စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်၍
Vol. 143 Ch. 1972
ထိုမုန်တိုင်းအတွင်း၌ ကျယ်လောင်စွာ တုန်ဟည်းသံသည် ဝမ်လင်းရှေ့တွင် ပဲ့တင်ထပ်၏။ သူသည် သူ့လက်သီးချက်ကို ပြန်ဆုတ်၏။ သူ့ခန္ဓာကိုယ်မှာ တုန်ခါကာ နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ရသည်။ ပထမခြေလှမ်းတွင် မီးကဲ့သို့ အနီရောင်ခြေရာတစ်ခု ထင်ကျန်သွားသည်။
ဒုတိယမြောက်ခြေလှမ်းတွင် သစ်ပင်ပန်းမန်များ ဖုံးလွှမ်းနေသော အစိမ်းရောင်ခြေရာ ထင်ကျန်သည်။ တတိယခြေလှမ်းက မြေပြင်ကို သတ္တုခြေရာ ထင်ကျန်သွားစေ၏။
ထိုခြေလှမ်းသုံးလှမ်းအတွင်း ဝမ်လင်းက ခေါင်းမော့ကာ မိစ္ဆာတာအိုကလန်၏ဘိုးဘေးဖြစ်သူထံ လှမ်းကြည့်သည်။
ထိုခြေလှမ်းသည် လွင့်ပြယ်သွားကာ မိစ္ဆာတာအိုကလန်ဘိုးဘေးသည် လှမ်းလျှောက်ထွက်လာပြီး ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်သည်။
“ငါ့လက်သီးချက်ကြောင့် မသေသွားသလို၊ ဒဏ်ရာလည်း ရမသွားဘူး။ ခြေသုံးလှမ်းနဲ့ မင်းခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ မန္တာန်သုံးခုကို ဖယ်ရှားပစ်နိုင်တယ်။ မင်းက မိစ္ဆာတာအိုကလန်ကို ဖျက်စီးပစ်နိုင်တဲ့စွမ်းအား ရှိတာပဲ…”
ဝမ်လင်းသည် မိစ္ဆာတာအိုကလန်ဘိုးဘေးကို အလေးအနက်အသွင် ဖြင့်ကြည့်၏။ ထိုလက်သီးချက်တွင် မန္တာန်ကိုးခု ပါဝင်၏။ သို့သော် သူက ခြောက်ခုကိုသာ တားဆီးလိုက်နိုင်သည်။ ခြေသုံးလှမ်းဆုတ်ပြီးမှ ကျန်မန္တာန်သုံးခကို ဖယ်ရှားပစ်နိုင်ခဲ့သည်။
“ဒါက မဟာအင်ပါယာတွေရဲ့ စွမ်းအားလား။ သိပ် အားကောင်းတယ်…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက မဟာအင်ပါယာအတုနှင့် တိုက်ခိုက်ချင်နေသည်။
“ဒီတော့ မဟာအင်ပါယာအတုအဆင့် ကျင့်ကြံသူတွေဟာ ဒီလိုပုံစံနဲ့ တိုက်ခိုက်တာပေါ့…” ဝမ်လင်းသည် ထိုသူ၏လက်သီးချက်ကို ပြန်မြင်ယောင်ကြည့်သည်။ သူ၏မျက်လုံးက လင်းလက်လာသည်။ သူက သင်ယူနေခြင်းပင်။
“ဒီမှာ ဒုတိယမြောက်လက်သီးချက်…” မိစ္ဆာတာအိုကလန်ဘိုးဘေးက ရှေ့သို့ ခြေလှမ်း၏။ သူ့အနီရောင်ဆံပင်တို့မှာ လေမတိုက်ပါဘဲ လွင့်ဝဲနေ၏။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူက ညာလက်ကို ပင့်မြှောက်ကာ သူတကိုယ်လုံးသည် အစစ်အမှန်နှင့်အတုအယောင်ကြား မြန်ဆန်စွာ ပြောင်းလဲလေသည်။ ၎င်းမှာ အလွန်ထူးဆန်း၏။ ထိုစဉ် သူက ဒုတိယမြောက်လက်သီးချက်ကို ပစ်သွင်းလာသည်။
