← Chapters

ပထမဆုံး တွေ့ဆုံမှု

Vol. 02 Ch. 75

ပထမဆုံး တွေ့ဆုံမှု

Vol. 02 Ch. 75

“ဆရာမဟန် … စူပါမားကတ်ကို ဆရာမ ရေသွားဝယ်ဖို့ ထွက်သွားတဲ့ အချိန်မှာ ကျွန်တော် သူငယ်ချင်း တစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက အပြင်းအထန် နေမကောင်း ဖြစ်နေတာ။ ကျွန်တော်က တရုတ်တိုင်းရင်းဆေး အကြောင်း သိတော့ သူက ကျွန်တော့်ကို ခေါ်သွားလို့ သူ့ကို ရက်အနည်းငယ် ကုပေးနေရတာ။ နောက်ဆုံးတော့ ကောင်းကင်ဘုံက သူတို့ ဆုတောင်းတာကို ဖြည့်ဆည်း ပေးလိုက်တယ်နဲ့ တူတယ်။ မနေ့က ကျွန်တော် သူ့ကို ပျောက်ကင်းအောင် ကုပေးနိုင်ခဲ့တယ်” ထန်ရှုသည် အကြောင်းပြချက် ခိုင်လုံသော မုသားဖြင့် သူ တွေးထားသည့်အတိုင်း ဆရာမဟန်အား ကောင်းမွန်စွာ ပြောပြလိုက်သည်။

ဟန်ကျင်းဝူသည် ပြန်ခွန်းတုံ့ပြန် လိုက်သည်။

“ကောင်စုတ်လေး … နင် တခြားသူတွေကို ကုတယ်ဆိုရင်တောင်မှ ဘာကြောင့် အလျင်လိုနေတာလဲ။ အဲဒါဆို ငါ မဝယ်ဘူးပေါ့ … နင် တရုတ်တိုင်းရင်းဆေးကို ဘယ်တုန်းက သင်လိုက်တာလဲ။ ငါ ထင်တာတော့ နင် လေလုံးထွားနေတာပဲ။ စကားတစ်လုံးမှတောင် ယုံကြည်စရာ တစ်ကွက်မှ မပါဘူး”

ထန်ရှုသည် မတရားခံလိုက်ရသူ တစ်ယောက်နှယ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဆရာမဟန် … ကြီးမြတ်တဲ့ ဆရာအားလုံးက သူတို့စကားကို လက်လွတ်စပယ် မပြောဘူး။ ကျွန်တော် တစ်ကမ္ဘာလုံးကို ညာရင်တောင်မှ ဆရာမကို မညာရဲပါဘူး။ ဆရာမ မယုံရင် ကျွန်တော် သူ့ရဲ့ဖုန်းနံပါတ် ပေးပါမယ်။ ဆရာမ သူ့ဆီ တိုက်ရိုက် ဖုန်းဆက်ပြီး မေးနိုင်ပါတယ်”

“အမှန်တကယ် အတွက်လား …”

ဟန်ကျင်းဝူသည် သံသယဖြစ်နေဆဲ မယုံကြည်နိုင်သေးဆဲ ဖြစ်သည်။

ထန်ရှုသည် ကိုယ်အား မတ်မတ်ထားလိုက်ပြီး ခိုင်မာတိကျ ပြတ်သားသောအသံဖြင့် …

“ဟုတ်ကဲ့ ...။ သူက နာမည်ကြီး လူတစ်ယောက်ပါ။ အာ ... သူ့အမည်ကို ကျွန်တော် ပြောပြလိုက်ရင် ဆရာမ ကြားဖူးနိုငတယ်လို့ ကျွန်တော် ထင်တယ်။ သူက ချန်းကျီကျုံးဆိုတဲ့ စီးပွားရေးသမား တစ်ယောက်ပါ။ ကျွန်တော့်မှာ သက်သေ တစ်ယောက်လည်း ရှိပါတယ်။ လုံဂရုရဲ့ အကြီးအကဲ လုံဟန်ဝမ်ကိုတော့ ဆရာမ ကြားဖူးသင့်တယ် မဟုတ်လား”

