← Chapters

အင်ပါယာအတုစမ်းသပ်ကွင်း

Vol. 143 Ch. 1974

အင်ပါယာအတုစမ်းသပ်ကွင်း

Vol. 143 Ch. 1974

ထိုဝတ်ရုံနက်လူငယ်သည် မဟာအင်ပါယာတောက်ရီပင်။ သူက ဝမ်လင်းကို ကြည့်၏။ သူ၏စကားလုံးတို့တွင် လူတစ်ယောက်သည် မငြင်းဆန်ဝံ့၊ ကြောက်လန့်စေမည့် အရှိန်အဝါအားတစ်ခု ပါဝင်နေသည်။

သူ၏စကားလုံးတို့တွင် လောက၏စည်းမျဉ်းများ ပါဝင်နေသည့်အလား။ သူ့အသံမှာ မိုးကောင်းကင်၏ ကတိကဝတ်အလား။

“ငါ မသေရင် မင်းလည်း မသေစေရဘူး…”

ထိုသူမှာ မဟာအင်ပါယာတောက်ရီက ဝမ်လင်းကို စည်းရုံးဖို့ လေးလံသော ကတိကဝတ်ပင်။ သူက တည်ငြိမ်ကာ အေးဆေးဖြစ်နေသော်လည်း သူ့ကတိစကားကမူ လေးလံချေသည်။

မိစ္ဆာတာအိုကလန်ဘိုးဘေးက မဟာအင်ပါယာတောက်ရီထံမှ ကတိစကားကို ကြားသည့်နောက် သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူ့စိတ်ထဲတွင် စိတ်ခံစားချက်လှိုင်းတို့ ဂယက်ထသွားသည်။ သူသည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။

သူသည် မဟာအင်ပါယာတောက်ရီနောက်သို့ လိုက်လံခဲ့တာ နှစ်ပေါင်းတစ်သောင်းကျော် ရှိလာခဲ့ပြီ ဖြစ်၍ မဟာအင်ပါယာတောက်ရီနှင့် ပတ်သတ်၍ အတော်အတန် နားလည်လာခဲ့၏။ သည်လို ကတိကဝတ်မျိုးသည် သူ့အတွက် ပေးခဲလှ၏။

မဟာအင်ပါယာတောက်ရီက သူ့ကို စည်းရုံးခဲ့စဉ်ကပင် ‘ငါ မသေရင် မင်းအနေနဲ့ နှစ်ပေါင်းတစ်သိန်း မသေစေရဘူး’ ဟူ၍သာ ပြောခဲ့ပေသည်။

အခု ဝမ်လင်းကို ပြောခဲ့သော စကားတို့၏ အဓိပ္ပာယ်ကမူ ကြီးမားလေးနက်နေ၏။

“ဒီလူဟာ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ရဲ့ မြင့်မားတဲ့ အသိအမှတ်ပြုမှုကို ရထားသလို မဟာအင်ပါယာအတုအဆင့် စွမ်းအားနဲ့လည်း နီးကပ်တယ်။ စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်ရင် သူ့အဆင့်ဟာ ဩဇာအင်ပါယာအဆင့်နဲ့ အတော့်ကို နီးစပ်သွားတယ်။ ဒီလူ….သူ့ကို မဟာအင်ပါယာတောက်ရီက ဒီလောက် တန်ဖိုးထားတာ အံ့အားသင့်စရာတော့ မရှိဘူး…”

မိစ္ဆာတာအိုကလန်ဘိုးဘေးသည် စိတ်ထဲကနေ သက်ပြင်းချမိသည်။

ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ မဟာအင်ပါယာတောက်ရီသည် သူ့ကို လာတွေ့သော ပထမဆုံးမဟာအင်ပါယာ ဖြစ်၏။ သူသည် ထိုစကားလုံးများထဲမှ ကတိကဝတ်ကို ကြားနိုင်သည်။

“မဟာအင်ပါယာ…ဒီကိစ္စဟာ ငါ့အတွက် အတော့်ကို အရေးကြီးပါတယ်။ ငါ အခုချက်ခြင်း မဆုံးဖြတ်နိုင်ပါဘူး။ စဉ်းစားဖို့ အချိန်လိုပါတယ်…”  ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဆုပ်ကာ မဟာအင်ပါယာတောက်ရီထံ ဦးညွှတ်လိုက်သည်။

