သုခဘုံအသင်း
Vol. 02 Ch. 80
ထန်ရှုသည် ကုန်းတာလုံဘေးတွင် မတ်တတ် ရပ်နေသော်လည်း ကျားယီလဲ့သည် တစ်ချက်သာ ကြည့်လျက် သူသည် ဟိုဟိုဒီဒီကြည့်ကာ လောင်းကစား မာစတာကို ရှာနေလေသည်။ ထန်ရှုသည် သူ၏စကားကြောင့် အတန်ငယ် စိတ်ပျက် သွားလေသည်။ သည်ကျားယီလဲ့သည် ရုပ်ရည်သွင်ပြင်အား ကြည့်ကာ လူကို ဆုံးဖြတ်တတ်ပုံ ရသည်။ သူ ဘာကြောင့် အခြားသူများ၏ လိမ်ညာခြင်းအား ခံရသည်ကို ထန်ရှုသည် ယခု နားလည် သွားတော့သည်။
“ဖတ် ...”
ကျားယီလဲ့၏ အတွေးများအား မြင်နေရသော ကုန်းတာလုံသည် သူ၏ခေါင်းအား ဖတ်ခနဲ ရိုက်လိုက်ပြီး …
“ဟေ့ ... သူက မာစတာထန်။ ငါ အထူး ဖိတ်ကြားလာတဲ့သူ”
ကျားယီလဲ့သည် အရိုက်ခံရသော နေရာအား လက်ဖြင့် ဖိလျက် ထန်ရှုအား ကြည့်ကာ အကဲခတ်လိုက်သည်။ ပြီးနောက် မယုံကြည်နိုင်သော လေသံဖြင့် …
“ပထမစီနီယာ အစ်ကိုကြီး ... ပေါက်တတ်ကရ လုပ်လာတာလား … မရယ်ရတဲ့ ဟာသလား။ သူက အရမ်း ငယ်သေးတယ် ကျွန်တော့်ထက်တောင်မှ ငယ်သေးတာကို။ အဖေ့ထက် ပိုပြီး ကျွမ်းကျင်တာ ဖြစ်နိုင်ပါ့မလား”
“ဘောပဲကွာ ...”
ထန်ရှုသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ကျားယီလဲ့သည် သူ့အား ပြောစရာစကား မဲ့စေရန် လုပ်နေပေသည်။
ကုန်းတာလုံသည် ကျားယီလဲ့ကြောင့် ဖြစ်ပေါ်လာသော ဒေါသကြောင့် အခြားကမ္ဘာသို့ပင် မောင်းထုတ် ချင်နေလေသည်။ ထန်ရှုသာ မရှိခဲ့ပါက သည်ဂျူနီယာ ညီလေးအား သေအောင်ပင် ရိုက်နှက်ပြီး ဖြစ်ပေလိမ့်မည်။ သို့သော် ထန်ရှုအား သူ စမြင်ခါစက သူသည်လည်း သံသယများနှင့် မကြိုက်နှစ်သက် ခဲ့သေးသည်။ ထန်ရှုဆီမှလာသော ပထမဆုံး ထင်မြင်ချက်မှာ ထန်ရှုသည် အရမ်း ငယ်လွန်းသည်ဟုပင် ဖြစ်သည်။
သို့သော်လည်း …
သူသည် စုရှန်းဝမ်နှင့် ထန်ရှုတို့ကြားမှ အငြင်းအခုံအား သူရပ်ကြည့်နေရာတွင် သူ၏ အခန်းကဏ္ဍအား အနည်းငယ် ပြသသွားခဲ့သည်။ ကြယ်တာရာမြို့၏ အထင်ရှားဆုံး ကြယ်၂ပွင့်ဖြစ်သည့် လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့ ရောက်လာပြီး ထန်ရှုအား ကာကွယ် ပေးသွားကြသည်။ သူတို့၏ စိတ်စေတနာ ကောင်းအား ပြသကာ ထန်ရှုနှင့် မိတ်ဆွေဖွဲ့ရန် စိတ်ဝင်စားကြပုံ ပေါ်သည်။ ပင်လယ်ကြီးသဖွယ် နက်ရှိုင်းကာ တိုင်းတာရန် မလွယ်သော သူများအား ရုပ်ရည်သွင်ပြင်ဖြင့် မဆုံးဖြတ်သင့်ကြောင်း သူ ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။
ကုန်းတာလုံသည် ထန်ရှု၏ မျက်နှာထက်မှ အေးစက်မှုအား ကြည့်ကာ ကျားယီလဲ့အား လူအုပ်နှင့် ၁၀မီတာအကွာသို့ ဆွဲခေါ်သွားတော့သည်။ သီးခြားနေရာသို့ ရောက်လာသောအခါ ကျားယီလဲ့၏ မျက်နှာအား တွေဝေခြင်းမရှိဘဲ ပြင်းထန်စွာ ရိုက်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောတော့သည်။