ဟန်ကျင်းဝူ မျက်လုံးဝိုင်းသွားသည်။ ပြီးခဲ့သော အချိန်ပိုင်းက ထန်ရှု၏စကားအား သူမ သံသယဖြစ်ရုံသာ ဖြစ်ခဲ့သည်။ ယခု အလွန်သေးငယ်သော ယုံကြည်မှုသည်ပင် မျက်တောင်တစ်ခတ် အတွင်း ကွယ်ပျောက်သွားလေပြီ။

ချန်းကျီကျုံးနှင့် လုံဟန်ဝမ်လား …။

သည်လူနှစ်ယောက် အကြောင်း သူမ သေချာပေါက် ကြားဖူးသည်။ သူမသာလျှင် မဟုတ် ၉၉% သော ကြယ်တာရာမြို့တော်တွင် နေထိုင်သည့် လူများသည်လည်း ဧကန်မုချ ထိုလူနှစ်ယောက် အကြောင်း ကြားဖူးပါလိမ့်မည်။ ပြီးတော့ ထန်ရှုက ဘယ်သူမို့ပါလဲ။ သာမန် အထက်တန်း ကျောင်းသားလေး တစ်ယောက်က ထိုကြီးမားသော ပုံရိပ်ရှိသော လူနှစ်ယောက်အား မည်ကဲ့သို့ သိနိုင်ပါမည်နည်း။

ထန်ရှု ပြောသော အကြောင်းပြချက်တွင် မရေမရာဖြင့် ဟာကွက်များရှိသည်ဟု ခံစားနေရသော်လည်း ထန်ရှု၏ ကျောင်းစာ လေ့လာမှုများနှင့် ပတ်သက်သည့် သူ၏သဘောထားနှင့် ဖာထေးလိုက်သည်။

အဓိပ္ပာယ်မရှိသော စကားများအား ထန်ရှု ပြောသည်ဟု သူမထင်သော်ငြား ထပ်မံစုံစမ်းမှု မလုပ်ချင်တော့ပေ။

“ထန်ရှု … နင့်စကား မှားလား မှန်လား ငါ မစစ်ချင်တော့ဘူး။ နင့်စိတ်ထဲ သွင်းရမှာက ကောလိပ်ဝင်ခွင့် စာမေးပွဲက တစ်လပဲ လိုတော့တယ်။ နင့်ကို စာစစ်ဖို့အတွက် သီးသန့်မေးခွန်း တစ်စုံကို ပြုလုပ်ဖို့ တခြားဆရာတွေကိုပါ ငါ တောင်းဆိုလိုက်မယ်။ နင့်ရလဒ်က ပြီးခဲ့တဲ့အခေါက်က ဖြေခဲ့တဲ့ စာမေးပွဲလောက် မကောင်းရင် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဖို့ အဆင့်မမီဘူးလို့ ငါ သတ်မှတ်မှာမို့ ဂရုစိုက်ပါ”

“မျှော်လင့်ထားတဲ့ အတိုင်း သူမ ပြောသမျှ အရာရာက အမြဲတမ်း ပညာရေး လုပ်ဆောင်မှုကိုပဲ”

ထန်ရှုသည် စိတ်ထဲတွင် ကျိတ်ကာ ရယ်မောလိုက်သည်။ ဟန်ုကျင်းဝူသည် ထပ်ကာထပ်ကာ သူမ၏ တစ်သွေးတစ်သံ အမိန့်အား ထန်ရှုကို ပြောပြသည်။ သို့သော် ထန်ရှုသည် သူ အောင်မြင်လိမ့်မည်ဟု ယုံကြည်သည်။ စိန်သည် ပွတ်တိုက်မှုမရှိဘဲ အရောင်မထွက်နိုင် သကဲ့သို့ အခက်အခဲမရှိပါဘဲ ကြီးမြတ်သော လူတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သူ့အတွက် သီးသန့် ပြင်ဆင်ပေးမည့် ထိုစာမေးပွဲအား ကြောက်ရွံ့မှု မရှိချေ။

