အင်ပါယာအတု ရောက်ရှိလာမည်ကို စောင့်နေခြင်း
Vol. 143 Ch. 1969
မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကို ဝါးမြိုပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ပဲ့တင်ထပ်လာသည်။ သူက ကလန်ခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်ကို သူ့မန္တာန်သွေးကြောအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ သူ့ထံ၌ အချိန်အားသွားပါက ဒီမူလစိတ်ဝိညာဉ်ကို သူ ပိုင်ဆိုင်ထားသော မန္တာန်သွေးကြောအရေအတွက် တိုးတက်လာစေရန် အသုံးပြုနိုင်မည် ဖြစ်သည်။
တအောင့်အကြာတွင် ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာပြီး သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ မြေပြင်ထု တုန်ခါသွားကာ တဝက်တပျက် ပျက်စီးနေသော ရေကန်နှင့်ကျွန်းတို့သည် တုန်ခါ၏။ မုန်တိုင်းတစ်ခု ရိုက်ခတ်သွားကာ ၎င်းတို့သည် လုံးဝ ပျက်စီးသွားတော့သည်။
မိစ္ဆာတာအိုကလန်သည် လုံးလုံးလျာလျာ ပျက်စီးသွားခဲ့ချေပြီ။
ရွှေရောင်အလင်းတန်းထဲ၌ ရှိနေသော အင်ပါယာတမန်တော်သည် ထိတ်လန့်တကြားအမူအရာ ဖြစ်ပေါ်နေ၏။ သူက ဝမ်လင်း မျက်လုံး ပြန်ဖွင့်လာသည့်အခါ ခါးသီးစွာပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ ဝမ်လင်းကို နှုတ်ဆက်၏။
“ရောင်းရင်းကျင့်ကြံသူဝမ်…ငါ့ကို အပြစ်မတင်ပါနဲ့။ ဒါက…ငါ့အနေနဲ့ အင်ပါယာအမိန့်ပြန်တမ်းထဲက အကြောင်းအရာတွေဟာ ခုလို ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားမိလို့ပါ။ ငါ စောစောကသာ ကြိုသိခဲ့ရင် ဒီသစ္စာဖောက်ကို သတ်ဖို့ ငါပါ ရောင်းရင်းနဲ့အတူ ကြိုးစားပေးခဲ့မိမှာပါ…”
ဝမ်လင်းသည် ထိုတမန်တော်ကို တည်ငြိမ်စွာသာ ကြည့်၏။ သို့သော် စကား မဆိုပေ။ သူသည်လည်း အမိန့်ပြန်တမ်းကြောင့် အံ့အားတသင့် ဖြစ်ခဲ့ရ၏။ အထူးသဖြင့် လျန်တောက်ဖေကို သူက ကူညီပေးခဲ့သည်ဟူသော အခြင်းအရာနှင့် ပတ်သတ်၍ ဖြစ်သည်။
“အရူးရဲ့ နာမည်ဟာ လျန်တောက်ဖေပဲ။ ငါ သိုလှောင်နေရာလွတ်ကို ဖွင့်လိုက်တဲ့အချိန်တုန်းက သူနဲ့ ငွေရောင်အမျိုးသမီးတို့ဟာ အက်ကြောင်းတစ်ခုထဲ ကျရောက်သွားပြီး ဘယ်ရောက်သွားခဲ့လဲ မသိရဘူး…။ ဒီအရူးက သူ့ကိုယ်သူ ဘုရင်လို့ ခေါ်ခဲ့တယ်။ ဆရာရွှမ်လော ငါ့ကို ပြောခဲ့ပုံအရတော့ အရူးရဲ့ အစ်ကိုကြီးဟာ ကောင်းကင်ဘုံအင်ပါယာ ဖြစ်လိမ့်မယ်…”
