တရားမဝင် တပည့်
Vol. 02 Ch. 78
ဇွန်လနေ့ရက်များသည် တစ်ချိန်ပြီးတစ်ချိန် ကုန်ဆုံးသွားသည်။ နေ့အခါတွင် နေရောင် တောက်ပပြီး ညအချိန်သို့ တဖြည်းဖြည်း ရောက်လာချိန်တွင် မိုးသားများ ပြည့်နှက်သွားကာ မိုးဖွဲဖွဲလေးများသည် စည်းချက်သံညီညီဖြင့် ကောင်းကင်မှ ရွာချလာသည်။ တောင်တံခါးမြို့ အိမ်ရာဝင်း တစ်ခုလုံးသည် မိုးများ ရွာသွန်းနေမှုကြောင့် မထင်မရှားဖြစ်နေပြီး တစ်အိမ်ပြီးတစ်အိမ် မီးများ ထွန်းညှိလာကြသည်။
သူ၏အိမ်ထဲ၌ ထန်ရှုသည် အိပ်ခန်းဝရန်တာတွင် ခြေချိတ်ထိုင်လျက် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အာရုံ ဖြန့်ကြက်နေလေသည်။ ရက်အနည်းငယ် ကျင့်ကြံပြီးသည့် အချိန်တွင် ကြယ်၉လုံးသည် ပိုမို တောက်ပလာသည်။ သူသည် ခြေချိတ် ထိုင်နေသော်လည်း ဒီရေလှိုင်းများသဖွယ် သူ၏ခွန်အားအား အာရုံခံစားနိုင်သည်။ စွမ်းအားသည် သူ၏ခြေလက်များနှင့် အဓိက အရိုးကြီး၅ခုအား လည်ပတ်နေသည်။
သည်အရာသည် အရေပြား ပြောင်းလဲခြင်း ကျင့်စဉ် စတင်ရန်အတွက် အလွန် အရေးကြီးသည်ကို သူ သိလေသည်။ ကျားလွေဒေါင်အား ကူညီပြီး ပြန်လာသည်နှင့် ထိုအတွက် လိုအပ်နေသော ဆေးပင်များနှင့် စိတ်ဝိညာဉ် ကျောက်တုံးတို့ အားလုံးအား ရှာဖွေရန် သူ အစီအစဉ် ဆွဲထားသည်။ အချိန်တိုအတွင်း ရှာဖွေနိုင်ခြင်း မရှိပါက အကူအညီတချို့အား ချန်းကျီကျုံးဆီမှ သူ ယူရပေလိမ့်မည်။
“ကျင့်ကြံခြင်း လမ်းပေါ် လျှောက်လှမ်းရခြင်းက အမြဲ အန္တရာယ် ပြည့်နေပြီးတော့ ခက်ခဲ နေတော့တာပဲ။ ဒါပေမဲ့ ဒါတွေက ရှောင်လွှဲလို့မရတဲ့ အခက်အခဲတွေမို့ ငါ ရဲရင့်ရမယ်။ ပြီးနောက် ငါက တစ်ဆင့်တက်လှမ်း သွားနိုင်လိမ့်မယ်”
ယခင်ဘဝတုန်းက ဆိုပါက ကျင့်ကြံခြင်းအတွက် ရင်းမြစ်များသည် သူ့အတွက် မရှိသည်ဟု မဆိုနိုင်လောက်အောင် ပေါများပေသည်။ သို့သော် ဤကမ္ဘာမြေတွင် ရင်းမြစ်များသည် ရှားပါးလှပေသည်။ သူသည် ကောင်းကင်စကြဝဠာ ပညာရပ်အား ကျင့်ကြံမည်ဆိုပါလျှင် မည်မျှခက်ခဲစေကာမူ သူလိုအပ်သော ရင်းမြစ်များအား ရှာဖွေရပေမည်။ မည်သည့်အရာကမှ သူ့အား ကျင့်ကြံခြင်းမှ ရပ်တန့်အောင် မပြုလုပ်နိုင်ဟု သူ ယုံကြည်ထားသည်။ သူသည် ရည်မှန်းရာ ပန်းတိုင်သို့ ရဲရဲရင့်ရင့်ဖြင့် ကောင်းကင်တွင် ပျံဝဲနေသော လင်းယုန်တစ်ကောင် ဖြစ်သည်။
“ဟင်”
သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ချန်းကျီကျုံး ရောက်လာကြောင်း ချက်ချင်း သိသွားသည်။
ပထမထပ်တွင် …
ချန်းကျီကျုံးသည် အံ့သြနေဟန်ဖြင့် အိမ်၏ အပြင်အဆင်အား အကဲခတ်နေသည်။ သူ၏ အိမ်အပြင်အဆင်ပင်လျှင် သည်အိမ်လောက် မကောင်းကြောင်း သူ ဝန်ခံရပေမည်။ လုံဟန်ဝမ်တွင် ထိုကဲ့သို့ ပြောင်မြောက်သော အမြင်နှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် တိကျသော ဆုံးဖြတ်ချက်တို့ဖြင့် လုပ်ကိုင်နိုင်စွမ်း ရှိသော သားတစ်ယောက် ရှိသည်ကို သူ အားမကျဘဲ မနေနိုင်အောင် ဖြစ်ရသည်။ ၎င်းသည် ထူးချွန်လှသည့် အရည်အချင်းနှင့် စီးပွားရေး လက်ရွေးစင် တစ်ယောက် ပေါ်ထွက်လာခြင်းပင် ဖြစ်နိုင်ပေသည်။
“ရောက်လာပြီလား”
ထန်ရှုသည် ထူးမခြားနားဟန်ဖြင့် အောက်ထပ်သို့ လျှောက်လာခဲ့သည်။
ချန်းကျီကျုံး၏နှလုံးသားသည် တင်းကျပ်သွားပြီး လေးစားမှု အပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။
“ဆရာ”
ထန်ရှုသည် သူ့အား ဘာမျှ ပြန်မပြောဘဲ ဧည့်ခန်းမှ ဆိုဖာဆီသို့ လမ်းလျှောက်လာကာ တည်ငြိမ်စွာ စကားဆိုလိုက်သည်။
“တစ်ချိန်တုန်းက ကျွန်တော့်မှာ တရားမဝင် တပည့် အနည်းငယ် ရှိခဲ့ပြီး သူတို့ကို သင်ကြားပေးတဲ့အခါမှာ သင်ယူမှုကို မလိုက်နိုင်တာကို သိခဲ့ရတယ်။ အဲဒါကြောင့် တပည့်တွေကို သင်ကြားတဲ့အပေါ်မှာ ကျွန်တော် အချိန်မဖြုန်းချင်ဘူး။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ဆရာအဖြစ် အရိုအသေ ပေးထားပြီးပြီဆိုတော့ ကျွန်တော် တောင်းဆိုစရာ တစ်ခုတော့ရှိတယ်”
“ပြောသာပြောပါ” ချန်းင်္ကျီကျုံး အလျင်စလို ပြောလိုက်သည်။
ထန်ရှုသည် အသက်ငယ်ငယ်လေးနှင့် တပည့်များ လက်ခံထားလိမ့်မည်ဟု သူ မထင်ထားမိချေ။ ထိုသို့ဆိုလျှင် သူ့တွင် စီနီယာအစ်ကိုများ ရှိနှင့်နေပြီမဟုတ်ပါလော။
“အလျင်မလိုပါနဲ့ဦး။ ကျွန်တော် မေးခွန်းနည်းနည်းလောက် မေးချင်ပါသေးတယ်။ ခင်ဗျားအဖြေက ကျွန်တော့်ကို ကျေနပ်စေမယ်ဆိုရင် ယခုကစပြီး တပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်။ မဟုတ်ရင်တော့ ခင်ဗျား ပြန်နိုင်တယ်။ ဒီနေ့ မြင်သမျှ ကြားသမျှကို အပြင်မှာ မပေါက်ကြားစေရဘူး”
ချန်းကျီကျုံး၏ စိတ်သည် လှုပ်ရှားသွားပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး မေးပါ။ ကျွန်တော် ဖြေပါမယ်”
