ကာလကြာရှည်စွာ တည်ရှိနေသောရန်သူ
Vol. 02 Ch. 71
ကျောင်ကျင်း ခေါင်းကို ယမ်းလိုက်ပြီး ပြောလိုက်သည်။
“အဲဒီအချိန်က သေရေးရှင်ရေး ဖြစ်နေတော့ ကျွန်မ မေးချိန်မရလိုက်ဘူး။ သူကလည်း သိပ်ပြောချင်ပုံ မရဘူးလေ။ ဟန်နီ … ကျွန်မ ကျေးဇူးရှင်လေး ဘာတွေ ဖြစ်သွားပြီလဲ”
ယွမ်ကျန်းရွှမ် ပြန်ပြောလိုက်သည်။ “မင်းရဲ့ကျေးဇူးရှင်လေး ဘာမှ မဖြစ်ပါဘူး မိန်းမရေ ... ဟိုပြန်ပေးသမားတွေသာ …သူတို့ ...”
သူမ၏ကျေးဇူးရှင်လေး ဘာမှမဖြစ်ခဲ့သည်ကို သိလိုက်ရမှ ကျောင်ကျင်း စိတ်သက်သာရာ ရသွားခဲ့ပြီး ပြန်ပေးသမားတွေ အကြောင်းအား စပ်စုလိုက်သည်။
“ပြန်ပေးသမားတွေ ဘာဖြစ်သွားလို့လဲ ယောက်ျား ...။ ကျွန်မတွေ့လိုက်ရ သလောက်တော့ ကျွန်မကို အနိုင်ကျင့်တဲ့ တစ်ယောက်ကို သူ သတ်လိုက်တယ်။ ယောက်ျား … အဲဒီအတွက် ရဲတွေက သူ့ကို အရေးယူနိုင်လားရှင်။ အဲဒါဆိုရင်တော့ ကျွန်မတို့ ဘေးထွက်နေလို့မဖြစ်ဘူး”
ယွမ်ကျင်းရွှမ် အမည်ဖော်ရခက်သော အပြုံးဖြင့် “သူတို့ မင်းရဲ့ အသက်သခင်နောက် ဘယ်လိုလိုက်လို့ရမလဲ။ ပြန်ပေးသမားတွေကို သတ်တဲ့သူအကြောင်း သဲလွန်စ ရှာမရလို့ ခေါင်းတောင် ကိုက်နေကြတယ်။ ပြန်ပေးသမား ၅ယောက်လုံး အသတ်ခံရတဲ့အပြင် ရှင်မကို ကယ်တဲ့ကလေးကိုလည်း ခြေရာခံမရ ဖြစ်နေတယ်လေ။ ဒါနဲ့ ... ရှင်မ မင်း သူ့အမည်ကို မသိလိုက်ရင်တောင်မှ သူ့ပုံပန်းသဏ္ဌာန်တော့ မင်း မှတ်မိတယ် မဟုတ်လား”
“သူ့ပုံက …” ကျောင်ကျင်း သူမစွဲနေအောင် မှတ်မိနေသော ရုပ်သွင်အား ပုံဖော်ပြလိုက်သည်။
ထိုကယ်တင်ရှင်၏ ပုံသဏ္ဌာန် ပေါ်လာလေလေ တိတ်ဆိတ်စွာ နားထောင်နေသော ယွမ်ချူးလင်၏ အမူအရာ ထူးဆန်းလာလေလေ ဖြစ်ပြီး သူ၏အမေ စကားဆုံးသည်နှင့် သူ မပြောဘဲ မနေနိုင်တော့ချေ။
“အဲဒါ ကျွန်တော့်အစ်ကိုကြီးပဲ …။ ကျွန်တော့်အစ်ကိုကြီး ထန်ရှုပဲ ဖြစ်မယ် …”
ယွမ်ကျန်းရွှမ် မျက်မှောင်ကုတ် သွားပြီး သားဖြစ်သူအား အပြစ်ဆိုလိုက်သည်။ “လင်လေး … ရယ်စရာတွေ မလုပ်စမ်းပါနဲ့”
ယွမ်ချူးလင်သည် လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“အဖေ … ကျွန်တော် မလိမ်ဘူး။ အမေပြောပြတာသာ မှန်တယ်ဆိုရင် အမေ့ကို ကယ်တဲ့သူ ကျွန်တော့်အစ်ကိုကြီး ထန်ရှုပဲ။ ကျောင်းမှာ ကျွန်တော်တို့ အတန်းဖော်ကို ပြန်ပေးဆွဲတဲ့ ပြန်ပေးသမားကို အဲဒီနေ့က သတ်ပြီး အတန်းဖော်ကို ကယ်တင်လိုက်တာလဲ အစ်ကိုကြီးပဲ”
