← Chapters

ပတ်သက်မှု

Vol. 02 Ch. 70

ပတ်သက်မှု

Vol. 02 Ch. 70

လုံကျန့်လင်းသည် အားရပါးရ ရယ်မောပြီးနောက် ကျောက်ပေါက်မာနှင့်လီအား ကြည့်ကာ

“လီ ... မင်းကြည့်ရတာ အသက်ရှင်နေရတာ ပင်ပန်းနေပုံပဲ။ ငါ့အစ်ကိုကြီးကို ရိုက်ရဲတယ်ပေါ့။ ဒူးထောက်ပြီး အစ်ကိုကြီးကို တောင်းပန်လိုက်စမ်း”

လုံကျန့်လင်း လာသည်ကို မြင်လိုက်ကတည်းက လီ၏နှလုံးသားသည် အေးစက်နေသော ရေခဲဂူထဲ ကျသွားသကဲ့သို့ ရှိနေသည်။ လုံကျန့်လင်း၏ အကြောင်းနှင့် သူ၏စွမ်းအားအား သိနေသောကြောင့် သူအား ချောက်နက်သို့ တွန်းချလိုက်သော ဂူယွဲ့တာအား စိတ်ထဲမှ ကျိတ်ကာ ကျိန်ဆဲလိုက်မိသည်။

“သခင်လေးလုံ ... အစ်ကိုကြီးထန်က မင်းရဲ့အစ်ကိုကြီးဆိုတာ ငါ တကယ်ကို မသိပါဘူး။ စောစောကသာ သိခဲ့မယ်ဆိုရင် ဒီငှားရမ်းမှုကို ငါ လက်ခံခဲ့မှာမဟုတ်ဘူး။ ဂူယွဲ့တာက ငါတို့ကို ဒီလို တွန်းပို့လိုက်တာပါ”

လုံကျန့်လင်းသည် ဒေါသထွက်စွာဖြင့် …

“ဂူယွဲ့တာလား။ ဒီကောင်တော့ နာချင်နေပြီထင်တယ်။ ဒီဖေဖေကြီးက နောက်မှ ဒင်းကို ဆုံးမပေးရတာပေါ့။ ဒါပေမဲ့ မင်းတို့ကို ဒီလို လွယ်လွယ် ပေးမသွားနိုင်ဘူး။ ဒူးထောက်ပြီး ငါ့အစ်ကိုကြီးကို တောင်းပန်လိုက်စမ်း”

“ထားလိုက်ပါတော့”

ထန်ရှုသည် လုံကျန့်လင်းအား ဟန့်တားလိုက်သည်။ သူသည် လီအား ကြည့်လျက် ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။

“မင်းအဖော်တွေ ခေါ်ပြီးသွားတော့။ ငါ့စကားကို မှတ်ထားပါ။ နတ်ဆိုးလိုလူတွေက နတ်ဆိုးလို လူတွေကြောင့်ပဲ အဆုံးသတ်ရတယ်။ ငါထန်ရှုက ဘယ်တော့မှ လူကောင်းတစ်ယောက် မဟုတ်ဘူး။ ငါ့ကို လာမစသရွေ့ ငါနဲ့ လာမပတ်သက်သရွေ့ ဘာမှ မလုပ်ဘူး။ နောက်တစ်ကြိမ် ထပ်လုပ်ရင် မင်းတို့အကုန်လုံးကို ငါ ဖျက်ဆီးပစ်မယ်”

နာကျင်မှုအား ခံစားရင်း လီသည် ခေါင်းအကြိမ်ကြိမ် ညိတ်ပြကာ  ….