“မင်း ... ဦးနှောက်မှ ကောင်းသေးရဲ့လား။ လူတွေကို ရုပ်ရည်သွင်ပြင်နဲ့ ဆုံးဖြတ်တာ ငါတို့ လောင်းကစားသမားတွေ အတွက် သေမင်းအလံပဲ။ မာစတာထန်က ငါ့တို့ရဲ့ဆရာကို လောင်းကစားတစ်ခုမှာ နိုင်ခဲ့ဖူးတယ်။ ဆရာက ရည်ရွယ်ချက်ရှိရှိ မင်းကို ညာပါ့မလား။ မာစတာထန်မှာ အရည်အချင်း မရှိဘူးဆိုရင် ဆရာက သူ့ဘဝရဲ့ နောက်ဆုံးရွေးချယ်မှု အဖြစ် သူ့ကို ခေါ်ပါ့မလား။ မာစတာထန်ကို သံသယဝင်တာက မင်းအဖေဖြစ်တဲ့ ဆရာ့ကိုပါ အထင်သေးတာနဲ့ အတူတူပဲ”
“ကျွန်တော် …”
ကျားယီလဲ့သည် ရဲသွားသော သူ၏ပါးအား လက်ဖြင့် ကာလျက် ထန်ရှုအား ကြိုးစား ရှာဖွေလိုက်သည်။ ရုတ်ခြည်းပင် ချွေးစေးများပြန်ကာ အေးစက်လာခဲ့သည်။ ယခုမှပင် သူသည် မှားယွင်းသွားကြောင်းနှင့် လောင်းကစား သမားတို့တွင် အကြီးမားဆုံး တားမြစ်ချက်နှင့် သေမင်းအလံအား ချိုးဖောက်ခဲ့မိကြောင်း နားလည်လိုက်သည်။ သူတို့၏ ရုပ်ရည်သွင်ပြင်နှင့် မဆုံးဖြတ်သင့်ကြောင်း သူ မည်ကဲ့သို့ မေ့နိုင်ပါမည်နည်း။ နောင်တများ လျင်မြန်စွာ ပြည့်နှက်လာကာ လေးလေးစားစား ခါးညွှတ်လိုက်ရင်း ပြောလိုက်သည်။
“မာစတာထန် … ကျွန်တော် ရိုင်းပျသွားမိပါတယ်။ စိတ်သဘောထား ကြီးစွာနဲ့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ကျားယီလဲ့သည် ထန်ရှုအား ဘာလိုလို ဖြစ်စေသည်။ သို့သော် သူ၏အမှားအား လွယ်လွယ်ကူကူ ဝန်ခံကာ အပြစ်ရှိသော လေသံဖြင့် တောင်းပန်သည်ကို ကြည့်ခြင်းအားဖြင့် ထန်ရှုသည် သူ့အား အလင်းတစ်ချက် ပွင့်စေသည်။ သူတို့၏အမှားအား သိမြင်သောသူသည် သူတို့ပြောသွားသည့် အတိုင်း သူတို့ကိုယ်သူတို့ ပြောင်းလဲနိုင်ကြသည်။ အမှားတချို့ ရှိလင့်ကစား ကျားယီလဲ့သည် အလားအလာ ကောင်းသော ငယ်ရွယ်သူ တစ်ယောက်ဟု ဆိုနိုင်ပေသည်။
“မင်းအဖေရော …”
ထန်ရှသည် ခပ်ဖွဖွ ခေါင်းညိတ်ကာ အေးဆေးစွာ မေးလိုက်သည်။
ကျားယီလဲ့သည် ထန်ရှု၏ လက်ဆွဲသေတ္တာအား ဂရုတစိုက် ကြည့်လိုက်ပြီး အလျင်စလို ဖြေလိုက်သည်။
“သူ အခု စားပွဲမှာပဲ ရှိနေပါသေးတယ်။ ဒီနေ့က ပြိုင်ဘက် သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သူ သူတို့နဲ့ ဆက်ကစားရမယ်။ နိုမို့ဆိုရင် အမေ့ရဲ့ဆွဲသီးကို ရောင်းစားတော့မှာ”
ထန်ရှုသည် တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ ကျားလွေဒေါင်သည် ချောက်နက်ကြီးထဲ ကျနေသည့်ဟန် ဖြစ်သည်။ သူသည် မြွေပွေးတစ်ကောင် ကိုက်ခြင်းအား ခံထားရပြီး ပြိုင်ဘက်သည် သူ၏ အားနည်းချက်အား အပိုင်ကိုင်ထားသည်။ သူ၏နူးညံ့သော နံရိုးအား ပြိုင်ဘက်သည် ဆုပ်ကိုင်ထားပြီ ဖြစ်သောကြောင့် သူတွင် ရွေးချယ်စရာ မရှိတော့ပဲ သက်ဆင်းရတော့သည်။
စည်းချက် ...