သူ စာသင်ခန်းထဲ့သို့ ပြန်ဝင်လာသောအခါ ယွမ်ချူးလင်သည် သူ့အား စနောက်လိုသော အမူအရာဖြင့် ကြည့်နေသည်ကို တွေ့ရသည်။

“အစ်ကိုကြီး … မင်း ကျောင်းမလာတဲ့နေ့က ဆရာမဟန်ကို ဘာစာပို့လိုက်တာလဲ။ ဆရာမမျက်နှာ ရဲသွားတာ တစ်ခန်းလုံး တွေ့ရတယ်”

အဲဒီနေ့ကလား …။

ထန်ရှု ပြန်စဉ်းစားလိုက်ပြီး မပျော်ရွှင်သောအသံဖြင့် ရယ်လိုက်သည်။ ယွမ်ချူးလင်၏ မျက်နှာထက်မှ စပ်စုလိုသော အမူအရာအား ကြည့်လိုက်ပြီး ထန်ရှုသည် တိတ်တဆိတ် ခေါင်းယမ်းလိုက်ကာ သူ့အား အာရုံမစိုက်တော့ချေ။

အရေပြား ပြောင်းလဲမှုအဆင့် အတွက် သူသည် ဆေးဖက်ဝင်အရာများ အမြောက်အမြား စုဆောင်းရန် လိုအပ်နေပြီး ယခုအချိန်ထိ ကျန်သော ဆေးဖက်ဝင်များ သူ မရှာရသေးချေ။ ထို့ကြောင့် ထန်ရှုသည် သူ၏ကျင့်စဉ်အား ပထမအရာထားပြီး ထိုလိုအပ်သော အရာများအား တတ်နိုင်သမျှ မြန်မြန်စုဆောင်းရမည် ဖြစ်သည်။

ငွေရှာရန်အတွက် သူသည် ကြိုးရှည်ရှည် ချထားသည်ဖြစ်ပြီး ငါးကြီးမှ ငါးမျှားချိတ်အား လာဟပ်ခြင်းကို စောင့်ဆိုင်းရုံသာ ဖြစ်သည်။ ခန်းရှအား အလုပ်ခန့်ပြီးပြီ ဆိုပါက သူ၏လက်ထဲတွင် ရှိသော အသားဖြူလိမ်းဆေးနှင့် အမာရွတ် ပျောက်ဆေးတို့သည် ကံကြမ္မာတစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု သူယုံကြည်သည်။

မကြာမီ …

သူ လတ်တလော ပြုလုပ်ပြီးသွားသော အရာတိုင်းအား စုစည်းပြီးသွားပြီ ဖြစ်သည်။

“ထန်ရှု … မင်း ဆိုးဝါးတဲ့ကောင်ပဲ။ ငါ့မိဘတွေကို ဘာလုပ်လိုက်တာလဲ”

ကျယ်လောင်သော အော်သံနှင့်အတူ မိုးခြိမ်းသံပမာ လက်ခုပ်တီးသံသည် စာသင်ခန်း တံခါးဝမှ ထွက်ပေါ်လာခဲ့သည်။

မီတာ၁၀၀ အရှိန်နှင့် စုရှန့်ဖေးသည် ထန်ရှုဆီသို့ ခြိမ်းခြောက်သည့် ဟန်ဖြင့် မုန်တိုင်းတိုက်သည့်ပမာ ချဉ်းကပ်လာခဲ့သည်။ ထန်ရှု စွမ်းအားကြီးမှန်း သူသိသော်လည်း သည်တစ်ကြမ်တွင် သူသည် လျစ်လျူမရှု နိုင်တော့ပေ။ အိမ်၏ အခြေအနေအား ပြန်တွေးကြည့်လိုက်ရင် သူ၏ဖခင်သည် ဒေါသတကြီး အိမ်ရှိပစ္စည်းများအား ဖျက်ဆီးနေပြီး သူ၏မိခင်သည် ဆိုဖာပေါ်တွင် တုံ့ဆိုင်းစွာဖြင့် ထိုင်ကာ မျက်ရည်များအား သုတ်နေသည်။ ထိုအဖြစ်အပျက်သည် ထန်ရှုအား အရေခွံဆုတ်ပြီး ၈ပိုင်းပိုင်းပစ်ချင်သည့် အထိ သူ့အား ဒေါသထွက်စေသည်။