“ငါသေချာ မှတ်မိပါပြီ။ ငါ့ကို ရဲရင့်မှု ၁ဝဝပေးရင်တောင် မင်းကို ရန်မစရဲတော့ပါဘူး”

လီတို့အဖွဲ့ ထွက်ခွာသွားသည်အား ကြည့်ရင်း ထန်ရှုသည် လုံကျန့်လင်းအား ကြည့်လိုက်သည်။ သူတို့သည် စီးပွားရေးလမ်းဘက် လျှောက်လာကြရင်း သူ မေးလိုက်သည်။

“ဒါနဲ့ မင်း ငါ့ကို ဘာအတွက် လာရှာတာလဲ။ ငါ့ကို မြှောက်ဖို့တော့ မဟုတ်ဘူးမဟုတ်လား”

စိတ်ပျက်လက်ပျက် ဖြစ်နေသောဟန်အား လုံကျန့်လင်း၏ မျက်နှာတွင် မြင်နေရသဖြင့် သူ၏ရည်ရွယ်ချက်အား ဖော်ပြနေသကဲ့သို့ ရှိသည်။ သူ၏စိတ်အား တက်ကြွနေမှုနှင့် ကူကယ်ရာမဲ့နေသော အမူအရာသည် သူ၏မျက်နှာထက်တွင် ဖော်ပြနေပြန်သည်။ သူ၏အစ်ကိုဖြစ်သူ လုံကျန့်ယုထံမှ ထန်ရှု၏ အံ့သြဖွယ်ကောင်းသော အကြောင်းအရာနှင့် ခံနိုင်ရည်အား သိရှိခဲ့ရသည့်နည်းတူ သူ၏ ဖခင်ဖြစ်သူထံမှလည်း ထန်ရှုသည် ချန်းကျီကျုံးအား  ကုသပုံနှင့် အသက်ကယ်သော နည်းအား သိခဲ့ရသည်။ သည်ဟာသည် သူ၏ ထန်ရှုအပေါ်ထားသည့် စိတ်အား အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ ချန်းကျီကျုံးကဲ့သို့ ကြွယ်ဝလှသည့် နာမည်ကျော် သူဋ္ဌေးကြီးပင်လျှင် ထန်ရှု၏ တပည့်ဖြစ်ရန်အတွက်  တောင်းပန်နေရသည်။ ပြိုင်ဘက်ကင်း စွမ်းရည်နှင့် ကျွမ်းကျင်မှု၊ ခံနိုင်ရည်အားတို့သည် ကောင်းကင်ဘုံအား ဆန့်ကျင်နေသကဲ့သို့ပင် ဖြစ်ချေသည်ဟု လုံကျန့်လင်း ထင်မြင်မိသည်။

“အစ်ကိုကြီး ... မင်းရဲ့ပြိုင်ဘက်ကင်း စွမ်းရည်ကို ငါဘယ်လို အရိုအသေပေးရမလဲ မသိဘူး”

လုံကျန့်လင်းသည် မချိပြုံး ပြုံးကာ မေးမြန်းလိုက်သည်။

ထန်ရှုသည် ဆဲဆိုလိုက်သည်။

“မင်းကို ရိုက်လိမ့်မယ်။ မင်းဦးနှောက်က ပေါက်ကရတွေနဲ့ ပြည့်နေတယ်။ ဒါနဲ့ ငါက ကြယ်တာရာ ဆေးပင်ဈေး သွားမလို့။ မင်းကို အဖော်မလုပ်ပေး နိုင်တော့ဘူး။ မင်းသွားစရာရှိတာ သွားပြီးလုပ်လေ”

“အာ ... အစ်ကိုကြီး…ဆေးပင်ဈေးသွားမလို့လား။ ဘာလိုချင်တာရှိလို့လဲ။ မင်းလိုအပ်ရင် ချန်းကျီကျုံးကို ပြောလိုက်လည်း ရတာပဲကို။ ဒါနဲ့သူက မင်းရဲ့တပည့်အဖြစ် စောင့်နေတုန်းပဲနော်”

