← Chapters

ငါ ဘယ်လိုလုပ် မျက်လုံးပိတ်နိုင်မှာလဲ

Vol. 101 Ch. 1407

ငါ ဘယ်လိုလုပ် မျက်လုံးပိတ်နိုင်မှာလဲ

Vol. 101 Ch. 1407

အာကာပြင်ကျယ်ထဲတွင် .... အဖြူအမည်းဝဲ၏ပတ်ပတ်လည်ဧရိယာမှာ လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေသည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကမှ မရေမတွက်နိုင်သောအရှိန်အဝါများသည်လည်း အရပ်မျက်နှာတစ်ခွင် ဖြာထွက်လျက်ရှိ၏။ မြေထုကြီးနှစ်ခုထံမှ ထွက်လာခဲ့သော အင်အားစုမှာ ကြီးမားသယောင်ထင်ခဲ့ရသော်လည်း တကယ်တမ်း သူတို့အင်အားစစ်စစ်၏ တစ်စိတ်တစ်ပိုင်းလေးမျှသာ ရှိသေးလေသည်

ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောက၏ပေါက်ကွဲမှုက သာမန်အနှစ်သာရ ၉ ခုအဆင့်ထက် သာလွန်သော တုန်ခါလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်ခဲ့ရာ သူတို့၏အင်အားအစစ်အမှန် ‌ပေါ်ထွက်လာတော့သည်။

‌နတ်ဘုရားအာရုံစီးကြောင်းများစွာ ထွက်လာပြီး မည်သည့်နတ်ဘုရားအာရုံကမှ ယခုလေးတင် လက်ဝါးရိုက်ချက်အား ထုတ်လွှတ်ခဲ့သည့် နတ်ဆိုးလောကသားအဘိုးအို၏ နတ်ဘုရားအာရုံထက် အားမနည်းပေ။

ဤအင်အားစုနှစ်စု အလိုရှိသလို အသုံးပြုနိုင်သော အရင်းအမြစ်များမှာ စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် နက်ရှိုင်းလှပုံရသည်။ ထိုကဲ့သို့ကြောက်ခမန်းလိလိအင်အားက သူတို့အား အရှိန်အဝါကြီးမားစေသည်သာမက အနှစ်သာရ ၉ ခုအဆင့်ထက် အဆင့်တစ်ဝက်ကျောသော ပါရာဂွန်ကိုးတံဆိပ် ကျဆုံးသွားခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

အရာအားလုံး ဖရိုဖရဲဖြစ်နေပြီး မန်ဟို့ကို ဝိုင်းထားသည့်လူများ အားလှိုင်း၏ရိုက်ခတ်ခြင်းခံလိုက်သော်လည်း အားလှိုင်း၏ဗဟိုတွင် ရောက်မနေခဲ့သော လူနှစ်ယောက်ရှိသည်။ သူတို့သည် အဆင့်မြင့်မားသော ကျင့်ကြံခြင်းအခြေခံများကိုလည်း ပိုင်ဆိုင်ထား၍ မန်ဟို့ကို တိုက်ခိုက်ဖို့ ထိုးဖောက်လာနိုင်လေ၏။

တစ်ယောက်က နတ်ဆိုးလောကမှ ဗလတောင့်တောင့်လူဖြစ်ပြီး နောက်တစ်ယောက်ကတော့ မန်ဟို၏ကိုက်ဖဲ့မှုကြောင့် ဦးခွံစုတ်သွားသော အေးစက်စက်အမျိုးသမီးပင်။ ထိုနှစ်ယောက်သည် ကျန်ရှစ်ယောက်ထက် အတန်ငယ်အစွမ်းပိုထက်သည့်အတွက် မန်ဟို့အား အမဲဖြတ်‌တော့မည့်အလား ပြေးဝင်လာနေ၏။

