← Chapters

မျှော်လင့်ချက်အတွက်

Vol. 101 Ch. 1406

မျှော်လင့်ချက်အတွက်

Vol. 101 Ch. 1406

ဤတစ်ကြိမ်တွင် မန်ဟိုသည် ပါရာဂွန်တံတားကို သူ၏တာအိုမှ အတင်းအကြပ်ဖယ်ရှားလိုက်သဖြင့် တံတားမှာ အမှန်တကယ် ပေါက်ကွဲသွား၏။ ကြောက်မက်ဖွယ်အားလှိုင်းကြီးက အဘိုးအိုသုံးယောက်၏မျက်နှာများကို ပျက်ယွင်းသွားစေသည်။ သူတို့သည် လိပ်ပြာနောက် ဆက်လိုက်မည့်အကြံအစည်ကို စွန့်လွှတ်၍ မဖြစ်မနေ နောက်ဆုတ်လိုက်ကြရ၏။

ဗလတောင့်တောင့်လူကို ဖယ်လိုက်လျှင် နတ်ဆိုးလောက၌ အနှစ်သာရ ၉ ခု ကျင့်ကြံခြင်းအခြေခံဖြင့် ကျင့်ကြံသူသုံးယောက် ရှိသည်။ ထိုသုံးယောက်အနက် တစ်ယောက်သည် အမျိုးသမီးဖြစ်ပြီး နှစ်ယောက်က အမျိုးသားဖြစ်သည်။ ထိုအမျိုးသားနှစ်ယောက်ထဲက တစ်ယောက်နှင့် အမျိုးသမီးက သက်လတ်ပိုင်းအရွယ်ဖြစ်ကာ ကျန်အမျိုးသားတစ်ယောက်ကတော့ ပွပွရောင်းရောင်း ဝတ်ရုံကို ဝတ်ထားပြီး အရိုးတောင်ဝှေးကို ကိုင်ထားသော အဘိုးအိုတစ်ဦးပင်။ အနှစ်သာရ ၉ ခုပါရာဂွန်သုံးယောက်လုံး အရှိန်တင်နိုင်သမျှတင်ရင်း လိပ်ပြာထံ ဦးတည်သွားကြသည်။

“ဘယ်သူမှ ငါ့ကို ကျော်မသွားရဘူး” မန်ဟိုက ဟိန်းဟောက်သည်။ သူသည် ညာလက်ဖြင့် လှမ်းလိုက်ရာ လေးတစ်စင်းပေါ်လာ၏။ အေးစက်စက်အမျိုးသမီးထံမှ တိုက်ကွက်များကို လျစ်လျူရှုရင်း မန်ဟိုသည် နောက်ဆုတ်၍ နှုတ်ခမ်းမှ သွေးများကိုပင် မသုတ်ဘဲ မြားဆယ်စင်းအား ဆက်တိုက်ပစ်လွှတ်လိုက်၏။

အလင်းတန်းဆယ်တန်းကား နတ်ဆိုးလောကသားကျင့်ကြံသူသုံးယောက်ထံ ပြေးဝင်သွားလေပြီ။

တအုန်းအုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ ထိုမြားဆယ်စင်းကို မန်ဟို၏အသက်စွမ်းအားမှ အားဖြည့်ပေးထား၍ ၎င်းတို့ပေါက်ကွဲသွားသောအခါ ဖြစ်ပေါ်လာသော အားလှိုင်းက ထိုသုံးယောက်ကို အင်မော်တယ်နတ်ဘုရားကမ္ဘာသား အဘိုးအိုသုံးယောက်နည်းတူ နောက်ဆုတ်လိုက်ရစေသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အလင်းတန်းတစ်တန်းက ကြီးကျယ်ခမ်းနားသောအသွင်ဖြင့် မန်ဟို့ထံ ဦးတည်လာသည်။ ထိုတိုက်ကွက်က သူ မြားဆယ်စင်းပစ်လွှတ်လိုက်သည့်အချိန်နှင့် ကွက်တိဖြစ်၍ သူ့မှာ ပြင်ဆင်ရန်သော်လည်းကောင်း၊ ရှောင်ရန်သော်လည်းကောင်း အချိန်မရတော့ပေ။

