ကောင်းကင်ကလန်
Vol. 143 Ch. 1978
“ဒီကိစ္စဟာ ချင်းရှောင်နဲ့ ချင်းလင်တို့အပေါ်တော့ မျှတမှု မရှိလေဘူး။ ငါ့အနေနဲ့ ဒီလိုလည်း မလုပ်သင့်ခဲ့ဘူး။ ဒါပေမဲ့ ကျောက်ရီရဲ့ နှစ်ပေါင်းထောင်ချီ စွဲလမ်းမြတ်နိုးမှုကလည်း ရှိသေးတယ်။ ထားလိုက်ပါတော့လေ…။ ငါ ဒါကို ပြီးပြည့်စုံအောင်မှ မလုပ်ပေးနိုင်တာ…” ဝမ်လင်းက သက်ပြင်းချလိုက်သည်။
သူ့အောက်ရှိ ပင်လယ်နဂါးသည် မာန်သွင်းအော်ဟစ်နေလျက် ဝမ်လင်းတို့သည် မြေကမ္ဘာကလန်ကနေ ထွက်ခွာလာလေ၏။ သူသည် ဒီနေရာသို့ ရောက်မလာခင်က သူနှင့်သူမတို့ကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
“စစ်ထူ…ချင်းရွှေ၊ ရှုလီကော၊ လျှိုကျင်းပြောင်…။ အတိတ်တုန်းက မိတ်ဆွေတွေ ကျန်နေသေးတယ်။ သူတို့ ဘယ်နေရာတွေမှာ ရှိနေမလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းသည် ပင်လယ်နဂါးဦးခေါင်းပေါ်တွင် ထိုင်နေလျက် ကောင်းကင်ထက်သို့ အတိတ်ကို အောက်မေ့မှု၊တမ်းတမှုအပြည့်ဖြင့် ကြည့်နေသည်။
“စစ်ထူက သူ့ဘဝမှာ ဘုရင်တစ်ပါးအဖြစ်နဲ့ ပြန်စတင်နိုင်မလား ငါ သိချင်မိတယ်။ စီနီယာ အစ်ကို ချင်းရွှေရော ဘယ်နေရာမှာလဲ ငါ သိချင်တယ်။ ရှုလီကောကလည်း ကောက်ကျစ်ဉာဏ်များပြီး မပြောင်းလဲဘဲ ရှိနေတုန်းလား။ လျှိုကျင်းပြောင်ကရော လှည့်ဖြားခြင်းတာအိုကို အခုဘဝမှာ ဆက်ပြီး ဆင်ခြင်နားလည်နိုင်တုန်းလား ငါ သိချင်မိတယ်…”
“ပြီးတော့…လီချန်မေ…” လှိုဏ်ဂူလောကကနေ အခု အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် ပြန်လည်မွေးဖွားလာသော ပထမဆုံးမိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ပြီးနောက် ဝမ်လင်းစိတ်ထဲတွင် ဂယက်ထနေမိပေသည်။ သူ့ဘဝ၏ ထင်ရှားစွဲထင်သော လှိုဏ်ဂူလောကမှ သူ့မိတ်ဆွေများ၏ မျက်နှာများသည် သူ့စိတ်ထဲတွင် တဖြတ်ဖြတ် ပေါ်နေသည်။
ပင်လယ်နဂါးသည် ဒီကုန်းမြေ၏ နောက်ထပ်အစွမ်းထက်ကလန်ထံ အရှိန်အဟုန်နှင့် ဦးတည်လာနေ၏။ သည်ကုန်းမြေပေါ်၌ မြေကမ္ဘာကလန်နှင့် အဆင့်အတန်းတူသော မုန့်မြေကမ္ဘာကလန် ရှိသေးပေ၏။