သို့သော် သူတို့အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ချဉ်းကပ်လာသည့်အချိန်မှာပင် မန်ဟိုက ရုတ်တရက် သိုလှောင်အိတ်ကို ပုတ်ကာ အမျိုးသမီးတစ်ယောက်အား လည်မျိုမှဆုပ်ကိုင်လျက် ထုတ်ပြီး လေပေါ် မြှောက်လိုက်သည်။

“ဒီထက်ရှေ့တိုးလာရင် ဒီမိန်းမကို သတ်ပစ်မယ်”

ဗလတောင့်တောင့်လူမှာ မိန်းကလေးကို မြင်လျှင်ချင်း မျက်လုံးများဝိုင်းစက်ပြူးကျယ်သွားပြီး အလိုလိုရပ်လိုက်မိသည်။ သူ၏မျက်လုံးများတွင် အံ့ဩမှုအပြင် မယုံကြည်နိုင်မှုတို့ပင် ပြည့်နှက်နေ၏။

“မင်း....”

ထိုမိန်းကလေးသည် မန်ဟို ဟိုးယခင်နှစ်တွေတုန်းက ဖမ်းထားခဲ့သော ... စုရန်မှတစ်ပါး အခြားမဟုတ်ပေ။ ဗလတောင့်တောင့်လူ နတ်ဘုရားခြေခုနစ်လှမ်းကို သုံးနေကြောင်း သတိထားမိသည်နှင့်တစ်ပြိုင်နက် စုရန်က နတ်ဆိုးလောကနှင့် တစ်နည်းနည်းပတ်သက်နေမည်ဖြစ်ကြောင်း မန်ဟို သုံးသပ်နိုင်ခဲ့၏။

သို့ရာတွင် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အေးစက်စက်အမျိုးသမီးက မရပ်ပေ။ မန်ဟိုသာ သူမကို မတားနိုင်လျှင် လိပ်ပြာထဲရှိ တောင်ပင်လယ်ကျင့်ကြံသူများအား သူမမည်ကဲ့သို့ဒုက္ခပေးမည်လဲ ကောင်းကောင်းစိတ်ကူးကြည့်နိုင်သည်။

လိပ်ပြာသည် အကွဲကြောင်းတစ်ကြောင်းပြီးတစ်ကြောင်း ဖြတ်ကျော်ရင်း တွင်းနက်ထဲ ဝင်ရောက်နေ၏။ ထိုစဉ် အေးစက်စက်အမျိုးသမီး၏ အသတ်အဖြတ်အရှိန်အဝါက အလိပ်လိပ်ထလာပြီး သူမသည် လိပ်ပြာကို လှမ်းဆွဲရန် ဧရာမလက်ကြီးတစ်ဖက်အား စတင်ဆင့်ခေါ်တော့၏။

မန်ဟိုမှာ သူမကို မတားနိုင်၊ မတ်မတ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေသည်။ သူ၏အမြင်အာရုံများ ဝေဝါးလာပြီး သူ၏အသက်စွမ်းအားလည်း လျင်မြန်စွာ ကုန်ခမ်းနေလေပြီ။ ကိုယ်ထဲ၌ မိစ္ဆာချီအနည်းငယ်သာ မကျန်ခဲ့လျှင် သူ ပျက်စီးသွားပြီးဖြစ်လိမ့်မည်။

ဤသေရေးရှင်ရေးအခိုက်တန့်တွင် မန်ဟိုသည် မထီမဲ့မြင်ရယ်၍ နောက်ဆုတ်၏။ မျက်လုံးများ၌ ရူးမိုက်သောအလင်းရောင်တို့ တောက်လောင်နေလျက် သူကား သူ၏ဝိညာဉ်မီးအိမ်အားလုံးကို ဆင့်ခေါ်လိုက်သည်။

မီးအိမ်အလုံး ၂၀ ငြိမ်း၍ ၁၃ လုံး လင်းနေသည်။

သို့သော် ဤအခိုက်အတန့်တွင် သူ လုပ်ဖို့ ပြင်နေသည်မှာ မီးအိမ်များကို ငြှိမ်းရန်မဟုတ်... ဖောက်ခွဲရန်ပင်။

