ကြင်နာတတ်သော နှလုံးသားပိုင်ရှင် အမေ
Vol. 02 Ch. 77
ထန်ရှုသည် အလင်း၏ လျင်မြန်ခြင်းနှုန်းဖြင့် ကျောင်းဆီသို့ အပြေးသွားလေသည်။ ကျောင်းရုံးခန်းရှေ့တွင် ဟန်ကျင်းဝူနှင့်အတူ ထိုင်ကာ စကားပြောနေသော မိခင်ဖြစ်သူအား တွေ့လိုက်ရတော့မှ ထန်ရှု၏ စိုးရိမ်စိတ်များ တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။ မိခင်ဖြစ်သူအား တိတ်တဆိတ် စောင့်ရှောက် ကာကွယ်ပေးရန်အတွက် တစ်စုံတစ်ယောက်အား တာဝန်ပေးရန် သူ တွေးထားလိုက်သည်။ တစ်ချိန်တွင် သူသည် စွမ်းအားရှိသော ရန်သူများအား ရန်စမိခဲ့ပါလျှင် ထိုသူများသည် သူ့အား လက်တုံ့ မပြန်နိုင်ပါက မိခင်ဖြစ်သူအား ပစ်မှတ် ထားနိုင်လေသည်။ ထိုကဲ့သို့ ဖြစ်ခဲ့ပါက သူ မည်ကဲ့သို့ လုပ်နိုင်ပါမည်နည်း။
“အမေ … ကျောင်းကို ဘယ်လိုကြောင့် ရောက်လာရတာလဲ”
ထန်ရှုသည် မိခင်အား ကြည့်လိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။
သားဖြစ်သူ ရောက်လာသည်ကို တွေ့လိုက်သော စုလင်းယွမ်သည် အမြန်ရှေ့သို့ လှမ်းလာပြီး သူ၏လက်အား ဆွဲကာ အလျင်စလို ပြောလိုက်သည်။
“ရှုအာ … အမေ သားကို အပြေးအလွှား လာရှာတာ။ မင်းဦးလေးကို ဘာလုပ်ထားသေးလဲ။ မင်းဦးလေးရော မင်းအဒေါ်ရော အမေတို့ဆိုင်ကို စိတ်ပျက်လက်ပျက် ရောက်လာကြပြီး ဒူးထောက် ငိုကြွေးနေကြတယ်။ သားကိုလည်း ခွင့်လွှတ်ပေးဖို့ ပြောနေတယ်။ ဘာတွေ ဖြစ်ခဲ့ကြတာလဲ”
ထန်ရှုသည် ခဏမျှ ငြိမ်သက်သွား ပြီးနောက် ဖြေလိုက်သည်။
“အမေ … ကျွန်တော် ရှေ့ရက်က ဈေးဝယ်ထွက်တော့ စုရှန်းဝမ်နဲ့ ကျန်းမေရွမ်တို့ကို တွေ့တယ်။ သူတို့က ကျွန်တော့်ကို အနိုင်ကျင့်ကြတဲ့ အပြင် ကျောင်းက ထွက်ဖို့လည်း ဖိအားပေးတယ်။ အဲဒီအချိန်မှာ ရှန်းဝမ်အိမ်ခြံမြေ လုပ်ငန်းထက် အဆပေါင်း၁၀၀ကြီးတဲ့ စီးပွားရေး လုပ်ငန်းကြီးက လာတဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော်နဲ့ အတူပါလာယ်။ သူက ကျွန်တော့်ဘက်က ရပ်တည်ပြီး ကာကွယ်ပေးတာကို စုရှန်းဝမ်က သူ့ကို ထိခိုက်စေတဲ့ အပြုအမူတွေ လုပ်လိုက်တယ်။ ကျွန်တော်တို့ မမျှော်လင့် ထားခဲ့တာက အဲဒီသူငယ်ချင်းရဲ့ အဖေက တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားတာနဲ့ ကြုံတော့ ဒေါသထွက်ပြီး စုရှန်းဝမ်ဘဝကို ခက်ခဲအောင် လုပ်ပစ်မယ်ဆိုပြီး ကြိမ်းဝါးခဲ့တယ်။ ကျွန်တော် မမှားရင် သူက စုရှန်းဝမ်ကို လှုပ်ရှားနေပြီ ထင်တယ်။ အဲဒါကြောင့် စုရှန်းဝမ်က အမေ့ဆီကို ပြေးလာပြီး ကျွန်တော့်ကို သူငယ်ချင်းရဲ့ အဖေဆီမှာ သူအကြောင်းအကောင်း ပြောပေးစေချင်တာနဲ့ တူတယ်”