“ငါအမြဲတမ်း ငါ့ပြဿနာကို ကိုယ့်ဘာသာပဲ ရှင်းတယ်။ ငါတတ်နိုင်တဲ့ဟာဆိုရင် သူများကို အခက်မဖြစ်စေချင်ဘူး။ ဘဝမှာ လုပ်ဆောင်ရတာ အခက်ခဲဆုံးအရာက  သူများအပေါ် ကျေးဇူးကြွေးတွေ ရှိစေခြင်းပဲ။ ငါပြောတာ နားလည်ရဲ့လား”

“မင်း ပြောတာ မှန်ပါတယ်။ လူတွေက သူတို့ရဲ့ကတိတွေ စကားတွေနဲ့ ချည်နှောင်ခြင်း ခံနေရတယ်။ ထားလိုက်တော့ ငါ မင်းကို ကားမောင်းပို့ပေးမယ် အိုကေလား”

“မင်းမှာ ကားရှိတာလား”

ထန်ရှုသည် အံ့အားသင့်သွား သော်လည်း လုံကျန့်လင်း၏ နောက်ခံအား သတိရသွားပြီးနောက် ကားရှိသည်ဆိုတာ ဖြစ်နိုင်ကြောင်းနှင့်  သူ၏ကားသည် တန်ဖိုးကြီးကားပင် ဖြစ်ရမည်ဟု တွေးမိလိုက်သည်။

“ဒါပေါ့ ငါ့မှာ ကားကောင်းတစ်စီး ရှိတယ်။ မရေမတွက်နိုင်တဲ့ ကောင်မလေးတွေက ကားအလကားစီးရဖို့ ဘယ်လိုတောင် အခွင့်အရေး ပေးကြတယ်ဆိုတာ မင်း မသိပါဘူး။ ဒါပေမဲ့ ဒီသခင်လေးက သူတို့ကို မျက်လုံးထဲတောင် မထည့်ဘူး”

လုံကျန့်လင်းသည် ဂုဏ်ယူစွာ ပြောလိုက်သည်။

ထိုချမ်းသာသော ဒုတိယမျိုးဆက် သခင်လေးတို့သည် အမှန်တကယ် များစွာ ပျက်စီးနေကြသည်။ သူတို့သည် …

“အလုပ်ကြိုးစားခြင်းနှင့် နှိမ့်ချကာနေခြင်း”၏ အဓိပ္ပာယ်အား ဘယ်တော့မှ သိကြမည်မဟုတ်ချေ။ သူတို့သည် သောက်မည် စားမည်၊ ပျော်မည် ပါးမည်၊ ငွေကို ရေလိုသုံးမည်၊ ပြိုင်ကားများ မောင်းနှင်ကြမည်။ သူတို့ မေ့လျောနေကြသည်မှာ များစွာသော လူတို့သည် စွပ်ပြုတ်ပန်းကန်၏ တစ်ဝက်သာ ရနိုင်သည်ဆိုတာကိုပင်။

ထန်ရှုသည် လုံကျန့်လင်းနှင့် သူ၏လန်ဘော်ဂနီ ပြိုင်ကားဆီသို့ လျှောက်လာခဲ့သည်။ ထိုကားအား ကြိမ်ဖန်များစွာ ကြည့်ရင်း သူသည် တိတ်တဆိတ် ခေါင်းယမ်းလိုက်မိသည်။

ဆိုရိုးစကားရှိသည် - လူတိုင်းသည် သူတို့ပေးသလောက် ရကြသည်။

ကားကောင်းသည် ကားကောင်းပင် ဖြစ်တော့သည်။ ထန်ရှုသည် ကားထဲတွင် ထိုင်လိုက်သောအခါ သက်တောင့်သက်သာ ရှိမှုကို ခံစားလိုက်ရသည်။ အတွင်းအပြင်အဆင်အား ကြည့်လိုက်ပြီးနောက် သူ ပြောလိုက်သည်။