ဝမ်လင်းသည် မဟာအင်ပါယာတစ်ယောက်တည်းနှင့် တွေ့ဆုံပြီးသည့်နောက် ချက်ခြင်း ဆုံးဖြတ်ချက် မချချင်သေးပေ။ မိစ္ဆာတာအိုကလန်ဘိုးဘေးနှင့် တိုက်ပွဲပြီးသည့်နောက် သူသည် မဟာအင်ပါယာအတုများ၏ နည်းလမ်းများကို သတိပြုမိလာခဲ့ပေပြီ။ သူက သူသည် လုံလောက်အောင် မကျော်ကြားသေးမှန်းသိပေ၏။ ထို့ကြောင့် သူသည် နောက်ထပ် ပိုကျော်ကြားအောင် လုပ်ဖို့ လိုသေးသည်။

ပိုမို ကျော်ကြားလာပြီးနောက်မှ မဟာအင်ပါယာတစ်ယောက်နောက်သို့ လိုက်လံဖို့ ရွေးချယ်ခြင်းသည် အင်ပါယာမြို့တော်သို့ ဝင်ရောက်သည့်အခါ ဖြစ်လာနိုင်မည့် အန္တရာယ်ကို အတော်လေး လျော့ပါးသွားစေလိမ့်မည် မဟုတ်လား။

ထိုဝတ်ရုံနက်နှင့်လူငယ်(ဝါ) မဟာအင်ပါယာတောက်ရီက ဝမ်လင်းကို ကြည့်၏။ သူ့မျက်လုံးထဲတွင် ဉာဏ်ပညာတို့ ပြည့်နေကာ သူသည် ဝမ်လင်း၏ အတွေးများကို ဖြတ်မြင်နိုင်သည့်အလား ထင်ရသည်။ သူက ပြုံးလိုက်၏။

“ငါ မင်းကို အချိန်ပေးပါ့မယ်။ မင်းရဲ့ စွမ်းအားနဲ့ဆို မင်းအနေနဲ့ အင်ပါယာစမ်းသပ်မှုကို ကြိုးစားကြည့်သင့်တယ်။ မင်းသာ ကိုးဆင့်မြောက်ကို ဖြတ်ကျော်နိုင်ရင် ငါ မင်းကို ထပ်လာတွေ့မယ်…”

ထိုသို့ ပြောပြီးနောက် သူက မိစ္ဆာတာအိုကလန်ဘိုးဘေးဘက်သို့ ပြန်လှည့်သည်။ ထို့နောက် သူသည် တာအိုဝတ်ရုံအတွင်း ပြန်ရောက်ရှိသွားသည်။

မဟာအင်ပါယာတောက်ရီ ပျောက်ကွယ်သွားသည့်နောက် အေးခဲသွားသော အရာအားလုံးသည် ပြန်လှုပ်ရှားလာ၏။ ယင်းတို့သည် မူလလည်ပတ်မှုအတိုင်း ပြန်ဖြစ်ကာ ဖုန်မှုန်များ ကျဆင်းပြီး လေများ တိုက်ခတ်သည်။

ဝမ်လင်းကို တုန်လှုပ်စေသော ဖိအားမှာလည်း ပျောက်ကွယ်သွား၏။

မိစ္ဆာတာအိုကလန်ဘိုးဘေးက သက်ပြင်းချကာ သူ့လက်နှစ်ဖက်ကို ဝမ်လင်းထံသို့ ဆုပ်၏။

”မိစ္ဆာတာအိုကလန်နဲ့ ပတ်သတ်တဲ့ကိစ္စက ပြီးသွားပြီ။ ဒါပေမဲ့ အသင်ဟာ မဟာအင်ပါယာနောက်ကို လိုက်လံလို့ရမယ့် ခုချက်ခြင်း လိုက်လံလို့ရမယ့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ပြီ…”

သန်မာမှုသည်သာ တစ်ယောက်နှင့်တစ်ယောက်ကို အမြဲတမ်း လေးစားစေသည်။ သူတို့နှစ်ယောက်ကြား ကြမ်းလှသော တိုက်ပွဲက ဆံပင်အနီဖြင့် ထိုအဘိုးအိုကို ဝမ်လင်းအား လေးစားမိသွားစေသည်။