“အရူးကို အင်ပါယာက ရှာတွေ့သွားခဲ့တာများ ဖြစ်နိုင်မလား။ သူ နိုးလာတဲ့နောက် ငါနဲ့သူ့ကြားက ပတ်သတ်မှုကို ပြောပြခဲ့တာများလား…”
အင်ပါယာတမန်တော် ကြောက်ရွှံ့စွာ ရှိနေစဉ် ဝမ်လင်းက စဉ်းစားကြည့်နေ၏။ သူသည် အတော့်ကို နောင်တရနေမိ၏။ သူ့စိတ်ထဲကနေလည်း မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကို ကျိန်ဆဲမိနေသည်။
“ဒီသောက်ကလန်ခေါင်းဆောင်။ မင်းဟာ မင်း သေပါ့လား။ ဘာလို့ ငါ့ကိုပါ ဆွဲထည့်ခဲ့တာလဲ။ ဒီလိုဖြစ်လာမယ်မှန်းသာ သိခဲ့ရင် ဝမ်လင်းကို လစ်လျူရှုပြီး အမိန့်ပြန်တမ်းကိုပဲ ငါ အရင်ဖတ်ခဲ့မှာပေါ့…”
“အင်ပါယာက ဝမ်လင်းကို လျန်တောက်ဖေအပေါ် ကူညီပေးခဲ့တဲ့သူလို့ ပြောခဲ့တယ်။ ပြီးတော့ မင်းသားတောက်ဖေဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်က နိုးထလာခဲ့တာ။ ဖြစ်နိုင်တာက…”
အင်ပါယာတမန်တော်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိ၏။ သူက သူ တွေးမိသော အတွေးများကို အမြန်ပယ်ချလိုက်သည်။ သူ့အနေဖြင့် သူ မခန့်မှန်းကြည့်သင့်သော၊ မသိသင့်သော အရာများ ရှိတာကို သိထားပေ၏။
“ဒီဝမ်လင်းဟာ ခုလောက်လည်း အစွမ်းထက်နေတယ်။ သူဟာ ကောင်းကင်ဘုံအင်ပါယာရဲ့ အာရုံစိုက်တာကို ခံရလောက်တယ်။ အား…ငါ စောစောတုန်းက ဝမ်လင်းအပေါ် လုပ်ရပ်တွေကို တတ်နိုင်သမျှ အမြန် ပြန်ဖာထေးမှ ဖြစ်မယ်…”
“ရောင်းရင်းကျင့်ကြံသူ…ငါ့ကို အပြစ်မတင်ပါနဲ့။ ငါ့ကို အပြစ်မတင်ပါနဲ့။ ငါ တကယ်ပဲ အစောပိုင်းတုန်းက စိတ်ရှုပ်ထွေးသွားခဲ့လို့ပါ…”
အင်ပါယာတမန်တော်က ထိုသို့ ပြောရင်း ဝမ်လင်းကို ကြည့်သည်။ သူက ဝမ်လင်းသည် သုန်မှုန်သောအမူအရာဖြင့် ရှိနေသေးသည်ကို မြင်သည့်အခါ သူ့စိတ်ထဲတွင် ခြောက်ချားသွားမိသည်။
“ဒါက ဆိုးတာပဲ။ ဒီလူဟာ ပြီးခဲ့တဲ့ကိစ္စကို အရေးစိုက်နေတုန်းပဲ။ ငါ နှစ်ကြိမ်တိုင် သူ့ကို ဆန့်ကျင်ဘက် လုပ်ခဲ့မိတာ။ သူကသာ ကောင်းကင်ဘုံအင်ပါယာရှေ့မှာ ငါ့ မကောင်းကြောင်း ပြောလိုက်ရင်…ငါတော့…ငါတော့…”
တမန်တော်၏နှဖူးထက်တွင် ချွေးများ ပြန်လာသည်။
“ဟီးဟီး…ရောင်းရင်းကျင့်ကြံသူဝမ်…ငါ့မှာ ဗဟိုပိုင်းကုန်းမြေရဲ့ ပစ္စည်းလေးအချို့ ပိုင်ဆိုင်ထားပါတယ်။ ဒါက ငါတို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု မဟုတ်လား။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ဒီလက်ဆောင်လေးတွေကို လက်ခံပေးပါ…”
