← Chapters

အရှက်မဲ့တာလား … မရှက်တတ်တာလား

Vol. 02 Ch. 72

အရှက်မဲ့တာလား … မရှက်တတ်တာလား

Vol. 02 Ch. 72

စုရှန်းဝမ် တံတွေးတစ်ချက် မျိုချလိုက်ပြီး ထန်ရှုအား မကြည်ကြည့် ကြည့်လိုက်ပြီး သူ၏ခေါင်းအား လှည့်လိုက်သည်။ သည်အရူးကောင်ကြောင့် သူ မျက်နှာပျက်ရသည်။ ထို့နောက် သူသည် မလုံမလဲ ပြုံးကာ နှုတ်ဆက်လိုက်သည်။

“သူဌေးချန်း ...  ကျွန်တော် ဒီမှာ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ဒီဟာ သူဌေးလုံမဟုတ်လား။ ကျွန်တော်က စုရှန်းဝမ် - ရှန်းဝမ်အိမ်ခြံမြေ လုပ်ငန်းပိုင်ရှင်ပါ။ သူဌေးလုံ … ကျွန်တော့်ရှန်းဝမ် အိမ်ခြံမြေလုပ်ငန်းက လုံဂရုရဲ့အောက်က လုပ်ငန်းခွဲအဖြစ် ပူးပေါင်းလုပ်ကိုင်ဖို့ သဘောတူညီတဲ့ အဆင့်ထိ ရောက်နေပါပြီ။  နောက်ရက်မှာ သဘောတူ လက်မှတ်ထိုးပေး ကြရုံပါပဲ”

လုံဟန်ဝမ် ဂရုမစိုက်စွာ ပြောလိုက်သည်။ “ရှန်းဝမ်အိမ်ခြံမြေ လုပ်ငန်းက စုရှန်းဝမ် ဟုတ်လား။ တစ်ခါမှ မကြားဖူးဘူး”

စကားဆုံးသည်နှင့် သူ၏ဖုန်းအား ထုတ်ကာ လူအများရှေ့တွင် နံပါတ်တစ်ခုအား ခေါ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ရှန်းဝမ် အိမ်ခြံမြေလုပ်ငန်းနဲ့ သဘောတူညီမှု ယူထားတာ ဘယ်သူလဲ။ အလုပ်ထုတ်ပစ်လိုက်။ အခုကစပြီး ငါ့စကားကို မှတ်ထားပါ … ရှန်းဝမ် အိမ်ခြံမြေလုပ်ငန်းနဲ့ ပူးပေါင်းလုပ်ရဲသူ မှန်သမျှ လုံဂရုနဲ့ ရင်ဆိုင်ရမယ် … ခက်ခဲတဲ့ဘဝတွေ ဖြစ်သွားမယ်”

ဘာငရဲကြီးလဲ …။

စုရှန်းဝမ် သူ့နားသူပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ လုံဟန်ဝမ်အား ကြည့်ကာ အံ့အားသင့်သော အသံဖြင့် ပြောလိုက်သည်။ “သူဌေးလုံ … ခင်ဗျား ... ခင်ဗျား ...”

လုံဟန်ဝမ်သည် ထန်ရှု၏ဘေးတွင် ရပ်နေသော လုံကျန့်လင်းအား လက်ညှိုးထိုးပြ လိုက်ပြီး စုရှန်းဝမ်အား ပြောရန် စိတ်မပါသော လေသံဖြင့် …

“သူက ငါ့သားပဲ။ ငါ့သားကို တစ်စုံတစ်ယောက်က ဆုံးမယ် အနိုင်ကျင့်မယ်လို့ ပြောနေတယ်။ ဘယ်အဖေမဆို ကိုယ့်သား အနိုင်ကျင့်ခံရတာကို မြင်ချင်မလဲ”

