← Chapters

မျှော်လင့်မထားသော အံ့သြစရာ

Vol. 02 Ch. 73

မျှော်လင့်မထားသော အံ့သြစရာ

Vol. 02 Ch. 73

ကံကောင်းခြင်းသည် တစ်ခါတစ်ရံ လာနိုင်ပြီး မည်သူမျှ ကြိုတင်သိမထားနိုင်ပေ။ ထန်ရှုသည် ဆေးပင်ဈေး၏ စင်ငယ်လေးများဖြင့် ရောင်းသောနေရာတွင် တစ်နာရီနီးပါး လျှောက်ကြည့်ပြီးသော အခါတွင် သူ၏လက်ထဲ၌ အဖိုးတန်ဆေးပင်၂ခုအား သက်သာသော ဈေးနှုန်းဖြင့် ထပ်မံရရှိခဲ့ပြီ ဖြစ်သည်။ သွေးခရုခွံလောက် အဖိုးမတန်သော်လည်း ယခုလက်ရှိ သူ့အတွက်မူ ထိုဆေးပင်များသည် သေချာပေါက်  ကောင်းမွန်သော အရာများ ဖြစ်သည်။

“အစ်ကိုကြီး … မင်းက ဆေးပညာမှာလည်း တကယ် ထူးချွန်တာပဲလား”

လုံကျန့်လင်းသည် မမေးဘဲ မနေနိုင်တော့သဖြင့် မေးလိုက်လေသည်။

“ငါ တချို့တစ်ဝက် လောက်တော့ သိတယ်” ထန်ရှု ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

“ဘုရားသခင် ...  ငါ့အစ်ကိုကြီးက ဒီလိုအရည်အချင်း အများကြီးနဲ့ ပြည့်စုံနေတာပဲ။ သည့်ထက်တောင် ပိုသိလိမ့်မယ်လို့ ငါ ထင်နေတယ်။ ဒါနဲ့ ဒီဆေးပင်တွေနဲ့ ဘာလုပ်ဖို့လဲ အစ်ကိုကြီး။ မင်းရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်ထားတာ မရှိဘူး မဟုတ်လား”

“မကြာခင်မှာ ကောလိပ်ဝင်ခွင့် ဖြေရတော့မယ်။ စာတွေ လေ့လာသင်ယူမှုက လာတဲ့ဖိအားက အတော် ပင်ပန်းလိမ့်မယ်။ အဲဒါကြောင့် ကျန်းမာရေးအတွက် ဆေးပင်အချို့ဝယ်ပြီး ပြင်ဆင်ထားဖို့ လိုတယ်။ ထားလိုက်တော့။ ငါ မင်းကို ဆေးညွှန်းတစ်ခု ပေးမယ်။ မင်း အဲဒီဆေးနည်းအတိုင်း ဆေးပင် သွားဝယ်ပါ။ အိမ်ပြန်ရောက်ရင် ကျိုပြီး သောက်လိုက်ပါ။ မင်းပြဿနာ ပြေလည်သွားလိမ့်မယ်”

“ငါ့ပြဿနာ …”

လုံကျန့်လင်း မျက်လုံးဝိုင်းသွားပြီး မယုံနိုင်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“အစ်ကိုကြီး …ငါက သန်မာကြံ့ခိုင်ပါတယ်။ ငါ့မှာ ဘယ်လို ပြဿနာ ရှိနိုင်ပါ့မလဲ”

ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အာ ... မင်းက ယောက်ျား တစ်ယောက်လေ။ မင်းရဲ့အရာလေးက အိပ်ရာထဲမှာ ကောင်းကောင်း မစွမ်းဆောင်နိုင်ဘူး ဆိုရင် မင်းအတွက် မကောင်းဘူးလေ။ အဲဒါအပြင် ၃မိနစ်အောက်ပဲ စွမ်းနိုင်တယ်ဆိုရင် ဒါ အရမ်းပြင်းထန်နေပြီ။ ဘာပဲဖြစ်ဖြစ် မင်း မလုပ်ဘူးဆိုရင်တော့ မေ့လိုက်လို့ရတယ်”

“ … ...”

