ဆောင်းဦးလေကို စောင့်ဆိုင်းခြင်း
Vol. 143 Ch. 1977
ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူနှင့် ထိုအမျိုးသားကြားရှိ မြေကမ္ဘာကလန်မှ တပည့်အားလုံးသည် မမြင်ရသောအားတစ်ခုကြောင့် တွန်းဖယ်ခြင်း ခံရသည်။ ဝမ်လင်းက ခြေချလိုက်သည့်အခါ၌ သူ၏ရှေ့တွင် ချင်းအမည်ရှိအမျိုးသား ပေါ်လာ၏။
“စီနီယာ…” ထိုအမျိုးသားဖြစ်သူက ဝမ်လင်းကို ကြည့်ကာ မင်သက်မိနေသည်။ သူ့ဘေးရှိ အမျိုးသမီးမျက်နှာထက်တွင်လည်း အလွန်အမင်းကြောက်ရွှံ့မှုနှင့်အတူ မင်သက်မှုတို့ ပေါ်လာ၏။ ဝမ်လင်းသည် ဘိုးဘေး၊ကလန်ခေါင်းဆောင်တို့နှင့် အတူရှိနေသည့်သူ ဖြစ်သည့်အတွက်ကြောင့် သူက အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်ပေမည်။
ဘိုးဘေးကျန်းထျန်လင်းက ထိုသည်ကို တွေ့မြင်သည့်အခါ တုန်လှုပ်မိ၏။ သူ့စိတ်ထဲတွင် သံသယတို့ ပေါ်လာ၏။ သို့သော် သူ မည်မျှစဉ်းစားပါစေ အစစ်အမှန်အဖြေကို မတွေးတတ်အောင်ပင်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် မဆင်မခြင်မလှုပ်ရှားဝံ့ပေ။
ကလန်ခေါင်းဆောင်က ထိုသည်ကို တွေ့မြင်သည့်အခါ သူ့စိတ်ထဲ၌ အေးစက်မှု ပေါ်လာ၏။ သူ့ကို ဝမ်လင်း၏အော်ရာက ဖိနှိပ်ထားသဖြင့် သူ့အနေဖြင့် စကားမဆိုရဲပေ။ သူ့အနေဖြင့် ဝမ်လင်း၏ မျက်နှာအမူအရာကိုလည်း မမြင်ရဘဲ ကျောဘက်ကိုသာ တွေ့မြင်ရ၏။ သို့သော် သူက သူ့အတွက် လှုပ်ရှားလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခု ပေါ်လာသလို ခံစားမိသည် ဖြစ်၍ သူက ချင်းအမျိုးသားထံ လက်ညွှန်ကာ အော်ဟောက်လိုက်သည်။
“မင်းတို့နှစ်ယောက် သိပ်သတ္တိရှိနေကြတယ်လား။ စီနီယာ ဘာမှ မလုပ်ရင်တောင် မင်းတို့နှစ်ယောက်ကို ကလန်ကနေ ငါ မောင်းထုတ်ပစ်မယ်…” ထိုသို့ ပြောကာ သူက ရှေ့သို့ လှမ်း၏။
“တုံးလိုက်တဲ့ကောင်…” ဘိုးဘေးဖြစ်သူ ရွှေအဆင့်ထိပ်သီးက ကလန်ခေါင်းဆောင်၏ စကားကို ကြားသည့်အခါ သူ့အမူအရာက ပြောင်းလဲသွား၏။ သူက လက်ဝေ့ယမ်းကာ မြေကမ္ဘာကလန်ခေါင်းဆောင်ကို ဟန့်တားရန် တာဆူ၏။
သို့ပေမည့် သူ မည်သို့မျှ မလုပ်နိုင်သေးခင်မှာပင် ဝမ်လင်းက လှည့်လာကာ သူ့မျက်လုံးထဲရှိ နူးညံ့မှုက အေးစက်စက်အကြည့်သို့ ပြောင်းသွားတော့သည်။
“ထွက်သွားစမ်း…”
ထိုစကားသည် မြေကမ္ဘာကလန်တွင် မိုးကြိုးဟိန်းသံအလား ပဲ့တင်ထပ်ကာ ပြင်းထန်သောအသံလှိုတစ်ခု ထသွားစေ၏။ ယင်းအသံလှိုင်းက ကလန်ခေါင်းဆောင်ပေါ်သို့ ကျရောက်သွားကာ သူ၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူက သွေးအန်ကာ အဝေးသို့ လွင့်ထွက်သွားတော့သည်။
