ကောင်းကင်ဘုံကလန်၏ မဟာအင်ပါယာများ
Vol. 143 Ch. 1970
“အင်ပါယာမြို့ဟာ ငါ သွားရမယ့် မြို့ပဲ။ ဘာလို့လဲဆိုတော့ လျန်တောက်ဖေအတွက်ပဲ။ လျန်တောက်ဖေ ငါ့အပေါ် လုပ်ဆောင်ပေးခဲ့တဲ့ မှတ်ဉာဏ်တွေကို ပြန်ရအောင်လို့ ငါ လုပ်ပေးရမယ်…” ဝမ်လင်းသည် ပြတ်သားသောအကြည့်ကို ထုတ်ဖော်၏။
သူသည် တခြားသူများ သူ့အပေါ် ပေးခဲ့သော ကြင်နာမှုကို မှတ်သားထားတတ်သူပင်။
အတိတ်တုန်းက လျန်တောက်ဖေ(ဝါ) အရူးသည် သူ့ကို များစွာ အကူအညီပေးခဲ့ပေ၏။ သူသည် အရူး လုံးဝ ပြန်ကောင်းမွန်လာခဲ့ပြီလားကို မြင်ရဖို့ အင်ပါယာမြို့ထံ သွားရောက်ဖို့ လိုပေမည်။ ထို့နောက်တွင် သူသည် သူ့စိတ်နှလုံးထဲ၌ ရှိနေသော အထုံးတစ်ခုကို ဖြေနိုင်လိမ့်မည် ဖြစ်၏။
“သူ့စိတ်နေစရိုက်ဟာ ပြောင်းလဲသွားတာဖြစ်ဖြစ်၊ မပြောင်းလဲတာ ဖြစ်ဖြစ် သူ ငါ့ကို ကျေးဇူးတင်ခဲ့တယ်ဆိုရင်တောင်မှ ငါ့အနေနဲ့ သူ့ရှိကို သွားရမယ်…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏မျက်လုံးထဲတွင် အတိတ်ကို ပြန်မြင်ယောင်သော အရိပ်အမြွက်တို့ ရှိသည်။
သူသည် ခုချိန်၌ အရူးက မည်သို့ ဖြစ်နေသည်ကို မသိပေ။ အရူးသည် သူ့ဘေးပတ်လည်ရှိ လူများကို အော်ဟောက်နေဆဲလားကိုလည်း ဝမ်လင်းက မသိပါ။
“ငါ မင်းကို ပြောလိုက်မယ်။ ဒီဘုရင်က အစွမ်းထက်တဲ့သူကွ…”
“မင်း…မင်း…မင်း…ဒီဘုရင် မင်းကို သေတဲ့အထိ ကိုက်ပစ်မယ်။ သေတဲ့အထိ ကိုက်ပစ်မယ်…”
“သေစမ်း မင်းက ဒီဘုရင်ရှေ့မှာ သေချင်ယောင်ဆောင်ရဲတယ် ဟုတ်လား…”
“မိုးရွာနေတာပဲ…အနီရောင်လေး…လာပြီး ငါ့ကို ဇာတ်ကြောနှိပ်ပေးအုံး…”
“ငါ့အစ်ကိုကြီးကို သွားပြောလိုက်…ဒီဘုရင် အရမ်း ပင်ပန်းနေပြီလို့။ ငါ ဒီနေ့ မကျင့်ကြံတော့ဘူး။ အပြင်ထွက် ကစားတော့မယ်။ ငါ့ကို လာမရှာဖို့ သူ့ကို ပြောလိုက်၏။ ငါ ကစားပြီးရင် ပြန်လာခဲ့မယ်။ ငါ ကစားလို့ မပြီးခင် သူ ငါ့ကို လာခေါ်ရဲရင် သူနဲ့ငါ့ကြားက ဆွေမျိုးတော်တာကို ဖြတ်တောက်ပစ်လိုက်မယ်…”
အတိတ်တုန်းက အရူး၏ မကြာဆိုသလို ပြောလေ့ရှိသော အထက်ပါစကားများသည် ဝမ်လင်း၏နားထဲတွင် ပြန်ကြားယောင်လာသည့်အလား။ အပျက်အစီးပုံ ဖြစ်နေသော မိစ္ဆာတာအိုကလန်၏ အမှောင်ထုအတွင်း ဝမ်လင်းက သက်ပြင်းချမိ၏။ သူသည် သူ သေရေးရှင်ရေး ဖြစ်နေခိုက်၌ အရူး ပေါ်လာကာ သူ့အား အမှတ်မထင် ကယ်တင်ပေးသလို ဖြစ်ခဲ့တာကို ကောင်းကောင်းမှတ်မိပေသည်။