သွားပြီ …။

ပြီးသွားပြီ …။

လုံဟန်ဝမ်သည် ထန်ရှုကိုလည်း ညွှန်ပြကာ ဆက်ပြောလိုက်သည်။

“ထန်ရှုက ငါတို့လုံမိသားစုရဲ့ ကျေးဇူးရှင်။ သူ ဘာလုပ်လုပ် လုံမိသားစုက နောက်ကရှိနေမှာ။ သူ ပြောလိုက်တာနဲ့ မင်းရဲ့ ရှန်းဝမ်အိမ်ခြံမြေကို ဒီလောကကနေ ဖယ်ရှားပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။

“ခင်ဗျား ဘာပြောလိုက်တာလဲ …”

စုရှန်းဝမ်၏ မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူလျော်သွားလေသည်။ သူ၏ မျက်ဝန်း အကြည့်များသည် ထန်ရှု၊ လုံကျန့်လင်းနှင့် လုံဟန်ဝမ်တို့ဆီသို့ တစ်လှည့်စီ ရောက်သွားတော့သည်။ လုံကျန့်လင်းသည် လုံဟန်ဝမ်၏သား ဖြစ်သည်ဆိုသည့် အချက်အား သူ လက်ခံနိုင်သေးသည်။ သို့သော် သည်အရိုင်းကောင် ထန်ရှုသည် မည်သည့်အချိန်ကတည်းက မည်ကဲ့သို့ လုံမိသားစု၏ ကျေးဇူးရှင် ဖြစ်သွားရပါသနည်း။

လျှပ်တစ်ပြက် အတွင်း၌ပင် သူသည် နှစ်ပေါင်းများစွာ အိုစာသွားသည့်နှယ် ထင်ရသည်။ ကြောက်ရွံ့ ထိတ်လန့်မှုများသည် သူ၏ရင်တွင်းတွင် လှိုင်းများသဖွယ် တအိအိ တက်လာလေသည်။

သူ့ဘဝသည် အဆုံးသတ်သွားပြီ။

သူ့အပေါ်ထားရှိသည့် ထန်ရှု၏ အမုန်းတရားအား သူ ကောင်းကောင်း သတိပြုမိသည်။ ထိုအမုန်းတရားကြောင့် သူ၏ ရှန်းဝမ်အိမ်ခြံမြေသည် ကပ်ဘေးနှုတ်ခမ်းဝသို့ ရောက်ရှိနေပြီကို သူ သိခဲ့လေသည်။

အကြောက်တရားတို့သည် သူ၏မျက်လုံးများမှ ပေါ်ထွက်လာသည့် နည်းတူ တစ်ခဏကြာသည်အထိ သူ ပါးစပ်အဟောင်းသား ဖြစ်နေသည်။

လုံဟန်ဝမ် စကားဆုံးသည်နှင့် ချန်းကျီကျုံးသည် ရှေ့သို့ထွက်လာပြီး ထန်ရှုရှေ့တွင်ခါးကို ညွတ်ကာ လေးလေးစားစား ပြောလိုက်သည်။

“ဆရာ … ကျွန်တော် လာတာနောက်ကျသွားတဲ့ အတွက် ဒီလိုအနိုင်ကျင့်ခံရတာ ကျွန်တော့်အပြစ်ပါ။ ဒါပေမဲ့ စိတ်အေးအေးသာ ထားပါ။ အစ်ကိုလုံ မလှုပ်ရှားရင်တောင်မှ ရှန်းဝမ်အိမ်ခြံမြေ ဆက်တည်ရှိနေဖို့ ခွင့်မပြုပေးနိုင်တဲ့ ဒီတပည့်ရဲ့ စိတ်ရင်းကို မငြင်းလိုက်ပါနဲ့”

ထန်ရှုသည် ချန်းကျီကျုံးအား သာမန်အကြည့်ဖြင့် ကြည့်လျက် ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို ကတိမပေးရသေးပေမဲ့ တပည့်အဖြစ်လက်ခံဖို့ မပြောရသေးဘူး မဟုတ်လား”

ချန်းကျီကျုံးသည် ထန်ရှုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်အား သဘောပေါက် လိုက်သဖြင့် ရုတ်ခြည်းပင် အပျော်လွန်သွားပြီး ဝိုင်းအုံကြည့်နေသော လူအများ၏ရှေ့၌ပင် ဖြစ်စေကာမူ ထန်ရှု၏ရှေ့၌ ဒူးထောက်ကာ တောင်းဆိုလိုက်သည်။

