ရှာတွေ့ခဲ့တယ်။ သည်တစ်ကြိမ်တော့ သူ့ဆီကနေ ဒီအခွင့်အရေး ယူဖို့ကတော့ စောလွန်းပါသေးတယ်။ ဆေးပင်ဈေးကို ငါ သွားသင့်လား”
ထန်ရှုသည် စဉ်းစားရင်း အဖြေရှာလိုက်သည်။ သူ၏ခေါင်းထဲတွင် အတွေးများ ဝင်လာသဖြင့် သူ ချက်ချင်း အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်လပ်၏ အဘွားအတွက် ပေးထားသော ပိုက်ဆံများထဲမှ ယွမ်ငွေတစ်သောင်းအား ယူသုံးရန် ဆုံးဖြတ်လိုက်သည်။ သည်ဟာသည် သူ့တွင် ပိုက်ဆံ ပြတ်နေသောကြောင့် ချေးယူလိုက်ခြင်းသာ ဖြစ်သည်။
“ဂွီ…ဂွီ…”
ထန်ရှု၏အစာအိမ်မှ ယခုထိတိုင် မနက်စာနှင့် နေ့လယ်စာ မစားရသောကြောင့် အချက်ပေးနေပြီ ဖြစ်တော့သည်။
***