ထိုသို့ ပြောပြီးနောက် အနီရောင်ဆံပင်ဖြင့်အဘိုးအိုက လှည့်ထွက်သွား၏။

“ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး စောင့်ပါအုံး။ ငါ မိစ္ဆာတာအိုကို ဖျက်စီးခဲ့တဲ့အကြောင်းရင်းဟာ သူတို့က ငါ့ကို သူတို့ရဲ့ စွမ်းအားအပြည့်အဝ အသုံးပြုပြီး အသက်ဘေးအန္တရာယ် ဖြစ်စေခဲ့ဘူးလို့ပဲ။ လူတစ်ယောက်တည်းက မဟုတ်ခဲ့ဘူး…”

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ သူက ထိုသို့ ရှင်းပြခဲပေသည်။ သို့သော် မိစ္ဆာတာအိုကလန်ဘိုးဘေးက ဝမ်လင်းထံမှ လေးစားမှုကို ခံစားမိ၏။

သူက ရပ်ကာ အနည်းငယ် စဉ်းစားသည်။

“ထားလိုက်ပါ။ လောကဟာ ကံမ္မစက်ဝန်းတစ်ခုပဲ။ မင်းက မိစ္ဆာတာအိုကလန်ကို ဖျက်စီးခဲ့တာဟာ မိစ္ဆာတာအိုကလန်အတွက်တော့ ကပ်ဘေးတစ်ခုပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ သာမန်ကိစ္စဝိစ္စတွေကနေ ဖြတ်တောက်ပေးသလို ဖြစ်ခဲ့တယ်။ ခုက စပြီး ငါဟာ တာအိုကို ရှာဖွေဖို့ပဲ အာရုံစိုက်နိုင်ပြီ…”

အနီရောင်ဆံပင်ဖြင့်အဘိုးအိုက သက်ပြင်းချကာ ဝမ်လင်းကို ကြည့်သည်။

“မဟာအင်ပါယာတောက်ရီဟာ သူ့လူတွေအပေါ် အတော့်ကို ဘက်လိုက်တတ်တယ်။ သူက တခြားမဟာအင်ပါယာတွေထက် ပိုပြီး ဘက်လိုက်တဲ့သဘောထား ရှိတယ်။ မင်းရဲ့ ခုလက်ရှိ ခွန်အားနဲ့ဆို မဟာအင်ပါယာတောက်ရီနောက် လိုက်လံဖို့ ရွေးချယ်တာဟာ အကောင်းဆုံးပဲ…”

“မဟာအင်ပါယာတွေထဲမှာ ကောင်းကင်ဘုံအင်ပါယာ(ဝါ) မဟာအင်ပါယာရှစ်မြှောင့်စွန်းဟာ ဂုဏ်အမောက်ဆုံးပဲ။ ကောင်းကင်ဘုံကုန်းမြေရဲ့ မဟာအင်ပါယာတစ်ယောက်ဖြစ်တဲ့ မဟာအင်ပါယာ ကျိုးသဲကတော့ အလွှမ်းမိုးနိုင်ဆုံး ဖြစ်တယ်။ မြောက်ပိုင်းကုန်းမြေရဲ့ မဟာအင်ပါယာဝူဖန်ကတော့ ဇီဇာအကြောင်ဆုံးပဲ။ ဩဇာအင်ပါယာတွေကလွဲလို့ သူ့အနေနဲ့ အင်ပါယာအတုအဆင့်တွေကို စည်းရုံးခဲတယ်…”

“ဒါ့အပြင် အရှေ့ပိုင်းကုန်းမြေရဲ့ ခရမ်းယင်ကလန်ရဲ့ မဟာအင်ပါယာကန်းနီကတော့ မူလတုန်းက မဟာအင်ပါတွေကြားမှာ အစွမ်းထက်ဆုံးပဲ။ ဒါပေမဲ့ နောက်ဆုံးပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်မှာ သူမရဲ့ စိတ်ဝိညာဉ်ဟာ နှစ်ပိုင်းကွဲသွားခဲ့ပြီး လူနှစ်ယောက်အဖြစ် ပြောင်းသွားခဲ့တယ်။ သူမဟာ ဒီဘဝသက်တမ်းမှာ ပြန်မကောင်းမွန်နိုင်လောက်တော့ဘူး။ ပြီးတော့ သူမရဲ့ စိတ်နေစရိုက်ဟာ အလွန်နူးညံ့တယ်လို့လည်း ဆိုကြတဲ့အတွက် ငါ့အတွက်တော့ သူမဟာ ရွေးချယ်စရာ မဟုတ်ဘူး…”