ထန်ရှုသည် အမြင့်ပိုင်းအား ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ ကမ္ဘာမြေအထက်မှာ မြင့်မားတဲ့ တည်ရှိမှုတွေနဲ့ ရှိနေတဲ့ ကောင်းကင်ဘုံတွေ၊ အဲဒီအထက်မှာ ကောင်းကင်ဘုံ တစ်ခု ရှိနေတာကို ခင်ဗျား ယုံလား”
ချန်းကျီကျုံး ပြောလိုက်သည်။ “လုံး၀ ယုံတယ်။ စကြဝဠာကြီးက ကြီးမားပြီး ဘောင်ခတ်မထားဘူး။ အဲဒီမှာ ကျင့်ကြံသူတွေ အများကြီးနဲ့ ကမ္ဘာအသစ်တွေ ဘယ်လောက်ရှိမလဲ ဆိုတာ ဘယ်သူသိမလဲ”
ထန်ရှုသည် ခေါင်းယမ်းပြီး ပြောလိုက်သည်။
“ကျွန်တော် ပြောနေတာ စကြဝဠာ မဟုတ်ဘူး။ ဘုံတွေ။ လူသားတွေထက် မြင့်မားတဲ့ဘုံတွေမှာ ရှိနေတဲ့ အင်မော်တယ်တွေရဲ့ အကြောင်း ခင်ဗျား ကြားဖူးလား။ နတ်ဆိုးဘုံ၊ အင်မော်တယ်ဘုံနဲ့ နတ်ဘုရားဘုံ ဆိုပြီးပေါ့။ မြင့်မားတဲ့ သည်ဟာတွေ တည်ရှိနေတယ်လို့ရော ခင်ဗျားထင်မိလား”
ချန်းကျီကျုံး နက်နက်နဲနဲ တွေးလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“ကျွန်တော် မသိဘူး”
ထန်ရှု ဆက်မေးလိုက်သည်။ “အဲဒါတွေ ရှိနေတယ် ဆိုရင်ရော ခင်ဗျား လက်ခံနိုင်မလား”
ချန်းကျီကျုံး တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ် ပြလိုက်သည်။
“ထူးဆန်းတဲ့ အရာတွေက အဆုံးမရှိတဲ့ စကြဝဠာထဲမှာ အင်္သချေ ရှိနေကြတာပဲ။ ကျယ်ကျယ်ပြန့်ပြန့် တွေးမယ်ဆိုရင် နတ်ဆိုး၊ အင်မော်တယ်နဲ့ နတ်ဘုရားဘုံတွေ ရှိတယ်ဆိုတဲ့ ဖြစ်နိုင်ပါတယ်။ သူတို့အမှန်တကယ် ရှိမယ်ဆိုရင် ကျွန်တော် လက်ခံနိုင်တယ်”
“နောက်မေးခွန်း ... ခင်ဗျား ကျင့်ကြံခြင်းအမှုကို လုပ်ဆောင်နေတဲ့ လူဘယ်နှယောက်လောက်များ သိလဲ”
ကျင့်ကြံသူလား …။
ဖြစ်နိုင်တာက …
သူ၏စိတ်သည် မြန်ဆန်လာပြီး လေးနက်စွာ ပြောလိုက်သည်။
“ကျင့်ကြံသူများက ကျွန်တော့်အမြင် ပြောရရင် ဒဏ္ဍာရီလာ လူတွေပါပဲ။ သူတို့အကြောင်းကို ပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေထဲမှာပဲ သိဖူးတယ်။ တစ်ခါမှ သာမန်မျက်စိနှင့် တကယ့်ဘဝမှာ မမြင်ဖူးပါဘူး။ ဒါပေမဲ့ အဲဒီလိုလူမျိုးတွေ ရှိတယ်ဆိုတဲ့ နေရာ၂နေရာတော့ ကြားဖူးတယ်။ တပ်အပ်တော့ မပြောနိုင်ဘူးပေါ့”
“ဘယ်နေရာလဲ”
“ကျင်းဟိုက်နဲ့ တိဘက်” ချန်းကျီကျုံး ဖြေလိုက်သည်။