အလင်းသည် မန်ဟို့ကို ငုံလျက် ဖုံးလွှမ်းသွား၏။

မန်ဟို့ဒဏ်ရာဒဏ်ချက်များမှ သွေးများပန်းထွက်သွားပြီး သူ့မှာ ကြိုးပြတ်သွားသော စွန်ပမာ လွင့်ထွက်သွားတော့သည်။ သူ့အရှိန်အဝါသည် အားနည်းသွားသည့်တိုင် အလင်းမှေးမှိန်သွားစဉ်မှာပဲ သူက ရန်သူအုပ်စုထဲ နေရာရွှေ့ပြောင်းလာသည်။ သူ့ဆံပင်များမှာ ဖွာလန်ကြဲနေပြီး သူ့ရင်ဘတ်မှာလည်း မြင်မကောင်းရှုမကောင်း စုတ်ပြတ်သပ်နေသော်လည်း သူသည် တဟားဟားရယ်ရင်း ဒယိမ်းဒယိုင်ရပ်လိုက်၏။ သူ၏ရယ်သံကြီးကား ငိုသံကြီးသဖွယ် နားထဲစူးနေစေသည်။

သူသည် အနှစ်သာရ ၉ ခုကျင့်ကြသူရှစ်ယောက်အပါအဝင် အဆုံးမရှိသောကျင့်ကြံသူများကို ရင်ဆိုင်နေ၏။ သူတို့အားလုံးက လက်ဖျားခါလောက်အောင် အစွမ်းထက်ပြီး တစ်ယောက်မှ အနှစ်သာရ ၉ ခုအဆင့်၏ အထွတ်အထိပ်မဟုတ်သော်လည်း အနှစ်သာရ ၉ ခုအဆင့်သို့ ဝင်ရောက်ရုံလေးကတင် အာကာပြင်ကျယ်ထဲရှိ မည်သည့်အရာကိုမဆို စိုးမိုးခြယ်လှယ်နိုင်လေသည်။

မန်ဟို မူလနေရာမှ နေရာရွှေ့ပြောင်းလိုက်လျှင်ချင်း အနှစ်သာရ ၉ ခုကျင့်ကြံသူရှစ်ယောက်က သူ့ထံ ချက်ချင်း ဦးတည်လာကြသည်။ သူတို့အနောက်တွင် ဧရာမမြေထုကြီးနှစ်ခု ရှိ၏။ ထပ်မံ၍ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အလင်းတန်းတစ်တန်း ထွက်လာပြီး တစ်ချိန်တည်းမှာပင် နတ်ဆိုးလောကမှ ဟိန်းသံတစ်သံနှင့်အတူ ရှေးဟောင်းမြေအောက်ကမ္ဘာနဂါးတစ်ကောင် ပေါ်လာသည်။

မန်ဟိုမှာ တုန်ရီနေသော်လည်း ရယ်မြဲရယ်နေဆဲပင်။ သူသည် ညာလက်ကို ဆန့်တန်းလိုက်ပြန်ပြီး နေလေး,က နေမင်းကြီးပမာ မျက်စိကျိန်းမတတ်တောက်ပနေသော အရောင်အဝါကို စတင်ထုတ်လွှတ်၏။

“အခုတော့ တခြားရွေးချယ်စရာမရှိတော့ဘူး... ပေါက်ကွဲလော့” မန်ဟို၏ရယ်သံကြီး ဟိန်းထွက်နေစဉ် ကိုးတံဆိပ်ကိုယ်တိုင် ထုလုပ်ထားသော အဖိုးထိုက်ရတနာ၊ နေလေးမှာ လွန်စွာတောက်ပလာပြီးနောက် ...... ပေါက်ကွဲသွားတော့သည်။