ဒုတိယမြောက်လက်သီးချက် ပေါ်လာသည့်အခါ မိစ္ဆာတာအိုကလန်တခုလုံး တုန်ခါသွား၏။ မမြင်ရသောအားတစ်ခု ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးကို ဆုတ်ဖြဲပစ်လေသည့်အလား။ ဝမ်လင်းပတ်လည်ရှိ ဧရိယာသည် လေဟာနယ်တစ်ခုအဖြစ်သို့ ပြောင်းသွားလေသည်။
ဤသည်မှာ အဆုံးမဲ့လေဟာနယ်ပင်။ ထိုလေဟာနယ်အမှောင်ထုအတွင်း ဝမ်လင်းသည် ကောင်းကင်နှင့်မြေပြင်တို့ကို မမြင်ရတော့ပေ။ သူသည် တခြားလောကတစ်ခုသို့ ရောက်သွားသည့်အလား။ တခုတည်းသော ရှိနေသောအရာမှာ ထိုလက်သီးချက်ပင်။
ထိုလက်သီးချက်တွင် မန္တာန်ဆယ့်ရှစ်ခု ပါဝင်ပေ၏။
ရွှေအဆင့်ထိပ်သီးများသည် ထိုလက်သီးချက်ကို မြင်ရပါက သူတို့သည် မျှော်လင့်ချက်မဲ့ကာ ခုခံဖို့အရည်အချင်းမဲ့၍ ထိတ်လန့်မှုကိုသာ ခံစားမိကုန်လိမ့်မည်။ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်ဆယ်ယောက်သည်ပင် အသက်တရှိုက်စာကြာအောင် ဒီလက်သီးချက်ကို စုပေါင်း၍ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ရွှေ့အဆင့်ထိပ်သီးများက တိုက်ခိုက်ဖို့အတွက် မန္တာန်များကို အသုံးပြုနေရသေး၏။ အင်ပါယာအတုများကမူ တာအိုကို သူတို့၏ခန္ဓာကိုယ်တွင်းသို့ ပေါင်းစပ်ထားသဖြင့် သူတို့ခန္ဓာကိုယ်များ၏ လှုပ်ရှာမှုတိုင်းထံသို့ သမူဟ ဖြစ်စေသည်။ ၎င်းမှာ မြင့်လှသောအဆင့်တစ်ခုပင်။
“ဒီလက်သီးချက်အတွင်းမှာ မန္တာန်ဆယ့်ရှစ်ခု ရှိတယ်။ သိပ် အားကောင်းတယ်။ ခန္ဓာကိုယ်ကို တာအိုနဲ့ ပေါင်းစပ်တာ။ ငါ ဒါကို ခုထိ မလုပ်နိုင်သေးဘူး…”
ဝမ်လင်း၏ မျက်လုံးတို့က တလက်လက် ဖြစ်လာပြီး သူ့ညာလက်ကို ပင့်မြှောက်၍ သူ့ထံ တိုးဝင်လာသော ဒုတိယမြောက်လက်သီးချက်ထံ လက်သီးတလုံး ပစ်သွင်းလိုက်လေသည်။
“ငါ့ခန္ဓာကိုယ်ကို တာအိုနဲ့ မပေါင်းစပ်နိုင်ဘူး။ ငါ့ခန္ဓာကိုယ်က လှုပ်ရှားမှုတစ်ခုတလေနဲ့ မန္တာန်တွေကို အသုံးမပြုနိုင်သေးဘူး။ ငါ့ရဲ့ ဒီလက်သီးချက်မှာ ငါ့ရှေးနဲ့ကောင်းကင်ဘုံစွမ်းအား ပေါင်းစပ်မှု ပါဝင်တယ်။ ဒါက ဘာမန္တာန်မှ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ ယုံကြည်မှုနဲ့ စိတ်ဆန္ဒ ပါဝင်တယ်…”
ဝမ်လင်း၏မျက်လုံးထဲတွင် တိုက်ပွဲဆာလောက်စိတ်တို့ ပြည့်လာသည်။ သူသည် မာန်သွင်းကာ ရှေ့သို့ လှမ်း၏။ သူတို့၏လက်သီးချက်များသည် ထိပ်တိုက်တွေ့တော့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ လေဟာနယ်တခွင် ပဲ့တင်ထပ်သည်။ ထိုအသံက ပိုပြင်းထန်လာကာ လေဟာနယ်သည် ပုံပျက်ယွင်းမည့် လက္ခဏာများ စတင် ပြသလာသည်။ ချက်ခြင်းပင် လေဟာနယ်သည် ဆုတ်ဖြဲခြင်း ခံရကာ အဖျက်အစီးဆန်သော ပျက်စီးမှုတစ်ခု ဖြစ်ပွားသည်။