သူသည် စိတ်ထဲကနေ နာနာကျင်ကျင်ဖြင့်ပင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးကာ ဝမ်လင်းထံ အမိန့်ပြန်တမ်းနှင့်အတူ ပေးလိုက်၏။
ဝမ်လင်းသည် အင်ပါယာတမန်တော်ကို ကြည့်ကာ လျန်တော်ဖေကိစ္စကို စဉ်းစားနေ၏။ သူက အမိန့်ပြန်တမ်းကို လက်ခံလိုက်၏။ သို့သော် ၎င်းကို ကြည့်ပင် မကြည့်ဘဲ ထိုအစား ကျောက်စိမ်းပြားကို လှမ်းကြည့်သည်။
သူက ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ သူက တည်ငြိမ်ဟန် ပေါ်သော်လည်း သူ့စိတ်နှလုံးကမူ တချက် ခုန်ပေါက်သွားသည်။ ၎င်းကျောက်စိမ်းပြားအတွင်း၌ ကောင်းကင်ဘုံစွမ်းအင်ပါဝင်သော မူလကျောက်တုံးများစွာဖြင့် ပြည့်နေပေ၏။
ထိုကျောက်စိမ်းပြားကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက တမန်တော်ထံ အေးစက်စက် လှမ်းကြည့်လာသည်။
ထိုအကြည့်အောက်တွင် အင်ပါယာတမန်တော်သည် စိတ်ထဲကနေ အထွန့်တက်နေမိ၏။ သူက အံတင်းတင်းကြိတ်ကာ လက်ဝေ့ယမ်းပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူသည်။ သူ့စိတ်နှလုံးမှာ နာကျင်နေလျက်ဖြင့်ပင် သူက အားတင်းကာ ပြုံးရ၏။
“အာ…ဒါက အလယ်ပိုင်းကုန်းမြေရဲ့ အထူးပစ္စည်းလေးတစ်ခုပါ။ သိပ်အဖိုးမတန်ပါဘူး။ ရောင်းရင်းကျင့်ကြံသူအနေနဲ့ ဒါ့ကြောင့် ဒီလက်ဆောင်ကို လက်ခံရမယ်….”
သူက ဝမ်လင်းထံ ထိုကျောက်စိမ်းပုလင်းကို ထပ်မံ၍ ကမ်းလှမ်းပေးသည်။
ဝမ်လင်းက ၎င်းကို လက်ခံပြီးနောက် အင်ပါယာတမန်တော်ရှေ့မှာပင် ယင်းပုလင်းအား သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည်။ ထိုပုလင်းအတွင်း၌ ဆေးလုံးမြောက်များစွာ ပါဝင်ပေသည်။ ယင်းတို့မှာ ဒဏ်ရာကုသဖို့အတွက် ဖြစ်ပြီး အတော်လေးကို အဖိုးတန်သည်။
သာမန်ကျင့်ကြံသူများအဖို့ ဒီဆေးလုံးများကို ရနိုင်ရန် ခက်ခဲပေလိမ့်မည်။ အင်ပါယာတမန်တော်များသည်သာ ဗဟိုကုန်းမြေ၌ ယင်းဆေးလုံးများကို ရဖို့ နည်းလမ်းများ ရှာနိုင်ပေသည်။