“ဆရာ … ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ။ ရှေးရိုးရာအတိုင်း ရိုသေကိုင်းရှိုင်းပြီး ဆရာ့စကားအတိုင်း လိုက်နာပါမယ်။

ထန်ရှု၏မျက်ခုံးသည် မြင့်တက်သွားပြီး သူ၏လက်အား ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။

“အရင် ထလိုက်ပါဦး။ ဒီဟာကို နောက်မှ ပြောကြတာပေါ့”

“ဟုတ်ကဲ့ …”

ထန်ရှု တိုက်ရိုက် မငြင်းဆန်သည်ကို ကြည့်ပြီး ချန်းကျီကျုံးသည် အပျော်လွန်သွားလျက် လူကြီးတစ်ယောက်၏ စကားအား နားထောင်သော ကလေးတစ်ယောက်ကဲ့သို့ နာခံစွာဖြင့် ထန်ရှုဘေးတွင် မတ်တတ် သွားရပ်နေသည်။

“ဒုန်း …”

စုရှန်းဝမ်သည် မိမိကိုယ်အား ရဲဆေးတင်ကာ ထန်ရှုရှေ့တွင် ဒူးထောက်ကာ နောင်တရနေသော အမူအရာဖြင့် …

“ထန်ရှု … ငါ့ရဲ့ သူတော်ကောင်းတူလေး …။ ဦးလေး မင်းအပေါ် မှားယွင်း ဆက်ဆံမိတယ် ဆိုတာ သိပါတယ်။ မင်းအပေါ် အမှားမှား အယွင်းယွင်းတွေလည်း လုပ်ခဲ့မိပါတယ်။ ဒါပေမဲ့ ငါ့တူက နှလုံးသားလှတော့ ဦးလေးလိုတော့ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင် မလုပ်လောက်ဘူး မဟုတ်လား။ ကျေးဇူးပြုပြီး သူဌေးလုံနဲ့ သူဌေးချန်းတို့ကို ဦးလေးကို အလွတ်ပေးဖို့ တောင်းဆိုပေးပါ။ ဦးလေး မင်းရှေ့မှာ အရိုအသေ ပေးပါတယ်။ ဦးလေးမှာ မြေးတွေ ရလာရင်တောင်မှ မင်းကို အလုပ်အကျွေး ပြုခိုင်းပါ့မယ်။ ဦးလေး တောင်းပန်ပါတယ်”

ထိုခဏတွင် ကျန်းမေ့ရွှမ်၏ မျက်နှာသည် စက္ကူတစ်စလို ဖြူဖွေးသွားတော့သည်။ သူမသည် သက်သောင့်သက်သာ ရှိသော ဘဝတွင် စတိုင်ကျကျ နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ရှန်းဝမ်အိမ်ခြံမြေသာ … ဖြစ်ခဲ့ပါလျှင် …

“ဝိုး …”

ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးထံမှ ရုတ်ခြည်းပင် ဟိန်းသံကြီးတစ်သံ ထွက်လာသည်။

သူတို့သည် အဖြစ်အပျက်အား ကြည့်ရန်လာခဲ့ကြပြီး ထန်ရှုနှင့် စုရှန်းဝမ်ကြားမှ ဆက်နွှယ်မှုအား ခပ်ပါးပါးပင် သတိပြုမိခဲ့ကြသည်။ သို့သော် ဦးလေးက တူဖြစ်သူအား ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မည်လို့ ထင်မထားကြချေ။ ပိုပြီး အံ့သြစရာကောင်းသည်မှာ နာမည်ကြီးပုဂ္ဂိုလ်များ ရောက်ရှိလာကြပြီး ထန်ရှုဘက်တွင် ရပ်တည်လျက် သူ့အား လေးလေးစားစား ဆက်ဆံကြခြင်းပင် ဖြစ်သည်။ ထို့နောက် ဦးလေးသည် အရှက်မရှိစွာဖြင့် ဒူးထောက်ကာ တူဖြစ်သူအား တောင်းပန်ပြန်သည်။ ထိုခဏတွင် အသံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ငါ အရှက်မရှိတဲ့ လူတွေအများကြီး တွေ့ဖူးပါတယ်။ ဒီလောက် အရှက်မဲ့တဲ့သူကိုတော့ တစ်ခါမှ မမြင်ဖူးဘူး”

