ပထမဆုံးပြန်တွေ့ရသော မိတ်ဆွေဟောင်း
Vol. 143 Ch. 1975
ကောင်းကင်ဘုံအင်ပါယာသည် အင်ပါယာအမိန့်ပြန်တမ်းကနေ ဝမ်လင်းကို အင်ပါယာမြို့၌ လာတွေ့ဖို့ ပြောထားသော်လည်း ရက်ချိန်းမပေးထားပေ။ ထို့ကြောင့် ဝမ်လင်းသည် ချက်ခြင်း မသွားသေးတာ သဘာဝကျ၏။
သည်လိုနှင့် သုံးနှစ်တာ ကုန်လွန်သွားခဲ့၏။
ဒီသုံးနှစ်အတွင်း ဝမ်လင်းက မုန့်မြေကမ္ဘာကုန်းမြေ၏ ကျယ်ပြောသော သဲကန္တရာအောက်တွင် လှိုဏ်ဂူတစ်ခုကို ဖန်တီးခဲ့၏။ သူက ထိုနေရာတွင် ထိုင်ကာ သူ မိစ္ဆာတာအိုကလန်ဘိုးဘေးနှင့် တိုက်ပွဲမှ ရရှိလာခဲ့သော အသိအမြင်များကို ဆင်ခြင်နေခဲ့သည်။
သဲကန္တာရအောက်တွင် သုံးနှစ်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲတွင် ကြယ်များ ပါဝင်နေသည့်အလား။
“စိတ်ဝိညာဉ်ချပ်ဝတ် မပါဘဲ ငါ့ကျင့်ကြံမှုသပ်သပ်နဲ့ဆို ငါ့လက်သီးချက်မှာ မန္တာန်ကိုးခုပဲ အများဆုံး ပါဝင်လိမ့်မယ်…” ဝမ်လင်းက သူ့ရှေ့တွင် လက်မြှောက်ကာ ဖြစ်ညှစ်လိုက်၏။ ခပ်အုပ်အုပ်အသံများ သူ့လက်ဝါးထံမှ ထွက်ပေါ်လာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ့လက်သီးချက်ဟာ လွန်ခဲ့တဲ့သုံးနှစ်ကထက် ပိုသန်မာလာတယ်။ ငါသာ စိတ်ဝိညာဉ်ချပ်ဝတ်မပါဘဲ မိစ္ဆာတာအိုကလန်ဘိုးဘေးကို ထပ်ပြီး ရင်ဆိုင်ရမယ်ဆိုရင်တော့ သူ့ပထမဆုံးလက်သီးချက်ကို ငါ ယှဉ်နိုင်ပြီ…”
အတိတ်တုန်းက ဝမ်လင်းသည် ထိုသူ၏ပထမဆုံးလက်သီးချက်ကို ရင်ဆိုင်ခဲ့ရစဉ်က နောက်သုံးလှမ်း ဆုတ်ခဲ့ရ၏။ အခု သုံးနှစ်ကြာပြီးနောက်တွင် သူ့ကျင့်ကြံမှုအဆင့်က အတူတူသာ ဖြစ်နေသေးသော်လည်း သူ့တိုက်ပွဲခွန်အားက များစွာ တိုးတက်လာခဲ့လေပြီ။
“ကံမကောင်းစွာနဲ့ သုံးနှစ်ကြာလေ့လာပြီးတဲ့နောက်မှာ ငါဟာ ရွှေအဆင့်ထိပ်သီးတွေရဲ့ မူလစိတ်ဝိညာဉ်ဟာ မန္တာန်သွေးကြောခြောက်ခုကိုပဲ ဖွဲ့စည်းနိုင်ခွင့် ပြုတာလို့ ငါ သိခဲ့တယ်။ ငါ့အနေနဲ့ ရွှေအဆင့်ထိပ်သီးမူလစိတ်ဝိညာဉ်ကိုးယောက် လိုအပ်တယ်…”
ဝမ်လင်းသည် မိစ္ဆာတာအိုကလန်ဘိုးဘေးနှင့် တိုက်ခိုက်ခဲ့ချိန်က အမြန်နှုန်းပညာရပ်၏ စွမ်းအားကို ခံစားမိခဲ့ပေ၏။
သို့ပေမည့် ထိုမန္တာန် ဒီမျှအစွမ်းထက်သည့် အကြောင်းရင်းမှာ ဝမ်လင်း ဖြစ်ပေါ်စေထားသော မန္တာန်သွေးကြောများ၏ အရည်အသွေးမှာ မြင့်မားလှသောကြောင့်ပင်။ သို့ပေမည့် အရည်အသေွး ပိုမြင့်မားလေလေ မန္တာန်သွေးကြောအသစ်များကို ဖွဲ့စည်းဖို့ ပိုခက်ခဲလေပင်။
မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်က လေးခုမြောက်နှင့်ငါးခုမြောက် မန္တာန်သွေးကြောများကို ဖွဲ့စည်းစေနိုင်ခဲ့၏။ ခြောက်ခုမြောက်သွေးကြောအတွက်မူ ရွှေအဆင့်ထိပ်သီးကိုးယောက်၏ မူလစိတ်ဝိညာဉ်များ လိုအပ်ပေသည်။
“မန္တာန်သွေးကြောအသစ်ကို ဖန်တီးဖို့ဟာ ခက်ခဲလွန်းတယ်။ ခြောက်ခုမြောက်သွေးကြောဟာ ရွှေအဆင့်ထိပ်သီးကိုးယောက် လိုအပ်တယ်။ ခုနစ်ခုမြောက်ကတော့ အင်ပါယာအတုကိုးယောက်ရဲ့ မူလစိတ်ဝိညာဉ် လိုအပ်တယ်။ ရှစ်ခုမြောက်ဟာ ဩဇာအင်ပါယာကိုးယောက်များ ဖြစ်နိုင်မလား။ ဒီလိုသာဆိုရင် ကိုးခုမြောက် မန္တာန်သွေးကြောအတွက် လိုအပ်ချက်ဟာ မဟာအင်ပါယာတစ်ယောက်ပဲ ဖြစ်လိမ့်မယ်…” ဝမ်လင်းက ခါးသီးစွာ ပြုံးမိ၏။
“ဒီအမြန်နှုန်းမန္တာန်ပညာရပ်ကို ကျင့်ကြံရလိမ့်မယ်။ ဒါက အတော့်ကို အစွမ်းထက်ပြီး ငါ့စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်စေတယ်…”
“ငါ့ကျင့်ကြံမှုအစစ်အမှန်ဟာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ဒီအတားအဆီးကြောင့် ငါ့လက်သီးမှာ အများဆုံးမှ မန္တာန်ကိုးခုပဲ ပေါင်းစပ်နိုင်မှာ။ ဒီတော့ ငါ့အနေနဲ့ မြေနဲ့သတ္တုအနှစ်သာရတွေကို အမြန် ပိုင်ဆိုင်ဖို့ လိုပြီး ယင်းတို့ရဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့ လိုပြီ။ ဒါမှသာ ငါ့ဒြပ်စင်ငါးခုအနှစ်သာရဟာ တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ပြီး ငါ့ကျင့်ကြံမှုအဆင့်က လေဟာနယ်အတိဒုက္ခအလယ်အဆင့်ကို ရောက်ရှိလိမ့်မယ်…”
“အဲ့ကျရင် ငါ့အနေနဲ့ ပိုများတဲ့ မန္တာန်တွေ ထပ်ပေါင်းစပ်နိုင်ပြီ။ လေဟာနယ်အတိဒုက္ခအလယ်အဆင့်ကို ရောက်လာတဲ့နောက် မန္တာန်ဘယ်လောက်များများကို ပေါင်းစပ်နိုင်မလဲတော့ ငါလည်း မသိဘူး…”
“အဲ့တာအပြင် ငါ့အနေနဲ့ အင်ပါယာအတုကျင့်ကြံသူတွေကို ပိုတိုက်ခိုက်ပြီး ကျန်တဲ့ မဟာအင်ပါယာတေွ အာရုံစိုက်လာအောင် လုပ်ရအုံးမယ်။ ပြီးတော့ အင်ပါယာစမ်းသပ်ကွင်းနဲ့ ပတ်သတ်လို့ မိစ္ဆာတာအိုကလန်ဘိုးဘေး ပြောခဲ့တဲ့အချက်အလက်ဟာ မှန်၊မမှန်ကိုလည်း ရှာဖွေကြည့်ရအုံးမယ်…”
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူသည် သုံးနှစ်တာထိုင်နေရာကနေ နောက်ဆုံးတွင် ထရပ်လာလေ၏။