“ပေါက်ကွဲစမ်း” သူက အားနည်းနေသည့်တိုင် ရက်စက်ကြမ်းကြုတ်သော အသံအက်အက်ဖြင့် ဟိန်းဟောက်လိုက်သည်။

ယခုအချိန်အထိ တိုက်ခိုက်နေရခြင်းက မန်ဟို့ကို ခြေကုန်လက်ပန်းကျလျက် အားအင်ကုန်ခမ်းစေသည်။ သူ့တွင် ရှိရှိသမျှလှည့်ကွက်အားလုံးကို အသုံးပြုခဲ့ပြီးဖြစ်သည့်အပြင် တိုက်ပွဲက သိပ်မကြာသေးသော်လည်း အလွန်ပြင်းထန်ခဲ့သည်။

ပါရာဂွန်တံတားနှင့် နေလေးကို သူ ဖျက်စီးခဲ့ရသည်။ သူ၏နတ်ဘုရားစွမ်းအားအမျိုးမျိုးလည်း ဖိနှိပ်ခံခဲ့ရသည်။ ချုပ်နှောင်မန္တန်အစွမ်းအားကို စုစည်း၍ ကောင်းကင်ဘုံချုပ်နှောင်ဂါထာကိုလည်း ထုတ်လွှတ်ခဲ့ပြီး ယခုတွင် ထိုမှော်အစွမ်းအားလုံး မှေးမှိန်ပျောက်ကွယ်သွားခဲ့လေပြီ။ တောင်ပင်လယ်လောကကိုပင် သူ ဖောက်ခွဲခဲ့ရ၏။ ထိုလုပ်ရပ်များက ရန်သူများကို ထပ်ခါတလဲလဲ တားရင်း လိပ်ပြာကြီးအား အစိမ်းရောင်ခေါင်းတလားထံ ဆက်သွားခွင့်ရစေခဲ့သည်။

အမှန်တွင် လိပ်ပြာကြီးမှာ နောက်ပြန်ဆုတ်မရတော့သောနေရာကို ကျော်ပေတော့မည်။

သို့ဖြစ်ရာ မန်ဟိုသည် ခဲလေသမျှ သဲရေကျခံမည်လော။ ဤအေးစက်စက်အမျိုးသမီး၏နာမည်ကိုပင် သူ မသိသော်လည်း သူမကို ဖြတ်သွားခွင့်ပေးလိုက်လျှင် သူ သေရမည်ကို‌တော့ သိသည်။

သူ့အသံပဲ့တင်ထပ်နေစဉ် သူ၏မီးငြိမ်းဝိညာဉ်မီးအိမ်အားလုံး ပေါက်ကွဲသွားသည်။

ဝိညာဉ်မီးအိမ်များကို ဖောက်ခွဲခြင်းသည် မိမိ၏ကျင့်ကြံခြင်းအခြေခံကို ဖောက်ခွဲပစ်ခြင်းနှင့် တူ၏။ အလွန်ကြီးမားသောအားလှိုင်းကြီးက အေးစက်စက်အမျိုးသမီး၏လမ်းကို ပိတ်ရန် လိမ့်ထွက်သွားသည်။ သူမက မျက်နှာပျက်သွားပြီး အံတင်းတင်းကြိတ်လျက် သူမကိုယ်ထဲရှိ အအေးဓာတ်ကို ထုတ်လွှတ်ကာ အပြာရောင်ရေခဲလွှာများ ဖန်ဆင်းသည်။ ၎င်းတို့ပေါ်လာလျှင်ချင်း သူမသည် ထို‌ရေခဲလွှာများအား ဖျက်စီးခြင်းစွမ်းအားအပြည့်ဖြင့် ပေါက်ကွဲနေသောဝိညာဉ်မီးအိမ်များထံ စေလွှတ်လိုက်၏။