စုလင်းယွမ်၏မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ သူမ၏ မျက်နှာထက်တွင် ဒေါသများ ထွက်လာပြီး ပြောလိုက်သည်။
“စုရှန်းဝမ် ဘယ်လိုများ ဒါကို လုပ်နိုင်ရတာလဲ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ သားက သူ့ရဲ့တူ ... သူ့ညီမရဲ့သားပဲလေ။ ဘယ်လိုများ သားကို ဒီလို ဆိုးဆိုးဝါးဝါး ဆက်ဆံရတာတုံး။ သားလေး … စိတ်အေးအေးသာနေ။ သူ့ရဲ့ အဆက်အသွယ်တွေ သုံးပြီး သားကို ကျောင်းထုတ်ဖို့ ကြိုးစားရင် အမေ ... အမေ့အကြောင်း သူ ကောင်းကောင်း သိစေရမယ်”
တစ်ဖက်တွင် ဟန်ကျင်းဝူသည်လည်း ဒေါသထွက်နေဟန် ရှိသည်။ ကျောင်းမှ အချို့ခေါင်းဆောင်များ၏ ထန်ရှုအပေါ်ထားသော သဘောထားအား ပြန်လည် သတိရလာခဲ့သည်။ သူမလည်း စုရှန်းဝမ်၏ အလှူများနှင့် ဆက်သွယ်မှုများအား သိသည်။ ချက်ချင်း သူမ ပြောလိုက်သည်။
“အစ်မကြီး … အစ်မကြီးစု … မစိုးရိမ်ပါနဲ့။ ကျွန်မ ကျောင်းမှာရှိနေသရွေ့ ထန်ရှုကို ဘယ်သူမှ အနိုင်မကျင့်စေရ၊ ကျောင်းမထုတ်စေရဘူး”
စုလင်းယွမ်သည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
“ဆရာမလှလှလေး … ကျေးဇူးတင်ပါတယ်။ အရင်တုန်းက အကြောင်းတွေ ကျွန်မ ကြားပြီးပါပြီ။ ရှုအာအတွက် မားမားမတ်မတ် ရပ်တည်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ရှုအာလေးက အလွန်စမတ်ကျပြီး အကျင့်လည်း ကောင်းပါတယ်။ ကျွန်မမှာ သူ့ကို ကာကွယ်နိုင်စွမ်း မရှိတာက ကျွန်မရဲ့အမှားပါ။ သူ့ကို အမှားဖြစ်စေတယ်”
ဟန်ကျင်းဝူသည် စုလင်းယွမ်၏ လက်များအား ဆွဲကိုင်လိုက်ပြီး နွေးနွေးထွေးထွေး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး အဲဒီလို မပြောပါနဲ့။ လွန်ခဲ့တဲ့တစ်နှစ်က ထန်ရှုသာ ကျွန်မကို မကယ်ခဲ့ဘူးဆိုရင် သူလည်း ကားတိုက်ခံမှာ မဟုတ်ဘူး။ ဒီဟာ ကျွန်မလုပ်ပေးရမဲ့ ပုံမှန်လုပ်ရပ်ပါ”
