← Chapters

စီးပွားရေးအခွင့်အလမ်းကြီးတစ်ခု

Vol. 02 Ch. 79

စီးပွားရေးအခွင့်အလမ်းကြီးတစ်ခု

Vol. 02 Ch. 79

အဖြေရှာနေဟန်ဖြင့် ထန်ရှုသည် လုံကျန့်လင်းအား ကြည့်လိုက်သည်။ ကျောက်ကပ် လုပ်ဆောင်ချက်ကို  ကောင်းမွန်စေသော သူ၏ဆေးညွှန်းသည် မည်သည့် အကြောင်းကြောင့် စီးပွားရေး အခွင့်အလမ်းကြီး တစ်ခု ဖြစ်သွားရသည်ကို သူ နားမလည်ပါချေ။

“ငါ့ကို ပြောပါ” အချိန် အတန်ကြာအောင် အံ့အားသင့်နေပြီးမှ ထန်ရှုသည် သူ့အား စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေသည့် အရာအပေါ် သူ၏သိချင်လိုစိတ်အား ဖွင့်ဟပြောလိုက်သည်။

လုံကျန့်လင်းသည် ထန်ရှုအား ဧည့်ခန်းမသို့ ဆွဲခေါ်လာပြီး စားစရာအား စားပွဲပေါ်သို့ တင်လိုက်သည်။ စီးကရက်အား ကျွမ်းကျင်စွာ ထုတ်ယူကာ မီးညှိလိုက်ပြီး စီးကရက်သောက်ကာ ထိုအကြောင်းအရာအား စိတ်ဝင်တစားဖြင့် တံတွေးသီးမတတ် ပြောပြတော့သည်။

“အစ်ကိုကြီး … ကြည့်ရတာ ရတနာပုံကြီးပုံပေါ် ထိုင်မိနေတာကို သတိမထားမိဘူး မဟုတ်လား။ ငါ့ကို ပေးတဲ့ ဆေးညွန်းက အံ့သြစရာ ကောင်းလောက်တဲ့ အကျိုးအာနိသင်ရှိတယ် ဆိုတာ သံသယရှိစရာ မလိုဘူး။ တွေးကြည့်စမ်းပါ ...  ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျနေကြတဲ့ ယောက်ျားထုကြီး ကမ္ဘာပေါ်မှာ ဘယ်လောက်တောင် ရှိမလဲဆိုတာကို။ အိမ်ထောင်ရေးသုခမှာ စည်းချက်မညီလို့ ကွာရှင်းရတဲ့ ဇနီးမောင်နှံတွေ ဘယ်လောက်တောင် ရှိမလဲဆိုတာကို။ ယောက်ျားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု မရကြတဲ့ အမျိုးသမီးတွေရော ဘယ်လောက်တောင် ရှိမလဲဆိုတာကို”

“သုတေသန လုပ်ငန်းတစ်ခုက အဲဒီပြဿနာကို လေ့လာ ဆန်းစစ်ခဲ့တယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေ အရ …

သူတို့ရဲ့ပါတနာကို စိတ်ကျေနပ်မှု မပေးနိုင်တာက ၇၅%၊ ၁၀မိနစ်ထက်နည်းပြီး စွမ်းဆောင်နိုင်တာက ၃၇%၊ ၅မိနစ်အောက်လောက်ပဲ စွမ်းဆောင်နိုင်တာက ၁၁.၈% ရှိနေတယ်လေ”

“သူတို့ရဲ့ ခိုင်လုံခြင်းကို စိတ်မချရဘူး ဆိုပေမဲ့လည်း ဒီကျောင်းက အဲဒါကို  ကမ္ဘာပေါ်မှာ ရှိတဲ့  ယောက်ျားအယောက် တစ်သောင်းကို ၄နှစ်ကြာ သုတေသန လုပ်ခဲ့ပြီးမှ တွေ့ရှိချက်ကို အဆုံးသတ်နိုင်ခဲ့တာ”