ဆံပင်အနီဖြင့် ထိုအဘိုးအိုသည် မဟာအင်ပါယာအတုတစ်ယောက်နှင့် ယှဉ်ပါက မိစ္ဆာတာအိုကလန်သည် ပုရွတ်ဆိတ်သာသာမျှသာ ဖြစ်သည်ကို သိ၏။ သူ့အနေဖြင့် ထိုကလန်အတွက် မဟာအင်ပါယာအတုအဆင့် တစ်ယောက်နှင့် ဆန့်ကျင်ဘက်တွင် မရပ်နိုင်ပေ။

ပို၍ အရေးကြီးသည်မျာ ဒီမဟာအင်ပါယာအတုက အတော့်ကို အစွမ်းထက်နေခြင်းပင်။ ထို့အတွက်ကြောင့် သူသည် အတိတ်တုန်းက မကျေမလည်မှုကို ပယ်ဖျက်သင့်သည်ကို သိ၍ သူ သိထားသော အခြင်းအရာများအား ဝမ်လင်းကို ပြောပြလိုက်ခြင်းပင်။

ဝမ်လင်းသည် ဒီအကြောင်းအရာများကို အရင်က မသိရှိထားပေ။

“ဒီသတင်းအချက်အလက်အတွက် ကျေးဇူးပါ…ရောင်းရင်းကျင့်ကြံသူ…” ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဆုပ်၏။

“ဒါ့အပြင် အင်ပါယာစမ်းသပ်မှုဆိုတာလည်း ရှိသေးတယ်။ ငါက မင်းနဲ့တိုက်ခိုက်ခဲ့တဲ့ ပထမဆုံးအင်ပါယာအတု ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် မင်းအနေနဲ့ အင်ပါယာစမ်းသပ်မှုအကြောင်း သိလိမ့်မှာ မဟုတ်ဘူး။ ဒါဟာ ကောင်းကင်ဘုံဘိုးဘေး ဖန်တီးထားခဲ့တဲ့ ထူးခြားတဲ့နေရာတစ်ခုပဲ။ အဲ့တာက ဒီလောကထဲကနေ ခွဲထုတ်ထားတဲ့ ဟင်းလင်းပြင်နေရာတစ်ခုပဲ။ အင်ပါယာအတုအဆင့်ပုဂ္ဂိုလ်တွေကသာ သူတို့ရဲ့ ခွန်အားကို အတိအကျ သိနိုင်ဖို့ အဲ့နေရာကို သွားရောက်နိုင်တယ်…”

အနီရောင်ဆံပင်ဖြင့်အဘိုးအိုက ဖြည်းဖြည်းချင်း ပြောလာ၏။ “အင်ပါယာစမ်းသပ်ကွင်းဟာ စုစုပေါင်းအလွှာဆယ့်ကိုးခု ရှိတယ်။ အင်ပါယာအတုအဆင့်တွေသာ ဝင်ရောက်နိုင်တယ်။ လွန်ခဲ့တဲ့နှစ်ငါးရာက ငါ့ကျင့်ကြံမှုအဆင့်နဲ့ ငါဟာ တစ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ့အနေနဲ့ တတိယမြောက်အလွှာထိသာ ဖြတ်ကျော်နိုင်ခဲ့ပြီး လေးလွှာမြောက်မှာ ကျရှုံးခဲ့တယ်…”

“အင်ပါယာစမ်းသပ်ကွင်း…” ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူသည် မဟာအင်ပါယာတောက်ရီ အစောပိုင်းတုန်းက ဒီအကြောင်းကို ပြောခဲ့ဖူးတာကို အမှတ်ရလိုက်သည်။ သို့သော် သူသည် ထိုစမ်းသပ်ကွင်းက မည်သို့သောအရာဖြစ်သည်ကိုမူ မသိပေ။ သို့သော် အခု ဒီအဘိုးအိုက ပြောပြလာသည်ကို ကြားသည့်နောက် သူ့အနေဖြင့် အနည်းငယ်တော့ နားလည်လာခဲ့သည်။