ထန်ရှုသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို တစ်ခုခု သင်ပေးတယ် ဆိုရင်တောင်မှ ခင်ဗျားမှာ ကြီးမားတဲ့ အောင်မြင်မှု ရမှာ မဟုတ်လောက်ဘူး။ ဒါကို သိထားပြီး ကျွန်တော့်ကို ဆရာအဖြစ် အရိုအသေ ပေးချင်နေတုန်းပဲလား”
စဉ်းစားတွေဝေခြင်း မရှိဘဲ ချန်းကျီကျုံး ဖြေလိုက်သည်။
“ကျွန်တော် သိုင်းပညာကို လေ့ကျင့်နိုင်ပြီး တိုးတက်နေသရွေ့ ဆရာအဖြစ် အရိုအသေ ပေးနေမှာပဲ”
ထန်ရှုသည် တံခါးအားညွှန်ပြကာ ပြောလိုက်သည်။
“ခင်ဗျားဖြေတာတွေက ကျွန်တော် သိပြီးသားတွေပဲ။ ခင်ဗျား သွားနိုင်ပြီ”
ချန်းကျီကျုံးသည် ခံစားချက် ကင်းမဲ့သွားသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးတွင် အေးစက်မှုများ ပျံ့နှံ့သွားသည်။ မည်သည့်နေရာတွင် သူ၏အဖြေ မှားယွင်းနေသည်ကို မသိသည့်အပြင် ထိုအရာသည် သူ့အား ထန်ရှုမှ တပည့်အဖြစ် လက်မခံနိုင်အောင် ဖြစ်စေသည်။
“ဘယ်အဖြေက ကျွန်တော့်ကို စိတ်မကျေနပ်စေလဲ ဆိုတာ ပြောပြပေးနိုင်မလား”
“ကျွန်တော့်ရဲ့ တပည့်တွေက သိုင်းပညာကျင့်ဖို့ မလိုဘူး။ ကံကြမ္မာကို ပြန်လည် တွန်းလှန်နိုင်တဲ့ အားအင်တွေနဲ့ အခက်အခဲတွေ ကြားမှာ ရဲရင့်ဖို့ သူတို့မှာ ခိုင်မာတဲ့နှလုံးသား၊ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ယုံကြည်မှုတွေရှိဖို့ပဲ လိုတယ်။ အစကနေ အဆုံးအထိ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း ပညာရပ်တွေက ကောင်းကင်ဘုံကို စိန်ခေါ်တဲ့နည်းတွေကိုပဲ တပည့်တွေက လေ့ကျင့်ရလိမ့်မယ်။ နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ အသက်ဝိညာဉ် ဆုံးရှုံးသွားလိမ့်မယ်။ တိုတိုနဲ့ အလွယ်ဆုံးပြောရရင် တစ်စုံတစ်ယောက်က ကျွန်တော့်လက်အောက် ကနေ လေ့လာ ဆည်းပူးချင်တယ် ဆိုရင် အရေးကြီးဆုံး အချက်က စိတ်နဲ့နှလုံးသားမှာ ကျင့်ကြံဖို့ပါပဲ ပြီးရင် နောက်ကတော့ ကျင့်ကြံခြင်း ပါရမီနဲ့ ကောင်းတဲ့စိတ်ဓာတ်ပဲ”
ချန်းကျီကျုံးသည် ထန်ရှု၏ရှေ့တွင် ဒူးထောက်ကာ ခိုင်မာစွာ ပြောလိုက်သည်။
“စိတ်ဓာတ်နဲ့ နှလုံးသားကတော့ ကျွန်တော့်မှာ ရှိပါတယ်။ ကျွန်တော် ပိုသန်မာလာလို့ ကောင်းကင်ဘုံနဲ့ တိုက်ရတဲ့အခါ နောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး”