လုံကျန့်လင်းသည် သူ၏ပါးစပ်အား သုတ်လိုက်ကာ စိတ်အား ထက်သန်စွာဖြင့် ဆက်ပြောသည်။

“အိပ်ရာထဲမှာ ဟာကြူလီ တစ်ယောက်လို သန်မာချင်တဲ့စိတ် မရှိတဲ့ ယောက်ျား ဒီကမ္ဘာပေါ်မှာ မရှိသလို အဲဒီလိုမဖြစ်လို့ ဆိုပြီး စိတ်ဓာတ်ကျ စိတ်ပျက်တာမျိုးလည်း မဖြစ်ချင်ကြဘူး။ မဟုတ်ဘူး … ဒီဟာကို မလိုချင်တဲ့ ယောက်ျား မရှိဘူးဆိုတာ သေချာတယ်။ သူတို့ရဲ့ပါတနာကို အကောင်းဆုံး ခံစားမှု ပေးချင်ကြတဲ့စိတ် အမြဲရှိကြတယ်”

“အဓိပ္ပာယ်က …” တစ်စုံတစ်ခုကို ထန်ရှု သဘောပေါက် လိုက်သော်လည်း သေချာစေရန် ထပ်မံမေးလိုက်သည်။

လုံကျန့်လင်းသည် ကျယ်လောင်စွာ ဖြေလိုက်သည်။

“ဈေးကွက်ထဲမှာ လိင်ဆက်ဆံတာနဲ့ ပတ်သက်တဲ့ အထောက်အကူပြု အရာတွေ၊ ဆေးတွေ အမှန်တကယ် ရှိတယ်။ အဲဒါက ဆက်ဆံတဲ့အခါမှာ စွမ်းအားပေးပေမဲ့ သူတို့တွေရဲ့ ခန္ဓာကိုယ်မှာ  ဘေးထွက် ဆိုးကျိုးကြီးတွေ ဖြစ်ပေါ်တယ်။ နာမည်ကြီး အမှတ်တံဆိပ်တွေ မှာတောင် ဖြစ်တော့ အဲဒီလိုဆေးတွေ မဝယ်ချင်ကြတော့ဘူး။ ဒါပေမဲ့ မင်းရဲ့ဆေးက လုံး၀ ကွဲပြားခြားနားတဲ့ ပုံပြင်တစ်ပုဒ်ပဲ။ ကျောက်ကပ်ရဲ့ လုပ်ငန်းကို အထောက်အကူ ပြုရုံမကဘူး ယောက်ျားတစ်ယောက် ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ကိုလည်း လက်ခံလာစေတယ်။ မင်းရဲ့ဆေးက လုံးဝကို ကံကောင်းစေဖို့ ကိရိယာတစ်ခုပဲ”

ထန်ရှုသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ထပ်ဖြည့် ပြောလိုက်သည်။

“ဒီဆေးက ကျောက်ကပ် အတွက်နဲ့ အမျိုးသားတွေ အတွက် ယန်စွမ်းအား ကောင်းစေရုံသာ မကဘူး အမျိုးသမီးတွေအတွက် ယင်စွမ်းအားကို တောက်ပစေပြီး ရုပ်ရည်သွင်ပြင်ကိုလည်း တိုးတက် ကောင်းမွန်စေတဲ့ ကောင်းကျိုးရှိတယ်”

“ဘုရားသခင် ...”

လုံကျန့်လင်းသည် ဆိုဖာတွင် ထိုင်နေရာမှ ခုန်ထလာပြီး သူ၏ မျက်လုံးအစုံသည် ပိုမိုပြူးကျယ်လာခဲ့သည်။

ခဏကြာပြီးနောက် စိတ်ဆိုးနေသော အမုအရာသည် သူ၏ မျက်နှာထက်တွင် ပေါ်ထွက်လာပြီး ထန်ရှုအား စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

“အစ်ကိုကြီး …မင်း ... မင်း ... မင်း ... ကောင်းကင် ရတနာတွေကို ဖြုန်းတီးပစ်နေတာပဲ။ သောက်ကျိုးနည်း ...

ဘာကြောင့်လဲ။ ဒီဆေးညွှန်းကို ဘာကြောင့် စောစောက မပေးတာ၊ မပြောတာလဲ”

ထန်ရှုသည် မျက်လုံးပြူးသွားလျက် သူ့အား ကြည့်ကာ ဆတ်ခနဲ ပြောလိုက်သည်။

“အမ် … ငါ မင်းနဲ့သိတာ ဘယ်လောက် ကြာပြီမို့လဲ”

“အာ ...”