အုန်းးးးးးးးးးးး

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တောင်ပင်လယ်လောက၏‌ပေါက်ကွဲမှုကြောင့် ဖရိုဖရဲဖြစ်နေခဲ့ပြီးလေပြီ။ ယခုတွင် ပေါက်ကွဲနေသော ဝိညာဉ်မီးအိမ်များ၏စွမ်းအားက အေးစက်စက်အမျိုးသမီး၏ ရေခဲလွှာများကို ဝင်တိုက်သွားသောအခါ ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ရိုက်ခတ်ပဲ့တင်ထပ်သွားသည်။

ရေခဲများ ကြေမွသွားပြီး အမျိုးသမီး၏ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သို့သော် သူမသည် မန်ဟို့ဝိညာဉ်မီးအိမ်များ၏စွမ်းအားကို ခံနိုင်သည့်တိုင်အောင် သန်မာ၍ ရန်လိုစွာ ရှေ့တက်လာပြန်၏။

“မင်း ငါ့ကို ဖြတ်မသွားစေရဘူး” မန်ဟိုက ပြောသည်။ သူ၏အမြင်အာရုံမှာ ဝေဝါးနေသော်လည်း သူ၏နှုတ်ခမ်းများက ရယ်နေသလိုလို၊ ငိုနေသလိုလို ထင်ရသော အပြုံးတစ်ခုအဖြစ် တွန့်ချိုးနေသည်။ သူ၏မျက်လုံးများမှာတော့ ကျန်ဝိညာဉ်မီးအိမ် ၁၃ လုံး၏ လျှို့ဝှက်ဆန်းကြယ်သော ခရမ်းပြာမီးတောက်များကို ရောင်ပြန်ဟပ်နေသည့်အလား မီးဝင်းဝင်းတောက်လျက်ရှိသည်။

“ပေါက်ကွဲစမ်း”

သူ ပါးစပ်ဟလိုက်သည်နှင့် မီးလင်းဝိညာဉ်မီးအိမ်များလည်း ပေါက်ကွဲစပြုလာသည်။ မီးအိမ်တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံး... ခြောက်လုံးအထိ ဆက်တိုက်ပေါက်ကွဲသွားသည်။ ဤမီးလင်းဝိညာဉ်မီးအိမ်များ၏ ပေါက်ကွဲမှုက ပို၍ပြင်းထန်သဖြင့် ပိုမိုဖရိုဖရဲဖြစ်ကုန်သည်။ ထိုမျှသာမက ၎င်းတို့၏ပျက်စီးမှုမှာ မန်ဟို့အပေါ် ဆိုးရွားစွာ ထိခိုက်စေ၏။

သို့ထိတိုင် သူက ဂရုမစိုက်ပေ။ ဤအချိန်တွင် သူ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ... တောင်ပင်လယ်လောကလိပ်ပြာသာ။

အုန်းးးးးးးးးးးးးးးးးး

အေးစက်စက်အမျိုးသမီး မျက်နှာပျက်သွားပြီး သူမပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူမလက်နှစ်ဖက်က မုဒြာလက်ကွက်များစွာ‌ ဖော်သည်။ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်အမျိုးမျိုးသည် မန်ဟို့ဝိညာဉ်မီးအိမ်များ၏‌ ပေါက်ကွဲမှုကို ခုခံရန် ဖြာထွက်သွား၏။

ထို့နောက် ခုနစ်လုံးမြောက်ဝိညာဉ်မီးအိမ်၊ ရှစ်လုံးမြောက်နှင့် ကိုးလုံးမြောက်တို့ ပေါက်ကွဲကုန်သည်။

ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ မန်ဟို၏ပါးစပ်၊ နား၊ နှာခေါင်းနှင့် မျက်စိတို့မှ သွေးမည်းမည်းများ စီးကျလာသည်။ ဤအချိန်တွင် သူ၏အတွင်းကလီစာများလည်း ကြေမွသွားပြီး သူ၏အသက်စွမ်းအားလည်း ဖျက်စီးခံလိုက်ရ၏။ သူ့တွင် မိစ္ဆာချီအနည်းငယ်သာ ကျန်တော့သော်လည်း မျက်လုံးများကို မရမက ဖွင့်ထားဆဲပင်။