လုံကျန့်လင်း တုန်လှုပ်သွားသည်။ ထန်ရှုသည် သူ၏ အတွင်းရေး လျှို့ဝှက်ချက်အား မြင်နိုင်လိမ့်မည်ဟု အိပ်မက်တောင်မှ မမက်ခဲ့ဖူးချေ။ သူ့တွင် သည်ပြဿနာရှိနေသည်။ လိင်မှုဆိုင်ရာ အထောက်အပံ့ဆေးဝါးများ သုံးစွဲပြီး ၇-၈မိနစ် သူ အနည်းဆုံး စွမ်းနိုင်ခဲ့သည်။ သို့သော် ယခုတလောတွင် သူ၏စွမ်းရည်မှာ အလွန်အမင်း ကျဆင်းနေခဲ့ပြီး ၃မိနစ်အထိသာ စွမ်းဆောင် နိုင်တော့သည်။

“အစ်ကိုကြီး …မဟုတ်ဘူး ... မဟုတ်သေးဘူး ... ငါ့ရဲ့ချစ်လှစွာသော ရုပ်ရည်ချောမောသော အစ်ကိုကြီး … ငါ့အတွက် ဆေးညွှန်းလေး အမြန်ပေးပါ။ မင်းလိုချင်တာမှန်သမျှ ငါ ပေးပါမယ်”

ထန်ရှုသည် သူ၏နှုတ်ခမ်းများအား ကြည့်ကောင်းစွာ တွန့်လိုက်သည်။ လုံကျန့်လင်းအား ဆေးနည်းပေးကာ သူ့အနားမှ ထွက်ခွာသွားအောင် လုပ်ရသည်။ သို့မဟုတ်ပါက သူ၏နောက်လိုက် အဖြစ် တကောက်ကောက် လိုက်နေကာ သူ့အား စိတ်ဓာတ်ကျနေ စေလိမ့်မည်။

ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းခြင်း …

ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းခြင်းသည် လုံကျန့်လင်း၏ အဓိက ပြဿနာဖြစ်ပြီး အတော်ပြင်းထန်သည်။ ယောက်ျား တစ်ယောက်သည် ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းခြင်းသည် အိပ်ရာကိစ္စတွင် အားနည်းခြင်းပင် ဖြစ်သည်။ သို့သော် ထန်ရှုအတွက် သည်ပြဿနာသည် ရိုးရှင်းပြီး လွယ်ကူသည်။

“ဘောပင်နဲ့စာရွက် ရှာလိုက်မယ်”

လုံကျန့်လင်းသည် ရပ်မနေဘဲ အပြေးအလွှားသွားကာ စာရွက်နှင့် ဘောပင် ရှာလာခဲ့သည်။ အလွန်အမင်း လိုချင်နေသော မျက်နှာဖြစ်နေသော လုံကျန့်လင်း၏ပုံသည် ထန်ရှုအား ရယ်ချင်စိတ်ကို ဖြစ်လာစေသည်။

လုံကျန့်လင်းအား ဆေးညွှန်းပေးပြီး သူထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ထန်ရှုသည်  စင်များဖြင့် ဆေးပင်များ ရောင်းသည့်နေရာသို့ ဆက်လျှောက်လာခဲ့သည်။ ကုန်းတာလုံသည် သူ၏နောက်တွင် တိတ်ဆိတ်စွာ လိုက်နေပြီး မည်သည့်စကားမှ မဆိုချေ။ ထန်ရှုသည် စိတ်ထဲမထားဘဲ လတ်တလောတွင် သူ့အား လျစ်လျူရှုထားသည်။ ယခုအချိန်တွင် သူသည် တန်ဖိုးကြီးသော ဆေးပင်များအား ရှာဖွေရန် လိုအပ်ပြီး အလွန်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရန်သာ ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ၏ကံကောင်းမှုသည် ရုတ်ခြည်းပင် ပျောက်ကွယ်သွားဟန် ရသည်။ အချိန်အတော်ကြာသည် အထိ မည်သည့်တန်ဖိုးရှိ ဆေးပင်များအား ထပ်မံတွေ့ရခြင်း မရှိတော့ပေ။ စိတ်ပျက်လက်ပျက်ဖြင့် သူ၏လမ်းကြောင်းအား ပြောင်းကာ ဆိုင်များဘက်ဆီသို့ လျှောက်လာခဲ့သည်။