လေး၏အစအနများက လေမုန်တိုင်းသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် မုန်တိုင်း၏လားရာကို ထိန်းချုပ်ရင်း ရန်သူများအား ပိုင်းဖြတ်စေလိုက်၏။

အမျက်တချောင်းချောင်းထွက်နေသော စွမ်းအားက အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့လာသည်။ အနှစ်သာရ ၉ ခုပညာရှင်ရှစ်ဦးပင် ဘာမှမတတ်နိုင်၍ ရပ်လိုက်ကြရသည်။

ထိုသို့ဖြစ်ပျက်နေစဉ် မန်ဟိုက မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် တဟုန်ထိုး ရှေ့တက်သွားသည်။ လိပ်ပြာအသွင်မှာ တခဏသာ တောင့်ခံနိုင်လိုက်၍ သူ့မှာ သွေးအန်လျက် ပေါ်လာသည်။ သို့သ်ော ထိုအခိုက်အတန့်တွင် သူသည် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အဘိုးအိုတစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရစေနိုင်ခဲ့၏။

ကြယ်ကျောက်ခဲက မန်ဟို့မျက်ဝန်းထဲတွင် လင်းလက်တောက်ပလာရင်း သူ့အား ဂြိုဟ်တစ်လုံးဖြစ်လာစေသည်။ ဂြိုဟ်လည်း ချက်ချင်းဆိုသလို ပြိုကွဲသွားရသည်။ သို့သော် ရလဒ်အနေဖြင့် သူသည် အေးစက်စက်အမျိုးသမီးပါရာဂွန်၏‌ခေါင်းကို ကိုက်ခဲနိုင်ခဲ့လေပြီ။

အေးစက်စက်အမျိုးသမီးက အထိတ်တလန့်အော်ပြီး မန်ဟို့ကို ခါထုတ်လိုက်သော်လည်း မန်ဟိုက သူမ၏ဦးခေါင်းခွံကို သွေးသံရဲရဲစုတ်ပြတ်ကျန်ခဲ့စေသည်။ ထိုကဲ့သို့ရုပ်ဆင်းပျက်သွားရခြင်းက သူမ၏ဒေါသကို ဆူပွက်လာစေတော့သည်။

မန်ဟိုမှာ သွေးအန်နေရပြီး ကလီစာများလည်း ပြတ်ထွက်နေသည့်တိုင် လှည့်၍ တိုက်ခိုက်ပြန်သည်။ သူသွားသည့်နေရာတိုင်းတွင် ရန်သူပေါင်းများစွာ သေကြေကုန်သည်။ သူ့ခေါင်းထက်ရှိ မိုးကြိုးဒယ်အိုးက လင်းလက်နေပြီး နေရာရွှေ့ပြောင်းသိုင်းက သူ့အား ရန်သူများရှေ့တိုးမလာနိုင်အောင် ကူညီတားပေးနေသည်။

သူသည် ပြောခဲ့သည့်အတိုင်း ဘယ်သူ့ကိုမှ ဖြတ်သွားခွင့်ပေးမည့်ပုံမရပေ။

ဤအခိုက်အတန့်တွင် လိပ်ပြာကား ဝဲထဲ ဝင်ပေတော့မည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အလင်းတန်းက ဝုန်းခနဲ ချဉ်းကပ်လာပြီး မန်ဟို့ကို ကျော်ကာ လိပ်ပြာထံ ဦးတည်သွားသည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးလောကမှ မြေအောက်ကမ္ဘာနဂါးသည် အဆုံးမဲ့သေခြင်းအရှိန်အဝါကို ထုတ်လွှတ်လျက် ဟိန်းလိုက်၏။ ထိုသေခြင်းအခိုးအငွေ့များက မြေအောက်ကမ္ဘာမှ လေတစ်ချက်သဖွယ် မန်ဟို့ကို လွှမ်းခြုံ၍ သူ့တစ်ကိုယ်လုံးအား စတင်တိုက်စားတော့သည်။