“ဒါ ...” ယွမ်ကျန်းရွှမ် ကြယ်တာရာ ပထမ အထက်တန်းကျောင်းတွင် လွန်ခဲ့သောရက်က ဖြစ်ပွားခဲ့သည်ကို သိရှိပြီးဖြစ်သည်။ သို့သော်လည်း ဇနီးဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့သူမှာ သားဖြစ်သူ၏ အတန်းဖော် ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
“လင်လေး … သားအမေကို ကယ်ခဲ့တဲ့ အသက်သခင်က သားရဲ့အတန်းဖော်ဆိုရင် အားတဲ့အခါ သူ့ကိုပါ အိမ်အလည်ခေါ်ခဲ့ဦး။ သားအမေလည်း သိသွားရတာပေါ့” ယွမ်ကျန်းရွှမ် ခဏ တွေးလိုက်ပြီးနောက် ပြောလိုက်သည်။
“ဟုတ်ကဲ့အဖေ ...” ယွမ်ချူးလင် ခေါင်းညိတ်ပြလိုက်သည်။
****
ကြယ်တာရာ ဆေးပင်ဈေးသည် ကြီးမားလှပြီး နိုင်ငံတစ်ဝန်းမှ ကူးသန်း ရောင်းဝယ်ကြသော ဆေးပင် အမျိုုးမျိုးအဖုံဖုံ ရှိပြီး ဒေသထွက် ဆေးပင်များ ရောင်းချခြင်းသာမက အခြားမြို့များဆီသို့လည်း တင်ပို့ရောင်းချသည်။
စုရှန်းဝမ်၏ လတ်တလော ဘဝအခြေအနေသည် မချောမွေ့လှပေ။ သူ၏အသက်၄၀ပြည့် မွေးနေ့ပြီးနောက် သူ၏ သူငယ်ချင်း အမြောက်အမြားသည် သူ့အား ရှောင်ဖယ်နေကြသည်။ ထိုစဉ်က ဖြစ်ခဲ့သော အဖြစ်အပျက်နှင့် ထန်ရှု၏မျက်နှာအား ပြန်လည်တွေးမိသည့် အချိန်များတွင် အံကို တင်းတင်း ကြိတ်ထားရသည့်အထိ အခဲမကျေ ဖြစ်ရသည်။
မနေ့က သူသည် စီးပွားအလုပ်များ အကြောင်း ပြောဆိုဆွေးနွေးခဲ့သည် ဖြစ်ပြီး တရားဝင် စာချုပ်ချုပ်ဆိုရန်အတွက် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အောင်မြင်မှုအတွက် ကျင်းပသည့်အနေဖြင့် ကောင်းမွန်လှသော ဘဲသားစွပ်ပြုတ် ချက်ရန် သည်နေ့တွင် အထူးအနေဖြင့် ဂျင်စင်း၊ ရှီးပတီးနှင့် အခြား ဆေးဖက်ဝင်သော အရာများအား သူသည် ဆေးပင်ဈေးသို့ ဇနီးနှင့်အတူ လာရောက်ဝယ်ယူခြင်း ဖြစ်သည်။
“ဟန်နီ … ဘာဖြစ်လို့ ဒီဆေးပင်ဈေးမှာ ကျွန်မတို့ကိုယ်တိုင် လာဝယ်နေရတာလဲ။ ဈေးက အရမ်းရှုပ်ပြီး ဆူညံနေတာကိုး။ ကျွန်မတို့ တစ်ယောက်ယောက်ကို ဝယ်ခိုင်းရင် ရနေတာပဲ” ဆူညံ ပွက်လောရိုက်နေသော ဈေးအား ကြည့်ကာ ကျန်းမေ့ရွမ်တစ်ယောက် သူမ၏နှာခေါင်းနှင့် နှုတ်ခမ်းနားတွင် ရှိသော ချွေးစက်များအား လက်ချောင်းလေးဖြင့် သုတ်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