စကားတခွန်း၊ အသံလှိုင်းတစ်ခုဖြင့် လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကလန်ခေါင်းဆောင်ကို အပြင်းအထန် ဒဏ်ရာရသွားစေ၏။ ရွှေအဆင့်ထိပ်သီးဖြစ်သူ ကလန်ဘိုးဘေး၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားပြီး သူက ဝမ်လင်းထံ လက်နှစ်ဖက် ကပျာကယာ ဆုပ်ကာ ပြောလိုက်သည်။
“စီနီယာ…ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့…။ ဂျူနီယာရဲ့ ဒီမျိုးဆက်က ကျင့်ကြံတာ သိပ်မကြာသေးပါဘူး။ သူ့မှာ ပါရမီရှိပေမဲ့ ဆင်ခြင်ဉာဏ်ကင်းမဲ့ လွန်းပါတယ်။ ဂျူနီယာအနေနဲ့ သူ့ကို ကလန်ခေါင်းဆောင်နေရာကနေ ချက်ခြင်း ဖယ်ရှားပြီး စီနီယာ ကိုင်တွယ်ဖို့ ကမ်းလှမ်းချင်ပါတယ်။ ဂျူနီယာက ဒီကလန်ခေါင်းဆောင်နေရာကို လူသစ်အစားထိုးဖို့ ရှာဖွေလိုက်ပါ့မယ်…”
ထိုရုတ်တရက် ပြောင်းလဲမှုက အဆင့်ငါးတပည့်တစ်ထောင်နီးပါးကို မင်သက်သွားစေသည်။ သူတို့က ဝမ်လင်းကို အတိုင်းမသိကြောက်ရွှံ့မှုဖြင့် ကြည့်သည်။
ချင်းအမည်ရအမျိုးသားက တုန်ယင်သွား၏။ သူ့ဘေးရှိ အမျိုးသမီးက သူ့လက်ကို ကိုင်ဆုပ်ပေးထားသည်။ သူတို့၏လက်ဖဝါးများတွင် ချွေးများ ပြန်လာသည်။
“အစ်ကို…အစ်ကိုရဲ့ ခုလက်ရှိ အမည်က ဘာများလဲ…”
ဝမ်လင်းသည် ထိုအမျိုးသားချင်းကို ကြည့်၏။ မိန်းမောသွားစဉ်အတွင်း သူက အမျိုးသမီးတစ်ယောက်၏ အလောင်းကို ခန္ဓာကိုယ်လောင်ကျွမ်းခံကာ ကာကွယ်ပေးထားသော အမျိုးသားတစ်ယောက်ကို ပြန်ယောင်တွေ့မြင်မိသည်။ ထိုအမျိုးသားက သူ့ရန်သူကို တိုက်ခိုက်ဖို့ သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းခံကာ အာဏာတက်ခြင်းသလင်းကျောက်ကို ဝမ်လင်းထံပေးခဲ့ဖူးသည်ကို အခုအခါ ဝမ်လင်းက ပြန်မြင်ယောင်တွေ့နေရသည်။
ချက်ခြင်းပင် ဝမ်လင်းက ထိုအမျိုးသားဖြစ်သူသည် ဓားစိတ်ဝိညာဉ်ဖြစ်လာကာ အသက်ပြန်ဝင်နိုးထလာပြီး မှတ်ဉာဏ်များ ဆုံးရှုံးသွားသော ချင်းရှောင်ကို ကြည့်နေသည်ကို မြင်သည်။
ထိုအမျိုးသား၏ ခံစားချက်က ကောင်းကင်နှင့်မြေကြီးကို ရွှေ့လျားသွားစေလောက်သည်။
ပြန်လည်မွေးဖွားခြင်းမန္တာန်က ထိုသူ၏ နှစ်ပေါင်းထောင်ချီ စွဲလမ်းမြတ်နိုးမှုကို ဖုံးကွယ်ထားနိုင်စွမ်းခြင်း မရှိလေပေ။
“ကျနော့်နာမည်က ချင်းပါ…”
“ချင်း…တစ်ခွန်းတည်းသောအမည်…” ဝမ်လင်းသည် ထိုသည်ကို ကြားသည့်အခါ သူ့စိတ်ထဲ၌ နာကျင်မှု ဖြစ်ပေါ်သည်။ ထိုနာကျင်မှုသည် သူ့ရှေ့ရှိ အမျိုးသားဖြစ်သူ၏ အမျိုးသမီးတစ်ယောက်အပေါ် မည်မျှပေးဆပ်ချစ်ခင်စောင့်စားခဲ့ရပုံကို သိရှိနားလည်ခြင်းကနေ ထွက်ပေါ်လာခဲ့တာပင်။
ထိုအမျိုးသားဖြစ်သူက ခဏတာ စဉ်းစားပြီးနောက် ပြောလာ၏။ “ဟုတ်ပါတယ်။ ကျနော်က မိဘမဲ့တစ်ယောက်ပါ။ ဒါ့ကြောင့် ကိုယ့်နာမည်ကို ချင်း လို့ ပေးခဲ့တာပါ….”
