← Chapters

စစ်နတ်ဘုရား

Vol. 02 Ch. 69

စစ်နတ်ဘုရား

Vol. 02 Ch. 69

ထန်ရှုသည် ကုန်းတာလုံ၏စကားများအား တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏မျက်ဝန်းမှ အေးစက်မှုများ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ သူ၏အသံမှတစ်ဆင့် ကုန်းတာလုံ၏ ရိုးသားမှုနှင့် သူ၏ဆရာကျားလွေဒေါင်အပေါ် ဂရုစိုက်မှုတို့အား သိရှိခံစားနိုင်သည်။

ချမ်းသာကြွယ်ဝမှုလား…။

ချမ်းသာကြွယ်ဝမှုအား ထန်ရှုသည် အများကြီး အလေးမထားပေ။ သူ၏ကျင့်ကြံမှုအတွက် ရင်းမြစ်ထောက်ပံ့ပေးရန် အတွက်သာ ရည်ရွယ်သည်။ ယွမ်၁ဝမီလီယံ မဆိုထားဘိ သည့်ထက်များသော ပမာဏဖြစ်စေကာမူ သူ စိတ်ပိုင်းဖြတ်ပြီးပါက ရနိုင်မည်မဟုတ်ချေ။

သို့သော် သည်ဟာသည် တပည့်တစ်ယောက်၏ ရိုသေကိုင်းရှိုင်းမှုပဲ…။

ကုန်းတာလုံ၏ ဆရာသမားအား ရိုသေကိုင်းရှိုင်းမှုကိုမူ သူ အလေးထားပေးမည် ဖြစ်သည်။

စကားပုံများက ဆိုသည်။ အရာများစွာ မရေမတွက်နိုင်အောင် ရှိသည့်အနက် ရိုသေကိုင်းရှိုင်းမှုသည် အရေးကြီးဆုံးဖြစ်သည်။

ရိုသေကိုင်းရှိုင်းမှုသည် လူတစ်ယောက်ချင်းစီ၏ အခြေခံအရာဖြစ်သည်။ ထိုအရာသည် ကိုယ်ကျင့်တရားနှင့် သူတော်ကောင်း တရားတို့၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။ ကုန်းတာလုံတွင် ရှိသော သည်အကျင့်စရိုက်သည် ထန်ရှု အမြဲလက်ကိုင်ထားသော သူတော်ကောင်းတရား အစစ်ပင် ဖြစ်တော့သည်။ ကုန်းတာလုံအား တန်ဖိုးထားသောကြောင့် ထန်ရှုသည် သည်ကတိအား လေးစားရပေမည်။

“ကောင်းပြီ … ခင်ဗျား ဘယ်မှာလဲ”

“ကြယ်တာရာ လေဆိပ်”

“ကျွန်တော် အခု ကြယ်တာရာ ဆေးပင်ဈေး သွားမလို့။ ကျွန်တော် ခင်ဗျားကို စောင့်နေမယ်။ ကျွန်တော့်ကို ဖုန်းထပ်ခေါ်လိုက်ပါ”

ဖုန်းခေါ်မှု ပြီးဆုံးသွားခဲ့သည်။

ထို့နောက် ထန်ရှုသည် လုံကျန့်လင်း၏ ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိသည်။ သူသည် စကားပြောစဉ်တစ်လျှောက် လုံးဝစိတ်လှုပ်ရှားနေခဲ့ပုံမှာ ထန်ရှု၏ ဒီနေ့လှုပ်ရှားမှုအား သိနေဟန်ရသည်။

ထန်ရှုသည် အင်မော်တယ်စံပျော်ရာ စားသောက်ဆိုင်တွင် စားသောက်နေကြောင်း သိသောအခါ သူသည် ဖုန်းအမြန်ချလိုက်ပြီး ထန်ရှုအား တွေ့ရန် အပြေးလိုက်လာသည်။