ယွမ်ချူးလင်သည် ရုတ်ခြည်းပင် စုရှန့်ဖေးအား စိုက်ကြည့် နေလိုက်သည်။ စုရှန့်ဖေးသည် ထန်ရှုအား တိုက်မိတော့မည့် ဆဲဆဲတွင် သူသည် လျင်မြန်စွာ မတ်တတ်ရပ်ကာ ကန်လိုက်လေရာ သူ၏ခန္ခာကိုယ်သည် မီတာအနည်းငယ်ထိ လွင့်စဉ်သွားပြီး စားပွဲများအား ပြင်းထန်စွာ တိုက်ချ သွားလေတော့သည်။

“အား …”

ဝက်တစ်ကောင်အား သားသတ်နေသကဲ့သို့ အော်လိုက်သော အသံသည် စုရှန့်ဖေး၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။

ထန်ရှုသည် မျက်မှောင်ကုတ်သွားသည်။ နဖူးအား ထိခိုက်သွားသဖြင့် မတ်တတ်ရပ်ရန် ကြိုးစားနေသော စုရှန့်ဖေးအား ကြည့်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“စုရှန့်ဖေး … မင်းနေမကောင်းရင်လည်း ကိုယ့်ဘာသာကိုယ် စိတ်ရောဂါဆေးခန်း သွားပြီး ကျန်းမာရေး ကောင်းမကောင်း စစ်ဆေးလိုက်ပါ။ မင်း ကောင်းနေရင် ငါ့ကို အမြဲတမ်း ရန်စရဲမှာ မဟုတ်ဘူး။ မင်းရဲ့ စိတ်ကြီးဝင် အထက်စီးဆန်တဲ့ မိဘတွေကို ရန်စတဲ့သူက ငါမဟုတ်ဘူး။ ငါက သူတို့ကို $ဂရုကိုမစိုက်တာ။ သူတို့ ဘာဖြစ်ခဲ့လဲ မင်းသိရင် ဆေးရုံကို ခေါ်သွားပြီး သူတို့ကို စစ်ဆေးလိုက်ပါ။ နားလည်လား ...”

စုရှန့်ဖေး၏ မျက်လုံးများမှ မီးများပွင့်သကဲ့သို့ ဖြစ်သွားပြီး ထန်ရှုအား ဟိန်းဟောက်လိုက်သည်။

“အဲဒါ မင်းကြောင့်ပဲ ဖြစ်ရမယ်။ မင်း တစ်ခုခု လုပ်လိုက်လို့သာ နေမှာပေါ့ နို့မို့ဆို ငါ့အဖေက မင်းကို အကျယ်ကြီး ဆဲရေးပြီး အိမ်ကဟာတွေ ဖျက်ဆီးနေမှာ မဟုတ်ဘူး။ ငါ့ကို ပြောစမ်းပါ ဟေ့ကောင်။ မင်း ငါ့မိဘတွေကို ဘာလုပ်လိုက်လဲ။ မပြောလို့ကတော့ မင်းကို ငါ သတ်မယ်”

ထန်ရှုသည် လှောင်ရယ်ရယ်လျက် …

“မင်းက ငါ့ကို သတ်မယ်ဟုတ်လား။ မင်းက စွမ်းနိုင်လို့လား။ ပြီးခဲ့တုန်းကလည်း မင်း ငါ့ကို ပိုက်ဆံခိုးတယ်ဆိုပြီး ထောင်ချောက် ဆင်ခဲ့တယ်။ ငါက အသည်းနှလုံး မနူးညံ့တတ်တော့ အဲဒီဟာအတွက် မင်းအခု ထောင်ထဲ သွားရနိုင်တယ်”