မန်ဟိုက ဖျတ်ခနဲ ပျောက်သွားပြန်သည်။ သူ ပြန်ပေါ်လာသောအခါ အလင်းတန်းကို ခန္ဓာကိုယ်ဖြင့် တားလျက် ပိတ်ရပ်နေသည်။

ဘန်းးးးးးးးးးး။ သူ၏ဒဏ်ရာများမှ သွေးများ တရ‌ဟောပန်းထွက်သွားသည်။ ရရှိခဲ့သောဒဏ်ရာများက သူ့အား သတိလစ်စေတော့မတတ် ပြင်းထန်လာသော်လည်း သူက မျက်လုံးနီနီကြီးများဖြင့် အရူးကြီးလို ဟားတိုက်ရယ်တော့သည်။

“မင်းတို့က ငါ့တောင်ပင်လယ်လောကကို ဖျက်စီးခဲ့တယ်။ င့ါအိမ်ကို ဖျက်စီးခဲ့တယ်။ ငါ့မျိုးနွယ်စုကို ဖျက်စီးခဲ့တယ်။ မရေမတွက်နိုင်တဲ့ဘဝတွေကို ဖျက်စီးခဲ့ကြတယ်...

“တစ်နေ့ အဲဒီအရာတွေအားလုံးအတွက် ငါ လက်စားပြန်ချေမယ်။ ငါ ခံစားရတဲ့အတိုင်း မင်းတို့နာကျင်ခံစားရအောင် ငါ ပြန်လုပ်မယ်”

သူ၏မုန်းတီးနာကြည်းနေသော စကားလုံးများ ပဲ့တင်ထပ်နေစဉ် အနှစ်သာရ ၉ ခုပညာရှင်ရှစ်ယောက်လုံးတွင် တုံ့ပြန်မှုအမျိုးမျိုးရှိကြသည်။ တချို့က သက်ပြင်းချသည်၊ တချို့က တိတ်ဆိတ်သွားသည်၊ တချို့ကျ ပို၍ပင်သတ်ချင်လာပုံပေါ်သည်။ တချို့တွင် ရှုပ်ထွေးသောခံစားချက်များ ရှိသော်လည်း တစ်ယောက်မှ တိုက်ခိုက်နေသည်ကို မရပ်ပေ။ သူတို့အနေဖြင့် မန်ဟို့ကို အသက်ချမ်းသာမပေးနိုင်သလို၊ လိပ်ပြာကိုလည်း အလွှတ်ပေးမရပေ။

ဤစစ်ပွဲဖြစ်ပွားနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ပထမဆုံးစစ်ပွဲမှာ လွန်ခဲ့သောနှစ်ထောင်ချီကတည်းက ဖြစ်ပွားခဲ့ရာ ရန်သူကို ရုတ်တရက်ကြီး အလွှတ်ပေးလိုက်ဖို့က အကျိုးအကြောင်းမညီညွတ်ပေ။

ရန်သူရှစ်ဦး သာမန်ကျင့်ကြံသူပေါင်းများစွာနှင့် ချီတက်လာနေစဉ် မန်ဟိုသည် တုန်ရီနေသော သူ့လက်များကို မြှောက်၍ ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်၏။

“အဋ္ဌမမန္တန် - ခန္ဓာချုပ်နှောင်ခြင်း

“သတ္တမမန္တန် - ကံကြွေးချုပ်နှောင်ခြင်း

“ဆဋ္ဌမမန္တန် - ရှင်ခြင်းသေခြင်းချုပ်နှောင်ခြင်း

“ပဉ္စမမန္တန်....