ထန်ရှုသည် သူ၏စားသောက်မှုအား အမြန်လက်စသတ်လိုက် ပြီးနောက် ကျသင့်ငွေအား ပေးချေကာ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ မူလက သူသည် အစား အရင်ဆုံး စားပြီးပါက အငှားကား တစ်စီးတားကာ ကြယ်တာရာ ဆေးပင်ဈေးသို့ တန်းသွားရန် ဖြစ်သည်။ သို့သော် သူ့အား နောက်ယောင် ခံလိုက်နေသော သူများသည် လည်ချောင်းတွင် ကပ်နေသော ငါးအရိုးကဲ့သို့ ဖြစ်နေသောကြောင့် သည်ပြဿနာအား ဦးစွာမရှင်းပါက သူ့အတွက် ကသိကအောက် ဖြစ်နေနိုင်သည်။

ထန်ရှုသည် လျင်မြန်စွာ သွားမည့်လမ်းကြောင်းအား သတ်မှတ်လိုက်ပြီးနောက် သီးခြားဖြစ်နေသော နေရာသို့ သွားနေစဉ် သူ၏ စိတ်ဝိညာဉ်အာရုံအား သူ၏နောက်မှ နောက်ယောင် ခံလိုက်နေသော လူများဆီသို့ ဖြန့်ကြက်လိုက်သည်။ ထန်ရှုသည် အင်မော်တယ်စံပျော်ရာ စားသောက်ဆိုင်သို့ ဝင်စဉ်က နောက်ယောင်ခံလိုက်သူ ၃ယောက်သာ တွေ့ခဲ့သည်။ ယခုမူ ရုတ်တရက် ၁၄ယောက်အထိ တိုးလာခဲ့သည်။

သို့သော်လည်း သူ၏နောက်သို့ လိုက်နေသူများသည် နမော်နမဲ့ လမ်းလျှောက်ကြပြီး သူတို့၏ ခြေလှမ်းများသည် မတည်ငြိမ်ပေ။ ထိုသူတို့သည် စွမ်းအားရှိသော အလိုရှိစာရင်းဝင် လူသတ်သမားများသာ ဖြစ်ပါက သူ၏ခွန်အားအား အပြည့်အဝ အသုံးချလိမ့်မည်ဖြစ်ပြီး သတိထားရန် လိုပေမည်။ ယခုကဲ့သို့ လမ်းလူမိုက်များမှာမူ သူ့အတွက် ရှင်းပစ်ရန် အလွန်လွယ်ကူ လှပေသည်။

၁ဝမိနစ်ကြာသော်

ထန်ရှုသည် လူအသွားအလာ နည်းသောနေရာသို့ ချိုးဝင်လိုက်သည်။ စီးပွားရေးလမ်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ထိုနေရာသည် ဆူညံမှုနည်းပြီး ပိုမိုတိတ်ဆိတ်သည်။

သူ၏နောက်မှ ကျောက်ပေါက်မာနှင့်လီသည် အလွန်ပျော်သွားဟန် ရှိသည်။ ထန်ရှုသည် သူ၏အစားအား လက်စသတ်ပြီးနောက် တောင်တံခါးဘက်သို့ လှည့်ကာ သည်နေရာလေးသို့ လာလိမ့်မည်ဟု သူ မထင်ထားမိချေ။ သည်ဟာသည် ကောင်းကင်ဘုံမှ သူ့အား ပေးသော အခွင့်အရေးတစ်ခုပင် ဖြစ်ချေမည်။

“သူ့နောက်လိုက်…”

လီ၏အမိန့်အတိုင်း ၁၂ယောက်ခန့်ရှိသော လူငယ်များသည် ထန်ရှုဆီသို့ ရှေးရှုကာ ပြေးသွားကြပြီး  ဝိုင်းထားလိုက်ကြသည်။

“မင်းတို့ ဘယ်သူတွေလဲ”

ထန်ရှု အဝိုင်းခံထားရသော်လည်း သူ၏အမူအရာသည် အေးအေးဆေးဆေးနှင့် အေးတိအေးစက်ပင် ဖြစ်သည်။

လီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထန်ရှုအား တိုက်ခိုက်ရန် အမိန့်မပေးသေးဘဲ ထိုအစား သူ့အား

ရှေးဦးစွာ အကဲခတ်လိုက်ပြီး ကျိတ်ကာတွေးလိုက်မိသည်။ ယခင် အဖွဲ့လိုက် အုပ်စုလိုက် လူများကို ရိုက်နှက်သောအခါတိုင်း သူ၏ပစ်မှတ်သည် အမြဲတမ်း ကြောက်ရွံ့ တုန်လှုပ်ကြသည်။ သို့သော်လည်း သူ၏အရှေ့တွင် ရှိသော နုနယ်သော လူငယ်လေးသည် ပုံမှန်မဟုတ်စွာ တည်ငြိမ်အေးဆေးနေပြီး သူတို့အား ကြောက်ရွံ့ဟန်လည်း မပြချေ။

“ကြည့်ရတာ သည်ကလေးက မရိုးရှင်းဘူးပဲ။ ဂူယွဲ့တာရဲ့ရန်သူ ဖြစ်တာလည်း မထူးဆန်းတော့ပါဘူး”

လီသည် သူ၏ခေါင်းအား လှည့်ကာ ဝိုင်းထားသော အဖွဲ့သားများအား ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“သူ့ကို ဖမ်း။ သူ မခုခံရင် ခြေထောက် ချိုးရုံလေးပဲနော်”

“အိုကေ…”

ရက်စက်သော အပြုံးသည် ထိုလူငယ်များ၏ မျက်နှာထက်တွင် ပေါ်ထွက်လာကာ သူတို့သည် ထန်ရှုအား ဝိုင်းထားသည်အား တဖြည်းဖြည်း ကျဉ်းလာခဲ့ကြသည်။

ထန်ရှု၏ မျက်ဝန်းများသည် တောက်လောင်နေကြပြီး အလင်းတန်းသဖွယ် လှုပ်ရှားလိုက်သည်။ သူ၏အရှေ့မှ လူရွယ်နှစ်ယောက်အား လက်သီးနှင့် ထိုးလိုက်သဖြင့် ထိုနှစ်ယောက်သည် လွင့်ပျံသွားသည်။ တစ်ဆက်တည်းမှာပင် သူသည် လှည့်ကာ နောက်တစ်ယောက်အား ကန်လိုက်ရာ ထိုသူသည် လွင့်စဉ်သွားရပြီး သူ၏အနောက်မှ လူအား တိုက်ချသွားသဖြင့် အတူတကွ မြေပေါ်လဲကျသွားသည်။

“ဘန်း … ဘန်း ... ”

၁၃ယောက်သည် အဖွဲ့အဖြစ် ဆက်သွယ်ထားခြင်းကြောင့် ထိုသူတို့အား ရှင်းလင်းရန် ထန်ရှုအတွက် မိနစ်ဝက်သာ ကြာခဲ့သည်။ ထန်ရှုအတွက် ထိုသူများသည် ပန်းထိုးထားသော ခေါင်းအုံးသဖွယ်သာ ဖြစ်သည်။ သို့သော် ထိုသူတို့၏ အကြောင်းနှင့် နောက်ကွယ်မှ ခိုင်းစေသူအား မသိရသေးသောကြောင့် မသတ်ချင်သေးပေ။

သူသည် သတ်ရန် ဝန်မလေးသော်လည်း မလိုလားအပ်သော ပြဿနာများအား မဖြေရှင်းချင်ပေ။ ထို့အပြင် ထိုသူများသည် တစ်ယောက်ယောက်မှ ငွေပေးခိုင်းခြင်းကြောင့်သာ ဖြစ်မည်ဟု သူမှန်းဆထားပြီး သူ၏ခန့်မှန်းချက် မှန်၊ မမှန်အား သေချာအောင် လုပ်ရန် လိုသေးသည်။

လီသည် သူ၏နေရာ၌ပင် အတောင့်သား ဖြစ်နေသည်။ သူ၏လက်အား မကာ မျက်လုံးအား ပွတ်သပ်ကြည့်မိတော့မှ ပုံရိပ်ယောင်မဟုတ်မှန်း သိရသည်။