ချန်းယန်နန်သည် ရုတ်တရက် သူမထိုင်ခုံမှ မတ်တတ်ရပ်လိုက်ကာ စုရှန့်ဖေးအား ဒေါသ အလွန်ထွက်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြောလိုက်သည်။

“စုရှန့်ဖေး … ငါ့အစ်မ အကြီးဆုံးက ဒီအမှုကို တာဝန်ယူထားတဲ့သူ။ အစ်မကြီးက ငါ့ကို ပြောတယ်။ နင့်နဲ့ နင့်အစ်မက ထန်ရှုကို ပိုက်ဆံခိုးတယ်ဆိုပြီး အမှန်တကယ် အကွက်ဆင်တာဆိုပဲ။ ဒီအခန်းမှာလည်း နင် ပြဿနာမရှာသင့်ဘူး။ ပြဿနာ ပိုမို ကြီးထွားတာနဲ့ နင့်ရဲ့ ကောလိပ်ဝင်ခွင့် အရည်အချင်းကို ကျောင်းက ပယ်ဖျက်လိမ့်မယ်”

စုရှန့်ဖေး၏မျက်နှာသည် လျှပ်တစ်ပြက်အတွင်း ခရမ်းချဉ်သီးမှည့်ကဲ့သို့ နီရဲသွားသည်။ ချန်းယန်နန်သည် မတ်တတ်ရပ်ကာ ထန်ရှုဘက်မှ ပြောပေးလိမ့်မည်ဟု သူ မထင်ထားမိချေ။ သူမသည် ကသိကအောက် နိုင်ခဲ့သော အဖြစ်အပျက်ကိုပင် ဖော်ပြလိုက်ခြင်းဖြင့် စာသင်ခန်း တစ်ခုလုံးသည် ထိုဖြစ်စဉ်အား သိရှိသွားတော့သည်။

လူကြားထဲမှာ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လေလဲ …။

သည်ဟာသည် တစ်ခဏအတွင်း စုရှန့်ဖေး အတိအကျ ခံစားလိုက်ရမှုပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထန်ရှု၊ ချန်းယန်နန်နှင့် သူ့အား ကန်လိုက်သော ယွမ်ချူးလင်တို့အား အရိုးထဲမှပင် မုန်းတီးမိသည်။

ရုတ်တရက် ချက်ချင်းပင် ဟိန်းထွက်လာသော အသံတစ်သံသည် စာသင်ခန်းထဲရှိ ကျောင်းသားများအား တပ်လှန့်လိုက်သည်။

“ဘုရားရေ … ဒါ တကယ်လား။ စုရှန့်ဖေးက ထန်ရှုကို အကွက်ဆင်ခဲ့တာလား။ ထန်ရှုကို ပြဿနာရှာသူလို့ပဲ တွေးနေခဲ့တာ။ စုရှန့်ဖေးလို သည်လို အကျင့်ဆိုးရှိမယ်လို့ မထင်ထားမိခဲ့ဘူး”

“ငါ့ကောင်တွေ … ငါတို့ စုရှန့်ဖေးကို သိတာကြာပေမဲ့ သူ့ရဲ့ အကျင့်စရိုက်အမှန်ကို မသိသေးဘူးပဲ။ စုရှန့်ဖေး ဒီလို ရှက်စရာကောင်းတာ လုပ်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမဲ့ သူတို့ ပြောတာ နားထောင်ရတာ တစ်ယောက်ပြောတာ တစ်ယောက် နားလည်နေသလိုပဲ။ သူတို့မိသားစုကြားထဲမှာ ရှိတဲ့ အမုန်းတရားက ဘာများဖြစ်နိုင်မလဲ”

“ဘောပဲကွာ။ ငါက စုရှန့်ဖေးကို လူကောင်းတစ်ယောက်လို့ ထင်ထားခဲ့တာ။ အခုမှပဲ သူ့ရဲ့သရုပ်အမှန်ကို သိတော့တယ်။ အခုကစပြီး သူ့ကို ရှောင်မှဖြစ်မယ်”

“ … ...”