“ဒါ အရှက်မဲ့လွန်းတာ မဟုတ်ဘူးလား။ ဘယ်လိုတောင် အရှက် ကမ်းကုန်နေတာလား”

“ငါ ဒီနေ့ ဘယ်လိုအရာနဲ့ ကြုံနေရပါလိမ့်။ ချမ်းသာကြွယ်ဝမှု အတွက် ဦးလေးက တူဖြစ်သူရဲ့ တင်ပါးကို နမ်းဝံ့တာလား”

“သူ့ကို ခွင့်မလွှတ်နဲ့။ သည်လိုလူက ခွင့်လွှတ်လိုက်တာနဲ့ ပြန်ပြီး အမောက်ထောင်လာမှာပဲ”

ပြောဆို ဆဲဆိုနေကြသော အသံများအား ကြားရသည့်အခါ စုရှန်းဝမ်၏အသည်း ဓားထက်ထက်နှင့် လှီးဖြတ်ခံရသည့်ပမာ သူ၏ရင်ထဲတွင် သွေးမျာား ထွက်နေခဲ့လေပြီ။ ရှက်လွန်းလှသဖြင့် တွင်းတူးပြီးသာ ပုန်းအောင်း နေလိုက်ချင်တော့သည်။ သို့သော်လည်း ထန်ရှုသာ သူ့ကို ခွင့်လွှတ်ခဲ့ပါက လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့သည် သူ့အား အမြစ်ဖြုတ်လိမ့်မည် မဟုတ်ချေ။

မြောက်မြားလှစွာသော အတွေ့အကြုံတို့ကို ဖြတ်သန်းလာခဲ့သော ထန်ရှုသည် သူ၏မိခင်အတွက်သာ နူးညံ့သည်ဖြစ်ပြီး သူ၏နှလုံးသားသည် ကျောက်တုံး ကျောက်စိုင်သဖွယ် မာကျောနေပြီး ဖြစ်သည်။ စုရှန်းဝမ်၏ တောင်းပန်မှုအား ကြုံတွေ့ရသည့်အခါ မည်သို့မှ မပြောချေ။ သူနှင့် မဟုတ်ရင်တောင်မှ စုရှန်းဝမ်ကဲ့သို့သော လူမျိုးသည် ဇာတ်သိမ်း မကောင်းတတ်သည်ကို အမှန်တရားအရ သူ ကောင်းစွာ သိရှိလေသည်။

ထိုနည်းတူစွာ လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့သည် သူနှင့် ကာလရှည်ကြာ ရင်းနှီးလာကြသူ မဟုတ်သောကြောင့် စုရှန်းဝမ်အား ချောက်နက်ကြီးထဲသို့ သူပစ်ထည့်လိုက်နိုင်သည်။ ယခုအချိန်ထိ စုရှန်းဝမ်ပြုလုပ်ခဲ့သော အကြောင်းအရာ အဖြစ်အပျက်များအား ပြန်တွေးကြည့်မည် ဆိုပါက ထန်ရှုအနေဖြင့် ထောင်ထဲ မရောက်ခဲ့ရင်တောင်မှ လူမိုက်များ၏ လက်ချက်ဖြင့် ဆေးရုံပေါ်တွင် နာတာရှည် တက်နေရပြီဖြစ်သည်။

နာခံတတ်သော မြင်းကောင်းသည် စစ်မှန်သော လူ၏ အမြဲ စီးနှင်ခြင်းကို ခံရလိမ့်မည်။ ကောင်းမွန်သော၊ အားနည်းသော၊ အကျင့်တရား ကောင်းသောသူသည် အမြဲပင် အခြားလူများ၏ အနိုင်ကျင့်မှုကို ခံရပြီး အကျိုးစီးပွား ရယူခြင်းကို ခံရလိမ့်မည်။