“ငါ အင်ပါယာစမ်းသပ်ကွင်းကို သွားပြီး ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့ စမ်းသပ်ကွင်းအဆင့်ဘယ်လောက်များများကို ချိုးဖျက်နိုင်မလဲ ကြည့်ရမယ်…”
ဝမ်လင်းသည် ကန္တာရပေါ်တွင် ဖြတ်ခနဲ ပေါ်လာ၏။ သူ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ပင်လယ်နဂါးသည် သူ့အောက်တွင် ပေါ်လာသည်။ ထိုနဂါးက ဟိန်းသံပေးကာ လေးစားသမှု ပြသသည်။
ဝမ်လင်းသည် တည်ငြိမ်စွာပင် ထိုပင်လယ်နဂါး၏ဦးခေါင်းပေါ်သို့ ခြေချလိုက်၏။ ထိုပင်လယ်နဂါးသည် ရှေ့သို့ တရကြမ်း ဦးတည်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
“မုန့်မြေကမ္ဘာကုန်းမြေမှာ ကလန်နှစ်ခုပဲ ရှိတယ်။ တစ်ခုက မြေကမ္ဘာကလန်၊ နောက်တစ်ခုကတော့ မုန့်မြေကမ္ဘာကလန်ပဲ။ နှစ်ခုလုံးဟာ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုရဲ့ တစိတ်အပိုင်း ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့မှာ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်ပဲ ပိုင်ဆိုင်ထားပြီး အင်ပါယာအတုပုဂ္ဂိုလ် မရှိနေဘူး…”
ဝမ်လင်းသည် ပင်လယ်နဂါးပေါ်တွင် ထိုင်ကာ လိပ်ခွံပေါ်ရှိ မုန့်မြေကမ္ဘာကုန်းမြေနှင့် ပတ်သတ်သည့် မိတ်ဆက်အကြောင်းအရာကို စစ်ဆေးကြည့်သည်။
ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်တွေရဲ့ မူလစိတ်ဝိညာဉ်ကို ငါ လိုအပ်ပေမယ့် ဒီကလန်နှစ်ခုက ငါနဲ့ ဘာရန်ငြှိုးမှ မရှိဘူး။ ဒီတော့ ထားလိုက်ပါတော့လေ…”
လိပ်ခွံပေါ်တွင် ကောင်းကင်ကုန်းမြေ၏ ကောင်းကင်ကလန်တွင် အင်ပါယာအတုထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ရှီသည်ဟု ဝိုးတဝါး ညွှန်ပြထားပေသည်။
“ဒါပေမဲ့ လိပ်ခွံပေါ်မှာ ရှိတဲ့ မန္တာန်က ကြီးမားလွန်းတယ်လို့ ထင်ရပေမယ့်လည်း ဒါဟာ မြေပုံရဲ့အစိတ်အပိုင်းတစ်ခုသာသာပဲ။ ငါ့အနေနဲ့ မုန့်မြေကမ္ဘာကုန်းမြေမှာ သူတို့ရဲ့ မြေပုံကျောက်စိမ်းပြားတွေကို ရယူဖို့ သွားရောက်ရမယ်…”
ဝမ်လင်းသည် အရင်တုန်းက သူ့ကျင့်ကြံမှုအဆင့်နှင့်သာ မုန့်မြေကမ္ဘာကုန်းမြေသို့ ဝင်ရောက်ပါက ထိုကုန်းမြေရှိ အင်အားစုကြီးနှစ်ခု ဖြစ်သော ကလန်နှစ်ခုကို သူ့အနေဖြင့် ရန်စလိမ့်မည် မဟုတ်ဘဲ သူတို့ကို ရှောင်၍ သွားပေလိမ့်မည်။ သို့သော် ခုချိန်တွင်မူ ကွာခြားသွားပေပြီ။ သူ့အမြင်၌ ယင်းကလန်နှစ်ခုမှာ သာမန်မျှသာ ဖြစ်ပြီး သူ့အပေါ် မည်သည့်ချိန်းခြောက်နိုင်စွမ်းမှ မရှိလေပေ။