ထန်ရှုသည် သည်စကားလုံး၏ အဓိပ္ပာယ်အား အပြည့်အ၀ နားလည်ခဲ့သည်။ စည်းချက် ဟူသော စကားလုံးသည် လောင်းကစားသမားများ အတွက် နက်ရှိုင်းသော အဓိပ္ပာယ် ရှိပေသည်။ သည်အဖြစ်တွင် ကျွမ်းကျင်အဆင့် လောင်းကစားသူများသည် လောင်းကစားခြင်း၏ စည်းချက်အား ထိန်းထားပါက သံသယဆိုဖွယ်မရှိ အကြီးအကျယ် အနိုင်ရလိမ့်မည်။ သို့သော် ဆန့်ကျင်ဘက်အရ သူတို့၏ စည်းချက် ထိန်းချုပ်မှုအား ဆုံးရှုံးပါက မရေမတွက်နိုင်သော ခက်ခဲမှုများအား ရင်ဆိုင်ရကာ အနိုင်ရဖို့ အတွက်ပင် ခဲယဉ်းပေလိမ့်မည်။
ကျင်းမန်ကျွန်း သုခဘုံအသင်း …
ကျင်းမန်ကျွန်း၏ ပုံမှန် ဧည့်သည်များသည် အများအားဖြင့် လောင်းကစား သမားများ ဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက်လည်း သိကြသည်။ လောင်းကစားပွဲအား အဆောက်အဦ အတွင်းတွင် မကျင်းပပဲ ကျင်းမန်ကျွန်း၏ ဆိပ်ကမ်းရှိ သုခဘုံအသင်းဟု အမည်တွင်သော ဇိမ်ခံသင်္ဘော တစ်စင်းပေါ်တွင် ပြုလုပ်လေ့ ရှိကြသည်။ သုခဘုံအသင်း၏ နောက်ကွယ်မှ ပိုင်ရှင်သည် ကျင်းမန်ကျွန်း၏ ပထမမိသားစုဖြစ်သော အိုးရန်မိသားစု၏ သမီးကြီးဖြစ်သူ အိုးရန်လူလူဟုပင် ကောလာဟလများ ရှိသည်။ သည်ဟာသည် တရားမဝင် စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်သောကြောင့် ကိတ်၏ ကြီးမားသော အစိတ်အပိုင်းများအား လက်များစွာဖြင့် ရှယ်ယာလုပ်ထားသည်။ သို့မဟုတ်ပါက လိုချင်တပ်မက်စိတ် ရှိသူများ၏ရန်စွယ်မှ ကာကွယ်ရန် အလွန် ခက်ခဲပေလိမ့်မည်။
ထိုခဏ၌ …
သုခဘုံအသင်း ဇိမ်ခံသင်္ဘောကြီး၏ တောက်ပသော အခန်းကျယ်ကြီးထဲတွင် အိုးရန်လူလူသည် ပေကျင်းမှလာသော သူ၏ အတန်းဖော်၂ယောက်အား ဧည့်ခံနေပေသည်။
“ဒီဟာက ထုတ်ထားရုံလေးပဲ။ သူက အလွန် အရည်အသွေး ကောင်းတဲ့ လက်ဖက်အနက် အမျိုးအစားပဲ။ အဲဒါက ပြည်တွင်း အထူးလက်ဖက်မျိုး ဖြစ်ပြီးတော့ စိမ်းဖန့်ဖန့် ညိုရောင် လက်ဖက်ရွက်ပေါ်မှာ ကြွကြွရွရွ အနားသတ်မျဉ်းတွေ ပါတယ်။ သူ့ကို လှော်ပြီးသွားရင် လက်ဘက်ရည်က တောက်ပတဲ့ အဝါရောင်အဆင်း ရှိပြီးတော့ လက်ဖက်ခြောက်ဖတ်တွေက အစိမ်းကနေ နီကြင့်ကြင့်အရောင် ပြောင်းသွားလိမ့်မယ်။ ဒီလက်ဖက်ရည်ရဲ့ ကွဲပြားခြားနားဆုံး အရည်အသွေးကတော့ တာရှည်ခံပြီး အနံ့ကောင်းတာပါပဲ။ သူက သိသာထင်ရှားတဲ့ အဆင့်အတန်းမြင့် အရည်အသွေးရှိပြီး များလှစွာသော အကျိုးကျေးဇူးတွေကို သယ်လာလိမ့်မယ်”