ထန်ရှုသည် ချန်းကျီကျုံးအား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရာ ခိုင်မာစွာ ဆုံးဖြတ်ထားသည့် ဟန်သည် သူ၏မျက်နှာထက်တွင် အထင်းသား ပေါ်လွင်နေသည်။ အချိန်အတန်ကြာမျှ တိတ်ဆိတ်သွား ပြီးနောက် သူသည် ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။
“လက်ဘက်ရည် သွားဖျော်ပြီး ကျွန်တော့်ကို အရိုအသေပေးပါ”
“အာ ... ဟုတ်ကဲ့ ... အခု သွားလိုက်ပါမယ်”
ချန်းကျီကျုံး တစ်ခဏမျှ အေးခဲသွားပြီးမှ ချက်ချင်းပင် အပျော်များနှင့် အော်ပြော လိုက်မိတော့သည်။
လက်ဖက်ရည်ဖျော်ခြင်း …
အရိုအသေ ပေးခြင်း …
သည်ဟာသည် တပည့်လက်ခံခြင်း အတွက် အရိုးရှင်းဆုံး အခမ်းအနားဖြစ်ပြီး ၂မိနစ်သာလျှင် ကြာသည်။
ထန်ရှုသည် ချန်းကျီကျုံးအား မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်ရန် ပြလိုက်ပြီးနောက် သူသည် ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။
“အမှန်တကယ် ကျွန်တော့် လက်အောက်မှာ နေပြီး ကျင့်ကြံမှု လမ်းကြောင်းကို ယူရင်တောင်မှ ခင်ဗျား အသက်အရွယ်အရ အမြင့်ဆုံးကို မရောက်နိုင်ဘူး။ အင်မော်တယ် အဆင့်ကို တက်ဖို့ ခင်ဗျားအတွက် အလွန်ခက်ခဲလိမ့်မယ်။ ထူးကဲသာလွန်တဲ့ အင်မော်တယ်ဖြစ်ဖို့ ခင်ဗျားအတွက် အခွင့်အရေးက အပ်ချည်မျှင် ထက်တောင် နည်းပါးနေသေးတယ်။ ဒါပေမဲ့ ကျွန်တော့် အသိုင်းအဝိုင်းထဲကို ဝင်လာပြီဆိုမှတော့ အသက်ပိုရှည်ဖို့နဲ့ ပိုသန်မာလာဖို့ ကျွန်တော် လုပ်ပေးပါမယ်”
“အင်မော်တယ် အဆင့်ကို တက်လှမ်းခြင်း …။ ထူးကဲသာလွန်တဲ့ အင်မော်တယ် …။
ချန်းကျီကျုံး မျက်လုံးအိမ်မှာ ပြူးကျယ်လာပြီး အံ့သြမှုတို့ဖြင့် ပြည့်နှက် နေတော့သည်။
ထန်ရှုသည် လေးလေးနက်နက် ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော်က ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီးတော့ ခင်ဗျားပြောတဲ့ ပညာရပ်တွေ လေ့ကျင့်တဲ့သူ မဟုတ်ပါဘူး။ အကြီးမြတ်ဆုံးတာအိုက လမ်းကြောင်း အင်္သေချေ ရှိတယ်။ လမ်းကြောင်းတစ်ခုစီနဲ့ လမ်းကြောင်းတိုင်းက ဘယ်သူနဲ့မှ မတူကြပဲ ကွဲပြား ခြားနားကြတယ်။ ကျွန်တော် ခင်ဗျားကို အင်မော်တယ် ကျင့်စဉ်တစ်ခု သင်ပေးမယ်။ ဘယ်လောက်ထိ အောင်မြင်မလဲ ဆိုတာကတော့ ခင်ဗျားရဲ့ အားထုတ်မှုနဲ့ ကောင်းသော ကံပေါ်မှာ မူတည်တယ်”
ကောင်းသော ကံ …။ အမှန်တကယ် ကြီးမားသော ကံ ...။