ဆိုင်တိုင်းသည် ဗီရိုလေးများဖြင့် ခင်းကျင်းပြသ ရောင်းချနေကြသည်။ မည်သည့်ဆေးပင်မှ မလွတ်စေရအောင် ထန်ရှုသည် အရာရာတိုင်းအား ဂရုတစိုက် ကြည့်ရှုလာကြသည်။ သူ့မျက်လုံးထဲ ရောက်လာသော ဆေးပင်များ၏ ဈေးနှုန်းများသည်လည်း ပက်ပက်စက်စက် မြင့်မားလှသည် ဖြစ်သောကြောင့် ယခု သူ့အခြေအနေဖြင့် မတတ်နိုင်သောအရာများ ဖြစ်သည်။ ဈေးနှုန်းအတန်ငယ် သက်သာပါကလည်း သူ သဘောမကျသော ဆေးပင်များ ဖြစ်သည်။ နေအလင်းရောင်သည်ပင် တဖြည်းဖြည်း အားနည်းလာပြီး ညဘက်သို့ ရောက်လာပြီဖြစ်သည်။

ဆေးပင်ဈေး၏ လမ်းများတွင် မီးများ ထွန်းညှိလိုက်ကြပြီး ဆေးဆိုင် အများအပြားလည်း ပိတ်စပြုကုန်ပြီ ဖြစ်သည်။ ထန်ရှုသည် လုံကျန့်လင်း မပါဘဲ အေးအေးချမ်းချမ်းဖြင့် လျှောက်ကြည့်နေဆဲ ဖြစ်သည်။ သူ မီးရောင်လင်းနေသော နေရာအား လှမ်းကြည့်လိုက်ရာ ဆိုင်းဘုတ် မတပ်ထားသော ဆိုင်အား တွေ့လိုက်ရသဖြင့် ဝင်သွားလိုက်သည်။

“ကြိုဆိုပါတယ်။ သခင်လေး ဘာများ အလိုရှိပါသလဲ”

ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော အရောင်းစာရေးငယ် တစ်ဦးသည် အရောင်းသမ္ဘာရင့် အပြုံးအား ဆင်မြန်းလျက် ချဉ်းကပ်လာခဲ့သည်။

“ကျွန်တော် လိုက်ကြည့်ပါရစေဦး။ ကျွန်တော့်နောက် လိုက်စရာမလိုဘူး ရပါတယ်။ ကျွန်တော် ကြိုက်တဲ့ဆေးပင် တွေ့ရင် ခင်ဗျားကို ခေါ်လိုက်ပါမယ်”

“ကောင်းပါပြီ ...  လိုက်ကြည့်ပါဆရာ ...”

ထန်ရှုသည် ဆိုင်အတွင်းထဲရှိ ဆေးပင်များအား တန်းသွား မကြည့်သေးပဲ စိတ်ဝင်စားဖွယ် ကောင်းသည့် ဆိုင်အတွင်း ပြင်ဆင်ထားသော ရှေးဟောင်း ပြင်ဆင်မှုအား ကြည့်ရှုနေသည်။ သည်ဆေးဆိုင်လေးသည် တစ်စုံတစ်ယောက်မှ ကောင်းမွန်လှသည့် ဖုန်းရွှေ အစီအရင်ဖြင့် စီမံပေးထားသည်ကို တွေ့လိုက်ရသည်။

ဖုန်းရွှေပညာရပ်သည် သူနှင့်အလွန် အကျွမ်းတဝင် ဖြစ်သည့် နည်းလမ်းဖြစ်သည်။ အထူးသဖြင့် ယခုအစီအရင် ဖြစ်သည်။  ၎င်းသည် အလွန်ရိုးရှင်းပြီး တစ်ချက် ကြည့်ရုံဖြင့်ပင် အစီအရင် တစ်ခုလုံးအား သိရှိနိုင်သည်။ သူ၏အကြည့်တို့သည် ကောင်တာပေါ်တွင် တင်ထားသော အနာဂတ် ချမ်းသာခြင်းတို့အား သယ်ဆောင်သူကြောင်ပေါ်သို့ ရောက်သွားပြီး အပြုံးတစ်ချက် ပြုံးလိုက်မိသည်။

“အာ ... သည်ဆိုင်ပိုင်ရှင်က စိတ်ဝင်စားစရာ တကယ် ကောင်းတာပဲ။ ပစ္စုပ္ပန်ကို ဘောင်မခတ်ထားပဲ ရွက်လွှင့်ခြင်းနဲ့ အနာဂတ်ဆီက ချမ်းသာမှုတွေကို ဖိတ်ခေါ်ထားတာပဲ”