ခဏအတွင်း လုံကျန့်လင်း၏ အသက်ရှူသံ ရပ်တန့်သွားသည်။ သူ၏ မျက်နှာထက်မှ ဒေါသများသည် ရုတ်တရက် ကွယ်ပျောက်သွားပြီး ရှက်ကိုးရှက်ကန်း နိုင်သော ခံစားမှုသည် အစားထိုးလာသည်။ ထို့နောက် သူသည် အောင့်သက်သက် ပြုံးလိုက်ကာ …

“အာ ... ဟုတ်ပါတယ်။ မင်းကို သိတာ နောက်ကျတဲ့ အတွက် ငါ့ကို အပြစ်တင်ပါ။ မင်းကို စောစောသာသိရင် ငါ မင်းခြေထောက်အောက်မှာ ပြားပြားဝပ်နိုင်တယ်”

ထန်ရှုသည် သူ့အား စလိုက်သည်။

“ထားလိုက်ပါ။ ငါ့ဆေးညွှန်းအတွက် ငွေရှာဖို့ စိတ်ကူးနဲ့ ငါ့ဆီလာတာ ငါသိပါတယ်။ ငါ့ကို မင်းစိတ်ကူးတွေ ပြောပြပါ။ မင်း ဘယ်လိုစီစဉ်မလဲ စိတ်ကူးတွေက ဘယ်လိုလဲဆိုတာ ကြည့်ရအောင်”

လုံကျန့်လင်းသည် ချက်ချင်း ပြောလိုက်သည်။

“အစ်ကိုကြီး … ဒီဆေးမှာ အနံ့ အရသာအချို့ ထပ်ထည့်ဖို့ စိတ်ကူးမရှိဘူးလား။ အချိုအရသာ၊ ခရင်မ်အရသာနဲ့ သောက်စရာတွေလိုပေါ့”

ထန်ရှု၏နှလုံးသား တုန်လှုပ်သွားပြီး မျက်လုံးများ အရောင် တောက်ပလာခဲ့သည်။

ထန်ရှုသည် ပြည်တွင်း အချိုရည်ဈေးကွက်နှင့် မရင်းနှီးသော်လည်း ဈေးကွက်ဝယ်လိုအား ကြီးမားသည်ကို သူ ခန့်မှန်းမိသည်။ အချို့အချိုရည် အနည်းငယ်သည် နိုင်ငံတွင်းတွင် ဈေးကွက်ဝေစု၏ တစ်ဝက်အား ရယူထားသည်ကို သူ ကြားဖူးသည်။ ထိုသူဌေးကြီးများသည် ပြည်တွင်းမှ အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်များထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ကြပြီး စွမ်းအားရှိသော လူများဖြစ်လာကြသည်။

သည်ကိစ္စတွင် ဆေးရည်အား အချိုရည်ထုတ်ကုန် အဖြစ် ပြုလုပ်ကာ ဈေးကွက်သို့ ထိုးဖောက်နိုင်မည် ဆိုပါလျှင် ဈေးကွက်ဝေစု ဘယ်လောက်ရလိမ့်မလဲ။ အမြတ် ဘယ်လောက် ဖြစ်နိုင်မလဲ။ ကမ္ဘာသို့ပါ ထိုးဖောက်မည် ဆိုပါကလည်း …

ထန်ရှုသည် လုံကျန့်လင်းအား စိုက်ကြည့်လျက် စိတ်ကူးအမျိုးမျိုးအား သူ၏စိတ်ထဲတွင် ဖြစ်ပေါ်နေပေသည်။

အချိန် အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။

“သောက်ကျိုးနည်း … မင်းရဲ့ တင်ပြတာကလည်း အရမ်းကြီးကို ကောင်းလွန်းနေတယ်။ အရောင်းမြှင့်တင်ခြင်း ဆောင်ရွက်မှုတွေ အဆင်ပြေပြီး ဈေးကွက်ကို ထိုးဖောက်လိုက်တာနဲ့ ဒီဟာက ကြီးမားတဲ့ စိတ်ခံစားမှုကို ပေးမှာသေချာတယ်။ အမြတ်ကလည်း အရမ်းကို မြင့်မားလွန်းလိမ့်မယ်။ လုံကျန့်လင်း … ငါနဲ့တွဲလုပ်ဖို့ မင်းမှာ ဘယ်လိုအစီအစဉ် ရှိလဲ”