ချန်းကျီကျုံး အလွန် စိတ်လှုပ်ရှားလှသဖြင့် ကျယ်လောင်စွာ အော်မိတော့မည့် ဆဲဆဲ ဖြစ်သွားရသည်။ သို့သော် ထန်ရှု၏ရှေ့တွင် သူ မလုပ်ရဲချေ။ သူ ကြားရုံသာ ကြားဖူးခဲ့သော ဒဏ္ဍာရီလာ ကျင့်ကြံသူများနှင့် ကျင့်စဉ်အား သူသည် ယခု မျက်ဝါးထင်ထင် မြင်တွေ့နိုင်တော့မည် ဖြစ်သည်။
“ဆရာ ... ကျေးဇူးတင်ပါတယ်။ တပည့်က လေးစားမှုအပြည့်နဲ့ ဆရာ့နောက်က လိုက်ပြီး ကျင့်ကြံခြင်းကို ကြိုးစားပါမယ်”
ချန်းကျီကျုံးသည် ထန်ရှု၏ရှေ့တွင် လေားစားစွာဖြင့် ၃ကြိမ်တိုင်တိုင် အရိုအသေ ပေးလိုက်သည်။
ထန်ရှု၏မျက်ခုံးများ တွန့်သွားရပြီး မကျေမနပ် ပြောလိုက်သည်။
“အခုကစပြီး ခင်ဗျား ကျွန်တော့်ကို အလွယ်တကူ အရိုအသေ မပေးပါနဲ့။ ခင်ဗျားကို အများကြီး မသင်ပေးနိုင်လို့ပါ။ ကျင့်ကြံခြင်းမှာ ခင်ဗျား အဖြေရှာမရတဲ့အခါ ကျွန်တာ့်ကို လာရှာပါ။ အဖြေပေးပါမယ်”
သိပ်မကြာမီ …
ထန်ရှုသည် ကျင့်ကြံခြင်း ကျင့်စဉ်တစ်ခုအား ကျပန်း ရွေးချယ်လိုက်ပြီး ချန်းကျီကျုံးအား သင်ပေးလိုက်သည်။ ထူးကဲသာလွန်သော အင်မော်တယ်တစ်ယောက်အတွက် သည်ကျင့်စဉ်သည် သူတို့၏မျက်လုံးတွင် မဝင်ဆန့်သော်လည်း သာမန် အင်မော်တယ်များအတွက် သည်ကျင့်စဉ်သည် နတ်ဘုရားအဆင့် ထူးကဲသာလွန်သော ကျင့်စဉ်နှင့် ညီမျှလေသည်။
ထန်ရှု၏ လက်ရှိကျင့်ကြံမှု အခြေခံသည် အလွန်နိမ့်ကျသည် ဖြစ်ရာ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ကျင့်စဉ်များအား လွှမ်းမိုးနိုင်ရန် မသုံးနိုင်သေးချေ။ ထို့ကြောင့် သူသည် သင်ခန်းစာပို့ချချက် သဖွယ်သာ သင်ကြား ပေးနိုင်လေသည်။ ၄နာရီကြာသွားသော အခါ သင်ကြားမှု ပြီးဆုံးသွားခဲ့သည်။
“ကောင်းတယ်။ ကျွန်တော် ခင်ဗျားကို ကျင့်ကြံခြင်းပညာရပ် သင်ကြားပေးပြီးပြီ။ ကျင့်ကြံခြင်းလမ်းပေါ် ခင်ဗျားရောက်လာရင် တခြား ဗဟုသုတတွေဖြစ်တဲ့ ဆေးလုံးဖော်စပ်ခြင်း၊ လက်နက် သန့်စင်ခြင်းနဲ့ အခြားအရာတွေ သင်ကြားပေးမယ်။ ဒါပေမဲ့ သတိထားရမှာက ကျင့်ကြံခြင်းကို စိတ်မရှည် မဖြစ်ရဘူးနဲ့ အလျင်စလို မလေ့ကျင့်ဖို့ပဲ။ နိုမို့ဆိုရင် ခင်ဗျား ယောက်ယက်ခတ်ပြီး စိတ်နတ်ဆိုးထဲ ကျရောက်သွားပြီး စိတ်အခြေအနေ ပျက်စီးသွားလိမ့်မယ်”
“ကျွန်တော် သည်းညည်းခံပြီး ဆရာသင်ကြားတဲ့ အတိုင်း လိုက်နာပါမယ်” ချန်းကျီကျုံး လေးလေးစားစား ပြောလိုက်သည်။
“ခင်ဗျား သွားလို့ရပြီ။ သတိရပါ။ ကျွန်တော် သင်ပေးသမျှကို ခင်ဗျား ချစ်တဲ့လူတွေကစပြီး ဘယ်သူ့ကိုမှ မပြမိစေနဲ့”