သည်ဟာသည် ၁၃ယောက်အဖွဲ့ ဖြစ်သည်။

သူ၏၁၃ယောက် အဖွဲ့သည် ရိုက်ချပြီး မြေပေါ်ပစ်ချရန် ဘယ်လိုတောင် လွယ်ကူသွားရပါသနည်း။ သူတို့တွင် အထူးလေ့ကျင့်မှုတွေ၊ အခြေခံသိုင်းပညာတွေ မရှိသော်ငြားလည်း သူနှင့်လက်တွဲကာ ရန်ပွဲ ရိုက်ပွဲ ဆင်နွှဲလာခဲ့သည်မှာ အပွဲပွဲမကတော့ချေ။

ဘယ်လို ဖြစ်နိုင်မှာတဲ့နည်း။

သည်ကောင်စုတ်လေး ထန်ရှုသည် ဘယ်လိုတောင် စွမ်းအား ကြီးသွားရပါသနည်း။

လီသည် နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ပြီး ထန်ရှုအား ထိတ်လန့်စွာ စိုက်ကြည့်မိသည်။ သူသည်လည်း သိုင်းပညာ လေ့ကျင့်ခဲ့သည်။ သူသည် လူ၃ယောက်-၄ယောက်အား ချနိုင်မည်ဖြစ်သော်လည်း အတန်ငယ် အားစိုက်ကာ လုပ်ရမည်ဖြစ်သည်။ သို့သော် လူ၁၃ယောက်ဆိုပါက မိနစ်ပိုင်းအတွင်း သူ အရိုက်ခံသွားရနိုင်သည်။

ဆရာတစ်ယောက်လား…။

ထန်ရှုသည်သာ ကျွမ်းကျင်သောဆရာ တစ်ယောက်ဆိုပါက ထိုကဲ့သို့ဆရာမျိုးနှင့် သူ မပတ်သက်ချင်တော့ပေ။

၃ထပ်အဆောက်အဦ၏ ခေါင်မိုးပေါ်တွင် ဂူယွဲ့တာနှင့် ဟဲကန်းတို့သည် ထိုနေရာလေးမှ အဖြစ်အပျက်အား မြင်နိုင်ရန်အတွက် ခေါင်မိုးအစွန်းဘက်တွင် မတ်တတ်ရပ်ကာ အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်နေလျက်ရှိရာ ထန်ရှုသည် လူ၁၃ယောက်အား မြေပေါ်လဲသည်အထိ ရိုက်ချခဲ့သည်ကို မြင်ရပြီးနောက် ကြက်သေ သေလျက်ရှိသည်။

“သူ ... သူက စစ်နတ်ဘုရားလား ...။ တစ်စုံတစ်ယောက်က ဘယ်လိုတောင် စွမ်းအားကြီးတာလဲ။ ဒီ၁၃ယောက်ကို ချနိုင်တယ်။ သူတို့က အတွေ့အကြုံရှိ လူမိုက်တွေလေ”

ဂူယွဲ့တာ ကျယ်လောင်စွာ အော်ပြောလိုက်မိသည်။

ဟဲကန်း၏နှုတ်ခမ်းသည် တဆတ်ဆတ်တုန်လျက် သူ၏ရင်ထဲမှ အကြောက်တရားအား တိတ်တဆိတ် ဖိနှိပ်နေရသည်။ ထို့နောက် သူသည် ခါးသီးသောလေသံဖြင့် ပြောလိုက်သည်။

“သူက စစ်နတ်ဘုရား မဟုတ်ရင်တောင်မှ သိပ်မကွာလှပါဘူး။ လူ၁၃ယောက်တောင် ရိုက်နိုင်တာ သိပ်ကြောက်စရာ ကောင်းတယ်။ လူမှ ဟုတ်ရဲ့လား”