လေဟာနယ် ပျက်စီးသွားသည့်နောက် ကောင်းကင်သည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကောင်းကင် ဖြစ်နေပြီး မြေပြင်ကမူ မိစ္ဆာတာအိုကလန်၏ အပျက်အစီးပုံ ဖြစ်နေမြဲပင်။ ဝမ်လင်းသည် မိစ္ဆာတာအိုကလန်ဘိုးဘေးနှင့် ပေတစ်ထောင်အကွာတွင် ရပ်နေ၏။
သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်တွင်း၌ ပြင်းထန်သောဖိသိပ်အားတစ်ခုကို ရုန်းကြွသည်ကို ခံစားမိကာ နောက်သို့ ခြေခုနှစ်လှမ်းခန့် ဆုတ်လိုက်ရ၏။ ခြေတလှမ်းစီတိုင်းက ကွဲပြား၏။ ခြေခုနစ်လှမ်းပြီးသည့်နောက် ဝမ်လင်းထံမှ တုန်ဟည်းသံ ထွက်ပေါ်လာသည်။ သူ့တုန်ယင်နေသော ညာလက်မှာ အောက်သို့ တွဲကျနေပြီး သွေးစက်များ မြေပြင်ထက်သို့ စီးကျသည်။
“အားကောင်းလိုက်တဲ့ ဒုတိယမြောက်လက်သီးချက်၊ မန္တာန်ဆယ့်ရှစ်ခုကို လက်သီးချက်တစ်ခုတည်းမှာ ပေါင်းစပ်ထားတာ။ လက်သီးချက်တစ်ခုတည်းနဲ့ လောကကနေ သီးသန့်ဟင်းလင်းပြင်ကို ပိုင်းထုတ်နိုင်တယ်…”
ဝမ်လင်းသည် အပေါ်သို့ မော့၍ သူ့ပါးစပ်ထောင့်မှ သွေးကို လက်ဖြင့် သုတ်ကာ မိစ္ဆာတာအိုကလန်ဘိုးဘေးထံသို့ လှမ်းကြည့်သည်။
“မင်းရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်မားလှဘူး။ ဒါပေမဲ့ မင်းရဲ့ တိုက်ပွဲဝင်စွမ်းအားဟာ အင်ပါယာအတုအဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ မင်းအနေနဲ့ အင်ပါယာအတုအဆင့်တွေက ဘယ်လို တိုက်ခိုက်လဲကိုတော့ မင်း မသိပါဘူး…”
မိစ္ဆာတာအိုကလန်ဘိုးဘေးက ဖြည်းဖြည်းချင်း ပြောကာ ရှေ့သို့ လှမ်းလာ၏။ ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်က အနည်းငယ် လေးနက်လာ၏။
“အင်ပါယာအတုအဆင့် ကျင့်ကြံသူတွေ ဘယ်လိုတိုက်ခိုက်လဲကိုတောင် မသိတဲ့ ကျင့်ကြံသူတစ်ယောက်က ငါ့လက်သီးချက်နှစ်ချက်ကို ခံနိုင်ခဲ့တယ်။ဒီလူဟာ သာမန်မဟုတ်ဘူး…”
ခြေဆယ်လှမ်းခန့် လျှောက်လာပြီးနောက် မိစ္ဆာတာအိုကလန်၏ ဘိုးဘေးဖြစ်သူ၏ မျက်လုံးတို့မှာ အတော့်ကို တောက်ပလာသည်။ သူသည် ဝမ်လင်းကို ကြည့်ကာ တတိယကြိမ်မြောက် လက်ပင့်မြှောက်သည်။
မိစ္ဆာတာအိုကလန်၏ ဘိုးဘေးဖြစ်သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းသာ ငါ့ နောက်ဆုံးလက်သီးချက်ကို ခုခံနိုင်ရင် မင်း မိစ္ဆာတာအိုကလန်ကို ဖျက်စီးခဲ့တဲ့ကိစ္စကို သင်းပုန်းချေလိုက်တော့မယ်…။ ဒီလက်သီးချက်မှာ ငါ့စွမ်းအားအပြည့် ပါဝင်တယ်။ ဒီလက်သီးချက်က မင်းကို မသတ်နိုင်ခဲ့ရင် ငါဟာ တကယ်ပဲ မင်းကို သတ်နိုင်တော့မှာ မဟုတ်ဘူး။ မင်းအနေနဲ့ မိစ္ဆာတာအိုကလန်ကို ဖျက်စီးခဲ့ရတဲ့ ကိုယ်ပိုင်အကြောင်းရင်း ရှိမှာပဲ။ ဒါပေမဲ့ ဒါက ဘာလဲလို့ ငါ မမေးတော့ဘူး။ ဒီတတိယမြောက်လက်သီးချက်က အပြီးသပ်ပေးလိမ့်မယ်…”