လက်ဖက်ရည်အား တင့်တယ်သော ကိုယ်ဟန်ဖြင့် ပျင်းရိပျင်းတွဲ ပြုလုပ်နေသော အိုးရန်လူလူအား ကြည့်ကာ ပိုင်ထောင်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် တွဲလွဲခိုနေပေသည်။
“ဒီအနီရောင်အူလောင်းလက်ဖက်ရည်က အရည်အသွေး အကောင်းဆုံး ဖြစ်ပြီးတော့ ရှာရတာခက်ခဲလို့ အရမ်း တန်ဖိုးကြီးတယ် ဆိုတယ်။ ငါ့ဦးလေး အခက်အခဲတွေ အများကြီးနဲ့ အကြာကြီး ကြိုးစားကာမှ တစ်ခါပဲ ရဖူးတယ်။
တောင်ပိုင်းခရိုင်က လက်ဖက်ခြောက် ကုန်သည်အသင်းကြီးမှာ ဆိုရင်တော့ အနည်းငယ် ဝယ်လို့ရနိုင်တယ်။ ကြည့်ရတာ အိုးရန်က ဒီသာလွန် ကောင်းမွန်တဲ့ လက်ဖက်ခြောက်ရဖို့ အရည်အသွေး တကယ်ရှိတာပဲ”
အိုးရန်လူလူ ပြုံးကာ ပြောလိုက်သည်။
“အာ ... နင် ငါ့ကို စဖို့ပဲ စိတ်ဝင်စားနေတာလား သူငယ်ချင်းရဲ့။ ဒါနဲ့ နင်က လက်ဖက်ခြောက် ကျွမ်းကျင်တဲ့သူမှန်း ငါ မသိရပါလား။ နောက်အခါ ငါ နင့်ကို ရှာပြီး အချိန်ရရင် သင်ယူရမယ်”
ပိုင်ထောင်သည် ပင့်သက်တစ်ချက် ရှိုက်ကာ အမြန်ပြောလိုက်သည်။
“မဟုတ်သေးဘူး။ ကျွမ်းကျင်ပညာရှင် တစ်ယောက်ရဲ့ရှေ့မှာ ပညာထုတ်ဖို့ မဟုတ်ဘူး။ ငါသိတဲ့ အစစ်အမှန် ကျွမ်းကျင်ပညာရှင်ကို မေးတာ ပိုကောင်းတယ်။ သူက လက်ဖက်နဲ့ ပတ်သက်ပြီး အသိပညာ ကြွယ်ဝတယ်။ ငါပြောတာက အပေါ်ယံပဲ။ ငါသိတာ မြင်တာပဲ ပြောတာ”
အိုးရန်လူလူသည် အဖြေရှာဟန်ဖြင့် မေးလိုက်သည်။
“သူက ဘယ်သူလဲ”
ပိုင်ထောင်သည် ချူယီအား တစ်ချက်ကြည့်ကာ ချောင်းဟန့်လိုက်ရင်း ဖြေလိုက်သည်။
“အဝေးကြီးမှာ မဟုတ်ဘူး။ နင့် မျက်စိရှေ့မှာတင်ပဲ”
စမတ်ကျသော အိုးရန်လူလူသည် အခွင့်အရေးအား အမြန် ဆုပ်ကိုင်လိုက်ကာ ချူယီဘက်သို့ လျင်မြန်စွာ လှည့်လိုက်သည်။ အံ့သြသော အမူအရာဖြင့် သူမ မေးလိုက်သည်။