“ဟုတ်ကဲ့” ချန်းကျီကျုံး ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ထန်ရှုသည် ချန်းကျီကျုံးအား သွားခိုင်းပြီးသည်နှင့် ဖုန်းအား အချိန်ကြည့်ရန် ကိုင်လိုက်သည်။ မဖတ်ရသော စာတစ်စောင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ဖွင့်လိုက်သည်။ ဖတ်ပြီးသည်နှင့် သူ၏ အိုင်ဒီနံပါတ်အား လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူရန် အတွက် ကုန်းတာလုံအား ပေးခဲ့သည်ကို သတိရသွားပြီး မနက်ဖြန်မနက် အတွက် လေယာဉ်လက်မှတ် ဝယ်ယူထားသည်ကို မထင်မှတ်စွာ တွေ့လိုက်ရသည်။
“လေယာဉ်စီးရတဲ့ ခံစားမှုက ဘယ်လိုမျိုး ဖြစ်မှာပါလိမ့်။ ဓားပျံကို စီးရတဲ့ခံစားမှုမျိုး လိုပဲလား”
ထန်ရှုသည် ဟိုဟိုဒီဒီ လျှောက်တွေးနေရင်း ဗိုက်ဆာလာသဖြင့် မီးဖိုချောင်သို့ သွားကြည့်လိုက်ရာ မီးဖိုချောင် မဆိုထားဘိ ရေခဲသေတ္တာထဲတွင်ပင် ဘာမျှ မရှိသည်ကို တွေ့လိုက်ရ သောကြောင့် မချိပြုံး ပြုံးလိုက်မိသည်။
“ဒီအိမ်မှာ မိသားစု အငွေ့အသက်တွေ မရှိဘူးပဲ။ အမေသာ ဒီမှာ လာနေရင် ပိုပြီး ကောင်းသွားမှာ။ အိမ်က သေးတယ် ဆိုရင်တောင်မှ မိသားစုဝင်တွေနဲ့ ဆိုရင် အရမ်း နွေးထွေးနေမှာ”
ထိုကဲ့သို့ စိတ်ခံစားမှုများကြောင့် ထန်ရှုသည် သက်ပြင်းများကို မကြာခဏ ချမိနေတော့သည်။ ထို့နောက် သူသည် စားပွဲနောက်မှ နံရံပေါ်တွင် စားစာရာစာရင်းကို အမှတ်မထင် တွေ့သွားသည်။ ထိုစာရင်းတွင် ဟင်းပွဲအမြောက်အမြား ပါဝင်ပြီး တစ်ခုချင်းစီသည် ဈေးအလွန် ကြီးဟန်ရသည်။ ထိုစာရင်းအား ဖတ်ပြီး ထန်ရှုသည် အိမ်ခြံမြေ စီမံခန့်ခွဲမှုရုံးမှ သူ့အတွက် ချန်ပေးထားသည်မှန်း သိသွားတော့သည်။ သူ့အား စားစရာ ပြင်ဆင်ပေးမည့်သူ မရှိသောကြောင့် သူသည် အပြင်ဘက်တွင် စားတတ်လေသည့် အတွက် ထိုရုံးခန်းမှ ထားပေးထားခြင်း ဖြစ်သည်။
“တကယ်ပဲ သူတို့ကို မှာယူလိုက်တာနဲ့ လာပို့ပေးမှာပဲ။ ဒီအိမ်ရာဝင်းမှာ အရမ်းတော်ပြီး အကွက်စေ့တဲ့ စီမံခန့်ခွဲမှုရုံးခန်း ရှိနေတာပဲ”
ခပ်ဖွဖွ အပြုံးတစ်ချက် ပေါ်ထွက်လာပြီး ထန်ရှုသည် စာရင်းပေါ်မှ ဖုန်းနံပါတ်အား ခေါ်ဆိုကာ စားစရာ မှာယူလိုက်သည်။
မိနစ်၂၀ကြာသော် …