“စတုတ္ထမန္တန်... တတိယမန္တန်... ဒုတိယမန္တန်.... ပထမမန္တန်” မန်ဟို့နဖူးပေါ်တွင် လင်းလက်နေသော သင်္ကေတရှစ်ခု ပေါ်လာပြီး ပုံရိပ်တစ်ခုတည်းအဖြစ် လည်လာသည်။

“မန္တန်ရှစ်ခု ... ပေါင်းစည်းလော့” မန်ဟို ဟိန်းဟောက်လိုက်သည်နှင့် ချုပ်နှောင်အစွမ်းများ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခုပေါင်းစည်းကာ ဧရာမဝဲကြီးတစ်ဝဲအသွင်ပြောင်းသွား၏။ ဝဲက တဝေါဝေါ လည်ရင်း ရန်သူရှစ်ဦးထံ ရွေ့လျားသွားသည်။

သူတို့က နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ကြေမွသွားပြီး ပြီးပြည့်စုံသော သုတ်သင်ခြင်းအရှိန်အဝါတစ်ခု ထွက်ပေါ်လာသဖြင့် ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့်လှုပ်ခတ်သွားသည်။

မန်ဟိုမှာ သွေးအန်လျက် ယိမ်းယိုင်သွားသော်လည်း ရန်သူရှစ်ဦးလည်း ထိုနည်းတူပင်။ သူတို့အားလုံး ဒဏ်ရာကိုယ်စီ ရသွားကြသည်။ မန်ဟို့အနောက်တွင် လိပ်ပြာကြီးမှာ တွင်းနက်ထဲ ဝင်စပြုနေခဲ့ပြီဖြစ်သည်။ ၎င်းသည် ဝဲအထဲရှိအက်ကွဲကြောင်းများအတွင်း ဝင်မည့်အစား အနက်ဆုံးရှိ အစိမ်းရောင်ခေါင်းတလားထံသို့သာ တန်းတန်းမတ်မတ် ပျံသန်းနေ၏။

ဤအခိုက်အတန့်တွင် နတ်ဆိုးလောကမှ သက်ပြင်းချသံတစ်သံထွက်လာသည်။ ထိုသက်ပြင်းချသံ၏ပိုင်ရှင်မှာ နှစ်‌ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့သူဖြစ်သည့်အလား သက်ပြင်းချသံသည် ရှေးဆန်နေ၏။

“ငါ့မှာ တိုက်ခိုက်လိုစိတ်မရှိဘူး... ဒီစစ်ပွဲကို ဆန့်ကျင်တဲ့သူတွေလည်း များခဲ့တဲ့အတွက် ... ငါလည်း နှုတ်ဆိတ်နေခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဘယ်သူမှန်မှန်၊ ဘယ်သူမှားမှား အရေးမကြီးတော့ဘူး။ ဒီအထိတောင် ရောက်လာခဲ့မှတော့ ... ငါလည်း တစ်ခုခုလုပ်ရတော့မယ်” စကားသံပဲ့တင်ထပ်နေစဉ် နတ်ဆိုးလောကမှ ကြယ်တာရာကောင်းကင်တစ်ခုလုံးကို ဆွဲချနိုင်ပုံရသော ဧရာမလက်ကြီးတစ်ဖက် ထွက်လာသည်။ ၎င်း၏ပစ်မှတ်က တွင်းနက်ကြီးထဲ ဝင်နေသော လိပ်ပြာပင်။

၎င်းက လိပ်ပြာကို အသာအယာဆုပ်ကိုင်လိုက်ရာ လိပ်ပြာမှာ ဆက်သွားမရတော့ပေ။ ရုန်းကန်နေရင်းတန်းလန်းမှာပင် လိပ်ပြာသည် တွင်းနက်ထဲမှ ဖြည်းဖြည်ချင်း ဆွဲထုတ်ခံလာရ၏။