“လက်ဖက်ခြောက် ကျွမ်းကျင်သူက ချူယီ နင် ဘယ်လို ဖြစ်သွားရတာလဲ။ နင့်ရဲ့ သူငယ်ချင်းရှေ့မှာတောင် ဘာလို့ ခပ်လျှိုလျှို လုပ်နေရတာတုံး”
ချူယီသည် ရယ်မောကာ ပြောလိုက်သည်။
“တစ်ခုက တူညီတဲ့ မျိုးဆက်တွေကြားမှာ ငါ့ကိုယ်ငါ လက်ဖက်ခြောက် ကျွမ်းကျင်တဲ့သူလို့ တွေးခဲ့တယ်။ ဒါပေမဲ့ နင့်ရဲ့ လက်ဖက်ရည် ဖျော်စပ်တဲ့ နည်းပညာကို ကြည့်ပြီး ငါ့ထက်သာတဲ့ တစ်စုံတစ်ယောက် အမြဲရှိလိမ့်မယ်ဆိုပြီး သိသွားခဲ့တယ်။ အိုးရန် ... နင်က ငါ့ကို သင်ခန်းစာကောင်း တစ်ခု ပေးလိုက်တာပါပဲ”
အိုးရန်လူလူ ပြုံးကာ ပြောလိုက်သည်။
“ထားလိုက်တော့။ ရှက်ကြောက် တွန့်ဆုတ်နေတာက နင့်ကို ပိုပြီး ဝလာစေလိမ့်မယ်။ နင် မကြာခင်မှာပဲ ဖက်တီးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ ပြောနိုင်တယ်။ အာ ... ဟုတ်ပြီ။ ဒီတစ်ခေါက် ၂ယောက်စလုံး အလုပ် မများကြဘူးလား။ ကျင်းမန်ကျွန်းကို လာဖို့တောင် အချိန်ရှိတယ် ဆိုတော့”
ပိုင်ထောင်သည် ပြုံးကာ ပြောလိုက်သည်။
“အမှန်တော့ ငါတို့ ထိုင်းကို သွားဖို့ လက်မှတ်ရဖို့ ချိန်းဆိုထားတာကြောင့် ကောင်လေး လုံကျန့်ယုကို သွားရှာခဲ့တာ။ ဒါပေမဲ့ အချို့စီမံကိန်းကြီးတွေ အခွင့်အရေးကြောင့် သူ့စိတ်ပြောင်း သွားလိမ့်မယ်လို့ ငါတို့ မထင်ခဲ့ဘူး”
အိုးရန်လူလူက ရယ်မောကာ …
“ငါ လုံကျန့်ယုနဲ့ မတွေ့ဖူးပေမဲ့ သူ့နာမည်တော့ ခဏခဏ ကြားတယ် ... အထူးသဖြင့် နင်တို့ ၂ယောက်ဆီကပေါ့။ ငါတို့တွေ့တိုင်း နင်တို့၂ယောက်က သူ့အကြောင်း အမြဲပြောနေကြတာ။ ကြည့်ရတာ ဒီနာမည်ကျော် လူငယ်လေး လုံကျန့်ယုကို အခွင့်အရေးရရင် တွေ့ရဦးမယ်။ သူက ဘယ်လိုတော်တဲ့ လူစားမျိုးလဲ နင်တို့၂ယောက်က သူနဲ့ ဒီလို ကြာရှည် နက်ရှိုင်းတဲ့ ရင်းနှီးမှုမျိုးကို တည်ဆောက်ထားရတဲ့ အထိ ဘာက ထိုက်တန်လဲ ဆိုတာကိုပေါ့ ငါ ကြည့်ချင်သေးတယ်”
ပိုင်ထောင်က ရယ်မောကာ …
“ဒါပေါ့။ သူက ငါတို့နဲ့ ယှဉ်ရင်တောင် မရှုံးမဲ့သူမျိုးပါ”
အိုးရန်လူလူ ရယ်မောကာ သံသယဖြင့် မေးလိုက်သည်။
“နင်တစ်ယောက်တည်း သူ့ကို ချီးကျူးတာလား။ ၂ယောက်လုံးကလား”
ချူယီ၏အမူအရာ လျင်မြန်စွာ ပြောင်းသွားပြီး ပြန်ဖြေလိုက်သည်။