“သူ များများစားစား မပြောင်းလဲသွားဖို့ပဲ ငါ မျှော်လင့်ရမှာပဲ…” ဝမ်လင်းက သက်ပြင်းလေးလေးလံလံ ချမိ၏။ သူ့ဘဝတွင် မိတ်ဆွေများစွာ မရှိပေ။ အရူးက သူ့မိတ်ဆွေဖြစ်သော လူနည်းစုထဲမှ တစ်ယောက်ဟု ယူဆနိုင်ပေ၏။
အမှန်တော့ သူသည် အရူးကို များများစားစား ပေးဆပ်ခဲ့တာ မဟုတ်ပေ။ အရူးကသာ ဝမ်လင်းကို များစွာ ကူညီပေးခဲ့တာ ဖြစ်ချေ၏။
“ငါ အင်ပါယာမြို့တော်ကို သွားရမယ်။ ဒါပေမဲ့ အဲ့တာက အန္တရာယ်များတယ်။ ငါ မသွားခင် ကြိုတင်ပြင်ဆင်မှုအချို့ လုပ်သွားရလိမ့်မယ်…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ဆုံးဖြတ်ချက် ချလိုက်၏။
“ကောင်းကင်ဘုံကလန်ရဲ့ မဟာအင်ပါယာငါးယောက်…” ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေးကုန်းနျန် သူ့အား ပေးခဲ့သော လိပ်ခွံ ပေါ်လာ၏။ ၎င်းလိပ်ခွံပေါ်၌ မြေပုံအပြင် မဟာအင်ပါယာများနှင့် ပတ်သတ်သော အချက်အလက်အချို့လည်း ပါဝင်ပေသည်။ ရွှမ်လောကလည်း လှိုဏ်ဂူလောကမှာတုန်းက မဟာအင်ပါယာများနှင့် ပတ်သတ်၍ သူ့အား အတော်အတန် ပြောပြခဲ့ဖူးသေး၏။
“ဗဟိုကုန်းမြေရဲ့ ကောင်းကင်ဘုံအင်ပါယာဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ရှစ်မြှောင့်စွန်းတာအိုကို အမွေဆက်ခံထားပြီး မဟာအင်ပါယာရှစ်မြှောင့်စွန်းလို့ ခေါ်တယ်…”
“အရှေ့ပိုင်းကုန်းမြေရဲ့ ခရမ်းရောင်ယန်ကလန်ဟာ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုထဲမှာ အစွမ်းထက်ဆုံး ဖြစ်ပြီး မဟာအင်ပါယာကန်းနီရဲ့ ဌာနေပဲ…”
“တောင်ပိုင်းကုန်းမြေရဲ့ တောက်ရီကလန်မှာတော့ မဟာအင်ပါယာတောက်ရီ နေထိုင်တယ်…”
“မြောက်ပိုင်းကုန်းမြေရဲ့ စကြဝဠာကလန်မှာတော့ မဟာအင်ပါယာဝူဖန် နေထိုင်တယ်…”
“ဗဟိုကုန်းမြေမှာ ကောင်းကင်ဘုံအင်ပါယာအပြင် နောက်ထပ် မဟာအင်ပါယာဖြစ်တဲ့ ကျိုးသဲ ရှိတယ်…”
ထိုငါးယောက်မှာ ကောင်းကင်ဘုံကုန်းမြေ ခုနစ်ဆယ့်နှစ်ခုတွင် အစွမ်းထက်ဆုံးသူများ ဖြစ်ပေ၏။ သူတို့သည် နေငါးစင်း(ဝါ) မဟာအင်ပါယာငါးယောက် ဖြစ်ကြသည်။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက မဟာအင်ပါယာငါးယောက်ကို လေ့လာကြည့်နေသည်။ သူတို့က သူ၏ခွန်အားကို သိရှိသည်နှင့် ထိုသူတို့သည် သူ့အား စည်းရုံးကြပေလိမ့်မည်။