သည်လက်ဆောင်နှစ်ခုကို ထုတ်ပေးပြီးနောက် အင်ပါယာတမန်တော်၏ စိတ်နှလုံးမှာ ကိုက်ခဲနေလေပြီ။ သူက ဝမ်လင်းကို သေချာ ထပ်ကြည့်လိုက်ရာ ဝမ်လင်း၏အေးစက်စက်အမူအရာက အနည်းငယ် လျော့ပါးသွားသည်ကို မြင်၏။ ထိုအခါမှသာ သူသည် စိတ်အေးနိုင်တော့သည်။ သို့သော် ဆေးလုံးများကို လက်ခံပြီးနောက်တွင်လည်း ဝမ်လင်း၏ အေးစက်စက်မျက်လုံးတို့ကမူ တမန်တော်ထံ ကျရောက်နေသေးသည်။
ဝမ်လင်း၏ အကြည့်အောက်၌ တမန်တော်သည် သူ့စိတ်ထဲ၌ ခါးသီးစွာ အထွန့်တက်မိပြန်သည်။
“လောဘကြီးလွန်းတယ်…ဒါ…ဒါဟာ…” ထိုတမန်တောက် အတင်းလုပ်ယူ၍ ပြုံးလိုက်၏။ သူ့ညာလက်မှာ တုန်ယင်နေပြီး သူက အံတင်းတင်းကြိတ်မိသည်။ သူသည် နောက်ထပ် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ အတင်းဖြစ်ညှစ်ပြုံးသည်။
“ဗဟိုကုန်းမြေရဲ့ အစစ်အမှန်ပစ္စည်းကောင်းလေးတစ်ခုကို ကျုပ် ပိုင်ဆိုင်ထားပါသေးတယ်…” သူက ဝမ်လင်းကို နောက်ထပ်ကျောက်စိမ်းပြား တစ်ခုလှမ်းပေးလိုက်ပြန်၏။ သူ့စိတ်ထဲကမူ တော့်တော့်ကို နှမြောတသ ဖြစ်ကာ နာကျင်နေမိလေပြီ။
ထိုကျောက်စိမ်းပြားကို ယူဆောင်ပြီးနောက် ဝမ်လင်းက ဖြည်းဖြည်းချင်း ပြုံးလာ၏။ တမန်တော်က ဝမ်လင်း၏အပြုံးကို မြင်ရတော့မှသာ သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။
“တမန်တော်အရှင်…သင် ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဗဟိုကုန်းမြေရဲ့ ပစ္စည်းတွေက သိပ်အဖိုးမတန်မှတော့ ငါ့အနေနဲ့လည်း အားနာမနေတော့ပါဘူး…”
“ဟုတ်ပါတယ်…ဟုတ်ပါတယ်….ဒါတွေက ဘာမှ အဖိုးမတန်ပါဘူး…” တမန်တော်သည် ထိုသို့ ပြောကာ ခါးသီးစွာသာ ပြုံးနေနိုင်တော့၏။
ထို့နောက် ဝမ်လင်းက ဖြည်းဖြည်းချင်း မေးလိုက်၏။ “တမန်တော်အရှင်က အစိမ်းရောင်မိစ္ဆာကုန်းမြေကို လာခဲ့မှတော့ သင့်အနေနဲ့ ကောင်းကင်ဘုံနွားထီးကုန်းမြေကိုလည်း ဖြတ်လာခဲ့ပြီး ဖြစ်လိမ့်မယ်။ အဲ့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအခြေအနေကို ငါ သိလို့ရမလား…”
“အင်ပါယာအမိန့်ပြန်တမ်းသုံးခု တိတိ ရှိပါတယ်။ မဟာစိတ်ဝိညာဉ်ကလန်နဲ့ ကောက်ရီကလန်တို့ဟာ အင်ပါယာအမိန့်ပြန်တမ်းတစ်ခုဆီကို လက်ခံရရှိကြတယ်။ စစ်ပွဲက အဆုံးသပ်သွားခဲ့ပြီ။ ဒါ့ကြောင့် လူတိုင်းဟာ သက်ဆိုင်ရာ ကလန်တွေဆီ ပြန်သွားကြလောက်ပါပြီ….” တမန်တော်က ထိုကိစ္စကို လျှို့ဝှက်ချက်အဖြစ် သိမ်းမထားပေ။
ဝမ်လင်းက ကျောက်စိမ်းပြားကို သိမ်းဆည်းကာ မေးလိုက်ပြန်၏။ “တောက်ဖေဟာ အင်ပါယာမြို့မှာလား…”