အနှစ်သာရ ၉ ခုကျင့်ကြံသူအားလုံးထက် ကျော်လွန်သော အရှိန်အဝါတစ်ခု ထွက်လာသည်။ ၎င်းသည် အနှစ်သာရ ၉ ခုအဆင့်ဖြစ်သ်ောလည်း ဘယ်သူမှ မယှဉ်နိုင်ပေ။ အနှစ်သာရ ၉ ခုအဆင့်ကို စဦးပိုင်း၊ အလယ်အလတ်နှင့် နှောင်းပိုင်းအဆင့်အဖြစ် ပိုင်းခြားလိုက်လျှင် ဤအဘိုးအိုသည် နှောင်းပိုင်းအနှစ်သာရ ၉ ခုအဆင့်ဖြစ်ကြောင်း ထင်ရှား၏။

လိပ်ပြာ၏အခြေအနေ စိုးရိမ်ရကြောင်း မြင်လျှင် မန်ဟို့မျက်နှာထက်တွင် ခါးသီးသောအပြုံးတစ်စ ပေါ်လာသည်။ သို့သော် သူ၏မျက်ဝန်းများက ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပနေပြီး သူက လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းရင်း တောင်ကိုးလုံးနှင့် ပင်လယ်ရှစ်စင်းကို ဆင့်ခေါ်လိုက်သည်။

“တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည်

“စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည်

“တောင်ပင်လယ်တွေကို ငါ ပိုင်စိုးမည်... ကောင်းကင်ဘုံချုပ်နှောင်ဂါထာ” သူက ဟိန်းဟောက်ရင်း လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်ရာ တောင်ကိုးလုံးသည် ဝုန်းခနဲ ထွက်သွား၏။ ပင်လယ်ရှစ်စင်းလည်း ရွေ့လျားသွားသည်။ တောင်ကိုးလုံးနှင့်ပင်လယ်ရှစ်စင်းအနက်မှ တချို့က သူ တိုက်ခိုက်နေခဲ့သော ရန်သူရှစ်ယောက်ထံ ဦးတည်သွားပြီး တချို့က လိပ်ပြာကို ဖမ်းဆုပ်ထားသည့် နတ်ဆိုးလောကလက်ကြီးထံ ရွေ့လျားသွား၏။

နတ်ဆိုးလောကမှ သက်ပြင်းချသံတစ်သံ ထွက်လာပြီး လက်ကြီးက တောင်ကိုးလုံးနှင့်ပင်လယ်ရှစ်စင်းကို ရိုက်ချတော့မည့် လက်ဝါးကြီးအသွင်‌ပြောင်းသွားသည်။ လက်ကြီးသည် ၎င်းတို့အနား လာနေသည်နှင့်အမျှ ကြီးသထက်ကြီးလာကာ နောက်ဆုံးတော့ တောင်ပင်လယ်တစ်လောကလုံး၏အရွယ်အစားနှင့် တူညီသွားတော့၏။ ၎င်း ကျဆင်းလာသောအခါ တောင်ပင်လယ်များမှာ တဝုန်ဝုန်းမြည်လာပြီး ဖျက်စီးခံလိုက်ရတော့၏။

အလွန်ကြီးမားသော တုန်ခါလှိုင်းကြီးဖြာထွက်လာရာ အနှစ်သာရ ၉ ခုပညာရှင်ရှစ်ယောက်ပင် ထိတ်လန့်သွားသည်။ သို့ထိတိုင် သူတို့သည် တစ်ချက်လေးမှတွန့်ဆုတ်မသွားဘဲ သွေးအန်နေသောမန်ဟို့ထံ ဆက်လက်ပျံသန်းလာကြသည်။

တောင်ပင်လယ်လောကမှာ လက်ဝါးရိုက်ချက်လေးတစ်ချက်တည်းကြောင့် ဖျက်စီးခံလိုက်ရလေပြီ။ အကြောင်းရင်းမှာ တောင်ပင်လယ်လောကက အင်အားမကြီးမား၍မဟုတ်ဘဲ မန်ဟို့ကျင့်ကြံခြင်းအခြေခံက ၎င်း၏စွမ်းအားအပြည့်အဝကို ထုတ်လွှတ်ရန် မလုံလောက်သေးသည့်အတွက်ကြောင့်သာ ဖြစ်သည်။