သူ့ထံ၌ မဟာအင်ပါယာတစ်ယောက်၏ နောက်ခံ ရသွားပါက အင်ပါယာမြို့တော်သို့ သွားရောက်သော သူ့ခရီးစဉ်တွင် အတော်လေး အန္တရာယ် လျော့ပါးသွားပေလိမ့်မည်။ တကယ်တော့ မဟာအင်ပါယာတစ်ယောက်အောက်ရှိ အင်ပါယာအတုအဆင့် ကျင့်ကြံသူတစ်ယောက်ကို တခြားမဟာအင်ပါယာတစ်ယောက်က သတ်ဖြတ်လိုပါက သူတို့သည် အကြောင်းပြချက် ပေးဖို့ လိုပေလိမ့်မည်။ ဤသည်မှာ မဟာအင်ပါယာအတုအဆင့်ကျင့်ကြံသူများသည် ရွှေ့အဆင့်ကျင့်ကြံသူများထက် သာလွန်ခြင်း ဖြစ်သလို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခုလုံး၌လည်း အင်ပါယာအတုအဆင့် ကျင့်ကြံသူများသည် ရှားပါးပေ၏။
မဟာအင်ပါယာတိုင်း၌ သူတို့လက်အောက်တွင် အင်ပါယာအတုကျင့်ကြံသူ အများဆုံးမှ အယောက်တစ်ရာသာ ရှိပေ၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခုလုံး၌ အင်ပါယာအတုထိပ်သီးပုဂ္ဂိုလ် အရေအတွက်မှာ တစ်ထောင်ပင် မပြည့်ပေ။
မည်သို့ပင်ဖြစ်စေ အင်ပါယာအတုတစ်ယောက်ကို သတ်ဖြတ်ခြင်းမျှက အဆင်ပြေနိုင်သေး၏။ သို့ပေမည့် ဩဇာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ကို ပစ်မှတ်ထားလျှင်တော့ မည်သည့်မဟာအင်ပါယာကမျှ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
အကြောင်းမှာ ဩဇာအင်ပါယာအဆင့် ကျင့်ကြံသူများက ပို၍ ရှားသောကြောင့်တည်း။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တခွင်လုံး၌ ဩဇာအင်ပါယာအဆင့် ကျင့်ကြံသူမှာ လေးဆယ့်ရှစ်ယောက်သာ ရှိပေ၏။
သူတို့ထဲမှ အများစုက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ အနှံ့အပြားတွင် ပုန်းကွယ်ကာ တံခါးပိတ်ကျင့်ကြံနေတတ်၏။ သူတို့ထဲမှ သုံးဆယ်ရာခိုင်နှုန်းအောက်ကသာ မဟာအင်ပါယာအောက်၌ ရှိသည်။
ထိုသို့သော ဩဇာအင်ပါယာအဆင့် ကျင့်ကြံသူများကိုမူ မဟာအင်ပါယာများကပင် လေးစားမှု ထားရပေ၏။ တကယ်တော့ သူတို့သည် မဟာအင်ပါယာများအောက်၌ အစွမ်းထက်ဆုံးပုဂ္ဂိုလ်များ ဖြစ်သည် မဟုတ်လား။ သူတို့သည် မဟာအင်ပါယာနောက်သို့ မလိုက်လိုလျှင်လည်း မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေးတစ်ယောက် ဖြစ်ခဲ့သူ လောယွမ်ဟိုင်ကဲ့သို့ မဟာအင်ပါယာတစ်ယောက်ကို စိန်ခေါ်ခြင်းသာ မပြုပါက မဟာအင်ပါယာက သူတို့ကို အတင်းအကြပ် ဖိအားပေးလိမ့်မည် မဟုတ်ပေ။