စုရှန်းဝမ်သည် ဘေးပတ်ပတ်လည်အား ကြည့်နေရာမှ ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
“မဟုတ်ဘူး။ ဒီဆေးပင်တွေ ဝယ်ဖို့ ငါ ဘယ်သူမှ မယုံနိုင်ဘူး။ ဒီဆေးပင်တွေ အကြောင်း မင်း မသိလို့။ ဆေးပင်တွေက လူတွေစိုက်ထားတာနဲ့ သဘာဝ အလေ့ကျပေါက်တာ ဆိုပြီး ၂မျိုး၂စားရှိတယ်။ လူတွေ စိုက်ထားတာက အာနိသင် သိပ်မပြဘူး။ သဘာဝ အပင်တွေက ပိုအစွမ်းထက်တယ်”
“အိုက်ယား … တံခါးပေါက်ဝမှာတင် ကျပ်ပိတ်သိပ်နေပြီ” ကျန်းမေ့ရွမ် တစ်ယောက် ကူကယ်ရာမဲ့သော လေသံဖြင့် ပြောလိုက်သည်။
ရုတ်တရက် ကျန်းမေ့ရွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရပြီး သူမ၏လက်အား မြှောက်ကာ ပြောလိုက်သည်။
“ယောက်ျား … အဲဒီလူကို ကြည့်လိုက်ပါဦး။ ကောင်စုတ်လေး ထန်ရှုနဲ့ မတူဘူးလား”
စုရှန်းဝမ်သည် ကျန်းမေ့ရွမ် ညွှန်ပြသောနေရာသို့ လှမ်းကြည့်လိုက်သည်။ ရုတ်ခြည်းပင် ဒေါသထွက်လာပြီး အမြန်လမ်းလျှောက်ရင်း ပြောလိုက်သည်။
“သူနဲ့တူတာ မဟုတ်ဘူး။ သူပဲကွ။ သူ့ကြောင့်သာ မဟုတ်ရင် ငါတို့စီးပွားရေး ဒီနေ့ဒီအချိန် မကောင်းတာ ဖြစ်မနေဘူး။ ငါ့သူငယ်ချင်းဟောင်း တွေတောင် ငါ့မှာ ရောဂါရှိနေတဲ့ အတိုင်း ရှောင်နေကြတာ။ သွားရအောင် အဲဒီကောင်ကို ငါ ဆုံးမရမယ်”
စုရှန်းဝမ်၏ လက်အောက်ငယ်သားသည် လူမိုက်တစ်ဖွဲ့အား ထန်ရှုကို ဆုံးမရန်အတွက် ငွေပေးကာ ခိုင်းလိုက်သည်။ ရလဒ်က ဘာဖြစ်သွားလဲ။ ထိုလူမိုက်များသည် သူ၏အလုပ်အား ကောင်းမွန်စွာ မထမ်းဆောင်နိုင် သာမက စုလင်းယွမ်၏ စားသောက်ဆိုင် လုပ်ငန်းအား ဂရုတစိုက် လုပ်ဆောင် ပေးနေကြလေရာ စီးပွားရေး ကောင်းမွန်လာနေပြီ ဖြစ်သည်။
“ထန်ရှု မင်းက ကျီးအာသီးပဲ။ အတန်းလစ်ပြီး ဒီမှာ လာကစားနေတာပေါ့ ဟုတ်လား။ မင်းအမေ ပင်ပင်ပန်းပန်းနဲ့ မင်းကျောင်းစရိတ် ရှာနေရတာ မင်း ကျောင်းအပျော်သွားဖို့ အတွက်လားကွ ... ဟေ။ မင်းမှာ အသိတရား နည်းနည်းတောင် မရှိဘူးလား” အဆိပ်ကဲ့သို့ ပြင်းထန်လှသော အပြစ်တင် စကားများသည် စုရှန်းဝမ်၏နှုတ်မှ ထွက်ကျလာသည်။