သူ့ဘေးရှိ အမျိုးသမီးဖြစ်သူက သူ့လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။
“ပြန်လည်မွေးဖွားလာတဲ့နောက်မှာတောင် ခံစားချက်တွေကို မေ့မပစ်နိုင်ဘူး။ သူဟာ နှစ်ပေါင်းတစ်ထောင် အမျိုးသမီးအလောင်းတစ်လောင်းကို စောင့်ရှောက်ခဲ့ပြီး အရူးအမူး စွဲလမ်းခဲ့တယ်။ သူမ နိုးထလာတဲ့အခါမှာ သူတို့ဟာ သူစိမ်းသူပြင်တွေ ဖြစ်သွားခဲ့ကြတယ်။ ဒါပေမဲ့ သူက သူမ သူ့ကို မှတ်မိလာဖို့ စောင့်နေခဲ့တယ်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်နေခဲ့တယ်။ အခု ဒီဘဝမှာ သူ့နာမည်ဟာလည်း ချင်း ဖြစ်လာခဲ့တယ်။ သူ့နာမည်က ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ဒါဟာ ချင်းရှောင်ဆိုတဲ့ အမျိုးသမီးအပေါ် သူ့ရဲ့ စွဲလမ်းမှုကြောင့် အခု ဘဝမှာ သူ့ကိုယ်သူ ချင်းလို့ အမည်ပေးခဲ့တာပဲ ဖြစ်ရမယ်…”
ဝမ်လင်းသည် ထိုအေးစက်ဟန်ရသော အမျိုးသားဖြစ်သူကို ကြည့်နေသည်။ သူသည် အချိန်အတန်ကြာသည့်အထိ စကားမပြောနိုင်ပေ။
ထိုအမျိုးသားဖြစ်သူ၏ အေးစက်မှုသည် ဝမ်လင်း၏စီနီယာအစ်ကိုဖြစ်သူ ချင်းရွှေနှင့် မတူပေ။ ဒီအမျိုးသား၏အေးစက်မှုက သူ့အရင်ဘဝတုန်းက ဓားစိတ်ဝိညာဉ်ဖြစ်ခဲ့ခြင်းကနေ လာခြင်းတည်း။ ဓား၏အေးစက်မှုက ပြန်လည်မွေးဖွားပြီးနောက်မှာပင် ရှိနေတုန်းပင်။
“ငါဟာ အစ်ကိုကြီးကျောက်ရီနဲ့ ချင်းရှောင်တို့ ပြန်လည်မွေးဖွားဖို့ကို ကူညီပေးခဲ့တယ်။ အထူးသဖြင့် ချင်းရှောင်ရဲ့ ပြန်လည်မွေးဖွားမှုကိုပဲ။ သူမဟာ ချင်းလင်ရဲ့ သမီးဖြစ်ပေမယ့်လည်း သူမဟာ ပြန်လည်မမွေးဖွားလာခင် ငါ အများဆုံး ပြောင်းလဲပေးခဲ့တဲ့ တစ်ယောက်ပဲ…” ဝမ်လင်းက သက်ပြင်းချကာ ချင်းအမျိုးသားဘေးရှိ အမျိုးသမီးဖြစ်သူကို ကြည့်သည်။ သူမက သူမချစ်သူ၏ လက်ကို ဆုံးရှုံးသွားရမှာ စိုးကြောက်သည့်အလား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူမက ဝမ်လင်းရှေ့တွင် အလွန်ကြောက်နေသည့်ပုံ ပေါ်သည်။
သူမက ဝမ်လင်းရှေ့တွင် တုန်ယင်နေ၏။ ထိုကြောက်ရွှံ့မှုက သူမ၏စိတ်ဝိညာဉ်မှ လာသည့်ပုံ ရသည်။ ယင်းကြောက်ရွှံ့မှုက သူမ၏စိတ်ဝိညာဉ်ထဲ ရေးထွင်းထားကာ မပယ်ဖျက်နိုင်တော့သည့်အလား။