“ဒီနေရာဟာ မြေကမ္ဘာကလန်နဲ့ အနီးဆုံးပဲ။ ဒါ့ကြောင့် အဲ့ကို ငါ အရင်သွားလိုက်မယ်…”
ဝမ်လင်း၏စိတ်ထဲတွင် မြေပုံတစ်ခု ပေါ်လာ၏။ ခဏအကြာတွင် ပင်လယ်နဂါးသည် ဦးတည်ရာ ပြောင်းသွားပြီး ၎င်းက အရှေ့ဘက်စူးစူးသို့ ဦးတည်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
မုန့်မြေကမ္ဘာကုန်းမြေ၏ အများစုကို ကန္တာရများနှင့် ဖုံးထား၏။ သဲကမန္တာရများသည် ပင်လယ်လိုပင် ဖြစ်နေသည်။ မုန်တိုင်းတစ်ခု လှိမ့်တက်လာတိုင်း သဲမှုန့်မြောက်များစွာ ပျံဝဲတက်ကာ ကြောက်မက်ဖွယ်သဲမုန်တိုင်းများကို ဖန်တီးသည်။
ထိုသဲမုန်တိုင်းများသည် အားပျော့ချင် အားပျော့မည်၊ ပြင်းထန်ချင် ပြင်းထန်တတ်သည်။ သို့ပေမည့် အားပျော့သောမုန်တိုင်းများသည်ပင် သေမျိုးတစ်ယောက်ကို တုန်ယင်သွားအောင် လုပ်နိုင်၏။ သိုသော် သန်မာသောမုန်တိုင်းကတော့ ကျင့်ကြံသူများကိုပါ တုန်ယင်သွားအောင် လုပ်နိုင်ပြီး ၎င်းအား ချက်ခြင်း ရှောင်ကွင်းပေလိမ့်မည်။ အကြောင်းမှာ ထိုသဲမုန်တိုင်းအတွင်း၌ ကျင့်ကြံသူများအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိသော သံလိုက်အားတစ်ခု ပါဝင်နေသောကြောင့်ပင်။ ၎င်းက ကျင့်ကြံသူတစ်ယောက်ကို စုပ်ယူပစ်နိုင်ပြီး သူတို့၏မူလစိတ်ဝိညာဉ်ပင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ထိုသဲမုန်တိုင်းများထဲ၌ ယင်းသို့ ထူးခြားသောအားတစ်ခု ပါဝင်တာမှာ ရှားပါးလှသည်။ ထိုသို့သောအားပါဝင်သော မုန်တိုင်းမျိုးမှာလည်း ကြီးမားသဖြင့် အဝေးကနေပင် လှမ်းမြင်ရနိုင်ပြီး တင်ကြို၍ ရှောင်နိုင်ခြင်းပင်။ သို့သော် ဒီကုန်းမြေ၏ အရှေ့ဘက်ပိုင်း၌ တနှစ်ပတ်လုံး သဲမုန်တိုင်းနှင့် ဖုံးနေသော ဒေသတစ်ခု ရှိပေသည်။ နှစ်တိုင်း၌ သဲမုန်တိုင်းက ၎င်း၏ခွန်ပြည့်အားပြည့်နှင့် ပေါက်ကွဲထွက်ကာ ထိုစဉ်အခါတွင် ယင်းဒေသပတ်လည်၌ မည်သူ့ကိုမျှ တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။
ပုံမှန်အားဖြင့် ယင်းနေရာသည် နက်မှောင်ကာ သဲမုန်တိုင်း၏ ဖုံးလွှမ်းခြင်း ခံထားရ၏။ ထို့ကြောင့် အထူးနည်းလမ်းတစ်ခု မရှိသော သူများအဖို့ ဒီနေရာသို့ ဝင်ရောက်ဖို့သည် ခက်ခဲလှပေမည်။