“ငါရဲ့တောင်ပင်လယ်လောက...” မန်ဟိုက ရေရွတ်သည်။ “ငါ မန်ဟို အသက်ရှင်သေးရင် ငါ့ရဲ့တောင်ပင်လယ်တွေကို ကိုယ်တိုင်ဖန်ဆင်းနိုင်မယ့် နေ့တစ်နေ့ ရောက်လာလိမ့်မယ်။ အေး တောင်တွေကို မဖန်ဆင်းနိုင်သေးရင် မင်းတို့နတ်ဘုရားလောကနဲ့ နတ်ဆိုးလောကက တောင်တွေကို ယူမယ်။ ပင်လယ်တွေကို မဖန်ဆင်းနိုင်သေးရင် မင်းတို့သွေးတွေကို ပင်လယ်အဖြစ် သုံးပစ်မယ်

“ဒါကြောင့် အခုတော့ ..... တောင်ပင်လယ်လောက ပေါက်ကွဲလော့” သူ၏ခါးသီးနာကြည်းနေသောစကားသံ ပဲ့တင်ထပ်နေစဉ် မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲနေသည်။ တောင်ပင်လယ်လောကသည် အဖိုးထိုက်ရတနာဖြစ်သော်လည်း သူ့အိမ်လည်း ဖြစ်လေ၏။

သူ့မှာ သူ ချစ်ရသောလူများ အသက်ဆက်ရှင်နိုင်ဖို့အတွက် ရန်သူများကို မြှုပ်နှံပစ်ဖို့အတွက် သူ့အိမ်သူ ဖျက်စီးနေရလေသည်....

အုန်းးးးးးးးးးးးး

စကားလုံးများဖော်ပြခက်သော အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ တစ်လောကလုံးသည် မသေဆုံးခင် ဒေါသတကြီး ဟိန်းဟောက်သွားခဲ့သည့်အလားပင်။

တောင်ပင်လယ်လောက၏ တောင်များ ပျက်စီးသွားပြီ။

တောင်ပင်လယ်လောက၏ ပင်လယ်များ ပြိုကွဲသွားခဲ့ပြီ။

ဤသည်မှာ အမှန်တကယ်ပျက်စီးခြင်း၊ အမှန်တကယ်ပေါက်ကွဲခြင်းဖြစ်၏။

တောင်ပင်လယ်များ၏ပျက်စီးမှုက ကြောက်မက်ဖွယ်အားတစ်ရပ်ကို အာကာပြင်ကျယ်တစ်လျှောက် ဖြာဆင်းရိုက်ခတ်သွားစေသည်။ စောစောက စကားပြောခဲ့သော နတ်ဆိုးလောကသားအဘိုးအိုမှာ မချင့်မရဲတအံ့တဩ အော်ဟစ်လိုက်သော်လည်း အသံမှာ ပေါက်ကွဲမှု၏လွှမ်းမိုးခြင်း ခံလိုက်ရတော့သည်။

အင်မော်တယ်နတ်ဘုရားလောကနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူပေါင်းမရေမတွက်နိုင်အောင် ချက်ချင်း ပြာကျကုန်သည်။ အနှစ်သာရ ၉ ခု ပါရာဂွန်ရှစ်ဦးပင်လျှင် သွေးအန်လိုက်ရပြီး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အသက်ကယ်နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြရ၏။

လိပ်ပြာမှာတော့ တောင်ပင်လယ်လောက ပေါက်ကွဲသွားသည့်အချိန်တွင် တောင်ပင်လယ်ကျင့်ကြံသူများကို သယ်ရင်း တောင်ပံများခတ်လျက် မျှော်လင့်ချက်ရှိရာ အစိမ်းရောင်ခေါင်းတလားထံသို့ ဦးတည်ပျံသန်းသွားတော့သည်။

All Chapters