ဝမ်လင်းက ထိုအမျိုးသမီးဖြစ်သူကို ကြည့်ကာ ဖြည်းဖြည်းချင်း မေးလာသည်။ “မင်းရဲ့ နာမည်က ဘာလဲ…”
ထိုအမျိုးသားက တုန်ယင်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိပြီး သူမချစ်သူ၏ နောက်တွင် ကွယ်ပုန်းသည်။ သူမက သူမ၏ချစ်သူလက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး မျက်နှာတွင်လည်း သွေးမရှိလောက်အောင် ဖြူရောနေသည်။
“သူမရဲ့ နာမည်ဟာ ကျောက်ရီတင်းပါ…” ဝမ်လင်း၏အမေးကို ဖြေလိုက်သူမှာ အမျိုးသားချင်းပင်။
“ကျောက်ရီတင်း…” ဝမ်လင်းသည် ထိုနာမည်ကို ကြားရသည့်နောက် အမျိုးသမီးဖြစ်သူကို လေးနက်စွာ ကြည့်မိသည်။
“အတိတ်တုန်းက ကျောက်ရီဟာ ချင်းရှောင်ကို တင်းအာလို့ ခေါ်ခဲ့ဖူးတယ်…။ ဒီဘဝမှာ သူမဟာ သူမရဲ့ ပြီးခဲ့တဲ့ဘဝကို ပြန်မမှတ်မိသင့်တော့ဘူး…” ဝမ်လင်းက မျက်လုံးမှိတ်လိုက်သည်။ အတိတ်တုန်းက သူသည် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ပေသည်။
သူ့အနေဖြင့် ထိုအရာကို မလုပ်ခဲ့သင့်ပေ။ အကြောင်းမှာ လူတိုင်းသည် သူတို့၏ မှတ်ဉာဏ်များနှင့် ပတ်သတ်၍ အရှိအရှိတိုင်းသာ ရှိသင့်သောကြောင့်သာ။ သို့သော် ချင်းရှောင်၏ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်အတွင်း ဝမ်လင်းက သူမ၏မှတ်ဉာဏ်ကို ဖယ်ရှားပေးခဲ့ပေသည်။
၎င်းမှာ ချိပ်ပိတ်မှုတစ်ခု မဟုတ်ဘဲ သူမ၏မှတ်ဉာဏ်ကို လုံးဝ ဖယ်ရှားပစ်ခဲ့ခြင်းတည်း။ ဤသည်က သူမ၏စိတ်ဝိညာဉ်ကို အပြင်းအထန် နာကျင်စေခဲ့လိမ့်မည်သာ။ ထို့ကြောင့်လည်း ပြန်လည်မွေးဖွားပြီးနောက်မှာပင် သူမအနေဖြင့် ဝမ်လင်းကို အင်မတန်ကြောက်ရွှံ့နေခြင်းတည်း။
သူသည် ထိုအခြင်းအရာကို မည်သူ့ကိုမျှ မပြောခဲ့သလို မည်သူကမျှကလည်း သတိပြုမိခဲ့ခြင်း မရှိပေ။ သူက ကျောက်ရီကို ကူညီပေးဖို့အတွက် လုပ်ဆောင်ပေးခဲ့တာပင်။
ဝမ်လင်းက မျက်လုံးမှိတ်ထားစဉ် ချင်းအမျိုးသားက တုံ့ဆိုင်းတုံ့ဆိုင်း ပြောလာ၏။ “စီနီယာ…သင်…သင်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ မြင့်မားလှပါတယ်။ သင့်အနေနဲ့ ကျနော့်ရဲ့ စိတ်ရှုပ်ထွေးနေတဲ့ကိစ္စတစ်ခုကို ဖြေရှင်းပေးနိုင်မလား…”