ထိုထူးခြားသော သဲမုန်တိုင်းအတွင်း၌ မုန့်မြေကမ္ဘာကုန်းမြေတွင် ကျော်ကြားသော မြေကမ္ဘာကလန် တည်ရှိပေသည်။
မုန့်မြေကမ္ဘာကုန်းမြေ၌ ကလန်များစွာ ရှိ၏။ သို့သော် မြေကမ္ဘာကလန်နှင့် မုန့်မြေကမ္ဘာကလန်တို့ကသာ ဒီကုန်းမြေ၏ ဦးဆောင်ကလန်များ ဖြစ်သည်။ မည်သူကမျှ ဒီကလန်ကြီးနှစ်ခုကို ရန်မစဝံ့ပေ။ သူတို့က မုန့်မြေကမ္ဘာကုန်းမြေတစ်ခုလုံးကို ထိန်းချုပ်ထားပေသည်။
သည်အခါသမာယတွင် မြေကမ္ဘာကလန် ရှိနေသော သဲမုန်တိုင်းအတွင်း၌ လောကမှာ နက်မှောင်နေ၏။ ဧရာမပင်လယ်နဂါး ပေါ်လာကာ ဝမ်လင်းက ၎င်း၏ဦးခေါင်းထက်တွင် ထိုင်နေသည်။ သူတို့ သဲမုန်တိုင်းထဲ၌ ပေါ်လာသည့်အခါ ပြင်းထန်လေလေပြင်းများ ဝေ့ခတ်တိုက်၏။
ထိုလေပြင်းသည် ပြင်းလှပါသော်လည်း ဝမ်လင်း၏ ဆံချည်မျှင်တမျှင်ကိုပင် ရွှေ့လျားသွားအောင် မလုပ်နိုင်ပေ။
ပင်လယ်နဂါးအနေဖြင့်လည်း ထိုလေပြင်းကို လုံးဝ အရေးမစိုက်ပေ။ ၎င်းက အေးစက်စက် အကြည့်ကို ထုတ်ဖော်ကာ သဲမုန်တိုင်းအတွင်းနက်ပိုင်းသို့ စိုက်ကြည့်နေ၏။
ဝမ်လင်းက ပင်လယ်နဂါးရှေ့သို့ ပျံသန်းနေသည်အား ခွင့်ပြုထား၏။ သူ့ရှေ့တွင် လေပြင်းတို့က ပိုကြမ်းလာ၏။ သို့ပေမည့် ဝမ်လင်းအနားသို့ ရောက်လာသော သဲမှုန့်တို့မှာ ချက်ခြင်း ပျံ့ကြဲကုန်သည်။
သူတို့က သဲမုန်တိုင်းအတွင်းသို့ အေးဆေးသက်သာစွာ ဝင်ရောက်လာ၏။ သဲမုန်တိုင်းအတွင်းနက်ပိုင်းသို့ မရောက်အောင် တားဆီးထားသော ကီလိုမီတာသောင်းချီဧရိယာကို ဝန်းရံထားသည့် အဝါရောင်အလင်းတစ်ခု ရှိနေသည်။ ထိုနေရာမှာ မြေကမ္ဘာကလန်၏တည်နေရာပင်။
ထိုမြေကမ္ဘာကလန် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်နေ၏။ အကြောင်းမှာ သဲမုန်တိုင်းအတွင်း၌ ဒီကလန်ဧရိယာတွင် တောင်တန်းများ၊ စီးဆင်းနေသောစမ်းချောင်းများ၊ အဆောက်အဦများ နေရာတိုင်းတွင် ရှိနေသည့်အတွက်ပင်။ ကလန်၏ တပည့်တပန်းများစွာ ဒီဧရိယာတွင် ဖြတ်၍ ပျံသန်းနေသည်။
မြေကမ္ဘာကလန်၌ တပည့်ပေါင်း သုံးသောင်း မပြည့်ပေ။ ဤသည်မှာ တခြားကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုတို့နှင့် အတော့်ကို ကွာခြားနေသည်။ မြေကမ္ဘာကလန်က ပါရမီပါသော တပည့်များကိုသာ အလိုရှိပြီး သာမန်တပည့်များကို လက်မခံပေ။