စုလင်းယွမ်သည် သူမ၏သားဖြစ်သူ ကယ်တင်ခဲ့သူမှာ ဟန်ကျင်းဝူဖြစ်မှန်း သိထားပြီး ဖြစ်သော်လည်း သူမရင်ထဲတွင် ကျေးဇူးတရား ရှိနေဆဲပင် ဖြစ်သည်။ ခဏအကြာတွင် သူမသည် ထန်ရှုဘက် လှည့်ကာ …
“သား … အဲဒါဆို အမေတို့ ဘာလုပ်သင့်လဲ။ မင်းဦးလေးနဲ့ မင်းအဒေါ်က ဆိုင်မှာရှိနေတုန်းပဲ။ ထွက်သွားဖို့ ငြင်းနေကြတယ်။ အမေ …”
ထန်ရှု ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတွင် စုရှန်းဝမ်သည် သူ့မိခင်၏ အစ်ကိုဖြစ်ပြီး သူ၏မိခင်သည် ကြင်နာသနားတတ်သော သူတစ်ယောက် ဖြစ်သည့် အားလျော်စွာ စုရှန်းဝမ်၏ အသနားခံ တောင်းပန်မှုအပေါ် သူမ၏ စိတ်နှလုံးသားသည် မည်သို့မျှ မတင်းခံနိုင်ချေ။ သူမအနေဖြင့် စုရှန်းဝမ်၏ ဘဝအား ယခုကဲ့သို့ ဆိုးဝါးစွာ အဆုံးသတ်သွားလိုမည် မဟုတ်ပါချေ။
“အမေ့အပေါ် မူတည်ပါတယ်။ အမေ ဘယ်လိုလုပ်ချင်လဲ”
စုလင်းယွမ် တွေဝေနေသည်။ အခိုက်အတန့်အားဖြင့် မည်သည့်စကား ဆိုရမည်ကို သူမ မသိချေ။ ထို့ပြင် သည်အဖြစ်အပျက်သည် စုရှန်းဝမ်သည် သူကိုယ်တိုင် ဖန်တီးယူခြင်း ဖြစ်သည်။ သူမသား၏ သူငယ်ချင်းသာ မရှိခဲ့ပါက သားဖြစ်သူ၏ ကျောင်းသားဘဝသည် အနိုင်ကျင့် ခံနေရဦးမည်ကို သူမ စိုးထိတ်လှသည်။ သားဖြစ်သူ၏ ကျောင်းသား ဘဝသည်ပင် ဆက်လက် တည်ရှိဦးမည်ဟု မသေချာလှပေ။ သို့သော် သွေးသည် ရေထက် ပိုပျစ်သည်ဟူသော စကားအရ ယခုအခြေအနေသည် သူမအတွက် ဘေးကျပ်နံကျပ် ဖြစ်စေသည်။
ထန်ရှုသည် ခါးသီးသော အသံဖြင့် ပြောလိုက်သည်။
“အမေ ... သည်တစ်ကြိမ်တော့ ကျွန်တော့်သူငယ်ချင်းကို သူ့အဖေကို ပြောပေးဖို့ ပြောလိုက်ပါမယ်။ နောက်တစ်ကြိမ် စုရှန်းဝမ် ကျွန်တော်တို့ကို အနိုင်ကျင့်ရဲဦးမယ် ဆိုရင်တော့ ကျွန်တော် သူ့ကို လွယ်လွယ်နဲ့ လွှတ်မပေးတော့ဘူး”
ထန်ရှုသည် ထိုကဲ့သို့ ပြောလိုက်သော်ငြားလည်း သူ၏ အတွင်းစိတ်ထဲတွင် လှောင်ရယ်ရယ်နေသည်။ သူသည် လုံဟန်ဝမ်နှင့် ချန်းကျီကျုံးအား ထိုကဲ့သို့ မပြုလုပ်ရန် ထားနိုင်သော်လည်း စုရှန်းဝမ်အား တိုက်ခိုက်ရန် ယွမ်ကျန်းရွှမ်ကို လုပ်ခိုင်း နိုင်သေးသည်။ စုရှန်းဝမ်မိသားစုနှင့် ပတ်သက်ပြီး သူ့တွင် ဆွေမျိုးသံယောဇဉ်သာ မဟုတ်ဘဲ မည်သည့် အရေးကြီးမှုမှ နည်းနည်းလေးမျှပင် မရှိတော့ချေ။
စုလင်းယွမ် တွေဝေသွားသည်။ “ရှုအာ … သား စကားက သူတို့အတွက် ထိရောက်ပါ့မလား”