ဆိုရိုးရှိသည့်အတိုင်း ကုန်သွယ်မှုနှင့် အလုပ်အကိုင်များ အားလုံးတွင် စေတနာနှင့် လုံလဝီရိယ အလုံလောက်ထည့်ပြီး လုပ်ဆောင်သော လူသည် အောင်မြင်သော ကောင်းမွန်သော ရလဒ်များကို ရရှိမည်သာဖြစ်သည်။

ယနေ့ခေတ် သည်ကမ္ဘာမြေတွင်ပင် ဖုန်းရွှေသည် အသုံးဝင်နေဆဲ ဖြစ်သည်။ ဖုန်းရွှေဆရာ အများစုသည် လိမ်လည်သူများ ဖြစ်တတ်ကြသော်လည်း သူတို့တွင် စွမ်းရည်များ အမှန်တကယ် ရှိကြသည်။ ဖုန်းရွှေသည် နှစ်သန်းပေါင်းများစွာ ဖြတ်သန်းလာသော အဖိုးတန် အမွေအနှစ်ဖြစ်သည်။ သည်ဖုန်းရွှေ အစီအရင်အား ပြုလုပ်ပေးသူသည် ယခုရေးဆွဲထားသော အစီအရင်တွင် ကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်သည်။

ထို့နောက် …

ထန်ရှုသည် ရှိုးကေ့စ်အပေါ်တွင် ပြထားသော ဆေးပင်မျိုးစုံအား ကြည့်လိုက်သည်။ နှစ်တစ်ရာ သက်တမ်းရှိသော ဂျင်ဆင်းအား အံ့အားသင့်စွာ တွေ့လိုက်ရပြီး ၎င်း၏ဈေးနှုန်းအား အကြိမ်အနည်းငယ်ခန့် ကြည့်ပြီးသောအခါ သူ၏ ပါးစပ်များသည် မဲ့ရွဲ့သွားတော့သည်။

ဂဏန်း၇လုံး …

နှစ်တစ်ရာ သက်တမ်းရှိသော ဂျင်ဆင်းအား ရောင်းသည့် ဈေးနှုန်းမှာ ဂဏန်း၇လုံး ဖြစ်သောကြောင့် ထန်ရှု မတွေးပဲ မနေနိုင်တော့ချေ။ အင်မော်တယ်ကမ္ဘာမှ သူ၏ဆေးပင်များအား ကမ္ဘာမြေပေါ်တွင်  ရောင်းချပါက ဂြိုဟ်တစ်ခုလုံးအား သူဝယ်နိုင်လိမ့် ပေလိမ့်မည်။

သူသည် ဖြည်းဖြည်းချင်း လိုက်လံကြည့်ရှုပြီးနောက် စိတ်ပျက်မှုသည် သူ၏ မျက်နှာထက်တွင် အထင်းသား ပေါ်လာခဲ့သည်။ သည်ဆိုင်သည်လည်း အခြား ဆေးဆိုင်များကဲ့သို့ပင် ဈေးနှုန်းများသည် အလွန် မြင့်မားသောကြောင့် သူသည် ဈေးနှုန်း သက်သာသော ဆေးပင်များကိုပင် မကြည့်တော့ရန် ဆုံးဖြတ်လိုက်သည်။

အခု သူအိမ်ပြန် ရတော့မှာလား။

သူသည် စိတ်မပါသော်လည်း ဆေးပင်များရှိသေးသည့် အခြားဗီရိုအား လှမ်းကြည့်လိုက်သည်။ သူ၏ခြေလှမ်းများ ထိုဘီရိုရှေ့တွင် ရပ်တန့်သွားရပြီး အတွင်းမှ စိတ်ဝိညာဉ် သစ်သီးအား မြင်တွေ့လိုက်ရသော အခါတွင် သူ၏မျက်နှာထက်တွင် ရုတ်တရက် အံ့သြသည့်အမူအရာ ပေါ်ထွက်လာခဲ့သည်။

သန့်စင်သော နဂါးမောက်သီးလား ...  ကမ္ဘာမြေပေါ်မှာ သန့်စင်မွန်မြတ်သည့် နဂါးမောက်သီး ရှိနေခဲ့တာလား ...။