“လူလူ ... လုံကျန့်ယုက တကယ်ကို ထူးချွန်တဲ့ လူရွယ်လေးပဲ။ သူနဲ့ယှဉ်နိုင်မဲ့သူက မျိုးဆက်သစ်မှာဆို အနည်းငယ်ပဲ ရှိနိုင်တယ်။ ဒါပေမဲ့ ငါတို့ ကြယ်တာရာကို သွားတော့ စိတ်ဝင်စားစရာ တစ်ခု တွေ့လာတယ်။ ပိုပြီး အတိအကျ ပြောရမယ်ဆိုရင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ လူတစ်ယောက် အကြောင်းကို ငါတို့ ကြားလာတယ်”
“ဘယ်လိုလူမျိုးလဲ” အိုးရန်လူလူ အံ့သြသွားသည်။
ချူယီက ပြောသည်။
“ငါတို့ အသေးစိတ် မသိဘူး။ သိသလောက် ပြောရမယ်ဆိုရင် သူလည်းပဲ ငယ်သေးတယ်။ မယုံကြည်နိုင် လောက်အောင်ပဲ သူက အထက်တန်း ကျောင်းသားပဲ ရှိသေးတာ။ သူ့ရဲ့စီမံကိန်းကြီးကို လုံကျန့်ယုက အဲဒီကလေးအကူအညီ ယူလိုက်တာ။ ထူးချွန်ထက်မြက်တဲ့ လုံကျန့်ယုတောင် အဲဒီအထက်တန်း ကျောင်းသားလေးကို လေးစားပုံရတယ်”
အိုးရန်လူလူ အံ့အားသင့်စွာ ပြောလိုက်သည်။
“လုံကျန့်ယုက အဲဒီအထက်တန်း ကျောင်းသားလေးကို လေးစားတယ် ဟုတ်လား။ နင် ငါ့ကို နောက်နေတာလား”
ပိုင်ထောင်က ပြောလိုက်သည်။
“ငါတို့ နင့်ကို လုံး၀ မနောက်ဘူး။ လုံကျန့်ယု သူ့ကို လေးစားတယ်ဆိုတာ ငါ သေချာ ပြောနိုင်တယ်။ ငါတို့ လက်ဖက်ရည် သောက်ရင်း စကားပြောနေကြတုန်း ထန်ရှုလို့ခေါ်တဲ့ အဲဒီကလေးက သူ့ကိုခေါ်ပြီး ကျွမ်းကျင်အဆင့်မန်နေဂျာတစ်ယောက် ရှာခိုင်းတယ်။ နင် ဘာသိလဲ။ အဲဒီတုန်းက လုံကျန့်ယုရဲ့ သဘောထားက ရိုးရှင်းတယ်။ ငါ ဘယ်လိုပြောရမလဲ။ သွေးသောက်ညီအစ်ကို ပုံစံနဲ့မတူဘူး။ သူ့ကို မျက်နှာလုပ်နေတဲ့ပုံစံနဲ့ တူနေတယ်”
အိုးရန်လူလူ ဇဝေဇဝါ ဖြစ်နေသည်။
“အထက်တန်း ကျောင်းသားလေး တစ်ယောက်က ကျွမ်းကျင်အဆင့် မန်နေဂျာတစ်ယောက် ရှာချင်တယ်ဟုတ်လား။ သူ ဘာလုပ်ချင်တာလဲ”
“သူက ကုမ္ပဏီတစ်ခု ထောင်ချင်တယ်။ အဲဒါကို စီမံခန့်ခွဲဖို့ သူ့မှာ အချိန်မရှိလို့ လုံကျန့်ယုကို ရှာခိုင်းတာ။ ဘာဖြစ်မလဲ ခန့်မှန်းကြည့်။ ချူယီက လုံကို စိတ်ကူးတစ်ခု ပေးလိုက်တယ်။ ခန်းရှကို ထန်ရှု ဖိတ်ခေါ်ပါစေပေါ့။ လူလူ … နာမည်ကျော် ခန်းရှအကြောင်း နင် ကြားဖူးမယ်လို့ ငါ ထင်တယ်။ အဲဒီကလေး ခန်းရှကို ဖိတ်နိုင်လားဆိုတာ ငါ မြင်ချင်နေပြီ”