ဂူယွဲ့တာ၏မျက်နှာ ဖြူဖျော့နေသည်။ ထန်ရှု၏ နောက်ကြောင်းအား စုံစမ်းပြီးဖြစ်သောကြောင့် စိုးရိမ်စရာမရှိဟု သူတွေးထင်ခဲ့သည်။

ဒါပေမဲ့ အခု ဘယ်လိုတွေ ဖြစ်သွားရပါသနည်း။

ဂူယွဲ့တာ ခဏစဉ်းစားလိုက်ပြီးနောက်

“လူမိုက် ၁၃ယောက်ကို သူ ရိုက်နိုင်တယ်ဆိုပေမဲ့ သိုင်းပညာရှင် ၁၃ယောက်ဆိုရင်တော့… ဟမ့် ... ”

ဟဲကန်း အံ့အားသင့်သွားပြီး

“သခင်လေးဂူ … နင် ရှာဖို့ ရည်ရွယ်နေတယ်…”

ဂူယွဲ့တာ လှောင်ပြုံးပြုံးလိုက်ပြီး

“မှန်တယ်။ ရွှေရောင်မီးငှက် လုံခြုံရေးအဖွဲ့က လူတွေက အခွန်တော်တယ်။ သူတို့ အပိုဝင်ငွေရလို့ ပျော်နိုင်တယ်”

ဟဲကန်းသည် တွန့်ဆုတ်လျက်

“သခင်လေးဂူ … နင် အဲဒီအဖွဲ့ကို ငှားရင် စရိတ်ကြီးမှာနော်။ အထွေထွေ မန်နေဂျာသာ သိသွားရင်…”

“ငါ အဲဒါကို အလုပ်ထဲက ငွေနဲ့ မသုံးပါဘူး။ ငါ့ပိုက်ဆံနဲ့ ငါ ပေးမှာပါ”

ဂူယွဲ့တာ ပြောလိုက်ရသော်လည်း ရွှေရောင်မီးငှက်လုံခြုံရေး အဖွဲ့အား ငှားရမ်းရမည့် ကုန်ကျစရိတ်သည် မနည်းသောကြောင့် သူ၏နှလုံးတွင် သွေးများ ယိုစီးနေသကဲ့သို့ ရှိနေသည်။ သို့သော် သူ၏အရှက်အား ဆေးကြောရန်နှင့် ထန်ရှုအား ဆုံးမရန်အတွက် သူ၏ပြိုင်ကားလေးအား ရောင်းချကာပေးရန် တိတ်တဆိတ် ဆုံးဖြတ်ထားလေသည်။

လူသွားနည်းသော လမ်းကလေး ...

ထန်ရှုသည် လီအား အေးစက်စွာ ကြည့်နေသည်။ ကားဝပ်ရှော့ဟောင်းတွင် သူသတ်ခဲ့သော တရားခံများမှ ယူခဲ့သော စစ်သုံးဓားအား တိတ်တဆိတ်ထုတ်ကာ ကျွမ်းကျင်စွာ ကစားနေသည်။

“ဒီဟာက ငါ့စိတ်ကို ပျက်စီးစေတာပဲ။ လူတွေ မရောင်းရင် ငါလည်း မဝယ်ဘူး။ ငါ့ကို ပြဿနာရှာရင်တော့ ၂ဆ ပြန်ပေးဆပ်ရလိမ့်မယ်။ ငါ့ခြေထောက်၂ဖက်ကို ချိုးချင်တာ ဟုတ်လား။ ငါက မင်းရဲ့ခြေတွေလက်တွေ ချိုးရင်ရော ...။ ငါက ပြဿနာအများကြီး မလုပ်ချင်ဘူး။ မင်းကို ငှားခဲ့တဲ့ လူနာမည်ကိုပဲ သိချင်တယ်။ အဲ့ဒါဆိုရင် ကျန်တဲ့ဘဝတစ်လျှောက် ဝှီးချဲပေါ်မှာ မင်း မနေရတော့ဘူး”