သို့သော် သူသည် တစ်ခါမျှ မိမိကိုယ်ကိုယ် လူကောင်းတစ်ယောက်ဟု မသတ်မှတ်ထား သကဲ့သို့ အနိုင်ကျင့်သူများကိုလည်း သူ့အနေဖြင့် စပြီး ပြဿနာ မလုပ်တတ်သော်လည်း သူ့အား ပြုလုပ်လာခဲ့ပါမူ ပြန်လည် တုံ့နှင်းတတ်သည်။

ထန်ရှုသည် လုံဟန်ဝမ်ဘက်သို့ လှည့်ကာ အေးဆေး ပြောလိုက်သည်။

“အန်ကယ်လုံ … ဒီကို ဘယ်လိုရောက်လာလဲ”

လုံဟန်ဝမ် ပြုံးကာ ပြောလိုက်သည်။ “အဲဒါက အစ်ကိုချန်းရဲ့ ကုသမှုအတွက်လေ။ ထန်လေးက သူ့ကို ကုသပေးလိုက်တယ် မဟုတ်လား။ အဲဒါကြောင့် အစ်ကိုချန်းက အားအင် ပြန်လည်ဖြည့်ဆည်းဖို့ အချို့ တရုတ်တိုင်းရင်းဆေးတွေ လာဝယ်တာပါ။

ထန်ရှု ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ “အဲဒါဆိုလည်း ဆေးပင်ရှာလိုက်ပါဦး။ ကျွန်တော် တခြား လုပ်စရာရှိသေးလို့ အဖော် မလုပ်ပေးနိုင်တော့ဘူး”

လုံဟန်ဝမ် ပြန်မပြောသေးပဲ ထိုအစား ချန်းကျီကျုံးအား ကြည့်လိုက်သည်။

ချန်းကျီကျုံးသည် အမြန် ဝင်ပြောလိုက်သည်။ “ဆရာ …ဒီနေရာကို ဆေးပင်ဝယ်ဖို့ လာတာလား။ လိုချင်တဲ့ဆေးပင်ရှိရင် ကျွန်တော့်ကို ပြောလိုက်ပါ ချက်ချင်း ပို့ပေးလိုက်ပါမယ်”

ထန်ရှုသည် လက်ကို ယမ်းလိုက်ကာ ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ မနက်ဖြန် ညကျရင်သာ တောင်တံခါးမြို့ အိမ်ရာဝင်းကို လာခဲ့ပါ”

“ကောင်းပါပြီ …”

ကျန်းချီကျုံးသည် ပျော်ရွှင်မြူးတူး စိတ်လှုပ်ရှားကာ ထပ်ကာထပ်ကာ ပြောလိုက်သည်။

ထန်ရှုသည် ကုန်းတာလုံအား လက်အမူအရာ ပြလိုက်ပြီး လုံကျန့်လင်းနှင့်အတူ ဆေးပင်ဈေး အတွင်းပိုင်းသို့  လျှောက်သွားလေသည်။ မြေပြင်ပေါ်တွင် ဒူးထောက်နေသော စုရှန်းဝမ်အား လုံးဝ လျစ်လျူရှု ထားခဲ့တော့သည်။

ကြယ်တာရာ ဆေးပင်ဈေးအား စင်ငယ်လေးဖြင့် ရောင်းချသော နေရာနှင့် ဆိုင်ခန်းများနေရာဟု ၂ပိုင်းခွဲခြားထားသည်။ အဖိုးတန်ဆေးပင်များ အများစုတွေ့နိုင်သော နေရာမှာ ဆိုင်ခန်းများနေရာ ဖြစ်ပြီး ဆေးပင်တိုင်းသည်လည်း ဈေးနှုန်းများစွာ ကြီးမြင့်သည်။ ထန်ရှုသည် ဆိုင်ခန်းများ နေရာသို့ တိုက်ရိုက်မသွားချေ။ စင်ငယ်လေးများဖြင့် ရောင်းသောနေရာရှိ တရုတ်ဆေးပင် အမျိုးမျိုးအား လှည့်ပတ် လျှောက်ကြည့်နေသည်။