“ဒီလက်သီးချက်မှာ မန္တာန်နှစ်ဆယ့်ခုနစ်ခု ပါဝင်တယ်။ မင်း အနေနဲ့ ဒါကို ဘယ်လို ခုခံမလဲ…” မိစ္ဆာကလန်ဘိုးဘေးက ထိုသို့ပြောရင်း သူ့ညာလက်ကို ဝေ့ယမ်းလိုက်လေ၏။
ဝမ်လင်းသည် စိတ်ဝိညာဉ်ချပ်ဝတ်ကို မဝတ်ဆင်ပါက သူ့အနေဖြင့် ဒီလက်သီးချက်ကို ခံနိုင်မည် မဟုတ်တာကို သိ၏။ ထိုလက်သီးချက်က သူ့ကို လုံးဝ သတ်ပစ်နိုင်ဖို့ လုံလောက်အောင် အစွမ်းထက်ပေသည်။ သူ၏ရှေးတောက်ခန္ဓာကိုယ်ဖြင့်ပင် ဒီလက်သီးချက်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။
“အင်ပါယာအတုအဆင့်ထိပ်သီးပုဂ္ဂိုလ်တွေ။ သူတို့ဟာ တကယ်ပဲ ဩဇာအင်ပါယာအောက်မှာ အထွတ်အထိပ်ရှိတဲ့သူတွေ ဖြစ်ဖို့ ထိုက်တန်လှတယ်…”
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူ့မျက်နှာထက်ရှိ ကောင်းကင်ဘုံနွားထီးအမှတ်အသားသည် စတင် ပျံ့လွင့်လာသည်။ တချိန်တည်းမှာ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က မြင့်တက်လာသည်။ ထိုအော်ရာသည် ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ထံမှ ပျံ့လွင့်လာကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။ ၎င်းသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့အတွင်းသို့လည်း ဝင်ရောက်ကာ သူ၏ကျင့်ကြံမှုအဆင့်ကို လေဟာနယ်အတိဒုက္ခအလယ်အဆင့်ကနေ အလယ်အဆင့်သို့ ရောက်ရှိသွားစေသည်။ သို့သော် ထိုသည်က အဆုံးသပ် မဟုတ်သေးပေ။ သူ့ကျင့်ကြံမှုအဆင့်က လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်ကနေ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်အဖြစ်သို့ တက်လှမ်းသွားပြီးမှ ရပ်တန့်သွားတော့သည်။
ထိုရုတ်တရက် ပြောင်းလဲမှုက မိစ္ဆာတာအိုကလန်ခေါင်းဆောင်ဘိုးဘေး၏ မျက်လုံးသူငယ်အိမ်ကို ပထမဆုံးအကြိမ်အဖြစ် ကြုံ့သွားစေ၏။
မိစ္ဆာတာအိုကလန်ဘိုးဘေး၏ အမူအရာမှာ ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားလေ၏။
သူသည် ကုန်းမြေခုနှစ်ဆယ့်နှစ်ခုလုံးတွင် ဖိနှိပ်ထားသော စိတ်ဝိညာဉ်များအကြောင်း သိထားပေသည်။ ယင်းတို့သည် ဖိနှိပ်ထားခြင်း ခံရသော်လည်း ထိုဖိနှိပ်ခြင်းအဆင့်က ကုန်းမြေတစ်ခုနှင့်တစ်ခု မတူပေ။ ထို့ကြောင့် စိတ်ဝိညာဉ်များ၏ ခွန်အားအရာ၌လည်း ကွာခြားပေသည်။