ထန်ရှုသည် သမာသမတ် ကျသည့်ဟန်ဖြင့် ပြောနေသော်လည်း လီ၏နှလုံးသားအား မိုးကြိုး ပစ်လိုက်သည့်နှယ် ဖြစ်သည်။

ကျန်တဲ့ဘဝတစ်လျှောက်အား ... ဝှီးချဲပေါ်မှာ ကုန်ဆုံးစေတာလား။

သူ့ဘဝတစ်လျှောက်တွင် အကြောက်ဆုံးအရာသည် မသန်မစွမ်းဖြစ်ခြင်းပင် ဖြစ်သည်။ သူသည် လူများစွာအား မကောင်းဆိုးဝါးသဖွယ် ပြုမူခဲ့သောကြောင့် သူ မသန်မစွမ်း ဖြစ်နေချိန်တွင် လက်စားချေကြမည်ကို ကြောက်မိချေသည်။

သူသည် အံကြိတ်ကာ မေးလိုက်သည်။

“မင်း သေချာလား”

ထန်ရှု ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

“သေချာတယ်”

လီသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဂူယွဲ့တာ”

တကယ် သူဖြစ်နေတာလား…။

ထန်ရှုသည် တိတ်တဆိတ် သက်ပြင်း ချလိုက်မိသည်။ ဂူယွဲ့တာသည် စိတ်သဘောထား သေးသိမ်ကာ အသေးအမွှား အရာလေးများအတွက်ပင် လက်စား ချေတတ်လိမ့်မည်ကို သူသတိပြုမိခဲ့သည်။

“လက်တစ်ချောင်းတော့ အဆုံးခံလိုက်”

လီ၏ရင်ထဲတွင် အေးစက်မှုအား ခံစားလိုက်ရပြီး ထန်ရှုလက်ထဲမှ စစ်သုံးဓားမြှောင်အား ကြည့်ကာ သူ၏လက်ကောက်ဝတ်မှ ဓားမြှောင်တစ်ချောင်းအား ဆွဲထုတ်လိုက်ပြီး  သူ၏ လက်မောင်းအား တွေဝေခြင်းမရှိဘဲ ထိုးလိုက်သည်။

ဓားဆွဲထုတ်လိုက်သော အခါတွင် သွေးများ ပြန့်ကျဲသွားသည်။

ထိုခဏတွင် လုံကျန့်လင်းသည် ရောက်ရှိလာပြီး ထိုမြင်ကွင်းအား မြင်သောအခါ အမြန်ပြေးလာသည်။

“အစ်ကိုကြီး ... ဘာဖြစ်တာလဲ”

“လူပြက်ကလေးတွေပါကွာ။ တစ်ယောက်ယောက်က ငှားလို့ ငါ့ခြေထောက် လာချိုးတာ။ ဒါပေမဲ့ ငါ ရှင်းလိုက်ပါပြီ”

လုံကျန့်လင်းသည် ညည်းတွားနေသော လူများအား ကြည့်လိုက်ရင်း သူ၏ မျက်ဝန်းအိမ်သည် အံ့သြမှုဖြင့် ကျယ်ပြန့်လာပြီး

“အစ်ကိုကြီး ထန် … သည်လူတွေအကုန်လုံး မင်းတစ်ယောက်တည်း ချလိုက်တယ်”

ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။

လုံကျန့်လင်းသည် မယုံကြည်နိုင်သော အမူအရာဖြင့် ပြောင်နေသော ခေါင်းအား ပွတ်ကာ လေးစားစွာဖြင့် အော်ဟစ်လိုက်သည်။

“ကောင်းတယ်။ ဒါ အရမ်းကောင်းတယ်။ မင်းက တကယ့်ကို လုံကျန့်လင်းရဲ့အစ်ကိုကြီး ဖြစ်ထိုက်ပါပေတယ်။ ငါ သေတဲ့အထိ မင်းကို ရိုသေလေးစားသွားမယ်”

“မင်း ကုန်တော့မယ်…”

ထန်ရှုသည် ရယ်မောကာ စနောက်လိုက်လေသည်။

***

All Chapters