သူ ထိုသို့ ပြောလာသည့်နောက် သူ့လက်ကို အမျိုးသမီးဖြစ်သူသည် ပိုမို တင်းကြပ်လွန်းစွာ ဆုပ်ကိုင်လာတော့၏။ သေခြင်းတရားကပင် သူတို့ကို မခွဲခွာနိုင်မည့်အလား။ သူမက စိတ်ပူပန်ကာ ဝမ်းနည်းဟန် ပေါက်နေ၏။ သူမသည် ဝမ်လင်းအပေါ် ကြောက်ရွှံ့နေခြင်းကိုပါ မေ့သွားသည့်အလား။
“ချင်း…ဒါက အိပ်မက်တစ်ခုပဲလေ။ အိပ်မက်ပါပဲ…”
ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက ထိုအမျိုးသားချင်းကို ကြည့်သည်။
အမျိုးသားချင်းက သူ့ချစ်သူ၏လက်ကို ဆုပ်ကိုင်ပြီး သူမကို ခပ်တိုးတိုး ညင်ညင်သာသာ ပြောလိုက်၏။ “အစ်ကို အဖြေတစ်ခုကို သိချင်ရုံလေးပါ…”
“ဒီအဆင့်ထိ ကျင့်ကြံလာတဲ့အတောအတွင်း ကျနော့်အနေနဲ့ နှစ်ပေါင်းရာချီအတွင်းမှာ အိပ်မက်တစ်ခု အမြဲမက်ခဲ့တယ်။ အဲ့အိပ်မက်ဟာလည်း အမြဲလိုလို အတူတူပဲ ဖြစ်နေပါတယ်…”
“အဲ့အိပ်မက်ထဲမှာ အမျိုးသမီးတစ်ယောက် ရှိတယ်။ ကျနော်က သူ့နောက်ကျောကိုပဲ မြင်နိုင်ပြီး သူမဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတာကိုပဲ သိတယ်။ သူမက ကျနော့်ကို ရင်းနှီးတဲ့ခံစားမှု ပေးနေသလို ဝမ်းနည်းမှုနဲ့ အေးစက်မှုကိုလည်း ပေးစွမ်းနေပြန်တယ်။ ကျနော် သူမရဲ့ မျက်နှာကို အမြဲလိုလို တွေ့ချင်နေခဲ့တာ။ သူမက ဘယ်သူဘယ်ဝါလည်း သိချင်နေခဲ့တယ်…”
“သူမဟာ ကျနော့်အရင်ဘဝက ဇနီးတစ်ယောက် ဖြစ်လိမ့်မယ်လို့လည်း ရေးတေးတေး ခံစားမိတယ်။ အရင်ဘဝသာ ရှိခဲ့ရင် သူမဟာ ကျနော့်ရဲ့ ဇနီး ဖြစ်လောက်မယ်…”
“ကျနော့်တည်ရှိမှုတစ်ခုလုံးဟာ သူမအတွက်ပဲ ဖြစ်ခဲ့တဲ့ပုံပဲ။ သူမ လှည့်လာပြီး ကျနော့်ကို ကြည့်ဖို့ စောင့်နေခဲ့ပါတယ်…” ထိုအမျိုးသားဖြစ်သူက ခပ်တိုးတိုး ပြောပြနေစဉ် သူ့မျက်လုံးထဲမှ စိတ်ရှုပ်ထွေးမှု လှစ်ဟပေါ်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေ၏။ ထိုအမျိုးသားချင်း၏ စကားသံသာ ထွက်ပေါ်နေသည်။ ရွှေအဆင့်ထိပ်သီးအဘိုးအိုက ထိုမြင်ကွင်းကို ကြည့်၏။ထို့နောက် ဝမ်လင်းထံ ကြည့်သည်။ သူ့ထံ၌ ထင်မြင်ချက်အချို့ ရှိနေသည်။ သူက ငြိမ်သက်စွာ စဉ်းစားနေသည်။
