← Chapters

လောင်းကစားနည်းများအား သင်ယူခြင်း

Vol. 02 Ch. 81

လောင်းကစားနည်းများအား သင်ယူခြင်း

Vol. 02 Ch. 81

ထန်ရှုလား …

အိုးရန်လူလူသည် ထိုနာမည်အား သူမ၏ရင်ထဲတွင် စွဲနေအောင် မှတ်ထားလိုက်သည်။ ချူယီနှင့် ပိုင်ထောင်တို့ အာရုံစိုက်ရသည့်အထိ ဖြစ်ရသော ထိုသူသည် ထူးချွန်သော လူငယ်တစ်ယောက်ဖြစ်ရမည်ဟု သူသိသည်။ လုံကျန့်ယု၏ လေးစားခြင်းကိုပါ ခံရသောကြောင့် သေချာပေါက် အကောင်ငယ်လေး မဖြစ်နိုင်ပေ။

ဒဏ္ဍာရီသဖွယ် ကျော်ကြားလှသော ရွှေမန်နေဂျာ ခန်းရှသည် ကြယ်တာရာကို သွားပြီး ထိုသူအား ရှာခဲ့သည်မှန်ပါက သူသည် တကယ့်ကို အံ့သြစရာ ကောင်းလှသည့်သူပင် ဖြစ်သည်။ ခန်းရှ သူ့အတွက် အလုပ် လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ခန်းရှအား ထိုကဲ့သို့ ဖြစ်အောင် စွမ်းဆောင် နိုင်သောကြောင့် သူ့တွင် ပြောင်မြောင်လှသည့် နည်းလမ်းတစ်ခု ရှိသည်ဟု ဆိုလိုနေပေသည်။

“ဟေး … ထန်ရှုအပေါ် ငါ့ စိတ်ဝင်စားမှုက လုံကျန့်ယုကို တွေ့ဖို့ထက်တောင် ပိုများနေပြီရော်” မျက်နှာထက်တွင် လှပသော အပြုံးပန်းလေးတစ်ပွင့် ဆင်မြန်းလျက် အိုးရန်လူလူသည် သူငယ်ချင်း ၂ယောက်အား လက်ဖက်ရည်၂ခွက် ကမ်းပေးလိုက်သည်။

တုန်လှုပ်နေသောရင်ဖြင့် ပိုင်ထောင်သည် လက်ဖက်ရည်ခွက်ကို ယူကာ ပြောလိုက်သည်။

“ငါရောပဲ။ ချူယီက ငါ့ရဲ့သိချင်လိုစိတ်နဲ့ စိတ်ဝင်စားမှုကို တကယ်ကို နှိုးဆွပေးလိုက်တယ်။ သူသာ အမှန်တကယ် အံ့သြစရာကောင်းရင် သူငယ်ချင်းအဖြစ် ထက်တောင် ပိုချင်သေးတယ်”

ချူယီသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“ငါတော့ ထန်ရှုနဲ့ သူငယ်ချင်းဖြစ်ဖို့က လွယ်မယ်မထင်ဘူး။ ကြယ်တာရာမှာတုန်းက ငါ ထင်တာမမှားရင် လုံကျန့်ယုက ထန်ရှုရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း မဟုတ်သေးဘူး။ သူ့ရဲ့အိမ် ထန်ရှုကို ပေးထားတောင်မှ ဟိုက သူ့ကို အရာရာ ပေးမသိသေးဘူး။ လောကကြီးမှာ သူငယ်ချင်း ဖြစ်ရတာ လွယ်နေရင် စိတ်ဝင်စားမှုတွေကြားမှာ ပြဿနာတွေ ရှိတော့မှာ မဟုတ်ဘူး”

အိုးရန်လူလူ ခပ်ဖွဖွ ပြုံးလိုက်ရင်း

“ကောင်းပြီ။ ဒီအကြောင်း ခဏမေ့ထားကြစို့ရဲ့။ နင်တို့ ကျင်းမန်ကို လာတာ သူငယ်ချင်းဟောင်းကို လာရှာပြီး ရှေးဟောင်းနှောင်းဖြစ် ပြောဖို့ပဲလား။ တခြား ပျော်ချင်တာရှိရင် ပြောပါ။ ငါ ကူညီနိုင်လား ကြည့်ရအောင်”