ထန်ရှုသည် ခေါင်းကိုညိတ်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
“ဒီအဖြစ်အပျက်က သားကြောင့် ဖြစ်တာဆိုတော့ သားစကားကို သေချာပေါက် သူတို့နားဝင်မှာပါ။ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ စားသောက်ဆိုင်လေးကို ပြန်တဲ့အခါကျရင် အမေ အဲဒီအကြောင်း သိလာပါလိမ့်မယ်”
ထန်ရှုသည် စုလင်းယွမ်အား နှစ်သိမ့်လိုက်ပြီး ဆိုင်ပြန်ရန် အကြံပေး လိုက်လေသည်။
ရုံးခန်းတံခါးနားတွင် …
ဟန်ကျင်းဝူသည် ထန်ရှုအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“နင် နင့်အမေကို အမှန်တရား တစ်ခုလုံး မပြောရသေးဘူး မဟုတ်လား။ နင့်သူငယ်ချင်းရဲ့ အဖေက သူ့သားကို အနိုင်ကျင့်လို့ စုရှန်းဝမ်ကို အမှန်တကယ် စိတ်ဆိုးပြီး ကန်ထုတ်ချင်နေတာ ဆိုရင် နင့်စကားက ဘယ်လိုပေါက်မှာတုံး။ ငါ့ကို မျက်နှာသာပေးပြီး အမှန်တရားကို ပြောပြစမ်းပါဦး ...”
ထန်ရှုသည် ရယ်မော လိုက်ပြီးလျှင် …
“ဆရာမဟန် ... အမျိုးသမီး တစ်ယောက်က အရမ်းသိနားလည် လွန်းနေရင် အဲဒါက သူမအတွက် မကောင်းဘူးနော်”
ဟန်ကျင်းဝူသည် ဂုဏ်ယူဝမ်းမြောက် နေဟန်ဖြင့် ရယ်မောလျက် …
“စမတ်ကျတဲ့ အမျိုးသမီး တစ်ယောက်က ဆိုးတယ်လို့ ဘယ်သူကများ ပြောခဲ့တာတုံး။ အခုက စွမ်းရည်နည်းတဲ့ အမျိုးသမီးတွေ ကောင်းတဲ့ခေတ် မဟုတ်တော့ဘူး။ အာ ... မဟုတ်သေးပါဘူး … နင်က ခေါင်းစဉ်ကို ပြောင်းလိုက်တာပဲ ... ကောင်လေး။ ခု ငါ့ကို အမြန်ပြောစမ်းပါ။ အမှန်တကယ် ဘာဖြစ်ခဲ့တာလဲ”
ထန်ရှုသည် ရွေးချယ်စရာ မရှိတော့သောကြောင့် ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
“အိုက်ယား ... ဆရာမ တကယ် သိချင်တယ်ဆိုရင် ပြောပြပါမယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုပဲ ကျွန်တော် အဆုံးမဲ့ ဆေးပညာ လုပ်ငန်းစုရဲ့ သူဌေး ချန်းကျီကျုံးနဲ့ တွေ့ခဲ့တယ် ... ဆရာမ မှတ်မိတယ် မဟုတ်လား။ သူနေမကောင်းတာကို ကျွန်တော် အမှန် ကုသပေးခဲ့တာပါ။ အဲဒါကြောင့် သူက ကျေးဇူးဆပ်ချင်တယ်။ စုရှန်းဝမ် ကျွန်တော့်ကို အနိုင်ကျင့်တော့ သူ မမျှော်လင့်ပဲ ရောက်လာခဲ့တယ်။ သူက တအား ဒေါသထွက်ခဲ့လို့ စုရှန်းဝမ်ကို ခံစားရအောင် လုပ်လိုက်တာပဲ”
ဟန်ကျင်းဝူ အံ့အားသင့်သွားသည်။
“တကယ်ကြီးလား။ တကယ် ချန်းကျီကျုံးလား ...”