ဩဇာအင်ပါယာတစ်ယောက်က မဟာအင်ပါယာတစ်ယောက်ယောက်နောက်သို့ လိုက်ဖို့ ရွေးချယ်သည်နှင့် ထိုဩဇာအင်ပါယာသည် ကောင်းကောင်းမွန်မွန် ဆက်ဆံ ပြုမူခံရမည် ဖြစ်ကာ ထိုမဟာအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာလိမ့်မည်။ အကြောင်းမှာ ထိုဩဇာအင်ပါယာက မဟာအင်ပါယာတစ်ယောက် ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်အတွင်း အကောင်းဆုံးအစောင့်အကြပ် ဖြစ်နေခြင်းကြောင့်တည်း။
ဩဇာအင်ပါယာတစ်ယောက်က မဟာအင်ပါယာတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါက သူသည် တကိုယ်ရေသမား ဖြစ်လျှင် အဆင်ပြေနိုင်သေး၏။ သို့သော် သူကသာ တခြားမဟာအင်ပါယာ၏ အမိန့်အောက်တွင် ရှိသူ ဖြစ်ပါက ထိုမဟာအင်ပါယာက ယင်းသို့သောအဖြစ်ကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ဤသည်မှာ သူတို့၏ ဂုဏ်သတင်းနှင့် ပတ်သတ်ပေ၏။ မည်သည့်မဟာအင်ပါယာကမျှ သူတို့လက်အောက်ရှိ ဩဇာအင်ပါယာတစ်ယောက် သေဆုံးရမည့်အဖြစ်ကို မည်သို့မျှ မလုပ်ဘဲ ထိုင်ကြည့်နေမည် မဟုတ်ပါ။
ဩဇာအင်ပါယာအဆင့် ကျင့်ကြံသူ အရေအတွက်ကလည်း သိသာလွန်းစွာ နည်းပါးသည် မဟုတ်လား။
“ရှေးကလန်မှာသာ ဆိုရင်တော့ ငါ့အနေနဲ့ ဘာမှ ကြိုပြင်ဆင်နေစရာ လိုမှာ မဟုတ်ဘူး။ ဆရာသာ ရှိနေရင်…” ဝမ်လင်းသည် သူက ရှေးကလန်၏ မဟာအင်ပါယာရွှမ်လော၏ တပည့်ဖြစ်သော်လည်း ကောင်းကင်ဘုံသားများ၏ နယ်မြေ၌ ထိုအကြောင်းကို မည်သူမျှ သိခွင့်ပြု၍ မဖြစ်တာကို သဘောပေါက်သည်။ မဟုတ်ပါက သူသည် မဟာအင်ပါယာများ၏ အမဲလိုက်ခြင်းကို ခံရပေလိမ့်မည်။
ကောင်းကင်ဘုံကလန်သည် သူ့လို ကျင့်ကြံသူမျိုးကို ကျိန်းသေပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
“အရူးတောင် ဆရာနဲ့ ပတ်သတ်တဲ့ ကိစ္စကို မသိထားဘူး။ ကောက်ရီကလန်ကသာ သိထားတာ။ ဆရာဟာ ကောက်ရီကလန်ကို ဒီကိစ္စ ပြောဝံ့မှတော့ သူတို့ကို လှိုဏ်ဂူလောကမှ မသတ်ပစ်ခဲ့ပုံအရ ကောက်ရီကလန်ဟာ ဒီကိစ္စကို မဟဝံ့ဘူးလို့ ဆရာ့အနေနဲ့ ယုံကြည်မှု ရှိလို့ပဲ ဖြစ်ရမယ်။ အသေးစိတ်အကြောင်းရင်းတွေကိုတော့ ငါ မသိပေမယ့် ငါ ဆရာ့ကို ယုံတယ်…”