ပိုင်ထောင်နှင့် ချူယီသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရင်း ချူယီက ပြောပြလိုက်သည်။

“လွန်ခဲ့တဲ့၂ရက်က ငါ ဖုန်းတစ်ခု ရတယ်။ ကျင်းမန်မှာရှိတဲ့ ငါ့ညီလေးက လောင်းကစား ရောင်းဝယ်ရေးက လက်အောက်ငယ်သား တစ်ယောက်ပဲ။ သူက ပြောတယ် ကောင်လေး တစ်ယောက် လတ်တလော လောင်းကစားပြိုင်တယ်။ ကောင်လေး ရှုံးတယ်တဲ့။ အဲဒီနောက် သူ့အဘိုးကြီးပြတဲ့ ကျောက်စိမ်းကိုပါ ထပ်ရှုံးတယ်တဲ့။ ငါ့ညီလေးက အရည်အသွေး ကောင်းတဲ့ ကျောက်စိမ်းကို အဲဒီကနေ ရလိုက်တယ်။ ငါ့မှာ ကျောက်စိမ်း လုပ်ငန်းရှိတော့ အဲဒီလိုကျောက်စိမ်းတွေ စိတ်ဝင်စားတာ နင်သိပါတယ်။ အဲဒါကြောင့် အဲဒီကျောက်စိမ်းကို ကြည့်ရအောင် လာခဲ့တာ”

အိုးရန်လူလူသည် ရယ်မောလျက်

“ငါ အဲဒါကို သိတယ်။ အဲဒီသနားစရာ ကောင်းတဲ့ အဘိုးကြီးက ကျားလွေဒေါင်တဲ့။ သူက အတော်လူသိများတဲ့ ကျွမ်းကျင်လောင်းကစား ပညာရှင်ပဲ။ လောင်းကစား မာစတာလို့တောင် သတ်မှတ်ကြတယ်။ ကံမကောင်းချင်တော့ ဒီတစ်ကြိမ် သူက ကျောက်ဆောင်ကြီးတစ်ခုကို တိုက်မိသွားတယ်။ သူ့ပြိုင်ဘက်က မကာအိုက နာမည်ကြီး ထိပ်သီး၃ယောက်ထဲမှာ ပါတဲ့ ရွှေလက်ချောင်း ရီတိုက်ဖူပဲ။ ကျားလွေဒေါင် ရှုံးတာမှ ပက်ပက်စက်စက်ပဲ။ သူ ဒေဝါလီခံရရုံတင် မကဘူး ဒီမှာရှိတဲ့ သူ့သူငယ်ချင်းတွေဆီ ကနေ မီလျံရာနဲ့ချီပြီး ချေးယူခဲ့တယ်။ ဒီပိုက်ဆံတွေလည်း ရှုံးလိမ့်မယ်လို့ ငါထင်တယ်”

ချူယီက ရယ်မောလိုက်ပြီး …

“ငါက လောင်းကစား စိတ်မဝင်စားဘူး။ ကျောက်စိမ်းအပိုင်းလေးပဲ လိုချင်တာ”

အိုးရန်လူလူ နာရီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီနေ့က သူတို့ရဲ့လောင်းကစားမဲ့နေ့ပဲ။ နင်တို့၂ယောက် ခဏသွားပြီး ကြည့်ချင်လား။ ဟုတ်ပြီ။ နင်တို့ ငါ့ဆီ လာလည်မှတော့ ရီတိုက်ဖူနဲ့ ကျားလွေဒေါင်က သူတို့ပွဲကို ငါ့ရဲ့သုခဘုံအသင်းမှာ လုပ်လိမ့်မယ်ဆိုတာတော့ နင်တို့ သိသင့်တယ်”