လုံကျန့်လင်း ထပ်ပြောလိုက်သည်။

“ငါ ရှယ်ယာထဲမှာပဲ ရင်းနှီး မြှုပ်နှံချင်တယ်။ စီမံခန့်ခွဲမှု အတွက်ကတော့ မင်း ဘယ်လိုလုပ်မလဲ”

ထန်ရှု မဖြေသေးပဲ ပြန်မေးလိုက်သည်။

“ပထမ … ငါ သိချင်တာက ဒီနှစ်တွေထဲမှာ လုံဂရုကနေ မင်း ဘာတွေ သင်ကြား လေ့လာပြီးပြီလဲ။ လုပ်ငန်းစုကြီးတစ်ခုကို စီမံခန့်ခွဲရရင် မင်း အဲဒါကို စီမံနိုင်မလား”

လုံကျန့်လင်း အမူအရာ အေးခဲသွားပြီး ရှက်ကိုးရှက်ကန်း နိုင်သော အမူအရာသည် သူ၏မျက်နှာထက်တွင် ပေါ်လာပြီး ခေါင်းကိုယမ်းကာ ပြန်ဖြေလိုက်သည်။

“ငါ့မှာ ဘာမှ မရှိဘူး။ သာမန် ကုမ္ပဏီကိုတောင် စီမံနိုင်မယ်လို့ ငါမထင်ဘူး။ ငါ့အစ်ကိုဆိုရင်တော့ သေချာပေါက် လုပ်ငန်းစုငယ်ကို စီမံနိုင်လိမ့်မယ်။ ဒါပေမဲ့ လုပ်ငန်းစုကြီး ဆိုရင်တော့ သူ့အတွက် အရမ်း ခက်ခဲလိမ့်မယ်”

ထန်ရှု ပြောလိုက်သည်။

“ဒါဆိုရင်တော့ ငါ ကုမ္ပဏီကို ထောင်ပြီး တခြားလူတွေ လက်ထဲ အပ်ရတော့မှာပဲ။ မင်း ရှယ်ယာ ဝယ်နိုင်တယ်။ ဒါပေမဲ့ မင်း စိတ်ပါရင် စီမံခန့်ခွဲမှုမှာ ဝင်လုပ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မတည်ငွေမှာ မင်း ဘယ်လောက် ရင်းနှီးမြှုပ်နှံမယ် စဉ်းစားထားလဲ”

လုံကျန့်လင်း လျင်မြန်စွာ ပြောလိုက်သည်။

“ငါ့အဖေဆီက တောင်းလိုက်မယ်။ ရှယ်ယာအတွက်ကတော့ ၅%ဆိုရင် အဆင်ပြေပါတယ်။ စီမံခန့်ခွဲမှုကတော့ အဲဒီအပိုင်းမှာ ငါ မကျွမ်းဘူး။ အထွေထွေ အလုပ်ပဲဖြစ်ပါစေ ငါ အကောင်းဆုံး လုပ်နိုင်တယ်”

ထန်ရှုသည် ခေါင်းကိုယမ်းပြီး ပြောလိုက်သည်။

“မင်းအဖေဆီက မတောင်းနဲ့။ မင်းရဲ့ ကိုယ်ပိုင်ပိုက်ဆံ။ ဘယ်လောက် ရင်းနှီးနိုင်လဲ”

လုံကျန့်လင်းသည် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

“ငါ့မှာ အများကြီးတော့ မရှိဘူး။ သန်းအနည်းငယ်ပဲ ရှိလိမ့်မယ်။ ပိုလိုချင်ရင်တော့ ငါ့နာမည်အောက်က အိမ်ခြံမြေတွေ တချို့ကို ပေါင်ပြီး ငါ့ကားကို ရောင်းလိုက်မယ်။ အဲဒါတွေ ရောင်းပြီးပြီဆိုရင် ၂သန်း ၃သန်းတော့ ရမယ်လို့ ငါထင်တယ်”