လက်ရှိတွင် ထန်ရှုသည် ကောင်းကင်စကြဝဠာ ကျင့်စဉ်၏ ပထမအဆင့်အား လေ့ကျင့်ပြီးခဲ့ပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် ကြယ်၉လုံး ရရှိနေပြီဖြစ်သည်။ တစ်နည်းဆိုရသော် ခန္ဓာကိုယ် ပြောင်းလဲမှုကျင့်စဉ်၏ အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ နောက်တစ်ဆင့်သည် အရေပြား ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်ပြီး သူ၏ အရေပြား ကြံ့ခိုင် သန်မာရန်အတွက် အထူးကောင်းမွန်လေမည် ဖြစ်သည်။ သည်အဆင့်သာ ထန်ရှု အေင်မြင်ပြီး ဖြစ်ခဲ့ပါက လူ့ကိုယ်တွင်းအင်္ဂါများ ကုန်ကူးသူအဖွဲ့နှင့် တိုက်ခိုက်စဉ်တုန်းကလို သူတို့၏သေနတ်များအား ကြောက်ရွံ့ရန် လိုတော့မည် မဟုတ်ဘဲ ချက်ချင်းပင် တိုက်ရိုက် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

မိနစ်အနည်းငယ် ကြာသော် …

ထန်ရှုသည် စင်တစ်ခုရှေ့တွင် ရပ်တန့်ပြီး လှပသော သွေးရောင်အဆင်းရှိသည့် နူးညံ့သည့်ဟန်ရှိသော ပန်းတစ်ပွင့်အား စိုက်ကြည့်နေခဲ့သည်။ ထိုပန်းအား သူ သိသည်။ အင်မော်တယ် ကမ္ဘာတွင် သူ၏အမည်နာမဖြင့် ကျော်ကြားသော သွေးခရုခွံဖြစ်သည်။ သွေးခရုခွံသည် စိတ်ဝိညာဉ်ဆေးလုံး ဖော်စပ်ရာတွင် အဓိက အရာဖြစ်ပြီး အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။

“သူဌေး … ဒီသွေးခရုခွံက ဘယ်လောက်လဲ …”

ထန်ရှုသည် လူလတ်ပိုင်းအရွယ် ဆိုင်ရှင်အား မေးလိုက်သည်။ ဆိုင်ရှင်သည် သွေးခရုခွံပန်းအား အံ့အားသင့်သည့် အမူအရာဖြင့် ကြည့်လိုက်ပြီး ဇဝေဇဝါဟန်ဖြင့် ပြန်မေးလိုက်သည်။

“ညီငယ်လေး …ဒီဟာ သွေးခရုခွံပန်း မဟုတ်ဘူး။ ဒီဟာကို အနီရင့်ရောင် ပွင့်ချပ်ပန်းလို့ ခေါ်တယ်။ သူက သွေးအား ကောင်းစေပြီး စွမ်းအားအတွက် အကျိုးရှိလို့ ဈေးက အနည်းငယ်ကြီးတယ်”

“ဘယ်လောက်လဲ”

ပိုင်ရှင်သည် ချီတုံချတုံ ဖြစ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“မင်း လိုချင်ရင် ယွမ်၅၀၀နဲ့ ယူနိုင်တယ်”

ယွမ်၅၀၀လား …။

ထန်ရှု ရင်ထဲ တုန်လှုပ်သွားပြီး မျက်လုံးများပင် ဝိုင်းသွားရသည်။ သည် သွေးခရုခွံပန်းသည် အင်မော်တယ် ကမ္ဘာတွင် အလွန် တန်ဖိုးရှိလှပြီး မရေမတွက်နိုင်သော လူများစွာသည် ထိုပန်းရဖို့အတွက် အပြင်းအထန် တိုက်ခိုက်ကြသည်။ သို့သော် သည်ကမ္ဘာမြေတွင် ထိုပန်းအား ဂေါ်ဖီထုပ်ပမာ ပေါပေါလောလော ရောင်းချနေပေသည်။