“မဟာအင်ပါယာတွေက ဆရာရွှမ်လောနဲ့ ငါ့ရဲ့ ပတ်သတ်မှုကို မသိသ၍ ငါ့မှာ ရှေးကလန်ရဲ့ခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတဲ့အပေါ် စိတ်ထဲထားမှာ မဟုတ်ဘူး…”
ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်ရှိလာခဲ့တာ အချိန်တခု ရှိလာခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူသည် ပြီးခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သည့် ကာလ လွန်လာသည့်အခါ ရှေးနှင့်ကောင်းကင်ဘုံ သွေးမျိုးဆက်တို့သည် ရောနှောနေခဲ့တာ ရှိသည်ကို ရေးတေးတေး နားလည်လာ၏။ ရှေးကလန်ခန္ဓာကိုယ်များနှင့် ကောင်းကင်ဘုံသားကျင့်ကြံသူအချို့ ရှိကြပေသည်။ သို့သော် သူတို့သည် ရှေးဘုံကျောင်း၏ အသိအမှတ်ပြုခြင်းကိုတော့ မရကြပေ။
ထို့အတွက်ကြောင့် ဝမ်လင်း၏ ရှေးကလန်ခန္ဓာကိုယ်က သာမန်ကျင့်ကြံသူများကို တုန်လှုပ်စေမည် ဖြစ်သော်လည်း မဟာအင်ပါယာများအတွက်တော့ ဘာမျှ မဟုတ်ပေ။
ဝမ်လင်းက တချို့ကိစ္စများသည် ဖုံးကွယ်ထားဖို့ မလိုသည်ကို သိ၏။ ဥပမာ သူသည် လှိုဏ်ဂူလောကမှ လာခဲ့သည့်အကြောင်းမှာ တခြားသူများကို ကွယ်ဝှက်ထားနိုင် ဖြစ်သော်လည်း မဟာအင်ပါယာများကိုမူ ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။
လှိုဏ်ဂူလောကမှ ချိုးဖျက် ထွက်လာနိုင်ခြင်းက တုန်လှုပ်ဖွယ် ကောင်းလှသော်လည်း ဝမ်လင်း၏ ကျင့်ကြံမှုနှင့် ယှဉ်လျှင်တော့ ဤသည်က အရေးမကြီးပေ။ ပို၍ အရေးကြီးသည့်အပိုင်းမှာ ဝမ်လင်း၏ဆုံးဖြတ်ချက်ပင်။
“မဟာအင်ပါယာတွေရဲ့ အာရုံကို စွဲဆောင်နိုင်ဖို့အတွက် ငါ့အနေနဲ့ အင်ပါယာအတုအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်နိုင်တဲ့ခွန်အားကို ပြသဖို့ လိုတယ်။ ဒါဆိုရင် ကောင်းကင်ဘုံကလန်နယ်မြေမှာ ငါ ဆန္ဒရှိသလို လုပ်နိုင်ပြီ…”
“လုံလောက်တဲ့ ကျော်ကြားမှုနဲ့ဆို မဟာအင်ပါယာတွေက သူတို့ဘာသာ ငါ့ကို လာရှာကြလိမ့်မယ်…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာကာ သူက ပို၍ ပြတ်သားလာတော့၏။