“ငါ မဟာအင်ပါယာတောက်ရီရှိကနေ ကြားခဲ့ဖူးတာကတော့ အင်ပါယာစမ်းသပ်ကွင်းဟာ ကောင်းကင်ဘုံဘိုးဘေး ဖန်တီးထားခဲ့တာ ဖြစ်ပြီး ထာဝရနတ်ဘုရားနယ်မြေကို ပုံတူကူးထားတာတဲ့။ မင်းသာ ဆယ့်ကိုးလွှာမြောက်ကို ချိုးဖျက်နိုင်ရင် မင်းနေနဲ့ ထာဝရနတ်ဘုရားနယ်မြေထဲ ဝင်ရောက်ပြီးတဲ့နောက် တခြားသူတွေထက် ပိုပြီး မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်ချေများလိမ့်မယ်…”

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက မဟာအင်ပါယာဝူဖန်ဟာ ဆယ့်ကိုးလွှာမြောက်ကို ချိုးဖျက်ခဲ့တယ်။ အဲ့ဒီနောက် သူဟာ ထာဝရနတ်ဘုရားနယ်မြေ ပွင်ဟလာတဲ့ အခါတွေထဲက တစ်ခုမှာ ကံကောင်းမှု ရခဲ့ပြီး မဟာအင်ပါယာတစ်ယောက် ဖြစ်လာခဲ့တာပဲ…”

ထိုအနီရောင်ဆံပင်ဖြင့် အဘိုးအိုသည် မည်သည့်အရာကိုမျှ ကွယ်ဝှက်မထားပေ။ သူက ဒီအရာများကို အခု ရှင်းမပြလျှင်ပင် ဝမ်လင်းအနေဖြင့် တခြားအင်ပါယာအတုများနှင့် ပတ်သတ်ဆက်ဆံသည့်အခါ၌ သိလာမည့်အရာများ ဖြစ်သည် မဟုတ်လား။ ဤသည်တို့မှာ လျှို့ဝှက်ချက်မဟုတ်ပေ။

ဝမ်လင်းက ခပ်သွက်သွက် မေးလိုက်၏။ “ငါ အင်ပါယာစမ်းသပ်မှုကွင်းထဲ ဘယ်လိုမျိုး ဝင်ရောက်နိုင်မလဲ…”

အနီရောင်ဆံပင်ဖြင့် အဘိုးအိုသည် ကောင်းကင်ထက်သို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာ၏။ “အလွန်ရိုးရှင်းပါတယ်။ မင်းအနေနဲ့ အင်မောတယ်ကောင်းကင်ဘုံဥပဒေသရဲ့ အင်ပါယာအတုအဖြစ် အသိအမှတ်ပြုမှုကို ရမယ်ဆိုရင် ကောင်းကင်ဘုံသားတွေရဲ့ ကုန်းမြေထဲ ဘေးကင်တဲ့နေရာတစ်ခုကို ရှာဖို့ပဲ လိုတယ်။ အဲ့ကျရင် မင်းရဲ့ မူလစိတ်ဝိညာဉ်နဲ့ ကောင်းကင်ထက်ကို အမြန်ဆုံး ပျံသန်းသွားရလိမ့်မယ်။ အသက်ရှိုက်စာ ခြောက်ဆယ်လောက် ကြာတဲ့အချိန်ပြီးရင် မင်းဟာ ကောင်းကင်ဘုံဘိုးဘေး ဖန်တီးထားတဲ့ အင်ပါယာစမ်းသပ်ကွင်းထဲ ဝင်ရောက်နိုင်လိမ့်မယ်…”

“ပြောကြတာကတော့ ရှေးနယ်မြေတွေမှာလည်း ရှေးဘိုးဘေးဟာ ထာဝရနတ်ဘုရားနယ်မြေကို ပုံတူကူးပြီး ရှေးကလန်အတွက် သင့်တော်တဲ့ စမ်းသပ်ကွင်းတစ်ခုကို ဖန်တီးထားတယ်တဲ့…”