ထန်ရှုသည် သူ၏ရင်တွင်းမှ အံ့သြတုန်လှုပ်မှုအား တိတ်တဆိတ် ဖိနှိပ်ထားလိုက်သည်။ သူ၏ မျက်လုံးအစုံသည် ဈေးနှုန်းပေါ်သို့ ကျရောက်သွားရာ ယောင်ပြီး ဆဲမိလုနီးပါးပင် ဖြစ်သွားရသည်။ ထို သန့်စင်မွန်မြတ်သည့် နဂါးမောက်သီးသည် အံ့အားသင့်စွာပင် ၈၈၈၈ယွမ်သာလျှင် ရှိနေသည်။

တကယ်ကို တန်ဖိုးမရှိသည့် ရင်းမြစ်ပေလား …။

အင်မော်တယ် ကမ္ဘာတွင် မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များသည် သည်သန့်စင်မွန်မြတ်သည့် နဂါးမောက်သီး ရရန်အတွက် တိုက်ခိုက်ကြ ခေါင်းအဖြတ်ခံကြပင် ရှိခဲ့သည်။ အသီးအား သန့်စင်ပြီး ဆေးလုံးအဖြစ် ဖော်စပ်လိုက်ပါက ၎င်းသည် ဧကန်မုချပင် ထိပ်တန်းအဆင့် အဆင့်ချိုးဖြတ်သည့် ဆေးလုံး ဖြစ်လာလိမ့်မည်။ တစ်ခုသိရမည်မှာ ထိုဆေးလုံး တစ်အောင်စသည် သာမန် လူတစ်ယောက်ကိုပင် အင်မော်တယ်အဆင့်သို့ ရောက်အောင် ပြုလုပ်ပေးနိုင်သည်။ အဆင့်နိမ့် အင်မော်တယ် တစ်ယောက်သည် ဆေးလုံးအား မှီဝဲလိုက်ပါက အချိန်တိုအတွင်း  ရွှေရောင်အင်မော်တယ် အဆင့်သို့ ရောက်ရှိသွားလိမ့်မည် ဖြစ်ပြီး အများဆုံး လေးစားခံရသည့် အင်မော်တယ် ဖြစ်လာပေမည်။

တစ်ဆိုင်လုံးတွင် ရှိသည့် တန်ဖိုးရှိဆေးပင်များ၏ ဈေးနှုန်းအား အဆ ၁၀၀၀၀ဖြင့် မြှောက်လျှင်တောင်မှ သည် သန့်စင်မွန်မြတ်သည့် နဂါးမောက်သီးအား မှီနိုင်မည် မဟုတ်ပေ။

“မစ္စ”

ထန်ရှုသည် သူ့အား နှုတ်ဆက်သော အမျိုးသမီး အရောင်းစာရေးအား ခေါ်လိုက်သည်။

သူမသည် ပြုံးလျက် ရောက်ရှိလာပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။

“ဆာ … လိုချင်တာ တစ်ခုခု တွေ့ပြီလား ...”

ထန်ရှုသည် သန့်စင် မွန်မြတ်သည့် နဂါးမောက်သီးအား ညွှန်ပြကာ ပြောလိုက်သည်။

“ကျွန်တော် ဒီဟာ လိုချင်ပါတယ်”

အရောင်း အမျိုးသမီးသည် ပြုံးလျက် …

“ဆရာက တကယ် ကြည့်တတ်တာပဲ။ ဒီအသီးကို မြေနဂါးမောက်သီးလို့ ခေါ်တယ်။ ဆေးတွေကို ဒီဟာနဲ့ ဖျော်စပ်နိုင်တယ် အဲဒီဟာက ဆရာ့ကို အလွန် အင်မတန် ကောင်းမွန်တဲ့ သက်ရှည် ဖျတ်လတ်မှုကို  ပေးတယ်။ ဒီစိတ်ဝိညာဉ် သစ်သီးရဖို့ ခက်လွန်းတာက ကံမကောင်းတာပဲ။ ကျွန်မတို့ သူဌေးတောင် ကျင်းဟိုင်က အဆက်အသွယ်တွေကနေ ရလာတာ။ အာ ... ဟုတ်ပြီ။ သူ့မှာ အချိန်တိုအတွင်း မရင့်မှည့်သွားနိုင်အောင် ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ ချစ်စရာကောင်းတဲ့ သေတ္တာလေးပါ သေးတယ်”