ထန်ရှု ပြောလိုက်သည်။

“မင်း ယွမ် ၃သန်း ရင်းနှီးမြှုပ်နှံရင် ၁၀%ရှယ်ယာက မင်းအတွက်ပဲ။ ဒါပေမဲ့ မင်း ကိုယ့်ဘာသာ လုပ်ရမယ်။ ငါက ကုမ္ပဏီရဲ့ သူဌေးမို့လို့ ဒါကြီးကို အလွယ်တကူ မပြန့်ပွားစေချင်ဘူး”

လုံကျန့်လင်း စပ်စုလိုစိတ်များ ဖြစ်သွားရသည်။

“ငါ့အဖေနဲ့အစ်ကိုက မေးရင်ရော ငါ သူတို့ကို ပြောနိုင်လား”

“ကိုယ့်လမ်းကို ဖောက်ပါ” ထန်ရှုသည် အေးဆေးစွာ ပြောလိုက်သည်။

လုံကျန့်လင်းသည် သူ၏လက်များအား ပွတ်ကာ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

“အဟားဟား ...။ ကောင်းပြီ။ ငါ သိပါပြီ။ မင်းနောက် တောက်လျှောက် လိုက်နေတာကို စားပါဦး သောက်ပါဦး မမေးတော့ပြန်ဘူးလား။ အစ်ကိုကြီး … ငါ့ဘဝ လက်ကျန်ရက်တွေ အတွက် မင်းကို တွယ်ကပ်ပါရစေ။ မင်း ငါ့ကို ဖက်ချင် နမ်းချင်ရင်တောင်မှ ငါ ရှောင်မှာ မဟုတ်ပါဘူးကွာ”

“ချီးတဲ့မှပဲ” ထန်ရှု ဆဲလိုက်ပြီး ရယ်မော လိုက်တော့သည်။

မကြာမီ ထန်ရှုသည် လုံကျန့်လင်းအား ပြန်လွှတ်လိုက် ပြီးနောက် အိမ်ကြီးသည် ထပ်မံ တိတ်ဆိတ်သွားလေရာ ထုတ်ကုန်အသစ် အတွက် ဖော်စပ်နည်းအား စတင်တွေးတော လေတော့သည်။ တစ်ချိန်တည်းတွင် ကောင်းမွန်သော အရသာ ထပ်ထည့်ခြင်းဖြင့် ထုတ်ကုန် အသစ်၏ အရည်အသွေးအား အာမခံချက်ရှိရန် လိုလေသည်။

“ငါ တခြားအချိုရည် သောက်စရာတွေရဲ့ ဖော်စပ်နည်းကို ဘယ်လို လေ့လာနိုင်မလဲ”

အတွေးများ ဖြတ်သန်းသွားသည်နှင့် ထန်ရှုသည် ခန်းရှ၏နံပါတ်အား ဖုန်းခေါ်မိရက်သား ဖြစ်သွားသည်။

“ထန်ရှု … ဘာဖြစ်လို့လဲ”

ခန်းရှ၏အိပ်ချင်မူးတူး အသံသည် ဖုန်းထဲတွင် ပေါ်ထွက်လာသည်။

ထန်ရှုသည် ခဏမျှ တိတ်သွားရပြီး နာရီအား ကြည့်လိုက်ရာ ၂နာရီ ထိုးခါနီး ဖြစ်သောကြောင့် သူ ရုတ်ခြည်းပင် သဘောပေါက်သွားရပြီး ရှက်ကိုးရှက်ကန်း အမူအရာသည် သူ၏မျက်နှာထက်တွင် ပေါ်လာသည်။

“ကျွန်တော် တကယ် တောင်းပန်ပါတယ်။ အိပ်ချိန်ကို ကျွန်တော် မေ့သွားတယ်။ ကျွန်တော် မေးစရာတစ်ခု ရှိလို့ပါ”

“ဘာမေးချင်တာပါလိမ့်”