ထိုအချိန်မှာပင် လှပသော ကိုယ်လုံးကောက်ကြောင်းအား ဖက်ရှင်ကျကျ ဝတ်ဆင်ထားသည့် လှပသော မျက်နှာပိုင်ရှင်သည် အခန်းတံခါးတွင် ဆွဲဆောင်မှု အားကောင်းလှစွာဖြင့် ပေါ်ထွက်လာသည်။

စုရှန့်ဖေးသည် ထိုအချင်းအရာအား သတိမပြုမိချေ။ သူသည် ရှက်သော၊ မခံချိမခံသာ ဖြစ်သော ခံစားမှုအား ဖုံးကွယ်ကာ သူ၏အကြည့်များအား ချန်းယန်နန်မှသည် ထန်ရှုဆီသို့ ကြည့်သွားလိုက်သည်။ ထန်ရှုထံအရောက်တွင် အမျက်ထွက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး အော်ဟစ်ပြောတော့သည်။

“ထန်မျိုးရိုးကောင် … မင်း အမြဲတမ်း မိန်းမနောက်မှာပဲ ပုန်းမနေနဲ့။ ဒါ ယောက်ျား တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး။ မင်းမှာ စွမ်းရည်ရှိရင် လာပါ ... ငါနဲ့ချရအောင် ...”

“မိန်းမတစ်ယောက် နောက်မှာ ပုန်းကွယ်နေတဲ့ ယောက်ျားက အမှန်တကယ် ယောက်ျားမစစ်ဘူးပေါ့။ ဒါပေမဲ့ ယောက်ျား တစ်ယောက်က ခန်းရှကို စိတ်ဝင်စားအောင် လုပ်နိုင်စေတယ် ဆိုရင်တော့ ဒီယောက်ျားကို အဲဒီစာရင်းထဲ ထည့်လို့မရဘူးလို့ ငါထင်တယ်”

ခန်းရှ စာသင်ခန်းထဲ လျှောက်လှမ်းလာသည့် ခဏတွင် အတန်းထဲရှိ မျက်လုံး အားလုံးတို့သည် သူမသွားရာနောက် လိုက်ပါသွားကြပြီး တော်ဝင်ဆန်ကာ တင့်တယ်သည့် ဘုရင်မတစ်ပါး ရောက်လာသည့်နှယ် ခံစားနေရသည်။

သူမသည် စာသင်ခန်းထဲ ရောက်သည်နှင့် စုရှန့်ဖေးရှေ့တွင် ရပ်ကာ ထပ်မံ ပြောဆိုလိုက်သည်။

“ငါ မင်းကို မှန်အောင် ပြင်ပေးရမယ်။ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဆိုတာ ရန်ဖြစ်ခြင်းနဲ့ သက်သေပြလို့မရဘူး။ ပြဿနာကို လက်သီးနဲ့ဖြေရှင်းတဲ့ လူတွေက ပြင်းပြင်းထန်ထန် အတင်းအကျပ်ခိုင်းတာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် အရူး၊ လူမိုက်တစ်ယောက်ပဲ။ အခု ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်ပါဦး ငါက ဘယ်လိုလူစားမျိုး ဖြစ်နေပြီလဲလို့”

“ကျွန်တော် …ကျွန်တော် ...”