ထန်ရှု မျက်ခုံးကုတ်သွားပြီး သူ၏မျက်ဝန်းများမှ မနှစ်မြို့သော အကြည့်များ ပေါ်ထွက်လာခဲ့သည်။ သည်စုရှန်းဝမ် လင်မယားနှင့် ဆုံလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါချေ။ ထိုသူတွေ အကြောင်း သူ ကောင်းကောင်း သိသည်။ သူ၏မိခင် စိတ်မကောင်း ဖြစ်မိစိုးသောကြောင့်သာ ထိုလူများအား သူ မဆုံးမခြင်း ဖြစ်သည်။ နို့မဟုတ်ပါက ထိုသူများအား ဆုံးမပစ်လိုက်သည်မှာ ကြာခဲ့လောက်ချေပြီ။
“ဟမ့် ... ဘယ်သူများလဲ။ ကိုယ့်အလုပ် ကိုယ်လုပ်ပါ”
ထန်ရှုသည် နှာတစ်ချက် မှုတ်လိုက်ပြီး စုရှန်းဝမ်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
စုရှန်းဝမ်သည် ဒေါသ ပေါက်ကွဲသွားကာ သည်တူတော်မောင် အရိုင်းအစိုင်းအား တရွတ်တိုက် ဆွဲထုတ်သွားချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာသည်။ သူ၏အင်္ကျီလက်များကို ဆွဲလိပ်တင်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ် ပြောတော့သည်။
“ထန်ရှု ... အရိုင်းကောင် ... မင်းက ငါ့ကို ဘယ်သူလဲလို့ မေးတယ်ဟုတ်စ။ ငါက မင်းဦးလေး။ မင်းက မင်းထက်အကြီးတွေကို လေးစားရမယ်မှန်း မသိဘူးလား။ ငါ့ကို တောင်းပန်။ ပြီးရင် ကျောင်းကိုပြန်။ အဲဒီလိုမှမဟုတ်ရင် မင်းကို ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့ ဖျက်သိမ်းပြီး ကျောင်းထုတ်လိုက်ဖို့ ကျောင်းအုပ်ကြီးကို ငါ ပြောရလိမ့်မယ်”
ထန်ရှုသည် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “ဦးလေးလား ...။ ငါ့ဦးလေးက အရမ်းဆိုးဝါးတဲ့လူ။ ခင်ဗျားက အဲဒီလူ ဖြစ်ချင်နေတာလား။ နောက်ပြီး ကျောင်းဘုတ်အဖွဲ့ကို ငွေလှူပြီး ငါ့ကို ဘယ်လို အကြောင်းပြချက်မဆိုနဲ့ ထုတ်ခိုင်းထားတာ မဟုတ်ဘူးလား။ ကျွန်တော် စောင့်နေပါတယ် ခင်ဗျားမှာ အရည်အချင်း ရှိမယ်ဆိုရင်ပေါ့။ ကျွန်တော့်ကိုပဲ ကျောင်းထုတ်နိုင်မလား။ ခင်ဗျားပဲ မျက်နှာပျက်ရမလား ဆိုတာကို”
သူ့အနီးနားတွင် ရှိနေသော လုံကျန့်လင်း၏ မျက်ခုံးအစုံ မြင့်တက်သွားရသည်။ သူ၏အရည်အချင်းမှာ လူအများအား ထိုသူတို့၏အသံနှင့် စိတ်ခံစားမှုကောင်းသည့် အပေါ် အကဲဖြတ် သုံးသပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူ၏အရှေ့မှ လူသည် ထန်ရှု၏ဦးလေးမှန်း သေချာစေသည်။ သို့သော် စိတ်နေသဘောထားနှင့် တူဖြစ်သူအပေါ် ဆက်ဆံသည့်ဟန်မှာမူ တိရစ္ဆာန် တစ်ကောင်ထက်ပင် ဆိုးရွားနေသေးသည်။