“ခင်ဗျားရဲ့ စီးပွားရေး စီမံခန့်ခွဲမှုနဲ့ အတွေ့အကြုံအရ တခြားအချိုရည် သောက်စရာတွေရဲ့ ဖော်စပ်နည်းကို ဘယ်လို လေ့လာနိုင်မလဲ”

“မဒမ်ဒူမှာ ရှာပါ” ခန်းရှသည် စိတ်အချဉ် ပေါက်နေသော အသံဖြင့် ပြောလိုက်သည်။

“မဒမ်ဒူက ဘယ်သူလဲ။ သူမက အဲဒီဖော်စပ်နည်းတွေ သိတာလား”

ထန်ရှုသည် ဇဝေဇဝါ ဖြစ်ဟန်ဖြင့် မေးလိုက်သည်။

ခန်းရှ၏စိတ်သည် တည်ကြည် လေးနက်သွားသည်။ သူမသည် အံ့သြသော လေသံဖြင့် ပြောလိုက်သည်။

“အမေရေ ...  နင်က ကမ္ဘာက ဉာဏ်ကြီးရှင် မဟုတ်ဘူးလား။ မဒမ်ဒူတောင် ဘာလို့ မသိရတာတုန်း။ အဲဒါက ဘိုင်ဒူလေ။ အင်တာနက်ဖွင့်ပြီး ဘိုင်ဒူကနေ ရှာလေ ဟုတ်ပြီလား။ ဒါပေမဲ့ အင်တာနက် ကနေတော့ ဖော်စပ်နည်း အပြည့်အစုံ ရှာတွေ့မှာ မဟုတ်ဘူး။ ပုလင်းပေါ်က အညွှန်းစာရွက်ပဲ ရှိမယ်။ ထုတ်လုပ်သူတွေက သူတို့ထုန်ကုန်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြမှာ မဟုတ်ဘူး”

ထန်ရှု ပြောလိုက်သည်။

“အဲဒါ အဆင်ပြေပါတယ်။ ကျွန်တော်လည်း အဲဒါကို သဘောပေါက်ပါတယ်။ ကျေးဇူးတင်ပါတယ်”

“နင် အချိုရည် သောက်စရာလုပ်ငန်း လုပ်ချင်တာလား” ခန်းရှ မေးလိုက်ရာ …

ထန်ရှု ယုံကြည်မှု ရှိစွာဖြင့် …

“ကျွန်တော့်မှာ စိတ်ကူးရှိတယ်။ ဖော်စပ်နည်း မရှိလို့ လေ့လာချင်တာ”

ခန်းရှ ပြောစရာစကား မဲ့သွားရသည်။ သူမရင်ထဲ တိုးတိုးလေးသာ ညည်းလိုက်မိသည်။

“နင်က ဖော်စပ်နည်းကို လေ့လာရတာ အလွန် လွယ်တယ်လို့များ ထင်နေတာလား။ အဲဒီလောက်သာ လွယ်နေရင် လောကမှာ အချိုရည် ထုန်ကုန်တွေ မရေမတွက် နိုင်လောက်အောင် ဖြစ်နေတော့မှာပေါ့”

သို့သော် ရုတ်ခြည်းပင် ထန်ရှုဆီမှ ရလာသော အလှကုန်၂ခု ဖော်မြူလာအား အမှတ်ရလာခဲ့သည်။

“ဒီနှစ်ခုကိုလည်း အဲဒီနည်းနဲ့ သူရလာတာလား”

ခန်းရှရင်ထဲ ရုတ်တရက် နစ်မွန်းသွားသည့်နှယ် …

ထန်ရှုသည် သူ၏ ခေါ်ဆိုမှုကြောင့် ခန်းရှတစ်ယောက် အိပ်မပျော်နိုင်သည် အထိ စိတ်ရှုပ်ထွေး သွားရသည်ကို မသိလိုက်ချေ။ သူသည် ဖုန်းကို ချလိုက်ပြီး အင်တာနက်မှ ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့သော် သူ ရုတ်ခြည်းပင် သတိမေ့သွားမတတ် ဖြစ်သွားရသည်။ သူ့တွင် ကွန်ပျူတာ မရှိသကဲ့သို့ ဖုန်းထဲတွင်တောင်မှ အင်တာနက်ခွဲတမ်း မရှိပါချေ။