ထန်ရှု မျက်လုံးပြူးသွားပြီး ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီည ကျွန်တော် ခွင့်ယူပြီး ချန်းကျီကျုံးကို သွားကြည့်ရဦးမယ်။ ဆရာမ လိုက်ခဲ့ဦးမလား ...”
ဟန်ကျင်းဝူသည် ဒေါသတကြီး ဆတ်ခနဲ ပြောလိုက်သည်။
“နင် ခွင့် ထပ်ယူချင်သေးတယ် ဟုတ်လား ...”
ထန်ရှုသည် ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး …
“ဆရာမဟန် ... ညဘက်မှာ အတန်းမရှိဘူးလေ။ ကျွန်တော် အခု ဖြစ်ပျက်တာတွေလည်း ပြောချင်သေးတယ်။ ဒါမှမဟုတ် ဆရာမက အမေ့ကို စိတ်ပျက်လက်ပျက် ကသိကအောက် ဖြစ်စေချင်တာလား”
ဟန်ကျင်းဝူ၏ ဒေါသသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူမ သက်သောင့်သက်သာ ဖြစ်သွားသည်။
“ဒီအဖြစ်အပျက် အတွက် ဆိုရင်တော့ ငါ နင့်ကို ဒီည ခွင့်ပေးလိုက်မယ်။ မနက်ဖြန်မနက် အတန်းတက်ရမယ်။ နောက်မကျပါစေနဲ့”
“ဟုတ်ကဲ့ပါ ခင်ဗျာ ...” ထန်ရှုသည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
သူသည် ချန်းကျီကျုံးနှင့် ဒီညတွင် ချိန်းဆိုထားပြီး ဖြစ်ပြီး ခွင့်ဘယ်လိုယူရန် တွေးဆနေခဲ့သည်။ သို့သော် အံ့အားသင့်စွာဖြင့် သူ၏မိခင် ကျောင်းသို့ ရောက်လာပြီး ခွင့်ရရှိရန် အဆင်ပြေသွား လိမ့်မည်ဟု သူ မျှော်လင့် မထားမိခဲ့ချေ။
ဟန်ကျင်းဝူ ထပ်ပြောလိုက် ပြန်သည်။
“အာ ... နောက်ပြီး ကျောင်းအုပ်ကြီးက ငါ့ကို ဒီနေ့ ခေါ်ပြောတယ်။ နင့်ကို တစ်ပတ် အားလပ်ရက် ပေးလိုက်ပါတဲ့။ ငါ့ကို မှန်မှန် ပြောစမ်းပါ။ ဘာတွေ ဖြစ်နေတာလဲ”
ထန်ရှုသည် အံ့အားသင့်စွာ ပြောလိုက်သည်။ “သူတကယ်ကို လက်ခံပြီး သဘောတူ လိုက်တာလား”
ဟန်ကျင်းဝူ ဆတ်ခနဲ လှမ်းပြောလိုက်သည်။