စက္ကန့်အနည်းငယ်မျှ ချီတုံချတုံ ဖြစ်ပြီးနောက် သူသည် ရှေ့သို့တက်ကာ ထန်ရှု၏ဘေးတွင် ရပ်လိုက်သည်။ သူသည် စုရှန်းဝမ်အား ထူးမခြားနားသော လေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျား ဘယ်သူလဲ စိတ်မဝင်စားပါဘူး။ ခင်ဗျားက ထန်ရှုကို အနိုင်ကျင့်နေတယ်။ ဒါဟာ ကျွန်တော် လုံကျန့်လင်းကို အနိုင်ကျင့်နေတာနဲ့ အတူတူပဲ။ ခင်ဗျား အခုထွက်သွားတာ ကောင်းလိမ့်မယ်။ နို့မဟုတ်ရင် ကျွန်တော် နှင်ထုတ်ရလိမ့်မယ်။
ယခုမှပင် စုရှန်းဝမ်သည် ထန်ရှု၏ဘေးတွင် လူငယ်တစ်ယောက် ရှိနေသေးသည်ကို သတိပြုမိသည်။ သို့သော်လည်း သူသည် အဆင့်တန်းမြင့်မြင့် ပြုမူပြီး သူ၏ကုမ္ပဏီနှင့် ဆွေမျိုးများအပေါ်တွင် ဗိုလ်ကျခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် သူ၏အရှေ့တွင် မကျေနပ်ချက်အား ဖော်ထုတ်ပြောဆိုနေသော လူငယ်လေးသည် သူ၏ဒေါသအား ပိုမိုဆွနေသကဲ့သို့ ဖြစ်လာသည်။
“အာ ... ဘယ်သူ့ရှေ့မှာ လာရဲရင့်ပြနေတာလဲ။ ငါ့ရဲ့ တူတော်မောင် အရိုင်းကောင်ကို ဒီနေ့ သင်ခန်းစာတစ်ခု ပေးကိုပေးရမယ်။ မင်းလည်း မဆိုင်တာ ဝင်မရှုပ်နဲ့။ ကိုယ့်ဘာသာ ဝေးဝေးသွား။ အဲဒီလိုမှမဟုတ်ရင် မင်းကိုလည်း ဆုံးမပေးလိုက်မယ်”
လုံကျန့်လင်း ဒေါသများ တရှိန်ရှိန် တက်လာပြီး ပြောလိုက်သည်။ “ခင်ဗျားမှာ ကျွန်တော့်ကို သင်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ယုံကြည်လား။ ကျွန်တော့်အဖေက လွဲရင် ဒီလုံကျန့်လင်းဆိုတဲ့ သခင်လေးက ဘယ်သူ့ကိုမှ မကြောက်ဘူး”
ဖြူလျော်ကာ အေးစက်စက် မျက်နှာထားဖြစ်နေသော ထန်ရှုသည် စုရှန်းဝမ်အား အမျက်ထွက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ချာကနဲလှည့်ကာ လုံကျန့်လင်းအား ပြောလိုက်သည်။
“လုံကျန့်လင်း ... သူလိုလူစားတွေနဲ့ပြောရတာ ငါတို့ အချိန်ပုပ်တယ်။ သွားကြရအောင်”
လုံကျန့်လင်းသည် စုရှန်းဝမ်အား ရန်လိုသော အမူအရာဖြင့် ကြည့်လိုက်ပြီး ထန်ရှုနောက်မှ လိုက်သွားတော့သည်။
“ရပ်လိုက်စမ်း ...”