“မင်းသားတောက်ဖေက သတိပြန်ရနေပါပြီ။ သူဟာ အင်ပါယာမြို့ထဲကနေ ထွက်ချင်နေတာ။ ဒါပေမဲ့ အင်ပါယာက သူ့ကို တားထားတယ်…”
မင်းသားတောက်ဖေနှင့် ပတ်သတ်၍ ကောလဟာလမျိုးစုံ ထွက်ပေါ်နေပေ၏။ ထို့ကြောင့် အင်ပါယာတမန်တော်အနေဖြင့် ဒီကိစ္စကို ပြောပြခြင်းသည် အန္တရာယ် ဖြစ်လိမ့်မည်ဟု မခံစားရပေ။
“အို…ငါက အရင်တုန်းက တောက်ဖေကို ကယ်တင်ခဲ့ပြီး သူ့ကို ကူညီပေးခဲ့တာပေါ့…”
ဝမ်လင်းက ပြုံးလိုက်၏။
အင်ပါယာတမန်တော်သည် ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။ သူသည် အမိန့်ပြန်တမ်းကို ဖတ်ခဲ့သည့်အချိန်တည်းက ထိုအချက်ကို သတိပြုမိခဲ့ပြီး ဖြစ်၏။ အခု ဝမ်လင်းက အခုလို ပြောသည့်အခါမှတော့ သူ ထင်မြင်ချက်က ပိုသေချာသွားတော့သည်။
“တောက်ဖေရဲ့ စိတ်နေစရိုက်။ အာ…ငါ သူ့ကို မတွေ့ရတာ အတော်ကြာခဲ့ပြီပဲ။ သူဟာ အရင်တုန်းကလိုပဲလား…” ဝမ်လင်းသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်မိ၏။
“မင်းသားတောက်ဖေ…” အင်ပါယာတမန်တော်က ချီတုံချတုံ ဖြစ်သွား၏။ ထို့နောက် အမိန့်ပြန်တမ်းအကြောင်းနှင့် ဝမ်လင်း၏စကားတို့ကို စဉ်းစားကြည့်ပြီးနောက် သူက ဆက်ပြောလာသည်။
“ကျုပ်အဆင့်အတန်းနဲ့ မင်းသားတောက်ဖေကို မတွေ့ရပါဘူး။ ဒါပေမဲ့ မင်းသားတောက်ဖေဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်က သတိပြန်ရလာတဲ့နောက် သူ့စိတ်နေစရိုက်ဟာ အရင်တုန်းကနဲ့ မတူတော့ဘူးလို့ ပြောကြဆိုကြတယ်။ ဒါပေမဲ့ တခါတရံမှာတော့ အရင်ပုံစံအတိုင်းပဲတဲ့…” တမန်တော်က ချီတုံချတုံဖြင့် ပြောလာ၏။
ဝမ်လင်းက ပြုံး၏။ သူက စကားဆက်မဆိုတော့ပေ။
အင်ပါယာတမန်တော်က ထိုသည်ကို တွေ့မြင်သည်။ သူက ဘယ်အချိန် ရှေ့တိုးရမည်၊ ဘယ်အချိန် နောက်ဆုတ်ရမည်ကို သိပေသည်။ သူက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။
“ရောင်းရင်းကျင့်ကြံသူဝမ်…အင်ပါယာအမိန့်ပြန်တမ်းက ဗဟိုကုန်းမြေဆီ တည်နေရာရွှေ့ပြောင်းပေးနိုင်တယ်။ ဒီနေရာဟာ ဗဟိုကုန်းမြေနဲ့ ဝေးကွာလွန်းလှတယ်။ ဒါ့ကြောင့် သင့်အ့နေနဲ့ ရှစ်ကြိမ်လောက် တည်နေရာရွှေ့ပြောင်းဖို့ လိုလိမ့်မယ်။ ငါကတော့ အင်ပါယာရှိ သတင်းပြန်တင်ပြဖို့ အရင်ဆုံး ပြန်လိုက်ပါအုံးမယ်…”