“သဘောတူရုံမလား။ အဲဒါထက်တောင် ပိုသေးတယ်။ နင် ဘာသာရပ် ပြိုင်ပွဲရှိလို့ အခြားကို သွားရမှာလို့ နင့်အမေကို လိမ်ပြောပေးဖို့ပါ သူက ငါ့ကို ပြောတယ်လေ။ ဒါပေမဲ့ နင့်စကား နားထောင်ရတာ နင် ဘာကြောင့်ဆိုတာကို သိနေသလိုပဲ။ ရိုးရိုးသားသားနဲ့ ငါ့ကို မှန်မှန် ပြောစမ်းပါ။ ဘာတွေ ဖြစ်ပျက်နေတာလဲလို့”
ထန်ရှုသည် ခေါင်းထဲတွင် အလျင်အမြန် စဉ်းစားလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“တစ်စုံတစ်ယောက်ရဲ့ ဆရာက အတော် နာမကျန်း ဖြစ်နေတယ်။ ကျွန်တော့်ရဲ့ ဆေးကုသစွမ်းက ကောင်းတော့ တခြားမြို့ကို လိုက်ပြီး သူ့ဆရာကို ကုပေးဖို့ တောင်းဆိုတယ်လေ။ ဆရာမ သိတဲ့အတိုင်း ကျွန်တော့်မှာ တခြားမြို့ကို ဘယ်အချိန်သွားမလဲ။ အဲဒါကြောင့် ကျွန်တော့်မှာ အမေနဲ့ကျောင်းကို ပြောဖို့ အကြောင်းပြချက်မရှိလို့ အချိန်မရှိဘူးလို့ ပြောပြီး ကျွန်တော် ငြင်းလိုက်တယ်။ ကျွန်တော် မထင်မိတာက သူက ကျောင်းအုပ်ကြီး အထိ လာတွေ့ပြီး ဒီလို စီစဉ်ခိုင်းနိုင်တာကိုပဲ”
“နင် ငါ့ကို ညာနေတာ မဟုတ်ပါဘူးနော်”
ထန်ရှုသည် လက်ကို မြှောက်ကာ ကိုယ်ကို ကိုင်းညွှတ်လျက် လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော့်အနာဂတ် ဇနီးကို တိုင်တည်ပြီး ဆရာမကို မညာဘူးလို့ ကျွန်တော် ကျိန်ဆိုတယ်”
“ ... ခွိ ...”
ဟန်ကျင်းဝူသည် စိတ်ကြီးဝင်ဟန်ဖြင့် ထန်ရှုအား ကြည့်လိုက်ပြီး စသလို ပြုံးလိုက်သည်။
“ဒီကောင်လေး ... နင့်အသက် ဘယ်လောက်မို့တုံး။ အနာဂတ်ဇနီး အကြောင်း ပြောရအောင်။ ကောင်းပြီ ... ငါ နင့်အမေကို အဆင်ပြေအောင် ပြောလိုက်ပါမယ်။ ဒါပေမဲ့ သတိရနော်။ ဒီနေ့အပါ ခွင့်တစ်ပတ်နော်”
ထန်ရှုသည် မချိပြုံး ပြုံးလျက် …
“ဒါ ... ဒါပေမဲ့ ... ဒီညတော့ မပါဘူးလေ။ ဒါက တူမှ မတူတာကိုး ...”
“ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်လေ”
ဟန်ကျင်းဝူသည် အောင်နိုင်သော အပြုံးဖြင့် ပြုံးကာ ပြောလိုက်သည်။
စုရှန့်ဖေးသည် ထန်ရှု စာသင်ခန်းထဲသို့ ဝင်လာသည်ကို ဒေါသဖြစ်စွာဖြင့် ကြည့်နေခဲ့သည်။ သူသည် တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး စုရှန့်ဖေးအား လျစ်လျူရှုကာ သူ၏နေရာတွင် ပြန်ထိုင်လိုက်ပြီး ယွမ်ချူးလင် စာလေ့လာနေသည်ကို ကြည်နူးစွာ ကြည့်လိုက်သည်။ ရုတ်တရက် သိချင်စိတ်သည် သူ့အား မရိုးမရွ ဖြစ်စေသောကြောင့် သူ မေးလိုက်သည်။
“ကိုယ့်လူ … မင်း ဒီနေ့ အတော် ပြောင်းလဲနေတယ်နော်။ ဒီလောက် လုံ့လရှိတာ ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး”
ယွမ်ချူးလင်သည် ပေါ့ပေါ့ပါးပါး ရယ်မောလျက်
“အဲဒါက ငါ အတိတ်က မိုက်မဲခဲ့တဲ့ လုပ်ရပ်တွေပါ။ ဘာပဲဖြစ်ဖြစ် ထန်ရှု မင်း တစ်စုံတစ်ခု သိလား။ ငါ့မိဘတွေ ကွာရှင်းတာ ဟန်ပြတဲ့။ သူတို့ကွာရှင်းလက်မှတ် ယူပြီးပေမဲ့လည်း တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်က အရင်ကထက် ပိုကောင်းလာသေးတယ်”
ထန်ရှုသည် ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။ “ဘယ်လိုကြောင့်လဲ”
ယွမ်ချူးလင်သည် ခေါင်းကို ယမ်းလျက် ပြောလိုက်သည်။
“ငါလည်း ဘာဖြစ်ခဲ့လဲ သေချာမသိဘူး။ အမေက ပြောတယ် အခုတော့ မပြောနိုင်သေးဘူး။ ငါ ဘွဲ့ရပြီးလို့ လူ့ပတ်ဝန်းကျင်မှာ ရပ်တည်နိုင်တဲ့အစွမ်း ရှိပြီဆိုရင် အကုန် ပြောပြမယ်တဲ့။ သူတို့ကို နားမလည်ဘဲ ငါ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်စေခဲ့တာ ဘယ်လောက်တောင် မိုက်မဲလိုက်လဲလို့”
ထန်ရှုသည် ရုတ်ခြည်းပင် သဘောပေါက်သွားပြီး သူ၏ပခုံးအား တွန့်ကာ ပြောလိုက်သည်။
“ငါ့ကို ကူညီ စေချင်တာလား”
ယွမ်ချူးလင်သည် ဒွိဟဖြစ်ဟန်ဖြင့် …
“ဟ ... မင်း ငါ့ကို ဘယ်လို ကူညီလိမ့်မလဲ။ စာမေးပွဲဖြေဖို့ တစ်လပဲ လိုတော့တာကို။ ငါတောင်မှ အခု အချိန်နဲ့အမျှ ကြိုးစားနေတယ်။ စာမေးပွဲမှာ အမှတ်အများကြီး ရပြီး ငါ့မိဘတွေကို ပျော်စေချင်လို့”
ထန်ရှုသည် ပြုံးလိုက်ပြန်သည်။
“ငါ့ကို တစ်ပတ်ပဲစောင့်ပေး။ ပြီးရင် စာလေ့လာတာမှာ ငါ့ရဲ့အတွေ့အကြုံတွေ မင်းကို သင်ပေးမယ်။ ငါ့နည်းလမ်း ရသွားရင် မင်းရဲ့လုပ်ဆောင်ချက်တွေ ခုန်ပျံ တိုးတက်လာလိမ့်မယ်”
“တကယ်လား” ယွမ်ချူးလင်သည် ဝမ်းသာလုံး ဆို့သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
ယုံကြည်မှုရှိသော အပြုံးဖြင့် ထန်ရှုသည် ပြန်ပြောလိုက်သည်။