“ဒီကားက နောက်ဆုံးပေါ်နည်းပညာနဲ့ လုပ်ထားတာပဲ။ သာမန်လူတွေဆိုရင် ဒီကားရှိဖို့ ဆယ်စုနှစ်များစွာ ရုန်းကန်ရလိမ့်မယ်။ ... အာ ... မဟုတ်သေးပါဘူး ... ဒါက သက်တမ်းနဲ့ ဖြစ်သင့်တာပဲ။ ဟေး … မင်းကားက ဘယ်လောက်တန်လဲ။ မီလီယံ အနည်းငယ်တော့ မဟုတ်ဘူးမဟုတ်လား။ သာမန်လူတွေ အဖို့ကတော့ ဘဝတစ်လျှောက်လုံး မီလီယံအနည်းငယ် ထက်တောင် လျော့နည်းရ နိုင်သေးတယ်”

လုံကျန့်လင်းသည် ပြုံးလိုက်ပြီး ပြောလိုက်သည်။

“အစ်ကိုကြီး ... မင်းမှာ ကွန်ဖူးနဲ့ဆေးပညာအပြင် လူသားဆန်တဲ့ ပြင်းထန်တဲ့စိတ်တွေ ရှိလမ့်မယ်လို့ ငါ မတွေးမိဖူးဘူး။ မင်းကို ပိုသိလာလေ မင်းက ပိုနက်ရှိုင်းလာလေပဲ။ မင်းကို ကြည့်ရင်းနဲ့ တိုက်ရှန်း တောင်ထိပ်နဲ့တောင် တူလာတယ်။ တကယ်”

“မင်းက တကယ် ငမြှောက်ကောင်ပဲ”

ထန်ရှု  ပြန်စကာ ရယ်မောလိုက်သည်။

နဂါးပင်လယ်အိမ်ရာ ...

ရိုးရှင်းကာ အဆင့်အတန်းမြင့်သော အိမ်ထဲတွင် လုံဟန်ဝမ်သည် စာရွက်တစ်ထပ်အား တိတ်ဆိတ်စွာ ဖတ်ရှုနေသည်။ သူ၏အရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် လက်ဘက်ရည်ခွက်သည် အငွေ့တထောင်းထောင်း ထကာ မွှေးပျံ့လျက်ရှိသည်။

“အစ်ကိုချန်း … စုံစမ်းထားတွေ ဖတ်ကြည့်ပါဦး”

လုံဟန်ဝမ်သည် သူဖတ်ပြီးသည်နှင့် ဘေးတွင်ရှိသော ချန်းကျီကျုံးအား ကမ်းပေးလိုက်သည်။ ချန်းကျီကျုံးသည် စာရွက်ရရှိသည်နှင့် တိတ်ဆိတ်စွာ ဖတ်တော့သည်။ ဖတ်ပြီးသည်နှင့် သူ၏အမူအရာသည် မူမမှန်စွာ လေးနက်တည်ကြည် သွားလေသည်။ ထန်ရှုအကြောင်း စုံစမ်းထားသည်အား သူတို့ ဖတ်နေကြခြင်း ဖြစ်သည်။ အထူးသဖြင့် ရဲများက စုံစမ်းခဲ့သော အကြောင်းအား ပိုမို ဖော်ပြထားသည်။

“ကြယ်တာရာ ပထမ အထက်တန်းကျောင်းမှာ လွန်ခဲ့တဲ့ရက် အနည်းငယ်က အမှုတစ်ခုဖြစ်တယ်။ ထန်ရှုက ကျောင်းသားတွေကို ကာကွယ်ရင်း တရားကို သတ်မိတယ်။ အေ အဆင့်တရားခံတွေထဲက တစ်ယောက်ဖြစ်တယ် … တရားခံအဖွဲ့ လက်စားပြန်ချေဖို့ ကြိုးစားတယ် မအောင်မြင်ဘဲ ကျရှုံးတယ်။ တစ်ဖွဲ့လုံး အသတ်ခံရတယ်။ ထန်ရှုက အဲဒီရက်တွေမှာ ပျောက်နေလို့ အစစ်ခံရတာဖြစ်တယ်။ ဒီလူတွေ သတ်တာ ထန်ရှုဖြစ်နိုင်တယ်”