အိုးရန်လူလူသည် စိတ်နေမြင့်သည့်ပုံစံ ဖြစ်သွားပြီး ပြုံးကာ ပြောလိုက်သည်။
“အဟ ... နင်တို့၂ယောက်ကတော့ တကယ် မလွယ်တဲ့လူတွေပဲ။ ခန်းရှအကြောင်း မသိတာကျလို့။ ဝေါစထရိရဲ့ ငွေကြေးဆိုင်ရာ စင်တာကနေ ပြန်လာတဲ့ နာမည်ကျော် လက်ရွေးစင် တစ်ယောက်က နာမည်ကြီး လုပ်ငန်းစုတွေက အမျိုးမျိုး ကြိုးစား အားထုတ်တာတောင် ငြင်းခဲ့တာလေ။ ဒီကလေးက ဖိတ်နိုင်မလားဆိုပြီး စမ်းတာတော့ မကောင်းဘူး ထင်တယ်။ အဲဒါက မရယ်ရတဲ့ ဟာသကြီးနော်”
ပိုင်ထောင်က ရယ်မောကာ ပြန်ပြောလိုက်သည်။
“ဟားဟားဟား ...။ ဒါလေးက အပျော်သက်သက်ပါ”
ချူယီ၏ အမူအရာသည် ရုတ်တရက် ပြောင်းသွားသည်။ သူ၏ဖုန်းအား ယူလိုက်ကာ နံပါတ်တစ်ခုအား လှည့်လိုက်သည်။ ဟိုဘက်မှ ကိုင်လိုက်သည်နှင့် သူ မေးလိုက်သည်။
“ငါ စုံစမ်းခိုင်းထားတာ ဘာထူးသေးလဲ”
“ခန်းရှ ကြယ်တာရာကို မနေ့က လာသွားတယ်။ ရည်ရွယ်ချက်ကတော့ မရှင်းလင်းဘူး”
“ဘာပြောလိုက်တာလဲ” ချူယီ ရုတ်တရက် နားကြားမှားသွားသည် လားဟု တွေးလိုက်မိသည်။
ခန်းရှက ကြယ်တာရာ သွားခဲ့တာလား။ သူမက …။
ကြယ်တာရာကို သူမက ဘာအတွက် သွားခဲ့တာလဲ။
သူ၏ရင်ထဲတွင် လှိုင်းထနေသောကြောင့် မျက်နှာသည်လည်း အရေးကြီးသည့်ဟန်၊ တစ်ခုခုဖြစ်နေသည့်ဟန် ဖြစ်သွားရသည်။
ချူယီ၏အမူအရာ ပြောင်းသွားသောကြောင့် အိုးရန်လူလူ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ချူယီ ဘာဖြစ်လို့လဲ”
ချူယီ ဖုန်းချလိုက်ပြီး သူငယ်ချင်း၂ယောက်အား ကြည့်လိုက်သည်။
“ငါက သိချင်စိတ်နဲ့ တစ်စုံတစ်ယောက်ကို ခန်းရှ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို စုံစမ်းခိုင်းထားတာ။ အခုပဲ သတင်းရတယ်။ ခန်းရှက မနေ့က ကြယ်တာရာကို သွားတယ်တဲ့။ ဘာအတွက်လဲတော့ မသိရသေးဘူး”
“သူမက ကြယ်တာရာကို သွားခဲ့တာလား”
ပိုင်ထောင်သည် ဆိုဖာပေါ်မှ ခုန်လိုက်ပြီး မယုံကြည်နိုင်ဟန်ဖြင့် ကျယ်လောင်စွာ အော်လိုက်မိသည်။
“ခန်းရှက ကြယ်တာရာကို သွားခဲ့တယ် … ထန်ရှုကြောင့် ဖြစ်နိုင်လား ... ဒါ ဘယ်လိုဖြစ်နိုင်မှာတဲ့တုံး”
****