“တောင်ပင်လယ်လောကနဲ့ လိပ်ပြာ အန္တရာယ်မကင်းသေးသရွေ့ ငါ ဘယ်လိုလုပ် မျက်လုံးပိတ်နိုင်မှာလဲ” မန်ဟိုက သွေးများထွေးထုတ်ပြီး တဟားဟား ရယ်သည်။

ထိုစဉ် ဆယ်လုံးမြောက်၊ ဆယ့်တစ်လုံးမြောက်နှင့် ဆယ့်နှစ်လုံးမြောက်ဝိညာဉ်မီးအိမ်တို့ တဝုန်းဝုန်း ပေါက်ကွဲကုန်သည်။ အေးစက်စက်အမျိုးသမီးမှာ ရှေ့ဆက်သွားဖို့ ပြင်လိုက်တိုင်း လမ်းပိတ်ခံနေရ၍ ဒေါသတကြီး အော်ဟစ်နေသည်။ သို့သော် သူမအနေဖြင့် လိပ်ပြာ တွင်းနက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။ မကြာမီ လိပ်ပြာသည် မည်သူမှ လှမ်း၍ ဆွဲထုတ်နိုင်တော့သော အမှတ်ကို ကျော်ပေတော့မည်။

“အင်မော်တယ်ရဲ့ အခြေခံအုတ်မြစ်ကို မဖြစ်မနေ ဖျက်စီးပစ်ရမယ်” အေးစက်စက်အမျိုးသမီးက စူးစူးဝါးဝါးအော်သည်။ သူမသည် ပေါက်ကွဲနေသော မန်ဟို၏ဝိညာဉ်မီးအိမ်များကို ဖိနှိပ်၍ နောက်တစ်လှမ်းလှမ်းဖို့ စွမ်းအားအလုံးစုံဆင့်ခေါ်လိုက်သဖြင့် သွေးများက သူမ၏သွေးကြောများတစ်လျှောက် စီးဆင်းသွားပြီး သူမမျက်နှာမှာ နီရဲလာတော့သည်။

မန်ဟိုက ရယ်မြဲရယ်နေဆဲပင်။ ဤအခိုက်အတန့်တွင် သူ့၌ ဝိညာဉ်မီးအိမ်တစ်လုံးသာ ကျန်တော့၏။

ယင်းဝိညာဉ်မီးအိမ်က .... ဝိညာဉ်မီးအိမ်အားလုံးအနက် အရေးအပါဆုံး ပဓာနမီးအိမ်ပင်။ ပဓာနမီးအိမ်သည် ပေါ့ပေါ့လေးသဘောထားမရသော ဝိညာဉ်မီးအိမ်တစ်ခု ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ၎င်းကို မှားယွင်းကိုင်တွယ်မိလျှင် သေစေနိုင်သည်အထိ ဒုက္ခရောက်လိမ့်မည်။

အမှန်တွင် ပဓာနမီးအိမ် တည်ရှိနေသေးသရွေ့ ကျန်ဝိညာဉ်မီးအိမ်များ ပျက်စီးသွားလည်း ကိစ္စမရှိပေ။ ပဓာနမီးအိမ်က အရာအားလုံး၏ အမြစ်လည်းဖြစ်သလို၊ မျိုးစေ့လည်း မဟုတ်ပါလော။

မန်ဟို့ရယ်သံ ဟိန်းထွက်နေစဉ် အေးစက်စက်အမျိုးသမီးကလည်း မထီမဲ့မြင်ရယ်ကာ ရှေ့တက်လာသည်။ ထိုအခါ မန်ဟို့မျက်လုံးများက ရက်စက်ကြမ်းကြုတ်သွား၏။ သူကား ပဓာနမီးအိမ်ကို ဖောက်ခွဲဖို့ ရွေးချယ်လိုက်လေပြီ။