“နောက်ထပ် ကောလဟာလ ဆိုကြတာကတော့ ဒီဘိုးဘေးနှစ်ယောက် အတူတူ ဖန်တီးထားတဲ့ မဟာအင်ပါယာစမ်းသပ်ကွင်းလည်း ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒါဟာ ကောလဟာလတစ်ခုပဲ။ ငါ များများစားစား မသိထားဘူး…”

အနီရောင်ဆံပင်ဖြင့်အဘိုးအိုက ထိုသို့ ပြောပြပြီးနောက် ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်လိုက်၏။

“ရောင်းရင်းကျင့်ကြံသူ…ဒီအဘိုးအိုက မင်းကို လိုအပ်တဲ့ဟာ ပြောပြပြီးခဲ့ပြီ။ နှုတ်ဆက်ပါတယ်…”

ထိုအဘိုးအိုသည် အပျက်အစီးပုံ ဖြစ်နေသော မိစ္ဆာတာအိုကလန်ကို လှည့်ပင်မကြည့်တော့ဘဲ ဖြတ်ခနဲအတွင်း အလင်းတန်းအဖြစ် ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းသည် နေရာတွင်ပင် ရပ်နေကာ ရှေ့သို့ ငြိမ်သက်စွာ ကြည့်နေ၏။ သူသည် မဟာအင်ပါယာတောက်ရီကို ပြတ်သားစွာ ငြင်းဆိုခဲ့ပြီး ထိုအခွင့်အရေးကို လက်လွှတ်ခဲ့ရသော်လည်း နောင်တမရပေ။

“မဟာအင်ပါယာငါးယောက်။ ကောင်းကင်ဘုံအင်ပါယာနဲ့ တောက်ရီအပြင် နောက်ထပ် သုံးယောက် ရှိသေးတယ်။ ခုလက်ရှိ ငါ့ခွန်အားနဲ့ဆို အင်ပါယာအတုတစ်ယောက်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် အသိအမြင်အချို့ ရလာလောက်တယ်။ အင်ပါယာအတုအဆင့်ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ ပိုတိုက်ခိုက်လေလေ ငါ့အတွက် ကျော်ကြားမှု ပိုရလာလေ ဖြစ်လိမ့်မယ်…”

“ဒါ့အပြင် အင်ပါယာစမ်းသပ်ကွင်းလည်း ရှိသေးတယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ဒီလိုနေရာမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ မိစ္ဆာတာအိုကလန်ဘိုးဘေး ပြောခဲ့တဲ့ အခြင်းအရာတွေက မှန်၊မမှန်တော့ ငါလည်း ခုချိန်မှာ မသိသေးဘူး…”

ဝမ်လင်းသည် ထိုင်ချကာ စဉ်းစား၏။ အပျက်အစီးပုံအတွင်း ထိုင်နေရင်း သူသည် မိစ္ဆာတာအိုကလန်ဘိုးဘေးနှင့် တိုက်ခိုက်ခဲ့ပုံကို ပြန်စဉ်းစားကြည့်သည်။ မဟာအင်ပါယာတောက်ရီ၏ လက်သီးချက်ကလည်း သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။

ထိုလက်သီးချကက် သူ့စိတ်ထဲတွင် ပြန်ပေါ်လာပြီး အရာရာကို အစားထိုးသွားလေ၏။ ဝမ်လင်းသည် မဟာအင်ပါယာ၏ လက်သီးချက်တွင် သူ့ကိုယ်သူ အာရုံအပြည့်နစ်မြုပ်ထားသည်။

ထိုလက်သီးချက်က ပျော့ပြောင်း၏။ သို့သော် ဝမ်လင်း နားမလည်နိုင်သော အားတစ်ခု ပါဝင်နေပေသည်။ အချိန် ကုန်လွန်လာသည်။ ဖြတ်ခနဲအတွင်း လပေါင်းများစွာ ကုန်လာခဲ့လေပြီ။

သည်လများစွာအတွင်း ဝမ်လင်းသည် နေရာတွင်သာ မလှုပ်မယှက် ထိုင်နေ၏။ သို့သော် သူ့ထံ မည်သူမျှ မချဉ်းကပ်လာနိုင်စေဖို့ အကာအရံတစ်ခုကို ပြုလုပ်ထားပေသည်။

မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူများသည် ကောင်းကင်ဘုံကုန်းမြေကနေ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပြီး သူတို့ကလန်၏ အပျက်အစီးပုံကို တွေ့မြင်ကြ၏။ သူတို့သည် ဝမ်လင်းကို တွေ့မြင်ရသည့်နောက် သူတို့၏စိတ်နှလုံးများ တုန်ယင်ကုန်၏။ သူတို့ထဲမှ အချို့က ဝမ်လင်းကို သိရှိသည်။

သို့ပေမည့် သူတို့ အကာအကွယ်အားနားသို့ နီးကပ်မလာဝံ့ပေ။ သူတို့က မျှော်လင့်ချက်မဲ့စွာဖြင့် ထွက်ခွာ၏။ သို့သော် တချို့မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူတို့သည် ထွက်မသွားဘဲ ဝေးဝေးတွင် နေနေပြီး အနားသို့ ကပ်မလာကြပေ။

ဝမ်လင်းသည် တစ်နှစ်ပတ်လုံး နေရာတွင် ထိုင်နေလေ၏။

ထိုတစ်နှစ်တာ အချိန်က သူ့အတွက် ခဏတဖြုတ်သာ။ တစ်နေ့ပြီးနောက် တရက်တွင် ဝမ်လင်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးတို့က တောက်ပနေတော့၏။

“ဒီလက်သီးချက်….ဒီလက်သီးချက်ကို ခုခံဖို့ ဖြစ်နိုင်ချေအားလုံးကို ငါ တွက်ချက်ခဲ့တယ်။ ဒါပေမဲ့ ငါ ဒါကို လုံးဝ မခုခံနိုင်သေးဘူး။ ဒါဟာ မဟာအင်ပါယာတောက်ရီရဲ့ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုပဲ ရှိသေးတယ်…”

ဝမ်လင်းသည် သက်ပြင်းချမိ၏။

သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာမှုကြောင့် အပျော်သည် ငြှိမ်းသေသွားခဲ့ပြီ ဖြစ်၏။ မဟာအင်ပါယာတစ်ယောက်နှင့် ယှဉ်ပါက သူသည် အလွန်အားနည်းနေသေးသည်။

“ဒါပေမဲ့ ဒီလိုဖြစ်ရင်တောင် ငါ့အနေနဲ့ ဉာဏ်အလင်းတော်တော်များများကို ရခဲ့တယ်။ အထူးသဖြင့် မိစ္ဆာတာအိုကလန်ဘိုးဘေးနဲ့ တိုက်ပွဲကပဲ။ တာအိုကို ခန္ဓာကိုယ်ထဲ ပေါင်းစပ်ပြီး လက်သီးချက်တစ်ချက်ဟာ မန္တာန်နှစ်ဆယ့်ခုနစ်ခု ပါဝင်တယ်။ ငါ့အနေနဲ့ ဒါကို တုပပြီး တတ်မြောက်အောင် လုပ်ရမယ်…”

ဝမ်လင်း၏မျက်လုံးက အရောင်တောက်နေလေ၏။ သည်တိုက်ပွဲက သူ့ကို တော်တော်များများ သိမြင်သွားစေသည်။

“ငါ ခဏလောက် နေရာတစ်ခု ရှာပြီး ဆင်ခြင်သုံးသပ်မှု လုပ်ရမယ်…”

ခုလက်ရှိ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ကောင်းကင်ဘုံသားတို့၏ ကုန်းမြေတွင် မည်သည့်နေရာကိုမဆို သွားရောက်နိုင်လေပြီ။

ထိုအခိုက်တွင် ဝမ်လင်းက ထရပ်၏။ သူက ဘေးပတ်လည်ရှိ အပျက်အစီးပုံကို ကြည့်သည်။ သူသည် ကောင်းကင်ဘုံနွားထီးကုန်းမြေထံမှ ပြန်ရောက်လာသော မိစ္ဆာတာအိုကလန်မှ အဖွဲ့ဝင်များကို အာရုံခံမိပေသည်။

“ထားလိုက်ပါတော့လေ…” ဝမ်လင်းက ရှေ့သို့ လှမ်းလျှောက်ကာ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။

All Chapters