ဝမ်လင်း၏ အင်ပါယာအတုအဆင့်ကျင့်ကြံခြင်းနှင့် ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးတို့ကြောင့် ဒီခရီးစဉ်က ချောမွတ်နေ၏။ မုန့်မြေကမ္ဘာကလန်က ဝမ်လင်း စိတ်ကသိကအောက် ဖြစ်မည်ကို စိုးရွှံ့၍ သူတို့၏ မြေပုံကို လိုလိုလားလား တရိုတသေ ပေးခဲ့ပေသည်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို မုန့်မြေကမ္ဘာကုန်းမြေ၌ ဖြန့်ကျက်ထား၏။ ဖြစ်နိုင်ချေက နည်းလှသော်လည်း သူ့အနေဖြင့် သူ၏ တချို့မိတ်ဆွေဟောင်းများကို ရှာတွေ့နိုင်အုံးမည်လားဟု ရှာဖွေကြည့်မိတုန်းပင်။ သို့သော် သူ့အနေဖြင့် မည်သူ့ကိုမျှ ထပ်မတွေ့တော့ပေ။
သက်ပြးချလိုက်ပြီးနောက် ဝမ်လင်းသည် ပင်လယ်နဂါးပေါ်တွင် ထိုင်၍ ကောင်းကင်ကုန်းမြေထံ ဦးတည်ပျံသန်းတော့သည်။
အရှေ့ပိုင်းကုန်းမြေတခွင်လုံးတွင် အင်ပါယာအတုအဆင့်ပုဂ္ဂိုလ်ကြီးများသည် အနည်းငယ်သာ ရှိပေ၏။ ကောင်းကင်ကုန်းမြေရှိ ကောင်းကင်ကလန်မှာ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုတွင် ပါဝင်ပေသည်။ ထိုကောင်းကင်ကလန်၏ ဘိုးဘေးမှာ မဟာစိတ်ဝိညာဉ်ကလန်မှ ဘိုးဘေးဖြစ်ခဲ့သူ၊ အင်ပါယာတောက်ရီကို ဆန့်ကျင်ခဲ့ဖူးသူ လောယွမ်ဟိုင်နှင့် တူညီသောမျိုးဆက်မှ ပါရမီရှင်ဟု ကောလဟာလ ရှိသည်။
သို့ပေမည့် သူ၏ ကျင့်ကြံမှုအဆင့်မှာ အင်ပါယာအတုတွင်သာ တန့်နေခဲ့ပေသည်။ သူက မဟာအင်ပါယာကန်းနီနောက်သို့ တခါတုန်းက လိုက်ခဲ့ဖူးပေသည်။ သို့ပေမည့် တစုံတစ်ခု ဖြစ်ခဲ့ပြီး သူသည် တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ သူက ကလန်သို့ ပြန်ရောက်လာခဲ့ပြီးနောက် နှစ်ပေါင်းထောင်ချီသောင်းချီကြာသည့်အထိ ပြင်ပလောကသို့ ပြန်မထွက်ခဲ့ပေ။
ကောင်းကင်ကုန်းမြေတွင် အသန်မာဆုံးကလန်မှာ ကောင်းကင်ကလန်ပင်။ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုကြားတွင်ပင် ကောင်းကင်ကလန်က ကောင်းကင်ကုန်းမြေတစ်ခုလုံးကို အုပ်စိုးသော ကလန်ဖြစ်၏။
ဒီကောင်းကင်ကလန်သည် တခြားကလန်များနှင့် ကွာခြားပေသည်။ ကလန်တစ်ခုတည်းအစား ယင်းတို့က ကောင်းကင်ကုန်းမြေအနှံ့အပြားတွင် ကလန်ခွဲဆယ့်ကိုးခု ရှိလေပြီး ဒီကုန်းမြေတခုလုံး၏ ရင်းမြစ်များကို လုံးစုံ ထိန်းချုပ်ထားပေသည်။