“မဟာအင်ပါယာငါးယောက် ရှိတယ်။ ကောင်းကင်ဘုံအင်ပါယာကိုတော့ ထားလိုက်တော့။ တခြားလေးယောက်တော့…ငါ့အနေနဲ့ မဟာအင်ပါယာတောက်ရီ၊ မဟာအင်ပါယာဝူဖန်၊ မဟာအင်ပါယာ ကျိုးသဲတို့အကြောင်း များများစားစား မသိထားဘူး။ ငါဟာ ခရမ်းယင်ကလန်ရဲ့ မဟာအင်ပါယာကန်းနီနဲ့ပဲ တခါဆုံဖူးတယ်…”
ဝမ်လင်းသည် လှိုဏ်ဂူလောက၌ လောဘကြီးနှင့် ပြန်ဆုံခဲ့စဉ်က ချစ်ခင်ဖွယ်ကောင်းလှသော ဝါဝါနှင့်ဟန်ဟန် အမည်ရှိသည့် မိန်းကလေးငယ်လေးနှစ်ယောက်အကြောင်းကို ပြန်တွေးမိသွားသည်။
“ငါ မဟာအင်ပါယာတွေရဲ့ အာရုံစိုက်မှုရအောင် လုပ်ရမယ်။ သူတို့ ငါ့ကို လာရှာအောင် လုပ်ရမယ်…။ ဒါဟာ အကောင်းဆုံးနည်းလမ်းပဲ…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာပေ၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
သူသည် မိစ္ဆာတာအိုကလန်၏ ဘိုးဘေးဖြစ်သူ အင်ပါယာအတုမွန်းစတားအို ရောက်လာမည်ကို စောင့်နေတော့၏။ သူသည် သူ့ကိုယ်သူ အကောင်းဆုံးအနေထား၌ ထားရှိကာ သူ၏တိုးတက်လာသော ခွန်အားကို စမ်းသပ်ကြည့်ရပေမည်။
ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်များက ဝမ်လင်း၏ ပြိုင်ဘက် မဟုတ်တော့ပေ။ အင်ပါယာအတုထိပ်သီးများကသာ သူ့ခွန်အားအကြောင်း တိတိပပ သိစေဖို့ အကူအညီ ဖြစ်စေလိမ့်မည်။
သူ စောင့်နေစဉ် မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်မှာ သူ၏ ရက်စက်စွာ စုပ်ယူခြင်းကို ခံခဲ့ရ၏။ သို့ပေမည့် သူက ဒုတိယမန္တာန်သွေးကြောကို မသိပ်သည်းပေ။ ထိုအစား သူက သူ စုဆောင်းထားခဲ့သော တတိယအဆင့်ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဉ်ဒါဇင်ချီကို ထုတ်ယူလိုက်၏။ သူက ဆန်းကြယ်ဒုက္ခအဆင့်ငါးတွင် ရှိသောမူလစိတ်ဝိညာဉ်ငါးခုကို ရွေးယူကာ ဒုတိယမန္တာန်သွေးကြော ဖွဲ့စည်းရန် ဦးတည်သည်။
အချိန် တဖြည်းဖြည်းချင်း ကုန်လွန်လာ၏။ နာရီများစွာ ကြာပြီးနောက် ကောင်းကင်သည် အလင်းစ ထွက်ပေါ်လာပြီ ဖြစ်ပြီး ဝမ်လင်းမှာလည်း ဆန်းကြယ်အတိဒုက္ခအောက်ရှိ မူလစိတ်ဝိညာဉ်ကိုးခုကို ဝါးမြိုခဲ့ပြီး ဖြစ်သည်။ ထိုအခါ ဒုတိယမြောက်ဝဲကတော့တစ်ခု ချက်ခြင်း သိပ်သည်းလာ၏။
ထိုဒုတိယမြောက်မန္တာန်သွေးကြော ပေါ်လာသည့်အခါ၌ ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက သူ့မန္တာန်ထုတ်ဖော်နှုန်းမှာ အရင်ထက် ပိုမြန်ဆန်လာပြီကို ခံစားမိ၏။