တမန်တော်က ထိုသို့ ဆိုပြီးနောက် မြန်ဆန်စွာ ထွက်ခွာလာတော့၏။ သူက သူ ပြောလိုက်သည့် စကားတို့က ဝမ်လင်း ဒေါသထွက်သွားစေမည်ကို လန့်နေပေသည်။ ဝမ်လင်းသာ ဒေါသ ထွက်သွားပါက သူ့အနေဖြင့် သိပ်အဖိုးမတန်သောပစ္စည်းများကို ထပ်ပေးနေရအုံးမည် မဟုတ်လား။
ထိုတမန်တော် ထွက်သွားသည့်နောက် ဝမ်လင်း၏အပြုံးက ပျောက်ကွယ်သွား၏။ ထိုအစား သူ့ထံ၌ သုန်မှုန်သောအမူအရာ အစားထိုးဝင်ရောက်လာသည်။
သူသည် အပျက်အစီးပုံမိစ္ဆာတာအိုကလန်ကနေ ထွက်မသွားသေးပေ။ သူက ဒီကလန်၏ အစိမ်းရောင်ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ သူ၏မျက်လုံးက အရောင်တောက်လာ၏။
“လျန်တောက်ဖေ….သူ့လောဘနဲ့ သူ့မကောင်းတဲ့စရိုက်တွေကို ကောင်းကင်ဘုံတာအိုက ဝါးမြိုသွားခဲ့တယ်။ ဒါ့ကြောင့် သူ့စိတ်နေစရိုက်ဟာ အရင်ကနဲ့ သိသိသာသာ ကွာခြားသွားခဲ့တာပဲ…”
“အင်ပါယာတမန်တော်ရဲ့ စကားတွေကလည်း ဒီအချက်ကို ဖော်ပြနေတယ်။ သူ့စိတ်နေစရိုက်ဟာ ပြောင်းလဲသွားခဲ့တယ်တဲ့။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုး ပြောင်းသွားခဲ့တာလဲ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ နက်မှောင်သောကောင်းကင်ထက်သို့ ကြည့်ကာ သူသည် ဆက်လက် စဉ်းစားနေသည်။
“ဒါပေမဲ့လည်း သူသာ အမှန်တကယ် ပြောင်းလဲသွားခဲ့တဲ့ဆိုရင် သူ့အစ်ကိုဟာ သူနိုးထလာပြီး နှစ်သုံးဆယ်ကြာတဲ့နောက် ခုချိန်မှာ ဒါကို ဘာလို့ ကြေငြာခဲ့တာလဲ။ သူသာ အမှန်ကတယ် ငါ့ကို ကျေးဇူးတင်ချင်ရင် လွန်ခဲ့တဲ့နှစ်သုံးဆယ်တည်းက ငါ ကင်းမြှီးကောက်ဘုံကျောင်းမှာ ကံကောင်းမှုနဲ့ဘေးဒုက္ခခံစားနေရတဲ့အခါတည်းက ငါ့ကို အမိန့်ပြန်တမ်း ပို့ပေးသင့်တယ်…”
“အင်ပါယာအမိန့်ပြန်တမ်းက အတော်လေး စိတ်ဝင်စားစရာပဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ အနက်ရောင်လေပြင်းတစ်ခု ပေါ်လာကာ နာကျင်စူးရှစွာ အော်သံအချို့သည် ပဲ့တင်ထပ်ပြီးနောက် ပြန်ငြိမ်ကျသွားလေသည်။
ဝမ်လင်းသည် ရက်စက်တတ်သူ တစ်ယောက် ဖြစ်၏။ သူသည် တစ်ခုခုကို ဆုံးဖြတ်ပြီးသည်နှင့် ပို၍ ရက်စက်တတ်လာသူပင်။ သူ့အနေဖြင့် မိစ္ဆာတာအိုကလန်ကို အမြစ်ဖြုတ်မည်ဟု ဆုံးဖြတ်ခဲ့သည်ဖြစ်၍ ကောင်းကင်ဘုံနွားထီးကုန်းမြေရှိ ထိုကလန်ဝင်များကိုလည်း အလွတ်ပေးတော့မည် မဟုတ်ပါ။