အခုအခါတွင် ကောင်းကင်ကုန်းမြေ၌ ကြီးမားသောပင်လယ်နဂါးတစ်ကောင်သည် ထိုကုန်းမြေကို မြန်ဆန်စွာ ဖြတ်သန်းနေသည်။ ဝမ်လင်းက ပင်လယ်နဂါး၏ ဦးခေါင်းပေါ်တွင် ထိုင်နေလျက် သူ့အောက်ဘက်မှ မြေပြင်ကို တည်ငြိမ်စွာ ကြည့်နေသည်။
ဒီကုန်းမြေကို ကောင်းကင်ကုန်းမြေဟု ခေါ်တွင်ရသည့်အကြောင်းရင်းမှာ တိမ်စိုင်တိမ်စုများက ခပ်နိမ့်နိမ့်တွင် တည်ရှိသောကြောင့်ပင်။ တိမ်စိုင်တို့က မြေပြင်နှင့် နီးကပ်စွာ တည်ရှိသဖြင့် လူတစ်ယောက်သည် ယင်းတို့ကို ဖမ်းဆုတ်ဖို့ လက်ဆန့်တန်းလိုက်ရုံသာ လိုအပ်သည့်အလား။
ထို့အတွက်ကြောင့် ကောင်းကင်ဘုံကုန်းမြေတခွင်လုံးသည် တနှစ်ပတ်လုံး တိမ်စိုင်များဖြင့် ခြုံလွှမ်းထားသည့် လှပအံ့ချီးဖွယ်ကုန်းမြေတစ်ခု ဖြစ်နေတော့သည်။
ကောင်းကင်ကုန်းမြေတွင် မရေမတွက်နိုင်သော တောင်တန်းများ ရှိပေသည်။ ထိုထဲမှ အမြင့်မားဆုံးတောင်မှာ ကောင်းကင်တောင်ထွတ် ဖြစ်ချေ၏။
ယနေ့တွင် လှိုင်းဂယက်များ ထလာရင်း ပင်လယ်နဂါးတစ်ကောင် ပေါ်လာ၏။ ၎င်းက ကောင်းကင်ထက်တွင် လွင့်ဝဲကာ အောက်ရှိ တောင်ထံ စိုက်ကြည့်နေသည်။ ၎င်းနဂါး၏ ရွှေအဆင့်ထိပ်သီးကျင့်ကြံခြင်းအော်ရာက ပျံ့လွင့်ကာ ဒီဧရိယာတခွင်ကို ခြုံလွှမ်းထားသည်။
ဝမ်လင်းက ထိုနဂါး၏ ဦးခေါင်းထက်တွင် ရပ်နေကာ တိမ်စိုင်များကြား၌ ရှိနေ၏။ သူက အဆုံးမရှိလေသော အဖြူရောင်တိမ်စိုင်တိမ်စုတို့ကို ဖြတ်၍ ခြေလှမ်းကာ ထိုတောင်ထွတ်ထံ ဦးတည်သည်။
သူက နှင်းများဖုံးနေသော တောင်ထိပ်ပေါ်၌ မားမားရပ်နေလျက် လေများက သူ့ဆံပင်ဖြူတို့ကို လွင့်ဝဲစွာ တိုက်ခတ်နေသည်အား ခွင့်ပြုလို့ထားသည်။ ပင်လယ်နဂါးက သူ့အား လှည့်ပတ်နေလျက် အေးစက်စက်အကြည့်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။
“ငါက ဝမ်လင်းပါ။ ကောင်းကင်ကလန်ရဲ့ ဘိုးဘေးကို ကောင်းကင်တောင်ထွတ်မှာ တွေ့ဆုံခွင့် တောင်းပါတယ်…” ဝမ်လင်း၏နတ်ဘုရားအာရုံက ပျံ့လွင့်သွား၏။
ကောင်းကင်ကုန်းမြေရှိ ကောင်းကင်ကလန်ခွဲအားလုံးနှင့် ကောင်းကင်ကလန်အောက်ရှိ ကလန်များစွာမှ ကျင့်ကြံသူအားလုံးသည် ဝမ်လင်း၏ အစွမ်းထက်နတ်ဘုရားအာရုံကို ခံစားမိသည့်အခါ တုန်ယင်ကုန်ကြသည်။