စုရှန့်ဖေး၏ မျက်နှာပေါ်မှ ဒေါသရိပ်များ အေးခဲသွားသည်။ အတန်းပိုင်ဆရာမ ဟန်ကျင်းဝူထက် နည်းနည်းမျှပင် မလျော့သော တင့်တယ်လှသည့် အလှပိုင်ရှင် ခန်းရှအား ကြောင်စီစီနိုင်သော အမူအရာဖြင့် ကြည့်လိုက်မိသည်။ သူ၏နှုတ်ခမ်းများ ပွင့်ဟလာသော်လည်း မည်သည့်စကား ဆိုရမည်ကို သူမသိပါချေ။

ခန်းရှသည် စုရှန့်ဖေးအား တစ်ချက် စောင်းငဲ့ကြည့်လိုက် ပြီးနောက် ဘေးသို့လှည့်ကာ ထန်ရှုအား ကြည့်လိုက်ပြီး ခပ်ဖွဖွပြုံးကာ …

“ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုနော်။ မမြင်ဖူးသေးပေမဲ့ ဒီလူငယ်လေးက ငါ့ကို အားရ ကျေနပ်လောက်အောင် အံ့သြစေတယ်”

ထန်ရှုသည် သူမအား လက်ဆွဲနှုတ်ဆက်ကာ တည်ငြိမ် အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ကျွန်တော်လည်းပဲ ဒဏ္ဍာရီသဖွယ် ထင်ရှားကျော်ကြားတဲ့ ရွှေမန်နေဂျာ မစ္စခန်းရှက ဒီလို လှပပြီး ချစ်စရာ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေရာက စကားပြောလို့ မသင့်တော်လို့ တစ်နေရာမှာ သွားပြောကြရအောင်”

“အိုကေ ...”

ခန်းရှသည် သူမ၏ပခုံးများအား တွန့်လျက် ပြန်ဖြေလိုက်သည်။

ထန်ရှုသည် စုရှန့်ဖေးအား မကြည့်ဘဲ လျစ်လျူရှုထားခြင်းသည် သူ့အား မသက်မသာ ဖြစ်စေသည်။ စာသင်ခန်းထဲမှ ထွက်လာစဉ် ဆရာမဟန်ကျင်းဝူအား စာရွက် အထပ်လိုက်ကိုင်ကာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

“ထန်ရှု နင် အတန်း ထပ်ပျက်မလို့လား ...”

ထန်ရှု စာသင်ခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်သော ဟန်ကျင်းဝူသည် ခါးသီးမှုကို ခံစားရပြီးနောက် ပိုမိုခါးသီးမှုအား ခံစားရမည်ကို ကြောက်နေသကဲ့သို့ အော်လိုက်မိသည်။ ခန်းရှသည် ထန်ရှုအား ထူးတန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ ဟန်ကျင်းဝူအား ကြည့်လိုက်သည်။

ခန်းရှနောက်မှ ပါလာသောကြောင့် ထန်ရှု၏မျက်နှာတွင် ကသိကအောက် ဖြစ်သွားသော အရိပ်အယောင် ပေါ်ထွက်လာခဲ့သည်။

သူမ ထန်ရှုကို ပထမမြင်လိုက်သော အချိန်တွင် သူမထက် ၅နှစ် သို့မဟုတ် ၆နှစ်ခန့်ငယ်မည် ထင်သော ထိုလူငယ်လေးသည် စိတ်ဝင်စားစရာ ကောင်းလှသည်ဟု ခန်းရှ ခံစားမိသည်။ ခန်းရှသည် ဟန်ကျင်းဝူဆီသို့ လျှောက်သွားကာ သူမ၏လက်အား ဆန့်တန်းလျက် ပြုံးကာ ပြောလိုက်သည်။

“ရှင်က ထန်ရှုရဲ့ အတန်းပိုင်ဆရာမ ထင်ပါရဲ့။ ကျန်းမာပါရဲ့နော်။ ကျွန်မက ခန်းရှ ... ထန်ရှုရဲ့ … သူငယ်ချင်းပါ။ ဖြစ်နိုင်မယ်ဆိုရင် ထန်ရှုကို ခွင့်ခဏလေး ပေးလို့ရနိုင်မလားရှင့်။ ကျွန်မ သူနဲ့ တချို့ကိစ္စတွေ ပြောဖို့ဆိုဖို့ ရှိနေလို့ပါ။ သိပ်မကြာပါဘူး … အလွန်ဆုံးမှ ၂နာရီလောက်ပဲ ကြာမှာပါ”