“ဒေါက် ... ဒေါက် ... ဒေါက်”

တံခါးခေါက်သံ ကြားရပြီး လူလတ်ပိုင်း တစ်ယောက် အခန်းထဲသို့ ဝင်ရောက်လာသည်။

“ဘာဖြစ်လို့လဲ”

အိုးရန်လူလူ ပုံမှန်အတိုင်းပင် မေးလိုက်သည်။

သက်လတ်ပိုင်းလူက ပြောသည်။

“သူဌေး … အောက်က လောင်းကစားအိမ်ကပါ။ ရီတိုက်ဖူနဲ့ ကျားလွေဒေါင်တို့ပွဲမှာ ကျားလွေဒေါင်က ရပ်ဖို့ အခေါ်ခံလိုက်ရပြီး အသင်းကနေ ထွက်သွားတယ်။ ပွဲကို မနက်ဖြန်ကို ရွှေ့လိုက်တယ်”

အိုးရန်လူလူ မျက်ခုံးများ တွန့်သွားပြီး ချူယီကို ကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့တော့ ပျော်စရာကို မကြည့်နိုင်တော့တဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ ညစာ သွားစားကြရအောင်။ ငါ ကျွေးပါမယ်”

“သွားကြရအောင်”

ချူယီနှင့် ပိုင်ထောင်တို့သည် လောင်းကစားအိမ်ကို လာခြင်း မဟုတ်သောကြောင့် သူတို့သည် စိတ်ပျက်ခြင်း အလျဉ်းမရှိပေ။

ကျင်းမန်ကျွန်း …

ဂျာဗစ်ကြယ်၅ပွင့် ဟိုတယ်အပြင်ဘက်တွင် ကျားလွေဒေါင်သည် စိတ်လှုပ်ရှားစွာဖြင့် စောင့်နေပြီး သူ၏ မျက်လုံးများသည် ခပ်လှမ်းလှမ်းရှိ လမ်းဆုံဆီသို့ စိုက်ကြည့်နေသည်။ သူနှင့်အတူ ဒုတိယတပည့် ကျန်းထျဲချွန်သည်လည်း မျှော်လင့်ချက်များဖြင့် ရပ်စောင့်နေသည်။ နောက်ဆုံးတော့ သူတို့၏ကယ်တင်ရှင် လာလေပြီ။ သည်ဂုဏ်သတင်းနှင့် ပြည့်စုံသည့် သူတို့စောင့်မျှော်နေသာ ဧည့်သည်သည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်ကို သူတို့ ကောင်းစွာသိကြသည်။

“ဆရာ ...  မာစတာထန်က မကြာမီ လာတော့မှာပါနော်”

ကျန်းထျဲချွန်သည် လက်မှ နာရီအား ကြည့်ကာ ပြောလိုက်သည်။

ကျားလွေဒေါင်လည်း ပြောလိုက်သည်။

“ဟုတ်တယ်။ အမှန်ဆို သူတို့ ရောက်သင့်နေပြီကို။ လမ်းမှာ တစ်ခုခုများ ဖြစ်နေတာလားမသိ”

ကျန်းထျဲချွန်၏ မျက်လုံးများသည် စိုက်ကြည့်နေခဲ့ပြီး လမ်းဘက်သို့ ညွှန်ပြခဲ့သည်။

“ဆရာ ဒီကိုလာနေတဲ့ ကားများ ဖြစ်လေမလား”

ကျားလွေဒေါင်သည် သူ၏ဒုတိယတပည့် ညွှန်ပြသည့်ဘက်အား ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်တယ်။ အဲဒါ အငယ်ဆုံးရဲ့ကား။ သူတို့ကို သွားတွေ့ကြစို့”

ကားသည် ရပ်တန့်သွားသည်။

ကျားလွေဒေါင်သည် ကားဆီသို့ အလျင်စလိုသွားကာ တံခါးဖွင့်လိုက်သည်။

“ညီလေး ထန်”