အိမ်၏ဘဲလ် မြည်လာသဖြင့် ထန်ရှသည် အပြင်ဘက်သို့ လျှောက်လာခဲ့ရာ သူမှာထားသည်များ ရောက်လာသည်ကို တွေ့လိုက်ရလေသည်။ လာပို့သူမှာ သူစိမ်းတစ်ယောက် မဟုတ်ဘဲ လုံကျန့်လင်း ဖြစ်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။
“မင်း ဘာကြောင့် ရောက်လာတာတုံး” ထန်ရှုသည် အံ့အားသင့်သော အသံဖြင့် မေးလိုက်သည်။
လုံကျန့်လင်းသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အစ်ကိုကြီး … ငါ မင်းကို အထူး လာရှာတာ။ ဒီကို ရောက်တော့ မှာထားတာကို လာပို့တဲ့ကောင်လေးနဲ့ တွေ့တာနဲ့ ပိုက်ဆံပေးလိုက်ပြီး ပြန်လွှတ်လိုက်တာ”
ထန်ရှုသည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ငါ့လူရေ … ငါ့မှာ သရဲတစ်ကောင် လိုက်တာ ခံနေရသလိုပဲ။ တစ်နေကုန် လိုက်နေရတာ တော်ပြီပေါ့ကွာ။ ဘယ့်နှယ် ညအထိပါ လိုက်နေရတာတုံး။ ငါနဲ့ အိပ်ချင်နေလို့လား”
လုံကျန့်လင်းသည် ခေါင်းအား ခပ်သွက်သွက် ယမ်းပြလိုက်သော်လည်း စိတ်လှုပ်ရှားသော အမူအရာမှာ ပျောက်ကွယ်မသွားချေ။
“အစ်ကိုကြီး … အကြောင်း တစ်ခုကြောင့် ငါ မင်းကို ရှာဖို့ လိုအပ်တယ်။ နေ့လယ်က မင်း ငါ့ကို ဆေးညွှန်းပေးခဲ့တယ် မဟုတ်လား။ ငါ ချက်ချင်း အဲဒီအတိုင်းက ဆေးပင်အားလုံး ဝယ်ပြီး အိမ်ပြန်သွားခဲ့တယ်။ အစေခံ တစ်ယောက်ကို ကျိုခိုင်းလိုက်ပြီးတော့ သောက်လိုက်တာ ငါ လူအသစ်တစ်ယောက် ဖြစ်သွားသလို ခံစားမိခဲ့တယ်။ ငါ့ကို ကြိုက်နေတဲ့ ကောင်မလေး တစ်ယောက်က အခွင့်အရေးပဲလေ။ ငါ လုပ်ခဲ့တယ်။ ဘာတွေဖြစ်ခဲ့လဲ မင်းထင်လဲ။ အံ့သြစရာ အဖြစ်အပျက်ပဲ။ ငါ ... ငါ မိနစ်၂၀ကျော် လုပ်နိုင်ခဲ့တယ်။ ငါ မင်းကို ညာမပြောဘူး။ ငါ ဆောင်ရွက်နေတဲ့ အချိန်မှာ အချိန်ကြည့်ထားခဲ့တာ။ လုံးဝကို မိနစ်၂၀ ကစားနိုင်ခဲ့တာ”
“သောက်ကျိုးနည်း။ မင်း တကယ် မကောင်းတဲ့ အကောင်ပဲ။ ငါ့ကို ဘာကြောင့် ဒါတွေ လာပြောပြနေတာတုံး”
ထန်ရှုတစ်ယောက် ငိုရမည်လား ရယ်ရမည်လား မသိလောက်အောင် ဖြစ်သွားရပြီး အံ့သြသွားရကာ ကျိန်ဆဲလိုက်သည်။
လုံကျန့်လင်းသည် ခေါင်းကို ထပ်မံ ယမ်းပြလိုက်ရင်း ပြောလိုက်သည်။
“မဟုတ်ဘူး ... မဟုတ်ဘူး။ ဒါ အရေးကြီးတဲ့ အဖြစ်အပျက်ပဲ အစ်ကိုကြီး။ ငါ ဘောင်းဘီ အမြန်ဝတ်ပြီး မင်းဆီ အပြေးလာခဲ့တာ။ မင်းရဲ့ဆေးညွှန်းအတွက် စီးပွားရေး အခွင့်အလမ်းကြီး တစ်ခုကို မြင်လိုက်တယ်”
“စီးပွားရေး အခွင့်အလမ်း ဟုတ်လား ...”
****