ကောင်းကင်ကုန်းမြေအထက်ရှိ တိမ်စိုင်တို့သည်ပင် ပျက်စီးကုန်သလား ထင်မှတ်ရသည်။ သူ့နတ်ဘုရားအာရုံ ပျံ့လွင့်လာသည့်အခါ တိမ်စိုင်တို့က ရှောင်ဖယ်ပေးသဖြင့် ဝမ်လင်း ပတ်လည်ရှိ ကီလိုမီတာသန်းချီအတွင်းရှိ အရာရာသည် ကြည်လင်ထင်ရှားလာသည်။
ဝမ်လင်း၏ နတ်ဘုရားအာရုံက များလှစွာသော တောင်တန်းများကို ပဲ့တင်ထပ်နေစဉ် တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲထွက်လာကာ လောကကိုပါ အရောင်များ ပြောင်းလဲသွားစေသည်။ တိမ်စိုင်များ လွင့်ကွဲနေပြီး ဆံဖြူအဘိုးအိုတစ်ယောက်က ကောင်းကင်ထက်သို့ လှမ်းလျှောက်လာသည်။
သူ နေရာတွင် ရပ်နေလျှင်ပင် လောကမှာ တုန်ယင်လေမည်ဟု ထင်ရသည်။ သူက တောင်ထွတ်ရှိနေသော အကွာအဝေးတစ်ခုထံ လှမ်းကြည့်၏။ သူ၏ မျက်လုံးက အရောင်တောက်သွားကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး သူ ပျောက်ကွယ်သွားလေသည်။
ထို့နောက် သူသည် ကောင်းကင်တောင်ထွတ်ဖျားတွင် ပြန်ပေါ်လာသည်။ လှိုင်းဂယက်များထလာလျက် သူလည်း လှမ်းလျှောက်ထွက်လာ၏။ သူက တောင်ပတ်လည်ရှိ ပင်လယ်နဂါးကို ကြည့်ပင်မကြည့်၊ ဝမ်လင်းထံသို့သာ တိုက်ရိုက် စူးစိုက်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်ကြားတွင် ပေတစ်သောင်းခန့် ကွာခြား၏။ အဘိုးအိုက လှမ်းကြည့်သည့်အခါ ဝမ်လင်းကလည်း မော့ကြည့်လာသည်။ ဝမ်လင်း၏ မျက်လုံးတို့က အရောင်တောက်လာသည်။ သူတို့၏အကြည့်က ပထမဆုံးအကြိမ် တွေ့ဆုံလေသည်။
ထိုအခါ အပြင်ပိုင်းကြည့်ပါက ဆိတ်ငြိမ်နေသက်သည်ဟု ထင်ရသော်ငြားလည်း ဝမ်လင်း၏စိတ်ထဲတွင်မူ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ထိုအဘိုးအို၏ အကြည့်က ဝမ်လင်း၏မျက်လုံးထံ အပ်ပေါင်းသောင်းချီ ဝင်ရောက်လာသကဲ့သို့ပင်။
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ၏မျက်လုံးထဲရှိ ရွှေရောင်အလင်းကလည်း ပိုအားကောင်းလာချေသည်။
ထိုဆံဖြူအဘိုးအို၏ ခန္ဓာကိုယ်မှာလည်း တုန်ယင်သွားသည်သာ။ သူက ဝမ်လင်း၏မျက်လုံးထဲ၌ ရွှေရောင်ဓားတစ်လက် ပါဝင်နေသည်ဟု ခံစားမိသည်။ ထိုဓားထံမှ အလွန်အမင်း အားကောင်းလှသော ကောင်းကင်ဘုံစွမ်းအင်ကို ပေးစွမ်းနေသလို ၎င်းက ထက်ရှပြီး ပြင်းထန်သောဖိအားကိုပါ ပေးစွမ်းနေသည်။