ဝမ်လင်းသည် ထိုအမျိုးသားချင်းကို ကြည့်နေ၏။ သူက အချိန်အတန်ကြာသည့်အထိ စကားမပြောပေ။ သူက ချင်းရှောင်၏မှတ်ဉာဏ်ကို ဖယ်ရှားပစ်နိုင်၏။ သို့သော် သူ့အနေဖြင့် ထိုအမျိုးသား၏ မှတ်ဉာဏ်ကိုမူ မပြောင်းလဲချင်ခဲ့ပေ။ အကြောင်းမှာ ထိုအမျိုးသားဖြစ်သူက သူ့မိတ်ဆွေ၊ သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးသူ မဟုတ်လား။
ဝမ်လင်းက ထိုသူ့ကို ကိုယ်တိုင် မှန်ကန်သော လမ်းကြောင်းတစ်ခုအား ရွေးချယ်စေချင်ခဲ့သည်။
“တနှစ်ရဲ့ နွေဦးမှာပေါ့…ငါဟာ အပင်တစ်ပင်အောက်ကို လျှောက်လာပြီး သစ်ရွက်တစ်ရွက်ကို ကြည့်နေခဲ့တယ်။ ငါ ဒီသစ်ရွက်ကို အတော့်ကို သဘောကျခဲ့တယ်။ ဆောင်းဦးရောက်လာတော့ ငါ့အနေနဲ့ အဲ့သစ်ပင်ရှိ ထပ်ရောက်လာခဲ့တယ်။ ဒါပေမဲ့ ငါ့အနေနဲ့ အစိမ်းရောင်သစ်ရွက်ကိုတော့ မရှာတွေ့နိုင်တော့ဘူး။ ငါ့အနေနဲ့ ဒီသစ်ရွက်ကို မတွေ့လောက်တော့ဘူးလို့လည်း တွေးခဲ့တယ်…”
“ဒါပေမဲ့ အဲ့သစ်ရွက်ဟာ ဒီသစ်ပင်ပေါ်မှာပဲ ရှိနေခဲ့ပြီး အရောင်သာ ပြောင်းသွားခဲ့တာကိုတော့ ငါ့အနေနဲ့ မသိခဲ့ဘူး။ ငါ ပြန်ထွက်ခွာလာတဲ့အခါမှာ ဆောင်းဦးလေ တိုက်ခတ်တော့ အဝါရောင်သစ်ရွက်တစ်ရွက် လွင့်ဝဲကျလာတယ်။ အဲ့သစ်ရွက်က ငါ့ကို လှည့်ပတ်ပြီး တလမ်းလုံး ငါနဲ့အတူ ရှိခဲ့တယ်။ ဒါပေမဲ့ ပျောက်နေတဲ့အစိမ်းရောင်သစ်ရွက်ကိုပဲ အောက်မေ့နေတဲ့အတွက် ဒီသစ်ရွက်ဟာ ငါ့ဘေးမှာ တချိန်လုံး ရှိနေခဲ့တာကို ငါ လုံးဝ သတိမပြုမိခဲ့ဘူး…”
“ဒါက မင်းအတွက် ငါ့ရဲ့ အဖြေပါပဲ…” ဝမ်လင်းသည် ထိုသို့ ပြောနေရင်း သူ့မျက်လုံးထဲတွင် အတိတ်ကိုပြန်အောက်မေ့မှုတို့ ပြည့်နေသည်။
“ငါ့အဖြေဟာ မှန်ကန်ကြောင်း မင်း ရှာတွေ့တဲ့တနေ့ကျရင် ဒီဆေးလုံးကို သောက်လိုက်ပါ။ ဒါက မင်းအနေနဲ့ အဲ့အိပ်မက်ကို နောက်ထပ် လုံးဝ ထပ်မမက်အောင်လို့ လုပ်ပေးလိမ့်မယ်…”
ဝမ်လင်းက ခြေလှမ်းကာ ပင်လယ်နဂါးဦးခေါင်းပေါ်သို့ ဦးတည်သည်။ သူက ဆောင်းဦးသစ်ရွက်အလား သွေ့ခြောက်သော အဝါရောင်ဆေးလုံးတစ်လုံးကို ချန်ထားခဲ့ပေသည်။ ထိုဆေးလုံးက စိတ်ရှုပ်ထွေးနေသော အမျိုးသားချင်းရှေ့တွင် လွင့်မြောနေသည်။