“တတိယမန္တာန်သွေးကြောလည်း ပေါ်ထွက်လာတော့မယ်…” ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ဆန်းကြယ်အတိဒုက္ခအဆင့်ငါးရှိ မူလစိတ်ဝိညာဉ်ခုနစ်ခုကို ရွေးချယ်ကောက်ယူလိုက်၏။ ဆန်းကြယ်ဒုက္ခအဆင့် ကျင့်ကြံသူများနှင့် မလုံလောက်သောကြောင့် သူသည် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်ကို ဝါးမြိုရလိမ့်မည် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ တတိယမြောက်သွေးကြော ပေါ်လာတော့၏။
တတိယမြောက်သွေးကြော ပေါ်လာသည့်နောက် သူသည် မန္တာန်များစွာကို တချိန်တည်းတွင် ထုတ်ဖော်လာနိုင်ပြီ ဖြစ်၏။ သူ၏ရှေးတောက်ခန္ဓာကိုယ် အမြန်နှုန်းသည်ပါ တိုက်ရိုက် ပြောင်းလဲသည်။
ဤသည်မှာ ဒီအမြန်နှုန်းမန္တာန်ပညာရပ်ကို လေ့ကျင့်သော တခြားသူများနှင့် ဝမ်လင်း၏ ကွာခြားမှု ဖြစ်၏။ ထိုအမြန်နှုန်းပညာရပ်က သူ့ခန္ဓာကိုယ်ပေါ်သို့ မည်သို့သောဘေးဥပါဒ်မှ မဖြစ်ပေါ်စေပေ။ အကြောင်းမှာ သူ ပထမဆုံး ဝါးမြိုခဲ့သော ကျင့်ကြံသူမှာ နိဗ္ဗာနလေဟောနယ်အဆင့် ကျင့်ကြံသူ၏ စိတ်ဝိညာဉ် ဖြစ်သောကြောင့်ပင်။
ဝမ်လင်း ဝါးမြိုခဲ့သော မူလစိတ်ဝိညာဉ်များ၏ တဝက်ကျော်ကို သူ့အနေဖြင့် တခြားအရာများအတွက် အသုံးချအုံးမည် ဖြစ်၏။
“မိစ္ဆာတာအိုကလန်ခေါင်းဆောင်ရဲ့ မူလစိတ်ဝိညာဉ်ကို ဝါးမြိုပြီးရင် ငါ့ မန္တာန်သွေးကြော ဘယ်လောက်များများကို ဖွဲ့စည်းနိုင်မလဲ သိချင်မိတယ်…” ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူက မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်နှင့်အတူ မန္တာန်သွေးကြောများကို စတင် ဖွဲ့စည်းတော့သည်။
ထိုအခိုက်တွင် ကောင်းကင်သည် တောက်ပလာကာ နေအလင်းမှာ ထင်းလင်း၏။ ဝမ်လင်းက မန္တာန်သွေးကြောကို ဖြစ်ပေါ်နေစဉ် အလင်းတန်းတစ်ခုသည် မုန့်မြေကမ္ဘာကုန်းမြေနှင့် အစိမ်းရောင်မိစ္ဆာကုန်းမြေတို့ကြား ဖြတ်သန်းလာနေ၏။ ထိုအလင်းတန်းကြောင့် ကျင့်ကြံသူများသည် တုန်လှုပ်ကုန်ကာ မည်သူကမျှ အပြင်ထွက်ကာ မစူးစမ်းဝံ့ကြပေ။
ကုန်းမြေများကြားရှိ နယ်စပ်များကို မဟာအင်ပါယာအတုများက လုံးဝ လစ်လျူရှုနိုင်ပေ၏။