ယင်းဖိနှိပ်ခံထားရသော စိတ်ဝိညာဉ်များထဲမှ အချို့သည် စိတ်ဝိညာဉ်သေများ ဖြစ်ကုန်ခဲ့ကြပြီ။ ယင်းတို့ထဲမှ တဝက်ကသာ သက်ရှိနေသေး၏။ ဥပမာ အစိမ်းရောင်ကင်းမြှီးကောက်စိတ်ဝိညာဉ်လိုမျိုးပင်။ ၎င်းက မူလတုန်းက အတော့်ကို အစွမ်းထက်ခဲ့၏။ သို့သော် ၎င်းအပေါ်၌ ဖိနှိပ်ထားခြင်းကလည်း အားမနည်းလှပါ။ ၎င်းသည် အချိန်ကြာမြင့်လွန်းစွာ ဖိနှိပ်ခံထားခဲ့ရသည်ဖြစ်၍ အလွန်အမင်း အားနည်းနေခဲ့လေပြီ။
ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ စိတ်ဝိညာဉ်ကမူ ကွာခြား၏။ ကုန်းမြေခုနစ်ဆယ့်နှစ်ခုတွင် ကောင်းကင်ဘုံနွားထီးကုန်းမြေသည် နောက်ပိုင်းမှ ပါဝ်ငလာခြင်း ဖြစ်ကာ ၎င်းကို ဖိနှိပ်ထားသည့် သက်တမ်းမှာ တိုတောင်းသေး၏။ ကောင်းကင်ဘုံနွားထီးမှာလည်း အလွန်အစွမ်းထက်သော သားရဲ ဖြစ်၍ ၎င်းသည် ကုန်းမြေခုနစ်ဆယ့်နှစ်ခု၏ သားရဲများကြားတွင် အဆင့်ဆယ့်ရှစ်ရှိပေသည်။
စိတ်ဝိညာဉ်တစ်ခု၏ အသိအမှတ်ပြုခြင်းကို ရရှိတာမှာ အထူးတလည် ကိစ္စမဟုတ်ပေ။ သို့သော် အသိအမှတ်ပြုခြင်းကို ရရှိခြင်းသည် အစဦးသာ ဖြစ်၏။ ထိုစိတ်ဝိညာဉ်အားဖြင့်ပင် အများဆုံးမှ ထိုသူတို့သည် လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်သို့ ရောက်နိုင်သည်။
သို့သော် စိတ်ဝိညာဉ်တစ်ခု၏ ဟိန်းသံကို ကြားရနိုင်သော အလွန်နည်းပါးသောလူအချို့ကသာ ပိုမြင့်မားသော အသိအမှတ်ပြုခြင်းကို ရရှိပြီး ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်ထိ အဆင့်တိုးတက်သွားနိုင်စွမ်း ရှိသည်။
မည်သို့ပင်ဖြစ်စေ ရွှေအဆင့်မှာ အကြွင်းမဲ့အကန့်အသတ် ဖြစ်ကာ ထိုထက် မပိုနိုင်တော့ပေ။ အင်ပါယာမြို့တော်အောက်ရှိ နံပါတ်တစ်စိတ်ဝိညာဉ်၏ မြင့်မားသောအသိအမှတ်ပြုခြင်းကို ရရှိခဲ့လျှင်တော့ ထိုထက်ပိုကောင်း ပိုနိုင်လောက်၏။ သို့သော် တခြားစိတ်ဝိညာဉ်များအတွက်ကမူ မဖြစ်နိုင်ပေ။
ပို၍ အရေးကြီးသည်မှာ စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့် ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ် ကျင့်ကြံသူများသည် အင်ပါယာအတုကျင့်ကြံသူများထက်ပင် ပိုနည်းပါးသေး၏။ ဩဇာအင်ပါယာများ၏ အရေအတွက်လောက်သာ ရှိပေလိမ့်မည်။ အကြောင်းမှာ အများဆုံးမှ ကုန်းမြေတစ်ခုပေါ်၌ မြင့်မားသော အသိအမှတ်ပြုခြင်းကို ရရှိနိုင်သောသူသည် အရေအတွက်အားဖြင့် နှစ်ယောက်သော ဖြစ်နိုင်သောကြောင့်ပင်။