ဒီကလန်တွင် မတူညီသောအဆင့်ကိုးခု ရှိ၏။ တချိန်တည်းမှာ ထိုတပည့်တစ်ယောက်ချင်းစီ ရရှိသော အရင်းမြစ်များမှာ တခြားကလန်များထက် သိသိသာသာ ပိုများသည်။ အကြောင်းကတော့ ဒီကလန်တွင် တပည့်ပေါင်းသုံးသောင်းလောက်မျှသာ ရှိိသောကြောင့်ပင်။
သူတို့က သူတို့၏ရင်းမြစ်များကို ထိုတပည့်များ ကျင့်ကြံဖို့အတွက် အသုံးပြုကြ၏။ အထူးသဖြင့် ပါရမီပိုရှိသူများအတွက်ပင်။ မြေကမ္ဘာကလန်က အံ့မခန်းအရင်းအမြစ်များစွာကိုလည်း စုဆောင်းထားသေးသည်။
မြေကမ္ဘာကလန်တွင် အဆင့်တစ်တပည့်များက အလွန်နည်းပါးကာ တစ်ရာပင် မပြည့်ပေ။ အဆင့်ကိုးတပည့်များကတော့ အများဆုံး ဖြစ်ပြီး နှစ်သောင်းကျော်ရှိသည်။
ဤအခိုက်တွင် အဆင့်ငါးတပည့်များ နေထိုင်သော နေရာတွင် လှပသောအဆောက်အဦတစ်ခု ရှိနေသည်။ ၎င်းအတွင်း၌ ကျင့်ကြံသူနှစ်ယောက် ထိုင်နေသည်။
တစ်ယောက်မှာ အမျိုးသား ဖြစ်ပြီး တခြားတစ်ယောက်ကတော့ အမျိုးသမီးပင်။ ထိုအမျိုးသားက အသက်သုံးဆယ် ပတ်လည်လောက် ရှိလိမ့်မည် ဖြစ်ပြီး သူက ချောမောသူ တစ်ယောက်ပင်။ သို့သော်လည်း သူ့ထံမှ အေးစက်စက်အော်ရာကို ပေးစွမ်းနေ၏။ သူ၏ကျင့်ကြံမှုအဆင့်မှာ မမြင့်မားလှဘဲ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင်သာ ရှိိသေးသည်။
သူ့ဘေးရှိ အမျိုးသမီးဖြစ်သူကတော့ နူးညံ့သောအကြည့်တစ်ခု ပိုင်ဆိုင်ထား၏။ သူမ၏အကြည့်ထဲတွင် တွယ်ငြိမှု ပြည့်နေသည်။
ထိုအခိုက်တွင် ထိုင်နေသော အမျိုးသားဖြစ်သူမှာ အပြင်းအထန် တုန်ယင်လာ၏။ သူ့မျက်နှာက ရှုံ့တွကာ အလွန်နာကျင်လေသည့်အလားပင်။ သူ့ထံမှ ငြီးငြူသံများပါ ထွက်လာ၏။
ထိုရုတ်တရက် ပြောင်းလဲမှုက အမျိုးသမီးဖြစ်သူ၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူမက ချက်ခြင်း ရင်ဘက်ပေါ်သို့ လက်တင်ကာ သူမ၏ကျင့်ကြံခြင်းကို သူ့ခန္ဓာကိုယ်တွင်းသို့ ထည့်သွင်းလိုက်၏။
တအောင့်အကြာတွင် ထိုအမျိုးသား၏မျက်နှာပေါ်ရှိ နာကျင်မှုက လျော့ပါးသွားကာ သူက မျက်လုံးဖွင့်လာသည်။ အချိန်တိုအတွင်း သူ့ခန္ဓာကိုယ်သည် ချွေးများရွှဲနစ်သွားသည်။
အမျိုးသမီးဖြစ်သူက ထိုအမျိုးသား၏နှဖူးမှ ချွေးများကို သုတ်ပေးနေရင်း သူမက နူးညံ့ညင်သာစွာ ခပ်တိုးတိုးလေး ဆိုလာသည်။ “ရှင်…ရှင်…အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့ပြီးပြီပဲ။ ထပ်မကြိုးစားနဲ့တော့။ ဒါဟာ အိပ်မက်ပဲ။ ဒါက တကယ်ပဲ အဲ့လောက် အရေးကြီးလို့လား…”