“ကျန်းတျန်လင်း…ဒီနှစ်ယောက်ဟာ ငါ့မိတ်ဆွေကောင်းတွေပဲ။ အခု သူတို့က မင်းရဲ့ ကလန်မှာ ပြန်မွေးဖွားလာခဲ့တယ်။ ဒါက မင်းတို့ကလန်အတွက် ကြီးမားတဲ့ကံကောင်းမှု ဖြစ်တယ်။ မင်းတို့ကလန်ကို ငါ သုံးကြိမ်တိုင် ကာကွယ်ပေးမယ်။ သူတို့သာ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ငါ မင်းကို မေးခွန်းလာထုတ်မယ်…”
ဝမ်လင်း၏အသံ မြေကမ္ဘာကလန်၏ ဘိုးဘေးဖြစ်သူ အဘိုးအို၏စိတ်ထဲတွင် ပဲ့တင်ထပ်သည်။ တချိန်တည်းမှာ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ သူ့လက်ဝါးရာနှင့် ကျောက်စိမ်းပြားတစ်ခုသည် ထိုအဘိုးအိုထံ ပျံသန်းဝင်လာသည်။
“ကျေးဇူးတင်ပါတယ်…အင်ပါယာအတုပုဂ္ဂိုလ်ကြီး…” ရွှေ့အဆင့်ထိပ်သီးဖြစ်သူ ထိုအဘိုးအိုသည် တုန်ယင်သွားကာ ဝမ်လင်းထံ ဦးညွှတ်လိုက်၏။ ဤသည်မှာ ကြီးမားသောလက်ဆောင်တစ်ခု မဟုတ်လား။
တချိန်တည်းမှာ လေပြေက ချင်းအမျိုးသားနှင့်သူမ၏ချစ်သူတို့အား တိုက်ခတ်လာရာ သူတို့၏ဆံပင်တို့ကို လွင့်ဝဲသွားစေသည်။ သူတို့၏ဆံချည်မျှင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ယှက်လိမ်ကာ လိပ်ပြာနှစ်ကောင်ကခုန်သည်နှင့်ပင် ဆင်တူလေသည်။
ဝမ်လင်းသည် ထိုအမျိုးသားဖြစ်သူ၏ မှတ်ဉာဏ်ချိပ်ပိတ်မှုကို ပြန်မဖြေပေးခဲ့ပေ။ သို့သော် သူက ရွေးချယ်မှုတစ်ခု ပေးခဲ့၏။ သူက ထိုအမျိုးသားဖြစ်သူထံ အဓိပ္ပာယ်ပါသောအကြည့်ဖြင့် လှမ်းကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူသည် ပင်လယ်နဂါးပေါ်တွင် ရပ်ကာ ၎င်းနဂါးက သူ့ကို ခေါ်ဆောင်သွားတော့သည်။
“အစ်ကိုကြီးကျောက်ရီ…အစ်ကိုကျောက်…ငါ့ကို မေ့လိုက်ပါတော့။ လှိုဏ်ဂူလောကကို မေ့လိုက်ပါတော့။ အစ်ကိုရဲ့ အရင်ဘဝကို မေ့လိုက်ပါတော့။ အစ်ကို အနားမှာ ရှိတဲ့သူတွေနဲ့ပဲ ဘဝကိုဝမ်းမြောက်ရွှင်မြူးစွာ ဖြတ်သန်းပါ။ အစ်ကို အိပ်မက်ထဲမှာ တချက်လေး နောက်လှည့်ကြည့်လာဖို့ တဘဝလုံး စောင့်နေခဲ့ရတဲ့ အမျိုးသမီးဟာ အခု အစ်ကိုအနားမှာ ရှိနေပါတယ်…”
ဝမ်လင်းသည် သက်ပြင်းချလိုက်မိ၏။