ဟန်ကျင်းဝူသည် ခန်းရှအား ကြည့်လိုက်ပြီးနောက် ထန်ရှုဆီသို့ သူမ၏ အကြည့်များ ရွှေ့လိုက်သည်။ အဆုံးတွင် အခုတလော မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူမ လိုက်မမီတော့ချေ။ မည်သည့် အကြောင်းကြောင့် လူများစွာက ထန်ရှုအား လာရောက် ရှာနေကြပါသနည်း။ ပြီးခဲ့သည့် အချိန်ပိုင်းကလည်း ကျောင်းအုပ်ကြီးသည် သူမအား သူ၏ရုံးခန်းသို့ ဆင့်ခေါ်ကာ ထန်ရှုအား မဖြစ်မနေ ခွင့်တစ်ပတ်ပေးရန် ပြောခဲ့သည်။ သို့သော် သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်ရဆုံးနှင့် လက်ခံရန်အခက်ခဲဆုံး အရာသည် ထန်ရှုသည် ဘာသာရပ်ပြိုင်ပွဲ အတွက် ခရီးထွက်ရမည်ဟု ထန်ရှု၏မိခင်အား ညာပြောပေးရမည် ဖြစ်သည်။

“ဟယ်လို … ကျန်းမာပါရဲ့နော်။ ဘာပဲဖြစ်ဖြစ် ရှင့်မှာ တချို့ကိစ္စတွေ ရှိတယ်ဆိုရင်တော့ ရပါတယ်။ ကျေးဇူးပြုပြီး ဂရုစိုက်သွားပါ”

ခန်းရှသည် ခပ်ဖွဖွ ညိတ်ကာ ရှေ့မှ ဦးဆောင် လျှောက်သွားတော့သည်။

ထန်ရှုလည်း ပြုံးကာ ပြောလိုက်သည်။

“ဆရာမဟန် ... ကျွန်တော် သွားလို့ရပြီလား။ ဒီဟာကို အတန်းပျက်တဲ့ စာရင်းထဲ မထည့်ဘူး မဟုတ်လား”

“မြန်မြန်သာ သွားပါ”

သူမ၏ရင်ထဲမှ အမျိုးအမည် မသိသော ဝေဒနာအား ချိုးနှိမ်ထားကာ ဟန်ကျင်းဝူသည် အပြုံးတစ်ပွင့် ဆင်မြန်းလျက် ပြောလိုက်သည်။

ထန်ရှုသည် တခိခိ ရယ်မောလိုက်သည်။ သူသည် ဟန်ကျင်းဝူအား အဖြတ်တွင် ပွတ်တိုက် မိသွားသောကြောင့် သူ၏ခြေလှမ်းသည် တစ်စက္ကန့်မျှ ရပ်သွားပြီး လျင်မြန်စွာ တိုးတိုး ပြောလိုက်သည်။

“ဆရာမဟန် … အမှန်အတိုင်း ပြောရရင် ကျွန်တော့်အမြင်မှာတော့ ဆရာမက ခန်းရှထက် ပိုလှတယ်”

နောက် တစ်စက္ကန့်တွင် သူသည် ခန်းရှဆီသို့ ပြေးထွက်သွားပြီ ဖြစ်သည်။

“ဘာ ... ဒီ ... ဒီကောင်စုတ်လေး ကတော့ ငါ့ကို ကိုယ်ထိလက်ရောက် စော်ကားရဲတယ်ပေါ့လေ ...” ဟန်ကျင်းဝူသည် အံ့အားသင့်လျက် ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။ သူမသည် ထန်ရှု၏ နောက်ကျောအား စူးစူးနစ်နစ်ကြည့်ပြီးမှ စာသင်ခန်းဘက်သို့ လှည့်လိုက်တော့သည်။

*****

All Chapters