အမျိုးသားဖြစ်သူက ငြိမ်သက်စွာ စဉ်းစားရင်း ပြတင်းပေါက်အပြင်သို့ ငေးကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက တည်ငြိမ်လာ၏။
“ဒီအိပ်မက်က အရေးကြီးလွန်းတယ်…”
“ရှင်မထက်များ ပိုအရေးကြီးလို့လား…” ထိုအမျိုးသမီးက အောက်နှုတ်ခမ်းကို သွေးထွက်လာသည့်အထိ ခပ်တင်းတင်း ကိုက်ကာ ဆိုသည်။
အမျိုးသားဖြစ်သူ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပေါ်လာသည်။
“ဒီအိပ်မက်ဟာ အစ်ကိုနဲ့အတူ ရှိခဲ့တာ နှစ်ပေါင်းနှစ်ရာနီးပါး ရှိတော့မှာ။ ဒီအိပ်မက်ထဲမှာ လူတစ်ယောက် ရှိတယ်။ အစ်ကိုအနေနဲ့ သူမရဲ့ပုံပန်းသွင်ပြင်ကိုတော့ မမြင်ရဘူး။ ဒါပေမဲ့ အစ်ကိုဟာ သူမအတွက် တည်ရှိတယ်လို့ ခံစားရတယ်။ သူမက အစ်ကိုရဲ့ အရင်ဘဝတုန်းက ဇနီးတစ်ယောက်လိုပဲ…”
“ဒါက အိပ်မက်တစ်ခုပဲလေ…အစ်ကိုချင်းရဲ့။ ဒါက အိပ်မက်တစ်ခုသာသာပါ….”
ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် မျက်ရည်စများ ပေါ်လာကာ သူမ နှစ်တစ်ရာကျော် ချစ်ခင်စုံမက်ခဲ့ရသော ထိုအမျိုးသားဖြစ်သူကို ကြည့်သည်။
“ဒါက အိပ်မက်တစ်ခုသာသာပဲလား…” ချင်းအမည်ရ အမျိုးသားဖြစ်သူက ပို၍ပင် စိတ်ရှုပ်ထွေးလာ၏။
“ဒါက အိပ်မက်သပ်သပ်ပါဆို…” ထိုအမျိုးသမီးက ထိုသို့ အော်ဟစ်ကာ ပြောရင်း အမျိုးသားဖြစ်သူက ဆုံးရှုံးသွားမှာ ကြောက်လေသည့်အလား ထွေးဖက်ထားလိုက်သည်။ သူမက သူ့ထံ ဒီစကားများကိုသာ အခါခါ ပြောနေမိတော့သည်။
“ဒါက အမှန်တကယ် အိမ်မက်တစ်ခုပဲလား…” အမျိုးသားဖြစ်သူက မျက်လုံးမှိတ်လိုက်လေ၏။
ထိုအမျိုးသား စိတ်ရှုပ်ထွေးနေခိုက်တွင် ဝမ်လင်းသည် အဝါရောင်အလင်းလိုက်ကာစထံ တည်ငြိမ်စွာ ပျံသန်းလာ၏။ သူသည် ကြမ်းတမ်းသောသဲမုန်တိုင်းကို ဖြတ်လာရင်း အတွင်းရှိ သံလိုက်အားကို ခံစားမိ၏။ သို့သော် သူက ၎င်းကို လစ်လျူရှုထားသည်။
ပင်လယ်နဂါးသည် ဝမ်လင်းကို သယ်ဆောင်ပေးထားရင်း လေပြင်းထဲ၌ မလှုပ်မယှက် ရှိနေ၏။ သို့ပေမည့် ၎င်းနဂါး၏မျက်လုံးကမူ မြေကမ္ဘာကလန်ထံ အေးစက်စက် စိုက်ကြည့်နေသည်။
“မြေကမ္ဘာကလန်ခေါင်းဆောင်နဲ့ ဘိုးဘေးတို့ မြန်မြန် ထွက်လာခဲ့ကြ…”
ထိုသဲမုန်တိုင်းအတွင်း၌ ဝမ်လင်း၏နတ်ဘုရားအာရုံသည် မြေကမ္ဘာကလန်တခွင်လုံးသို့ မိုးကြိုးအလား ပျံ့လွင့်သွားသည်။ သူ့အသံက စိတ်ရှုပ်ထွေးနေသော အမျိုးသားဖြစ်သူ အပါအဝင် လူတိုင်း၏စိတ်နှလုံးအတွင်း ပဲ့တင်ထပ်သွားစေသည်။