အကြည့်တစ်ချက်ဖြင့်ပင် ကျားလွေဒေါင်သည် ထန်ရှုအား တွေ့သွားသောကြောင့် စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။

သို့သော်လည်း သူ၏အသုံးအနှုန်းသည် တပည့်၃ယောက်အား အရှက်သည်းစေကြပြီး စိတ်ပျက်နေသည့်ဟန် ရသည်။ အငယ်ဆုံးဖြစ်သည့် ကျားယီလဲ့သည်ပင် ထန်ရှုထက် ၅နှစ် ၆နှစ် ကြီးသေးသည်။ သည်အသုံးကြောင့် သူတို့သည် မျိုးဆက် တစ်ခုစာလောက် နိမ့်ကျသွားဟန်ရသည်။

ထန်ရှုသည် ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။

“အာ … ခင်ဗျား လောင်းကစားဝိုင်းမှာ မဟုတ်ဘူးလား။ ဒီနေရာကို ဘယ်လို ရောက်လာတာလဲ”

“ငါ့မှာ ပိုက်ဆံအများကြီး မရှိတော့ဘူးလေ။ ပြီးတော့ မနက်ဖြန် ညီလေးကစားပွဲ အတွက် ချန်ထား ရသေးတယ်။ အဲဒါကြောင့် ရပ်လိုက်ပြီး အမြန်ပြန်လာကြိုတာ” ကျားလွေဒေါင်သည် ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

“သွားကြစို့။ ကျွန်တော်တို့ အထဲမှာ ပြောကြအောင်”

အပေါ်ဆုံးထပ်ရှိ သီးသန့်ခန်းတွင် ထန်ရှုနှင့် ကျားလွေဒေါင်တို့သည် ဧည့်ခန်းရှိဆိုဖာတွင် ထိုင်နေကြပြီး တပည့်များသည် ကျားလွေဒေါင်၏ အနောက်တွင်  ရပ်နေကြသည်။ ကျားယီလဲ့သည် ဖခင်ဖြစ်သူ၏ မျက်နှာအား စိတ်လှုုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အခြား ခံစားချက်မျိုးစုံတို့ဖြင့် အချိန်တိုင်း ကြည့်နေသည်။

“ညီလေးထန် ...  ဒီလိုလာပေးတဲ့အတွက် ဘာကို ပြောရမလဲတောင် မသိတော့ပါဘူး။ မိုင်ထောင်ပေါင်းများစွာ ကနေ ငါ့ကို ကူညီဖို့ လာပေးတဲ့ ဒီကျေးဇူးတရားတွေ ငါ့ရင်ထဲ စွဲနေအောင် မှတ်ထားပါမယ်။ နောင်အခါ ငါ့အကူအညီလိုရင် မီးတောင်ကို ကျော်ပြီး ဓားပင်လယ်ပဲဖြတ်ရ ငါ နောက်တွန့်မှာ မဟုတ်ပါဘူး” ကျားလွေဒေါင်သည် ရိုးသားစွာ ပြောလိုက်သည်။

“ကျွန်တော့်ကို ပြိုင်ဘက် အကြောင်း ပြောပြပါ”

ကျားလွေဒေါင်သည် ချက်ချင်း လှည့်ကာ ဒုတိယတပည့် ကျန်းထျဲချွန်အား ခေါင်းညိတ်ပြလိုက်လျှင် မကြာမီ သတင်း အချက်အလက်များသည် ထန်ရှုလက်ထဲသို့ ရောက်လာသည်။ ထန်ရှု ဖတ်နေစဉ်မှာပင် ကျားလွေဒေါင်သည် ပြောပြသည်။