“ကျေးဇူးပြုပြီး ပြပါဦး။ အဲဒါအတွက် ပေးပါမယ်”

“အိုကေ … ကျွန်မနောက် လိုက်ခဲ့ပါ”

ရိုးရှင်းသော ပေးချေမှု ပြုလုပ်ပြီးနောက် သန့်စင်မွန်မြတ်သည့် နဂါးမောက်သီးသည် ထန်ရှလက်ထဲသို့ ရောက်ရှိလာခဲ့သည်။ ကြီးမားသော ရိတ်သိမ်းမှုအား ရရှိပြီးနောက် ထန်ရှုသည် ဈေးထဲတွင် ဆက်လက် လျှောက်သွားရန် စိတ်မရှည်တော့ပါပေ။

ဆေးပင်ဈေးမှ ထွက်ခွာလာပြီးနောက် ထန်ရှုသည် သူ၏အနောက်မှ တကောက်ကောက်လိုက်နေသော ကုန်းတာလုံအား ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ဒီညနေဖို့ ခင်ဗျားမှာ နေစရာရှိလား ...”

“ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အချိန် သိပ်မရှိလို့ စောစော ပြန်ရပါလိမ့်မယ်”

ထန်ရှုသည် ခေါင်းညိတ်ပြလိုက်ပြီး လမ်းထောင့်မှ အငှားကားတစ်စီးအား ခေါ်လိုက်ပြီး ကုန်းတာလုံကိုပါ တောင်တံခါးမြို့သို့ ခေါ်ဆောင်လာခဲ့သည်။ သူသည် ကျားလွေဒေါင်၏ ပြဿနာတွင် ဝင်မပါချင်သော်လည်း ကုန်းတာလုံအား သူ၏ စိတ်နေ သဘောထားအရ တွေ့ချင်ပေသည်။

အိမ်အတွင်း …

အိမ်သည် သန့်ရှင်း သပ်ရပ်သွားသောကြောင့် ထန်ရှုသည် အိမ်ရာဖွံ့ဖြိုးရေး ရုံးခန်းမှ သန့်ရှင်းရေး ဝန်ထမ်း၏ လုပ်ဆောင်မှုအား စိတ်ကျေနပ် သွားခဲ့ရသည်။ သူသည် ကုန်းတာလုံအား ထိုင်ရန် လက်ဟန်ပြလိုက်ပြီး သူသည်လည်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

“ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပါဦး”

ကုန်းတာလုံသည် မချိပြုံး ပြုံးလိုက်ပြီး ပြောပြသည်။

“အမှန်တကယ်တော့ သည်ပြဿနာ စဖြစ်တဲ့သူက ကျွန်တော့်ညီ အငယ်ဆုံး ကျားယီလဲ့ပါ။ ကျားယီလဲ့က ဆရာ့သားလည်း ဖြစ်ပါတယ်။ ဆရာ့မှာ တပည့်၃ယောက်ပဲ ရှိပါတယ်။ ကျွန်တော်က ပထမတပည့်၊ ဒုတိယတပည့်က ကျန်းထျဲချွန်နဲ့ နောက်ဆုံး တတိယတပည့်က ကျားယီလဲ့ပါ”

“အငယ်ဆုံးလေးက လွန်ခဲ့တဲ့ရက်ပိုင်းက လောင်းကစား လုပ်ခဲ့ပြီး တစ်ဖက်သားရဲ့ ထောင်ချောက်မှာ ကျခဲ့တယ်။။ သူ့မှာရှိသမျှ ပိုက်ဆံတွေသာမက သူ့ရဲ့ များပြားလှတဲ့ ပစ္စည်းတွေပါ အကုန် ရှုံးသွားတယ်။ သူက ရှုံးထားသမျှ ပြန်ယူနိုင်အောင် သူ့ထက် လောင်းကစား စွမ်းရည်ကောင်းတဲ့ ဒုတိယအစ်ကို ကျန်းထျဲချွန်ကို လှမ်းခေါ်ခဲ့တယ်။