၎င်းက ထိုအဘိုးအို၏ စိတ်ထဲသို့ ဝင်ရောက်လာသည့်အခါ အနှီရွှေရောင်ဓားက သူ၏ခန္ဓာကိုယ်ကို ထိုးစိုက်သကဲ့သို့ပင်။
“မင်း ဘာကြောင့် ငါ့ကို ဒီကို ဆင့်ခေါ်လိုက်တာလဲ…” ထိုဆံဖြူအဘိုးအိုက သူ့အကြည့်ကို ပြန်ရုတ်၏။ သူက ဝမ်လင်းကို အလေးအနက်အသွင်ဖြင့် ကြည့်သည်။
“ကျုပ်က အင်ပါယာအတုအဆင့်ကို ခုမှ ဝင်ရောက်ခါစ ဖြစ်တဲ့အတွက် ရောင်းရင်းကျင့်ကြံသူရှိက လမ်းညွှန်မှုတချို့ တောင်းခံချင်လို့ပါ။ တခြားတော့ မရှိပါဘူး…”
ဝမ်လင်းသည် ကောင်းကင်ကလန်နှင့် ဘာပဋိပက္ခမှ မရှိပေ။ သူ့စကားတို့က ယဉ်ကျေးကာ သူက ထိုအဘိုးအိုထံ လက်နှစ်ဆက်ဆုပ်ကာ ဆိုလိုက်သည်။
ဆံဖြူအဘိုးအိုက ချက်ခြင်းပင် ရယ်မော၏။ သူ၏မျက်လုံးထဲတွင်လည်း တိုက်ပွဲဝင်လိုစိတ် ချက်ခြင်း ပေါ်လာသည်။ အင်ပါယာအတုများကြား၌ အသေအကြေတိုက်ခိုက်မှုတို့မှာ ဖြစ်ခဲပေ၏။ သို့သော် ပညာဖလှယ်ကတော့ ဖြစ်ရိုးဖြစ်စဉ်ပင်။ သို့ပေမည့် အင်ပါယာအတုများက အရေအတွက် နည်းပါလှသည့်အတွက်ကြောင့် တစ်ယောက်နှင့်တစ်ယောက် ဖလှယ်တိုက်ခိုက်သည်ကို လက်လွှတ်တာ ရှားပေသည်။
သည်လို ပညာဖလှယ်ခြင်းက နှစ်ယောက်လုံးအတွက် အကျိုးရှိပေ၏။
“ကောင်းပြီ…” ဆံဖြူအဘိုးအိုက ရှေ့သို့ ခြေလှမ်းကာ သူ့ညာလက်ကို ပင့်မြှောက်၏။ သူက တောင်ထိပ်ပေါ်ရှိ ဝမ်လင်းထံ လက်ဝေ့ယမ်းလိုက်ရာ တောင်ပေါ်သို့ ကျဆင်းနေသော နှင်းများမှာ တုန်ခါကုန်သည်။ ၎င်းက နှင်းမုန်တိုင်းတစ်ခုကို ဖြစ်စေကာ ဝမ်လင်းထံ အဘက်ဘက်မှ တရကြမ်း တိုးဝင်လာချေသည်။
ထိုနှင်းမုန်တိုင်းအတွင်း၌ မန္တာန်ကိုးခု ပါဝင်သည်။ ယင်းမုန်တိုင်းက တဝီဝီ မြည်သံပေးကာ ဝမ်လင်းကို တိုက်ချလာသည်။
ဝမ်လင်းက ရယ်မောလျက် သူ့ညာလက်ကို ပင့်မြှောက်ပြီး လက်သီးချက် ပစ်သွင်းသည်။
ထိုလက်သီးချက်၌လည်း မန္တာန်ကိုးခု ပါဝင်သည်။ ယင်းတို့မှာ စစ်စိတ်ဝိညာဉ်လက်ဝါးကိုးခုပင်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဝန်းကျင်လောကသည် လှုပ်ခါတုန်ခါသည်။ နှင်းမုန်တိုင်းက တုန်ခါကာ ပေါက်ကွဲထွက်သဖြင့် လောကကို နှင်းများ ဖုံးလွှမ်းသွားသည်။