ဖြစ်ပေါ်လာသောပေါက်ကွဲမှုသည် ကျန်ဝိညာဉ်မီးအိမ်များ၏ ပေါက်ကွဲမှုထက် များစွာပြင်းထန်၏။ အင်မတန်ကြီးမားသောလှိုင်းလုံးကြီးက ဟင်းလင်းပြင်ကို ဖျက်စီးလျက် ‌အေးစက်စက်အမျိုးသမီးအား လွှမ်းခြုံလိုက်သော မိုးမြေဖျက်စီးအားကြီးအသွင် ပြောင်းသွားသည်။

အေးစက်စက်အမျိုးသမီး၏ခန္ဓာကိုယ်မှာ ရစရာမရှိအောင် လောင်ကျွမ်းသွားသဖြင့် နာကျင်စွာအော်သံကြီး ထွက်လာသည်။ သူမဝိညာဉ်က ထွက်လာပြီး ဖျက်စီးအားကြောင့် ပျက်စီးတော့မည့်အချိန်မှာပဲ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အလင်းတန်းတစ်တန်း ပျံထွက်လာကာ သူမဝိညာဉ်ကို ဝန်းရံကာကွယ်ပေးလိုက်သည်။

အသက်အန္တရာယ်မရှိတော့သည့်အခါ အမျိုးသမီး၏ဝိညာဉ်က မန်ဟို့ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်သည်။

သို့သော် သေဆုံးနေသည့်တိုင် သတ်ဖြတ်လိုစိတ် ပြင်းထန်မြဲပြင်းထန်ဆဲဖြစ်သော မျက်လုံးများကို ကြည့်ရကြောင်း သူမ တွေ့လိုက်၏။

မန်ဟို့ပါးစပ်မှ သွေးများအပျစ်လိုက် စီးကျနေသည်။ သူ့ဝိညာဉ်မီးအိမ်အားလုံး ဖျက်စီးခံလိုက်ရပြီဖြစ်၍ သူ့ကျင့်ကြံခြင်းအခြေခံနှင့် သူ့အသက်စွမ်းအားအလုံးစုံ ကုန်ခမ်းသွားပြီဟု ဆိုလိုလေသည်။ သို့သော် သူသည် ပြုံးနေဆဲပင်။

ထိုသို့ပြုံးနေသည့် အကြောင်းရင်းမှာတော့ .. လိပ်ပြာသည် တွင်းနက်ကြီးထဲ အောင်မြင်စွာ ရောက်ရှိသွား၍ ဖြစ်သည်။

သူမြင်နေရသည်က အမှန်ဟုတ်လား၊ မဟုတ်လား မသေချာသော်လည်း သူ့မိသားစုနှင့် မိတ်ဆွေများနှင့်အတူ အစိမ်းရောင်ခေါင်းတလား၏အပေါ်တွင် လိပ်ပြာကြီး နားနေသည်ကို ကြည့်နေရသကဲ့သို့ သူ ခံစားရသည်... ထို့နောက် အချိန်ဆွဲအားတစ်ရပ်က ၎င်းကို ဖုံးလွှမ်းသွားပြီး တောက်ပသောအရောင်အဝါများ လင်းလက်လာ၏။

နောက်ဆုံးတော့ မန်ဟို့အပြုံးမှာ နူးညံ့နွေးထွေးသွားသည်။

သူ ပင်ပန်းနေလေပြီ။ ပင်ပန်းလွန်း၍ မျက်လုံးဖွင့်ထားရန်ပင် အားမရှိတော့။ တဖြည်းဖြည်း သူ၏မျက်လုံးများက ပိတ်သွားသည်။

ထစ်ချုန်းသံများ၊ ဒေါသတကြီးအော်သံများနှင့် သူ တစတစ ဝေးကွာလာသည်...