“ဒါမမှားနိုင်ဘူး။ သူပဲ နေမယ်။ ကျောင်းမှာသတ်တဲ့ လူပါပါရင် သူသတ်ခဲ့တာ စုစုပေါင်း၆ယောက် အေအဆင့်ရှိတဲ့ လူသတ်သမားတွေချည်းပဲ”

“သာမန်လူ မဟုတ်တဲ့လူက မဟုတ်တာပါပဲ။ ရဲတွေတောင် ဘာမှ မတတ်နိုင်တဲ့ ကိုယ်အတွင်းအင်္ဂါတွေကို ကုန်ကူးနေတဲ့အဖွဲ့ကို ထန်ရှု ချလိုက်တာ သူ မမှားပါဘူး။ ဒါဟာ ဆရာတစ်ယောက်ပဲ”

“အာ ... ထန်ရှုခွန်အားက မင်းခွန်ထားထက် သာတာသေချာလို့လား”

“လုံးဝသေချာတယ်။ သူက ငါ့ထက်သာတယ်။ ထန်ရှုက ယွမ်ကျန်းရွှမ်ရဲ့ မိန်းမကို ဒဏ်ရာတွေ မရအောင် ကယ်တင်ခဲ့တယ်။ တရားခံ အများကြီးလည်း သတ်ခဲ့သေးတယ်လေ”

“ထန်ရှုက ယွမ်ကျန်းရွှမ်ရဲ့ မိန်းမကို ကယ်တင်ခဲ့တယ်။ ယွမ်ကျန်းရွှမ်ကလည်း သူ့အပေါ် အကြွေးတင်နေပြီ။

ကျွတ် ... ကျွတ် ... သူဋ္ဌေးကြီး၂ယောက်က အထက်တန်း ကျောင်းသားလေးကို မျက်နှာသာ ပေးချင်နေတယ်လို့ ဘယ်သူထင်မှာလဲ။ သူ့ရဲ့အနာဂတ်က တောက်ပနေပြီပဲ။ ယွမ်ကျန်းရွှမ်နဲ့ ငါတို့ကြားမှာ ဘာစီးပွားရေးမှ မရှိဘူးဆိုတော့ သူနဲ့ နီးစပ်အောင် လုပ်ဖို့လည်း လိုတယ်”

“မင်းက မြေခွေးအိုပဲ” ချန်းကျိကျုံး ရယ်ကာ ပြောလိုက်သည်။

“ဟား ... ဟား ... ဟား”

လုံဟန်ဝမ်သည် လုံကျန့်လင်းဆီမှ စာတိုတစ်စောင် ရခဲ့သည်။

“လင်းလေးက စာပို့တယ်။ ထန်ရှု ဆေးပင်ဈေးမှာ ရောက်နေတယ်တဲ့”

ချန်းကျီကျုံး အမြန်ထကာ ပြောလိုက်သည်။

“ငါ အဲဒီကို ချက်ချင်း သွားမယ်”

လုံဟန်ဝမ်သည် သူ့အား အမြန်ဆွဲကာ ပြောလိုက်သည်။

“ဟေး ... ဟေး ... မင်း အဲဒီလို တိုက်ရိုက်သွားရင် လင်းလေး စာပို့တာ သိသွားလိမ့်မယ်။ မတော်တဆ ဆုံတဲ့အနေနဲ့ တွေ့။ တွေ့တဲ့အခါကျရင် မင်းက ရောဂါပျောက်သွားလို့ အားဆေးနဲ့ ဓာတ်စာအတွက် ဆေးပင် လာဝယ်တာလို့ ပြော။ ဒါက ပိုကောင်းလိမ့်မယ်”