လုံကျန့်လင်းသည် ရုတ်တရက် ဝင်ပြောလိုက်သည်။

“ဟေ့ သူဌေး … ငါတို့ကို အချဉ်လုပ်လို့ရမဲ့ သူတွေများ မှတ်နေလား။ ငါ့မှာ ဒီလိုပန်းပင်တွေ အများကြီး စိုက်ထားတယ်။ ခင်ဗျားကိုတောင် ပြန်ရောင်းလို့ရတယ်”

“ဒါ ….”

လူလတ်ပိုင်း ဆိုင်ရှင်သည် ပြောရာစကား မဲ့သွားခဲ့သည်။

လုံကျန့်လင်းသည် ဆက်ပြောလိုက်သည်။

“သူဌေး … ခင်ဗျား စီးပွားရေးလောကမှာ အသက်ကြီးကြီးငယ်ငယ် ရိုးရိုးသားသား ဆက်ဆံဖို့လိုလိမ့်မယ်။ ရိုးသားမှုက တန်ဖိုး အရမ်းရှိတယ်။ သည်ကြီးမြင့်တဲ့ ဈေးနှုန်းက ငါတို့ကို အရူးလုပ်နေသလိုပဲ။ ယွမ်၂၀၀နဲ့ ရောင်းဖို့ အဆင်ပြေရင် ချက်ချင်း ပေးလိုက်မယ်။ အဆင်မပြေရင်တော့ ငါတို့သွားတော့မယ်”

လူလတ်ပိုင်းဆိုင်ရှင်သည် လုံကျန့်လင်းနှင့် ထန်ရှုအား တစ်လှည့်စီ ကြည့်လိုက်ကာ  ချက်ချင်းပြုံးလိုက်ပြီး ပြောလိုက်သည်။

“အိုက်ယား … အိုကေတယ်။ ညီလေးက အတွက်အချက် စေ့စပ်တာပဲ။ အိုကေ။ ယွမ်၂၀၀ပဲ ပေးပါ”

လုံကျန့်လင်းသည် ထန်ရှုအား ဝင့်ကြွားသော အမူအရာဖြင့် ကြည့်လိုက်ပြီး ပန်းတန်ဖိုး ပေးရန် အသင့်ပြင်ထား လိုက်သည်။ သို့သော် ထန်ရှုသည် သူ၏ပိုက်ဆံအား အဆင်သင့် ထုတ်ထားပြီးဖြစ်ရာ ဆိုင်ရှင်အား ယွမ်၂၀၀အား ပေးလိုက်ကာ သွေးခရုခွံပန်းအား ယူပြီးနောက် ထွက်လာခဲ့ကြသည်။

ထန်ရှုသည် ဆေးပင်ဈေးတွင် ပတ်ရှုခြင်းအတွက် မျှော်လင့်ချက် သိပ်မထားခဲ့ပဲ သူ၏ကံကောင်းမှုအား စမ်းသပ်ချင်ရုံသာ ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အဖိုးတန် ရတနာမျိုး ရရှိလိမ့်မည်ဟု မထင်ထား ခဲ့သောကြောင့် အဖိုးတန်ဆေးပင်သည် သည်ကမ္ဘာမြေတွင် ဤကဲ့သို့ ပေါပေါလောလော ရက်ရက်စက်စက်ဈေး ဖြစ်နိုင်သည်ဟုလည်း အတွေ့အကြုံ ရခဲ့သည်။ သူ့အိတ်ထဲတွင် ယွမ်၁၀၀၀၀သာ ပါလာသော်လည်း အဖိုးတန် ဆေးပင်များအား သိပ်အားစိုက်စရာ မလိုဘဲ နောက်ပိုင်းတွင် ရှာဖွေနိုင်မည် ဖြစ်သည်။

*****

All Chapters