စုရှန်းဝမ်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်ကာ ထို၂ယောက်အား တားလိုက်ရင်း အော်ပြောလိုက်သည်။
“ကောင်းကင်ဘုံက တကယ့်ကို ပြောင်းပြန်ဖြစ်နေပြီပဲ။ ငါ စုရှန်းဝမ် ဒီကြွက်စုတ်၂ကောင်ကို ဒီနေ့ မဆုံးမရင် ငါ့မျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်မယ်”
“ဘာတွေ အနိုင်ကျင့်နေတာလဲ”
မြည်တွန်တောက်တီးသံ တစ်ခုသည်သည် စုဝေးနေသော လူအုပ်ထဲမှ ထွက်လာသည်။
ကုန်းတာလုံသည် သေတ္တာငယ်ကိုဆွဲကာ စုရှန်းဝမ်ရှေ့သို့ လျှောက်လာခဲ့သည်။ ကြယ်တာရာမြို့သို့ မလာခင် သူ၏ဓာတ်ပုံအား မြင်ဖူးသောကြောင့် သူသည် ထန်ရှုအား သိရှိထားပြီးဖြစ်သည်။ သူ ထင်မထားခဲ့သည်မှာ ကြယ်တာရာမြို့သို့ ရောက်သည့်အချိန်တွင် သူ့ဆရာ၏ ကယ်တင်ရှင်အား တစ်စုံတစ်ယောက်အား အနိုင်ကျင့်နေမည်ကိုပင်။
စုရှန်းဝမ်၏ အမူအရာသည် အနည်းငယ် ပြောင်းသွားသည်။ တစ်စုံတစ်ယောက်သည် သူ့အား လမ်းတစ်ဝက်တွင် တားထားလိမ့်မည်ဟု ထင်မထားချေ။ သူသည် ကုန်းတာလုံအား ကြည့်လိုက်ပြီး ထိုလူသည်
အနည်းငယ် လွှမ်းမိုးနိုင်သည့်ဟန် ရှိသည်ဟု တွေးမိလိုက်သည်။ သူ၏ သဘောထားအနည်းငယ် ပျော့ပျောင်းသွားသော်လည်း သက်သောင့်သက်သာ မရှိဟန်ဖြင့် …
“ခင်ဗျား ဘယ်သူလဲ။ ဒီနေရာကို ဖျန်ဖြေဖို့လား။ သူများအလုပ်မှာ ဝင်မရှုပ်စမ်းပါနဲ့”
ကုန်းတာလုံသည် စုရှန်းဝမ်အား လျစ်လျူရှုလိုက်ပြီး သူ၏ သေတ္တာငယ်အား ချကာ ထန်ရှုရှေ့တွင် ရပ်လိုက်ပြီး လေးလေးစားစား နှုတ်ဆက်လိုက်သည်။
“ဆရာထန် ... ကျွန်တော်က ကုန်းတာလုံပါ။ ဆရာကလည်း နှုတ်ဆက်လိုက်ပါတယ်”
ထန်ရှု ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။ ကုန်းတာလုံ၏ လေးထောင့်ကျကျ မျက်နှာ၊ ထူထဲသော မျက်ခုံး၊ ကြီးမားကာ နက်မှောင်သော မျက်လုံးတို့သည် မကောင်းသော လူတစ်ယောက်၏ စရိုက်နှင့်အော်ရာတို့ မရှိကြောင်း သူ အကဲခတ်မိသည်။
“ကျွန်တော်တို့ကိစ္စ နောက်မှ ပြောကြတာပေါ့”
ကုန်းတာလုံသည် ထန်ရှုအား ခါးညွတ်ကာ အရိုအသေ ပေးလိုက်ပြီးနောက် စုရှန်းဝမ်ဘက် လှည့်ကာ ပြောလိုက်သည်။