“အကျိုးဆက်ကတော့ ညီအစ်ကို၂ယောက်လုံး ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ သူတို့ ပိုင်ဆိုင်သမျှတွေ ရှုံးရုံမကဘူး ပြိုင်ဘက်လူဆီကနေ ယွမ်၁သန်း ချေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပေမဲ့ အဲဒါလည်း ရှုံးသွားခဲ့တယ်။ သူတို့တစ်ပြားမှ မကျန်တော့တဲ့အထိ ဖြစ်မှ ဆရာ့ကို ဒီအကြောင်း လှမ်းပြောပြတယ်”

“ပထမတော့ ဆရာက ချေးထားတဲ့ငွေဆပ်ပြီး ဒီဟာကို လျှော်ထားဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ အငယ်ဆုံးက အဲဒီလို မဖြစ်ချင်ခဲ့ဘူး။ သူက ဆရာ့ကို အဲဒါတွေ ပြန်ရဖို့ ရက်အနည်းငယ် တောင်းဆိုရင်းနဲ့ ဒီအရှုပ်အထွေးထဲ ပါဝင်စေခဲ့တယ်။ ဆရာလည်း သူ့ရဲ့တောင်းဆိုချက်ကို လျစ်လျူမရှုနိုင်ခဲ့တော့ အဲဒီပြိုင်ဘက်ဆီသွားပြီး လောင်းကစား လုပ်ခဲ့တယ်။ ရလဒ်ကတော့ …”

ထန်ရှုသည် ကုန်းတာလုံ၏ စကားအား ဖြတ်ပြောလိုက်သည်။ “ရလဒ်က ပြိုင်ဘက်က ပိုအစွမ်းသာနေတဲ့ အတွက် သူ ရှုံးသွားခဲ့တာပဲ။ သနားစရာ ကောင်းအောင်ကို ရှုံးသွားခဲ့တာ မဟုတ်လား”

“ဟုတ်တယ်။ ကျွန်တော့်ဆရာ အတော် သနားစရာ ကောင်းလောက်အောင် ရှုံးခဲ့တယ်” ကုန်းတာလုံသည် ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

“ပြိုင်ဘက်က ကိုယ့်ထက် သာနေတာကို ဘာလို့ မစွန့်လွှတ်နိုင်သေးပဲ ကျွန်တော့်ကို လာကူစေချင်ရတာလဲ”

“ဒီဟာက လောင်းကစားခြင်းရဲ့ သဘာဝပဲ။ တစ်ကြိမ် အမှောင်ဖုံးသွားတာနဲ့ လောင်းကစား ဘုရင်တောင်မှ သူတို့စိတ်ကို မနိုင်တော့ဘူး။ အဲဒါအပြင် ဆရာက ပြိုင်ဘက်ရဲ့ စိတ်ဆွခြင်းကို ခံရပြီး သူ့ရဲ့စိတ်ခံစားမှုကို လှုံ့ဆော်ပေးတာ ခံရတော့ သွားလေသူ ဆရာကတော်ရဲ့ကျောက်စိမ်း ဆွဲသီးလေးကိုပါ  လောင်းကြေး ထပ်လိုက်မိတယ်”

“ရှုံးသွားတာပဲ မဟုတ်လား” ထန်ရှု စကား ထောက်ပေးလိုက်သည်။

“ဟုတ်တယ်။ သူ ရှုံးသွားခဲ့တယ်”

ကုန်းတာလုံသည် ခေါင်းငိုက်စိုက်ချလျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။

ထန်ရှုသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“အဲဒီတော့ကာ ခင်ဗျားရဲ့ဆရာ နောင်တတွေ ရနေရင်တောင်မှ သူ့မှာ ရွေးချယ်စရာ မရှိဘဲ ဆက်ကစားနေရမှာပေါ့ အဲဒီလိုမဟုတ်လား။ သွားလေသူဇနီးရဲ့ ဆွဲသီးလေးကိုပဲ ပြန်ယူချင်ရုံပဲလား၊ ရှုံးထားတဲ့ငွေတွေရော ပြန်မလိုချင်ဘူးလား”

ကုန်းတာလုံ ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ ...  ဆရာက ပိုက်ဆံတွေ နေ့တိုင်း အများကြီး ချေးပြီး ကစားပါတယ်။ ဒါပေမဲ့ အကြိမ်တိုင်း တအား ရှုံးပါတယ်။ ဆရာ့မှာ အခြားဝင်ငွေ မရှိလို့ ကျွန်တာ့်ကို လွှတ်ပြီး အကူအညီ လာတောင်းစေတာပါ”

*****

All Chapters