“အာ … ဒီဟာ မေ့လိုက်ပါတော့။ အလျင်လိုပြီး စိတ်မရှည်မှုက အရာရာကို ဖြုန်းတီးသွားလိမ့်မယ်။ ငါ အချိန်ရှိရင် ကွန်ပျူတာ ဝယ်ရမယ်။ အင်တာနက်ရှိလာတဲ့အခါမှ ရှာလည်း သိပ်နောက်မကျ သေးပါဘူး”

ထန်ရှုသည် ခေါင်းကိုယမ်းကာ အတွေးစများ ဖြတ်လျက် အိပ်ရန် ပြင်လိုက်သည်။ မနက်ဖြန်တွင် ကုန်းတာလုံနှင့် ကျင်းမန်ကျွန်းသို့ သွားရမည် ဖြစ်သောကြောင့် စိတ်ဝိညာဉ် အားပြည့်ရန်နှင့် အကောင်းဆုံး အခြေအနေ ဖြစ်နေရမည်ဖြစ်သည်။

ကျင်းမန်ကျွန်းသည် တောင်တရုတ် ပင်လယ်တွင် ရှိသော ကြီးမားသည့် ကျွန်းကြီးတစ်ခု ဖြစ်သည်။ ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးတိုးတက်ပြီးသော အခါတွင် ကျွန်းကြီးသည် နိုင်ငံတကာ အဆင့်မီ မြို့ကြီးဖြစ်လာခဲ့သည့် အပြင် တောင်အာရှနှင့် ချိတ်ဆက်သော အရေးကြီးသည့် ခရီးသွား အချက်အချာကျသည့် အသွင် ဖြစ်လာခဲ့သောကြောင့် ခရီးသွား လုပ်ငန်းများဖြင့် ကျင်းမန်ကျွန်း၏ စီးပွားရေးအား ခုန်ပေါက် တိုးတက်လာစေခဲ့သည်။

ကျင်းမန်လေဆိပ် …

ကျားယီလဲ့သည် လေဆိပ် ထွက်ပေါက်တွင် စိတ်မရှည်စွာဖြင့် မတ်တတ်ရပ်နေပြီး သူ၏ မျက်လုံးများသည် လေဆိပ်ထဲမှ ထွက်လာသော ခရီးသည် လူစီးကြောင်းအား စိုက်ကြည့်နေသည်။

သူ၏ရင်ထဲတွင် နောင်တတရားများ နက်ရှိုင်းစွာ ဖြစ်ပေါ်နေလျက် သူ၏ဖခင်ထက်ပင် လောင်းကားနည်းအရာ၌ ကျွမ်းကျင်သော လောင်းကစား ဘုရင်အား သူ၏ အစ်ကိုကြီးသည် ခေါ်ဆောင် လာနိုင်ပါစေဟု မျှော်လင့်နေမိသည်။

သူ၏ဖခင်သည် ထိုမကောင်းသည့် လူများနှင့် ကစားနေရဆဲဖြစ်ပြီး တစ်မိနစ် နောက်ကျသွားသည်နှင့် အမျှ ဆုံးရှုံးမှု ကြီးမားလာသည်ကို သူသိနေသည်။

“ဆရာသာ မကောင်းခဲ့ရင်တော့ ငါတို့ ဘဝတစ်လျှောက်လုံး လူလုံးလှတော့မှာ မဟုတ်ဘူး” သူသည် ခါးသီးစွာ တွေးလိုက်မိသည်။

“ယီလဲ့ ...” လူရေစီးကြောင်း၏ ထောင့်မှ အော်သံ ထွက်ပေါ်လာသည်။

ကျားယီလဲ့ အသံလာရာအား ရှာဖွေလိုက်သွားသော အခါ ကျေနပ် အံ့သြသော အမူအရာသည် သူ၏ မျက်နှာထက်တွင် ပေါ်လာခဲ့ပြီး ချက်ချင်းသွားကာ နှုတ်ဆက်လိုက်သည်။

“ပထမစီနီယာ အစ်ကိုကြီး … နောက်ဆုံးတော့ ပြန်လာခဲ့ပြီပေါ့။ လောင်းကစား မာစတာရော ပါလာပြီလား”

****

All Chapters