သို့သော် ဆောက်တည်ရာမဲ့စွာဖြင့် ဒေါသတကြီးအော်ဟစ်ငိုလိုက်သံက သူ့နားထဲ ဝင်ရောက်လာသည်။ အသံပိုင်ရှင်က ... ကြက်တူရွေးဖြစ်ကြောင်း သဘောပေါက်လိုက်သည့်အခါ မန်ဟို့တစ်ကိုယ်လုံး တုန်ီရသွားသည်။ ထိုငိုသံအတွင်းရှိ ဝမ်းနည်းပူဆွေးမှုက သူ့ကို တုန်ရီလာစေပြီး မျက်လုံးများဝေဝါးနေသော်လည်း ကြက်တူရွေးထွက်လာသည်ကို သူ မြင်လိုက်ရ၏။

မန်ဟို မှတ်မိသရွေ့ ကြက်တူရွေး ယခုလိုဝမ်းနည်းပက်လက် ငိုကြွေးနေသည်ကို တစ်ခါမှ မမြင်ခဲ့ရဖူးပေ။

ကြက်တူရွေး၏အမွှေးအားလုံး ထောင်နေပြီး ၎င်း၏မျက်နှာထက်တွင် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည်။ မျက်ရည်များက ကြက်တူရွေး၏မျက်လုံးများက ဖြိုင်ကာ စီးကျနေပြီး နာကျင်စွာအော်ငိုနေသော ၎င်း၏အသံသည် ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်နေ၏။

ကြက်တူ‌ရွေးမှာ ဝမ်းနည်းလွန်း၍ ရူးတော့မည့်အလား ဆောက်တည်ရာမဲ့နေပုံရသည်။

ကြက်တူရွေး ဘယ်အချိန်ကထွက်လာသလဲ ပြောရခက်သော်လည်း ၎င်းကား ကြယ်တာရာကောင်းကင်၏အလယ်တွင် ကြေးမုံနှင့်အတူ ရှိနေ၏။ ချက်ချင်းဆိုသလို အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကမှ အစွမ်းထက်ပညာရှင်အားလုံး ၎င်းကို သတိထားမိသွားကြသည်။

သူတို့သည် ကြေးမုံနှင့်ကြက်တူရွေးကို မြင်သောအခါ မျက်လုံးများ ထူးဆန်းစွာ တောက်ပလာကြ၏။

တစ်ချိန်တည်းမှာပင် အသားဂျယ်လီ ပေါ်လာသည်။ အသားဂျယ်လီလည်း တအီးအီးငိုလျက် မန်ဟို့ကို ကာကွယ်လိုက်သော ချပ်ဝတ်အသွင် ပြောင်းသွားသည်။ ၎င်း၏အသက်စွမ်းအားများကိုလည်း မန်ဟို့ကိုယ်ထဲ မဆိုင်းမတွ ထည့်ပေးနေသည်။

“မန်ဟိုရာ မသေပါနဲ့ဦးကွာ။ မင်း သေလို့မဖြစ်ဘူးကွ။ ငါ မင်းကို ပြောပြစရာတွေ အများမှအများကြီး ရှိသေးတယ်။ ‌သေတာက မှားတယ်ကွ၊ အကျင့်ယုတ်တယ်ခေါ်တယ်ကွ။ မသေပါနဲ့ ကျေးဇူးပြုပြီး....”

သွေးခွေးကြီးသည် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း ထွက်လာပြီး မန်ဟို့ကို ၎င်း၏ကိုယ်ကြီးဖြင့် အုပ်မိုးထား၏။ ၎င်းလည်း အသက်စွမ်းအားကုန်ခမ်းနေသော်လည်း အာရုံအပြည့်စူးစိုက်ထားလေသည်။ သွေးခွေးကြီးသည် သေရလျှင်တောင်မှ သူ့သခင်ကို ထိခွင့်ပေးမည်မဟုတ်ပေ။

သွေးခွေးကြီး ထိုသို့စိတ်ပိုင်းဖြတ်ထားသလို အသားဂျယ်လီနှင့် ကြက်တူရွေးလည်း စိတ်ပိုင်းဖြတ်ထား၏။

All Chapters