“ငါတို့ ပြိုင်ဘက်က ချန်းကိုင်လို့ခေါ်တဲ့ ကျင်းမန်က နာမည်ကြီး အပျော်အပါး လိုက်စားတဲ့ သခင်လေး တစ်ယောက်ပါ။ သူက ငွေအများကြီးသုံးပြီး ရီတိုက်ဖူကို ဖိတ်ခဲ့တယ်။ ငါ့တပည့်တွေတင် သူတို့ကို ရှုံးတာမဟုတ်ဘူး။ ငါလည်း အကြိမ်များစွာ ရှုံးတယ်။ ရီတိုက်ဖူက မကာအိုက နာမည်ကြီး ထိပ်သီး၃ယောက်ထဲမှာ ပါတယ်။ လောင်းကစားမှာ လိမ်တဲ့ သူ့စွမ်းရည်ကြောင့် သူ့ကို ရွှေလက်ချောင်းလို့လည်း သိကြတယ်။ သူက ငါ့ထက် ပိုကောင်းရင်တောင်မှ အဆင့်အများကြီး ကွာမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ …”

စာရွက်စာတမ်းများအား ဖတ်ရှုရင်း ကျားလွေဒေါင် ပြောသမျှ နားထောင်ခဲ့ရာ နောက်ဆုံးတွင် အဖြစ်အပျက် တစ်ခုလုံးနှင့် သူ၏ ပြိုင်ဘက်အကြောင်း အကြမ်းဖျင်း သိသွားခဲ့သည်။

“သူက ကိုင်တွယ်ရခက်တဲ့ ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲ”

ထန်ရှုသည် တိတ်တဆိတ် သက်ပြင်း ချလိုက်မိသည်။ သူသည် ကျားလွေဒေါင်အား ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားတို့ကိုယ်စား သူတို့ကို လောင်းကစား ကူပြိုင်ပေးမယ်။ ဒါပေမဲ့ ခြွင်းချက်တော့ရှိတယ်”

“ပြောပါ”  ကျားလွေဒေါင် ပြောလိုက်သည်။

“ပထမဆုံးအနေနဲ့ အချို့အချက်တွေ ကျွန်တော် ရှင်းဖို့လိုတယ်။ ကျွန်တော့်ရဲ့ လောင်းကစား နည်းပညာအကြောင်း ခင်ဗျားလည်း ရှင်းရှင်းလင်းလင်း သိတယ်။ ပထမအကြိမ် ပြိုင်ကြတုန်းက ကျွန်တော်က ခင်ဗျားရဲ့ လောင်းကစားစွမ်းရည်ကို ခိုးပြီး ပြိုင်ခဲ့တာ။ ဒါကြောင့် ဒီတစ်ကြိမ် ရှုံးခဲ့ရင် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့”

“အဲဒီလို လုံးဝမလုပ်ပါဘူး” ကျားလွေဒေါင် ခိုင်မာစွာ ပြောလိုက်သည်။

“နိုင်ခဲ့ရင် တန်ဖိုး ဘယ်လောက်ပဲရှိရှိ တစ်ဝက်ကို ကျွန်တော် ယူမယ်”

ကျားလွေဒေါင် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ပြောလိုက်သည်။

“ငါ့ဇနီးရဲ့ဆွဲသီးလေး ပြန်ရရင် လုံလောက်ပါပြီ။ ကျန်တာ နိုင်သမျှ မင်းယူပါ”

ထန်ရှု ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“မရဘူး။ ကျွန်တော် ပြောထားတဲ့ အတိုင်းပဲ တစ်ဝက်ပဲ ယူမယ်”

ကျားလွေဒေါင် တုံ့ဆိုင်းသွားသော်လည်း ထန်ရှု၏ မပြောင်းလဲမည့်ဟန်အား  တွေ့လိုက်ရသဖြင့် ခေါင်းသာ ညိတ်ပြလိုက်တော့သည်။

ထန်ရှုသည် ကျားလွေဒေါင်၏ တပည့်များအား ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ အခြေအနေကို ပြောပြီးပြီဆိုတော့ အန်စာတုံး ကစားနည်းကလွဲပြီး ကျွန်တော် တခြား လောင်းကစားပညာရပ်တွေမှာ ဘာမှ မသိမှန်းလည်း ခင်ဗျားတို့ သိသားပဲ။ ဒါကြောင့် ဒီနေ့ ကျွန်တော်လိုအပ်တာက လောင်းကစားနည်း အားလုံးကို ရှင်းပြပြီး သင်ပေးစေချင်တာပါပဲ”