“မိစ္ဆာတာအိုကလန်ရဲ့ ဘိုးဘေးဟာ လမ်းမှာ ရောက်နေလောက်ပြီ။ သူဟာ အင်ပါယာအတုအဆင့်ပဲ။ မိစ္ဆာတာအိုကလန်ရဲ့ အခြေခံအုတ်မြစ်တခုလုံးကို ဖျက်စီးပစ်ဖို့အတွက် သူ သေရလိမ့်မယ်။ ငါ သူ့ကို မရှာခဲ့ရင်တောင် သူ ငါ့ကို လာရှာလိမ့်မယ်…”
“မဟာအင်ပါယာ။ စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ပြီးတဲ့နောက် မဟာအင်ပါယာတစ်ယောက်နဲ့ ယှဉ်ရင် ငါ့အနေနဲ့ ဘယ်လိုအဆင့်ရှိမလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းသည် အစိမ်းရောင်ကျောက်တုံးပေါ်တွင် ထိုင်ကာ အကွာအဝေးတစ်ခုထံ ကြည့်နေ၏။
“မိစ္ဆာတာအိုကလန်နဲ့ ကိစ္စကို ဖြေရှင်းပြီးရင် ငါ့မှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ ပထမတစ်ခုက ငါဟာ တန်လင်းကလန်ကို သွားပြီး ငါ့တခြားအနှစ်သာရတွေကော အစစ်အမှန်အနှစ်သာရခန္ဓာကိုယ် ဖွဲ့စည်းနိုင်ဖို့ အကူအညီဖြစ်စေမလား သိရအောင် တန်လင်းရေကန်ထဲ ဝင်ရောက်ရမယ်…”
“ဒါမှမဟုတ် ဗဟိုကုန်းမြေရှိ သွားပြီး အဲ့နေရာမှာ ဘယ်လိုနဂါးတွေ၊ကျားတွေ ရှိနေလဲ သွားကြည့်ရမလား။ အဲ့လျန်တောက်ဖေဟာ ငါ့ကို မှတ်မိခဲ့ရင် သူ့အစ်ကိုဖြစ်တဲ့ ကောင်းကင်ဘုံအင်ပါယာက ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ငါ သွားကြည့်ရမလား…”
“ဒါပေမဲ့ ဆရာတစ်ခါက ပြောခဲ့ဖူးတယ်။ ကောင်းကင်ဘုံသားတွေရဲ့ နယ်မြေမှာ မဟာအင်ပါယာငါးယောက် ရှိတယ်တဲ့၊ ကောင်းကင်ဘုံအင်ပါယာလျန်တောက်ကျန်းဟာ သူတို့ထဲက တစ်ယောက်ပဲ။ ငါသာ အဲ့ကို သွားခဲ့ရင် အန္တရာယ်အများအပြား ရင်ဆိုင်ရနိုင်တယ်…”
ဝမ်လင်းသည် မျက်လုံးမှိတ်ကာ အမှောင်ထုအတွင်း၌ စဉ်းစားနေ၏။
အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် ကုန်းမြေငါးခုစာလောက် ကွာဝေးသောနေရာတွင် အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းလာနေ၏။ ထိုအလင်းတန်းအတွင်း၌ အနီရောင်ဆံပင်ဖြင့် အဘိုးအိုတစ်ယောက် ရှိသည်။ သူ၏မျက်လုံးထဲ၌ ဒေါသကို ကွယ်ဝှက်ထားပေသည်။
ဖြတ်ခနဲအတွင်း လောကသည် တုန်ဟည်းကာ သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲ ပျောက်ကွယ်သွားလေ၏။ တန်ဖိုးကြီးကြီးမားမား ပေးကာ သူသည် ကုန်းမြေများကို ဖြတ်သန်းဖို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို အသုံးပြုနေ၏။
သူသည် မိစ္ဆာတာအိုကလန်၏ ဘိုးဘေး ဖြစ်သူ၊ မဟာအင်ပါယာတောက်ရီအောက်ရှိ အင်ပါယာအတုအဆင့် ကျင့်ကြံသူပင်။