ထို့အတွက်ကြောင့် မိစ္ဆာတာအိုကလန်၏ဘိုးဘေးသည် ကုန်းမြေတစ်ခု၏ မြင့်မားသော အသိအမှတ်ပြုခြင်းကို ရရှိသော အင်ပါယာအတုအဆင့်ပုဂ္ဂိုလ် ရှိသည်ဟူ၍ မကြားဖူးပေ။
“ငါ့ရှိကနေ ဒီလက်သီးချက်နှစ်ချက်ကို ခုခံနိုင်တယ် ဆိုတာဟာ သူ့အနေနဲ့ အင်ပါယာအတု ဖြစ်ဖို့ အရည်အချင်း ပြည့်မှီတယ်လို့ ဆိုလိုတယ်။ ဒါ့အပြင် အခု သူ့မှာ ကောင်းကင်ဘုံနွားထီးရဲ့ မြင့်မားတဲ့အသိအမှတ်ပြုခြင်းကိုပါ ရထားသေးတယ်။ ဒါဟာ…”
မိစ္ဆာတာအိုကလန်ဘိုးဘေးသည် စိတ်ခံစားချက် အရိပ်အမြွက်ကိုပင် ပြသလာ၏။
“ဒီလူ့ကို မြင်တဲ့ မဟာအင်ပါယာတိုင်းက သူတို့လက်အောက်မှာ နေဖို့ စည်းရုံးကြလိမ့်မယ်။ ဒီစိတ်ဝိညာဉ်ချပ်ဝတ်နဲ့ဆို သူ့ကျင့်ကြံမှုအဆင့်ဟာ ဘယ်အဆင့်ထိ ရောက်သွားမလဲကိုတော့ ငါ မသိဘူး…” မိစ္ဆာတာအိုကလန်ဘိုးဘေး၏ မျက်လုံးက အရောင်တောက်လာ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ တတိယမြောက်လက်သီးချက်ကို ပစ်သွင်းလိုက်တော့သည်။
ထိုလက်သီးချက် ပျံသန်းထွက်လာသည့်အခါ မိစ္ဆာတာအိုကလန်ဘိုးဘေး၏ မန္တာန်နှစ်ဆယ့်ခုနစ်ခု ပါဝင်သော လက်သီးချက်က ဝမ်လင်းနှင့် သူ့ကြားတွင် ဧရာမတွင်းနက်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုတွင်းနက်က အရာအားလုံးကို ဝါးမြိုမည်ဟု ထင်မှတ်ရ၏။ မိစ္ဆာတာအိုကလန်၏ အပျက်အစီးများသည်လည်း ၎င်း၏ ဝါးမြိုခြင်းကို ခံရသည်။
ကောင်းကင်သည်ပင် ပျက်စီးပြိုလဲလေတော့မည့်အလား။
မြေပြင်ထုသည် ထူးဆန်းစွာ အပေါ်ယံတဝက်သည် ထိုတွင်းနက်၏ အကြမ်းပတမ်း စုပ်ယူခြင်းကို ခံရသည်။
ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ ရွှေ့အဆင့်ထိပ်သီးစွမ်းအားက သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်လာသည်။ သူသည် သူ့ခန္ဓာကိုယ်၏ ခွန်အားကို ခံစားမိ၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ ဒုတိယမြောက်ခန္ဓာကိုယ်တစ်ခု ပေါ်လာသည်။
ထိုဒုတိယမြောက်ခန္ဓာကိုယ်က ခြေတလှမ်းလှမ်း၏။ ထို့နောက်တွင် တတိယမြောက်၊ လေးခုမြောက်၊ ငါးခုမြောက်ကနေသည် ကိုးဆယ့်ရှစ်ခုမြောက်ထိ ခန္ဓာကိုယ်များ ပေါ်လာ၏။ ယင်းတို့ထဲမှ ကိုးဆယ့်ခုနစ်ခုသည် ပုံရိပ်များသာ ဖြစ်ပြီး တစ်ခုကတော့ ဝမ်လင်းအစစ်အမှန်ပင်။
“ငါ ငါ့ခန္ဓာကိုယ်နဲ့ တာအိုကို မပေါင်းစပ်နိုင်ဘူး။ ငါ့လှုပ်ရှားမှုတိုင်းဟာလည်း မန္တာန်တစ်ခုကို အသုံးမပြုနိုင်ဘူး။ ဒါပေမဲ့ ငါ့အနေနဲ့ အမြန်နှုန်းမန္တာန်ပညာရပ်ကို အသုံးပြုပြီး မန္တာန်ကိုးဆယ့်ရှစ်ခုကို တပြိုင်တည်း သုံးပြီး အင်ပါယာအတုထိပ်သီးပုဂ္ဂိုလ်နဲ့ တိုက်ခိုက်မယ်….”