“ကောင်းပြီ”

ထိုအရာသည် ကျားလွေဒေါင်၏ အတွေးများအတိုင်း ထပ်တူကျသဖြင့် စိတ်ထဲတွင် ပျော်ရွှင်သွားခဲ့သည်။

ကျားလွေဒေါင်သည် တပည့်များအား လောင်းကစားနည်းဆိုင်ရာ ပစ္စည်းများအား အမြန် ရှာဖွေခိုင်းလိုက်သည်။

“မင်းက အံစာကစားနည်း ကစားဖူးတဲ့အပြင် အဲဒီနည်းမှာလည်း ကောင်းတော့ ဒါကို သင်မပေးတော့ဘူး။ ပထမဆုံး သင်ပေးမှာက ဘလက်ဂျက်ပဲ။ အများဆုံးကစားတဲ့ ကစားနည်းပဲ။ ရီတိုက်ဖူနဲ့ ကစားခဲ့တဲ့အထဲမှာ အများဆုံးက ဘလက်ဂျက်ပါ။

ဘလက်ဂျက်မှာ ၁ကနေ ၈ကတ်ပါတယ်။ ဖဲဝေသူက တစ်ကတ်ဖွင့်ထားတာပါတဲ့ ၂ကတ်ကို ကစားသမား တစ်ယောက်စီကို ပေးတယ်။ အဲဒါက အဖွင့်ကတ်လို့ခေါ်တယ်။ မှောက်ထားတဲ့ကတ်က အမှောင်ကတ်လို့ ခေါ်တယ်။ ဒီ၂ကတ်ကို ပေါင်းရတယ်။

ပုံမှန် ကစားသမားတွေ အတွက် အနိုင် အရှုံးက ကံပေါ် မူတည်တယ်။ အစစ်အမှန် ကျွမ်းကျင်ကစားသမားတွေ ကျတော့ ထူးခြားတဲ့ နည်းတွေရှိတယ်။ ရိုးရိုးရှင်းရှင်း ပြောရင်တော့ ထိုနည်းတွေအားလုံးက ပြိုင်ဘက်ရဲ့ မျက်လုံးကို လှည့်စားတာတွေပဲ။

ဆိုရိုးရှိသလို ၁၀ပွဲကစားရင် ၉ပွဲက အလိမ်တွေ ဆိုသလိုပေါ့”

ရှင်းပြပြီးသည်နှင့် ကျားလွေဒေါင်သည် လက်တွေ့လုပ်ပြသည်။ သူ၏လက်များသည် အရိပ်များပမာ အဆက်မပြတ် ပြောင်းလဲသွားသည်။ သူသည် ကျွမ်းကျင်စွာဖြင့် ဖဲချက်များအား ကုလားဖန်ထိုးသည်။ အလင်း၏ မြန်နှုန်းဖြင့် ရောနှောသည်။ ထန်ရှုပင် တိတ်တခိုး ချီးကျူးမိသည်။ သက်ဆိုင်ရာ နယ်ပယ်တွင် လေ့ကျင့်ခြင်းသည် ကျွမ်းကျင်ပညာရှင်များ ဖြစ်လာကြပေသည်။ လောင်းကစားနည်း သည်လည်း ထိုနည်းလည်းကောင်းပင်။ အဆင့်တစ်ခုသို့ ရောက်သွားပါက မိုးပေါ်က ကျလာသကဲ့သို့ ငွေများ ရရှိနိုင်ပေသည်။

“ဒုတိယက ငါးချပ်သံ …”

“တတိယက ပိုင်ကော ...”

“စတုတ္ထက …”

“ … ...”