“ကျွန်တော် ဘယ်သူလဲဆိုရင်တော့ ကြယ်တာရာမြို့က လူတော်တော်များများ ကျွန်တော့်ကို သိကြပါတယ်။ အချိန်ရမယ်ဆိုရင် ကျွန်တော့်ကို လာရှာနိုင်ပါတယ်။ ဆရာထန်က ကျွန်တော့်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်မို့လို့ ခင်ဗျားအပါအဝင် မည်သူ တစ်ဦးတစ်ယောက်ကမျှ အနိုင်ကျင့်လို့ မရပါဘူး။ အဲဒီလိုမှမဟုတ်ရင် အကျိုးဆက်ကို ခင်ဗျား ခံနိုင်ရည်ရှိရလိမ့်မယ်”
စုရှန်းဝမ်သည် ကုန်းတာလုံအား မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူသည် ခဏမျှ ငြိမ်သက်သွားပြီးနောက် ထန်ရှုအား လက်ညှိုးထိုးကာ တုံ့ပြန်လိုက်သည်။
“ခင်ဗျားပြောတယ် သူက ခင်ဗျားရဲ့ ဂုဏ်သရေရှိ ဧည့်သည်ဟုတ်လား။ တကယ့်ဟာသပဲ။ သူ့ကို ငါ့လောက် ဘယ်သူမှ မသိဘူး။ ခင်ဗျား လူမှားနေတာတော့ မဟုတ်ပါဘူးနော်”
“ငါ မျက်လုံးမကန်းသေးဘူး” ကုန်းတာလုံသည် လေးနက်စွာ ပြောလိုက်သည်။
ကုန်းတာလုံ၏ သီးသန့်ဆန်ကာ တင်းမာသော အမူအရာအား ကြည့်ပြီး စုရှန်းဝမ်ရင်ထဲတွင် မနာလိုမှုများ ပေါက်ဖွားလာရပြီး သူ၏ဖုန်းကို လျင်မြန်စွာ ထုတ်ကာ ကုန်းတာလုံအား ဓာတ်ပုံရိုက်လိုက်သည်။
ထို့နောက် စာအနည်းငယ် ရိုက်ထည့်ကာ စာတိုတစ်စောင် ပို့လိုက်သည်။ များမကြာမီ သူ၏ဖုန်း မြည်လာသည်။
စုရှန်းဝမ်သည် ဖုန်းအား လက်ခံလိုက်ရာ တစ်စုံတစ်ယောက် ပြောသည်ကို ကြားနေရသည်။ ထိုနောက် သူသည် ဖုန်းပြန်ချလိုက်သည်။
“အာ ... မင်းက ကျားလွေဒေါင်ရဲ့ တပည့်ကြီး ... လောင်းကစားနဲ့ အနာဂတ်ကို ဖန်တီးသူပဲ။ ဟမ့် ... ကုန်းတာလုံ မင်းရဲ့ဆရာက ဆရာကြီးပါ။ အဲဒါကို မင်းက ထန်ရှုဆီ လာတယ်ဆိုတော့ ရူးများသွားတာလား”
ကုန်းတာလုံ၏ မျက်နှာထက်တွင် ဒေါသရိပ်များ စွန်းထင်းလာခဲ့သည်။ သူသည် ပြန်လည် ချေပတော့မည့် ဆဲဆဲတွင် လူမလာခင် ရှေးဦးစွာ ရောက်လာသော အသံအား ကြားလိုက်ရသည်။
“ခွေးတစ်ကောင် ဟောင်နေတာကို ကြားတယ်လို့ ထင်ခဲ့တာ။ အံ့သြစရာမရှိဘူးပဲ သည်မှာ လူတွေ ဝိုင်းအုံနေတာပဲ”
ချန်းကျီကျုံးနှင့် လုံဟန်ဝမ်တို့ အတူရောက်လာကြပြီး စကားပြောလိုက်သူမှာ ချန်းကျီကျုံးဖြစ်သည်။
စုရှန်းဝမ် အံ့အားသင့်သွားသည်။ သူသည် စီးပွားရေးသမား တစ်ဦး ဖြစ်သောကြောင့် ချန်းကျီကျုံးနှင့် လုံဟန်ဝမ်အား မည်ကဲ့သို့ မသိဘဲ ရှိလိမ့်မည်နည်း။ ထိုသူ၂ယောက်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက သူက မော့ကြည့်ယူရမည့် တောင်များသဖွယ် ဖြစ်သည်။ ချန်းကျီကျုံး ပြောသောစကားသည် သူ့အား ရည်ရွယ်နေခြင်းပင်လား။
****