သည်နေရာ၌ ကျယ်လောင်စွာ တုန်ဟည်းသံများသည် မြေကမ္ဘာကွဲအက်စေမည့်အလား ရယ်သံနှင့်အတူ ပျံ့နှံ့လေသည်။
နာရီများစွာ ကုန်လွန်ပြီးနောက် ဝမ်လင်း၏ပုံရိပ်က အဆုံးမဲ့နှင်းများထံမှ လှမ်းဆုတ်၏။ သူက ကီလိုမီတာထောင်သောင်းချီအကွာတွင် သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းသည်။
“ရောင်းရင်းကျင့်ကြံသူရဲ့ ကျင့်ကြံမှုအဆင့်က ထူးကဲလှပါတယ်။ ဒီတိုက်ပွဲက ကျုပ်အတွက် အတော်လေး အကျိုးရှိစေခဲ့တယ်။ ကျေးဇူးတင်ပါတယ်…”
တချိန်တည်းမှာပင် ဆံဖြူအဘိုးအိုလည်း ဝမ်လင်း၏ ဆန့်ကျင်ဘက်အရပ်သို့ အလားတူ နောက်ဆုတ်လိုက်ရပြီး ဟန်ချက်ပြန်ထိန်းသည်။
“မင်းက ခုမှ အင်ပါယာအတုအဆင့်ကို ဝင်ရောက်ခါစပဲ ရှိသေးတာကို မင်းလှုပ်ရှားမှုတွေမှာ မန္တာန်ကိုးခုကို ထည့်ပေါင်းစည်းနိုင်စွမ်း ရှိနေပြီ။ ပြီးတော့ ရောင်းရင်းက သိပ်အသက်မကြီးသေးတဲ့ပုံပဲ။ ဒီအဘိုးအိုက မင်းကို လေးစားပါတယ်…”
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပေပေါင်းထောင်သောင်းချီ ကွာခြားသွား၏။ သူတို့နှစ်ယောက်လုံးက တစ်ယောက်ထံတစ်ယောက် လက်နှစ်ဖက်ဆုပ် အသိအမှတ်ပြုကာ ပြုံးလိုက်ကြ၏။
“နောက်တစ်ခေါက်…”
“နောက်တစ်ခေါက်…”
သူတို့နှစ်ယောက်လုံးသည် မတူညီသော ဦးတည်ရပ်များကနေ အမြန်နီးကပ်လာ၏။ ကျယ်လောင်စွာ တုန်ဟည်းမြည်ဟိန်းသံများ ပိုပြင်းထန်လာကာ ပင်လယ်နဂါး၏စိတ်ကိုပါ တုန်ရီသွားစေသည်။ ၎င်းက ထိုကြောက်မက်ဖွယ်ပုံရိပ်နှစ်ခုကို ကြည့်ကာ အကွာအဝေးတစ်ခုထံ ထပ်ဆုတ်သွားသည်။
သည်တိုက်ပွဲက ခုနစ်ရက်တာ ကြာမြင့်ခဲ့၏။ ဝမ်လင်းနှင့်ဆံဖြူအဘိုးအိုတို့သည် နှစ်ဆယ့်သုံးကြိမ် ထိပ်တိုက်တွေ့ခဲ့ပြီးလေပြီ။ ယင်းသို့ ထိပ်တိုက်တွေ့ပြီးတိုင်း သူတို့က အသီးသီးပြန်ဆုတ်ကာ အားအင်ဖြည့်တင်းပြီး ပြီးခဲ့သောတိုက်ခိုက်မှုကို တွေးတောကြသလို တစ်ယောက်နှင့်တစ်ယောက်လည်း စကားပြောဆိုကြသည်။
အင်ပါယာအတုများကြား ဒီလိုတိုက်ပွဲမျိုး၌ အမုန်းတရား မပါဝင်ပေ။ ထို့ကြောင့် ယင်းသို့ တိုက်ပွဲက သူတို့နှစ်ယောက်လုံးကို အမြင်ကောင်းများ ရစေပေ၏။