အချိန်များသည် တဖြည်းဖြည်း ကုန်ဆုံးလာရာ မျက်တောင်တစ်ခတ် အတွင်း ညဘက် ရောက်လာခဲ့သည်။

ကျားလွေဒေါင်နှင့် ထန်ရှုသည် ဆာလောင်ခြင်းကို မေ့နေသည့်အလား ဘာမှမစားကြချေ။  သူတို့၂ယောက်သည် သင်ပေးခြင်းနှင့် သင်ယူခြင်းတို့တွင် ပျော်မွေ့နေကြပြီး ညရောက်လာသည်ကို မသိသည့်အလားပင် ဖြစ်သည်။

“နောက်ဆုံးကတော့ ရွှေရောင်ပန်းပွင့် ချည်နှောင်တာ ဖြစ်တယ်”

ကျားလွေဒေါင်သည် ဖဲထုပ်အသစ်ထဲမှာ ကင်းနှင့် ကွင်းကို ဆွဲထုတ်လိုက်ပြီး ထန်ရှုအား ကြည့်လျက်

“ဒီဂိမ်းရဲ့ စည်းမျဉ်းတွေကတော့ …”

ထန်ရှုသည် လက်ကိုယမ်းကာ ပြောလိုက်သည်။

“ကျွန်တော် သူများ ကစားတာ မြင်ဖူးတော့ အဲဒါကို ကစားနိုင်ပါတယ်။ ကျွန်တော့်ကို နည်းတွေသာ သင်ဖို့ လိုတာပါ”

ကျားလွေဒေါင်သည် ထန်ရှု ထူးချွန်မှန်း သိသည်။ တစ်ကြိမ် ကြုံဖူးခဲ့သည့်အပြင် သည်နေ့တွင်လည်း အမြင်ပွင့်ခဲ့ရသည်။ သူသင်သမျှ အရာရာတိုင်း ထန်ရှုသည် လျင်မြန်စွာ တတ်မြောက်ခဲ့သည့်အပြင် ကျွမ်းကျင်မှု အရည်အသွေးသည်လည်း အဆက်မပြတ် တိုးတက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် နည်းနည်းလေးမျှ စိတ်အနှောင့်အယှက် မဖြစ်ဘဲ ကျိတ်ကာ ပျော်နေမိသည်။

“ရွှေရောင်ပန်းပွင့် ချည်နှောင်ကစားနည်း ကတော့ အဓိကအားဖြင့် ရှုထောင့်၂ခုပဲရှိတယ်။ ပထမက လိမ်ညာခြင်းနဲ့ ပရိယာယ်ဖြစ်တယ်။ စစ်တိုက်ခြင်း အနုပညာမှာဆိုရင် ဆိုရိုးတောင်ရှိတယ်။ စစ်တိုက်ခြင်းအားလုံးရဲ့ မြစ်ဖျားခံရာက ပရိယာယ်တဲ့။ ဒီကစားနည်းက စိတ်နဲ့ဆိုင်တယ်။ အချို့က အသေးကတ်ရပေမဲ့ လိမ်ညာခြင်းနည်းအရ သူတို့က နိုင် နိုင်သေးတယ်။ အချို့က အကြီးကတ်ရပေမဲ့ ပြိုင်ဘက်မှာ ပိုကြီးတဲ့ကတ် ရှိလိမ့်မယ်ဆိုတဲ့ ကြောက်စိတ်ကြောင့် အရှုံးပေးကြတယ်။

ဒုတိယက ဖဲချိန်းတဲ့အချိန်မှာ စည်းချက် ခိုးလိုက်တာ။ လောင်းကစား မာစတာအများစုမှာ သူတို့ကိုယ်မှာ ဝှက်ထားတဲ့ လျှို့ဝှက်ဖဲချပ်တွေ ရှိတယ်။ အဲဒီကတ်တွေက အခြားသူတွေမြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ တစ်ဖက်ရဲ့ စွမ်းရည်အပေါ်ကြည့်ပြီး လှုပ်ရှားတယ်။ လောင်းကစားခြင်းမှာ လက်မြန်ခြင်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်။ အထူးသဖြင့် ဒီရွှေရောင်ပန်းပွင့် ချည်နှောင် ကစားနည်းမှာ ဖြစ်တယ်”

*****

All Chapters