“မင်း ငါ့ရဲ့ ပြီးခဲ့တဲ့ အမှတ်စာရင်းကို မမြင်ဘူးလား။ ငါသာ လိုချင်ရင် ကျောင်းမှာ နံပါတ်တစ်ဆိုတာ ငါ့အတွက် အေးဆေးပဲ”
ထိုခဏတွင် ထန်ရှုနှင့် ယွမ်ချူးလင်တို့၏ စကားအား တိတ်တဆိတ် နားထောင်နေသော ချန်းယန်နန်သည် နောက်သို့ ရုတ်တရက် လှည့်လာပြီး ပြောလိုက်သည်။
“ယို့ ... ထန်ရှု ... နင် အဲဒီလိုတော့ သူ့တစ်ယောက်ပဲ မျက်နှာ မလိုက်သင့်ဘူးလေဟာ။ ငါတို့က အတန်းဖော်တွေပဲ။ ယွမ်ချူးလင်ကို သင်ပေးရင် ငါ့ကိုလည်း ကျေးဇူးပြုပြီး သင်ပေးပါဟာနော်။ ပြဿနာမရှိဘူး မဟုတ်လား”
ထန်ရှုသည် မရယ်ဘဲ မနေနိုင်တော့သဖြင့် ရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“အေးပါဟ။ ငါ ဒီနေ့ စိတ်ကောင်း ဝင်နေတယ်။ နင့်ကိုလည်း သင်ပေးရမှာပေါ့”
ချန်းယန်နန်သည် ခေါင်းညိတ်လိုက်ပြီးမှ သူမ မျက်လုံးကလည်ကလည် ဖြစ်သွားပြီးလျှင် …
“ငါ နောက်ထပ် မိန်းကလေး ၂ယောက်လောက် ခေါ်လာလို့ရမလား။ စိတ်ကူးကြည့်စမ်း။ ကောလိပ်ဝင်ခွင့် အတွက် ငါတို့အတန်းက အမှတ်ကောင်းတဲ့ ကျောင်းသားတွေ အများကြီး ထွက်လာရင် ဆရာမဟန်လည်း ဆုရလိမ့်မယ်”
ထန်ရှုသည် ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အိုကေ ... ဒါပေမဲ့ လူအများကြီး ခေါ်မလာပါနဲ့”
ထန်ရှုသည် သူ၏အတန်းဖော်များနှင့် ပတ်သက်ပြီး စိတ်ကောင်းမရှိချေ။ သူ၏ အတန်းဖော်များသည် အခြားလူထဲမှ ဘာကြားကြား မျက်စိမှိတ် လက်ခံကြပြီး အခြားသူများကို ဆဲရေးကြသည်။ ချန်းယန်နန် အတွက်သာ မဟုတ်လျှင် သူသည် အခြား အတန်းဖော်များအား လက်ခံလိမ့်မည် မဟုတ်ပါချေ။
ယွမ်ချူးလင် ပြောလိုက်သည်။
“အစ်ကိုကြီး ... တစ်ပတ်စောင့်လို့ မင်းပြောတယ် ... ဘာလို့ အခု မစတာလဲ”
ထန်ရှုသည် ပြုံးလိုက်ပြီး …
“ဆရာမဟန်ဆီက ငါ ခွင့်တစ်ပတ်ရတယ်။ ဒီနေ့ နေ့လယ်ကစပြီး ငါ ကျောင်းကနေ သွားမယ်”
“ဘာပြောတယ်။ မင်း ခွင့်တစ်ပတ် တောင်းခဲ့တယ် ဟုတ်လား” ယွမ်ချူးလင်၏ အသံသည် မလိုလားအပ်စွာ အသံအကျယ်ကြီး ထွက်သွားတော့သည်။
လျှပ်တစ်ပြက်အတွင်း …
ကျောင်းသား အားလုံးသည် ထန်ရှုနှင့် ယွမ်ချူးလင်အနားသို့ ဝိုင်းအုံလာကြသည်။ သူတို့အမြင်တွင် ထန်ရှုသည် စိတ်ကြီးဝင်နေပြီး ကောင်းကျိုး မပေးသော ကျောင်းသား ဖြစ်သည်။ သူ ယခင်က အမှတ်ကောင်းကောင်း ရခဲ့ခြင်းမှာ သူ၏ ကံကောင်းမှုကြောင့် ဖြစ်ပြီး သည့်ထက်မပိုချေ။ သူ၏ အတန်းပျက်မှုနှင့် ခွင့်ယူမှုများကြောင့် ထန်ရှုအား ကျောင်းသားများသည် ပို၍ ပို၍ မနှစ်သက်ကြတော့ချေ။
****