“ရောင်းရင်းကျင့်ကြံသူဝမ်….မင်းအနေနဲ့ နည်းနည်း လျှိုထားသေးတာကို ငါ မြင်တယ်။ ငါတို့တိုက်ပွဲခွန်အားက သိပ်မကွာမှတော့ မင်း ဘာကြောင့် အင်ကုန်အားကုန် မထုတ်တာလဲ…”
နှစ်ဆယ့်သုံးကြိမ်မြောက် တိုက်ခိုက်ပြီးနောက် ဆံဖြူအဘိုးအိုက နောက်ဆုတ်လျက် ရယ်မောကာ ပြောလာသည်။
“ကောင်းပြီ…” ဝမ်လင်းက ထရပ်လိုက်၏။ သူ၏ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ် ပေါ်လာတော့သည်။
အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဝမ်လင်း၏ တိုက်ပွဲစွမ်းအားသည် တိုးတက်လာကာ သူ့အနေဖြင့် မန္တာန်ဆယ့်ရှစ်ခု ပေါင်းစပ်နိုင်သော အင်ပါယာအတုအဆင့်ထိပ်သီးတစ်ယောက်နှင့် ယှဉ်တိုက်ခိုက်နိုင်လေပြီ။
“အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်။ ပြီးတော့ ဒါဟာ သာမန်အနှစ်သာအစစ်အမှန်ခန္ဓာကိုယ် မဟုတ်ဘူး။ အနှစ်သာရအများအပြားကို ပေါင်းစည်းထားတဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တစ်ခုပဲ…”
ထိုအဘိုးအိုက ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။
သူတို့နှစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြ၏။ ဆံဖြူအဘိုးအိုကလည်း အစွမ်းထိန်ချန်မထားတော့ပေ။ မန္တာန်နှစ်ဆယ့်ခုနစ်ခုကို ပေါင်းစည်းဖို့ သူ့စွမ်းအားက ပေါက်ကွဲထွက်လာ၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေလျက်ဖြင့် သုံးရက်တာ ကုန်လွန်သွားခဲ့လေပြီ။ ဒီသုံးရက်နောက်ပိုင်း၌ ဝမ်လင်းသည် ပင်လယ်နဂါး၏ ကျောပေါ်သို့ ခြေလှမ်းတက်ကာ ပြုံး၍ အဝေးသို့ ပျံသန်းသွားတော့သည်။
“ရောင်းရင်းကျင့်ကြံသူ မုရုံ…ကျေးဇူးတင်ပါတယ်…”
နှင်းများကျဆင်းနေစဉ်မှာပင် ဆံဖြူအဘိုးအိုက လှမ်းထွက်လာ၏။ သူက ဝမ်လင်း ထွက်သွားသော ဦးတည်ရပ်သို့ အလေးအနက်ဟန်ပန်ဖြင့် လှမ်းကြည့်သည်။
“သူဟာ သူ့ခွန်အားပြည့်ကို အသုံးမပြုခဲ့သေးဘူး။ သူ့ကျင့်ကြံမှုအဆင့်နဲ့ သူဟာ အင်ပါယာစမ်းသပ်ကွင်းမှာ ဘယ်အဆင့်ထိ လှမ်းနိုင်မလဲ ငါ သိချင်မိတယ်…”
“ငါတို့ ကောင်းကင်ဘုံကလန်မှ အင်ပါယာအတုအသစ်တစ်ယောက် ရှိလာခဲ့ပြီ။ ဒီကိစ္စဟာ ငါ့အနေနဲ့ မဟာအင်ပါယာရှိ တင်ပြဖို့ လိုတဲ့ကိစ္စပဲ…” ဆယ်ရက်တာတိုက်ပွဲက သူ့ကို အသိအမြင်များစွာ ရစေခဲ့ပေ၏။