“ကောင်းပြီ ... ”

ကြယ်တာရာ ရွှေရောင်အင်ပါယာ အိမ်ရာဝင်း

ယွမ်ချူးလင်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ကိုယ်ဝန်သည် သူ့အမေအား ဖက်ထားသော သူ့အဖေ ယွမ်ကျန်းရွှမ်အား အံ့သြတကြီး ကြည့်နေသည်။ သူ၏မျက်နှာထက်တွင် အဖြေရှာမရဟန်သည် အထင်းသား ပေါ်လွင်နေသည်။ သူ၏မိဘနှစ်ပါးသည် ကွာရှင်းပြီးစဉ် ကတည်းက သီးခြားစီနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု … ယွမ်ကျန်းရွှမ်သည် ရဲတပ်ဖွဲ့အား ဖုန်းခေါ်ကာ ကားဝပ်ရှော့ဟောင်း အခြေအနေနှင့်  ကျောင်ကျင်း၏ အသက်သခင် ကျေးဇူးရှင် ဘေးကင်း မကင်းအား မေးပေးမည်ဟု နှစ်သိမ့်လိုက်သည်။

ကျောင်ကျင်းသည် သန်မာကြံ့ခိုင်သော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော်လည်း နာခံစွာဖြင့် ခေါင်းညိတ်ပြသည်။

ဖုန်းသွားယူသည့် သူ့အဖေနောက်ကျောအား ကြည့်ကာ ယွမ်ချူးလင်သည် သိချင်စိတ် ဖြစ်ပေါ်လာပြီး အမေ၏အနားကပ်ကာ တီးတိုးမေးလိုက်သည်။

“အမေ ... အမေနဲ့အဖေက…”

ကျောင်ကျင်းသည် ယောက်ျားဖြစ်သူ၏ ကျောပြင်အား ကြည့်ကာ တီးတိုးပြန်ဖြေသည်။

“လင်လေး … မပြောပြတဲ့အတွက် အမေတို့ကို အပြစ်မတင်ပါနဲ့ အမေတို့ ကွာရှင်းထားတာ အတုပါ။ ပြဿနာတွေ အများကြီးရှိနေလို့ အခုတော့ မပြောနိုင်သေးဘူး။ သား ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာနိုင်တဲ့တစ်နေ့ အမှန်တရားကို ပြောပြမှာပါ။ ခုတော့ ဘာမှ မမေးဘဲ စာကိုပဲ ကြိုးစားသင်ယူပါ။

ယွမ်ချူးလင် အံ့အားသင့်လွန်းသဖြင့် ကြက်သေသေလျက် ရှိသည်။

ကွာရှင်းထားတာ အတုတဲ့လား။

သူ့မိဘတွေကို သူ နားလည်မှု လွဲနေခဲ့တာပေါ့။

ယွမ်ချူးလင်သည် ရုတ်ခြည်းပင် သူ ပေတေလေလွင့်ခဲ့သည်များ အတွက် နောင်တရသွားသည်။ အစ်ကိုကြီး ထန်ရှု ပြောခဲ့တာကြောင့်သာ မဟုတ်လျှင် သူ၏မိုက်မဲမှုမှ ရုန်းထွက်နိုင်မည် မဟုတ်ချေ။

ခဏအကြာ ယွမ်ကျန်းရွှမ်သည် ဖုန်းချလိုက်ပြီး သူ၏အရှေ့မှ ကျောင်ကျင်းနှင့် ယွမ်ချူးလင်အား ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့်

“မိန်းမရေ … မင်း ပြောခဲ့တယ် မဟုတ်လား ... မင်းကို ကယ်တင်ခဲ့တာ လူငယ်လေး တစ်ယောက်ဆို။ မင်းကို ကယ်ခဲ့တဲ့ အဲဒီအသက်သခင် နာမည်ကို သိလား”

All Chapters