နှစ်ပေါင်းငါးဆယ်
Vol. 143 Ch. 1979
မသိလိုက်မသိဘာသာဖြင့်ပင် နှစ်ပေါင်းငါးဆယ်ကုန်လွန်သွားခဲ့လေပြီ။
ဒီအချိန်ကာလက သေမျိုးများ၏ ဘဝသက်တမ်း တဝက်ကျော် ဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ တံခါးပိတ်ကျင့်ကြံသော တိုတောင်းသောကာလတစ်ခုမျှသာ။ သို့သော် ဒီနှစ်ငါးဆယ်အတွင်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်၌ ဒဏ္ဌာရီတစ်ခု ထွက်ပေါ်လာ၏။
ထိုဒဏ္ဌာရီမှာ အရှေ့ပိုင်းနှင့်တောင်ပိုင်းကုန်းမြေကြားကနေ ပျံ့လွင့်သည်။ ယင်းမှာ ဝတ်ရုံဖြူ၊ ဆံပင်ဖြူနှင့် ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးကို ပိုင်ဆိုင်သူ အင်ပါယာအတုအဆင့်ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်အကြောင်းပင်။
သူသည် အရှေ့ပိုင်းနှင့်တောင်ပိုင်းကုန်းမြေများကြား ကုန်းမြေသုံးဆယ်ကျော်ကို ဖြတ်၍ တိုက်ခိုက်ဖို့အတွက် အင်ပါယာအတုများကို လိုက်လံရှာဖွေခဲ့ပေသည်။
အင်ပါယာအတု တစ်ရာနီးပါး ရှိပေမည်။ ထိုသူများထဲတွင် တနှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေသော မည်သည့်မဟာအင်ပါယာထံသို့ မဝင်ရောက်သော သူများလည်း ပါဝင်၏။ အထူးသဖြင့် တောင်ပိုင်းကုန်းမြေသည် အရှေ့ပိုင်းကုန်းမြေထက် အင်ပါယာအတုအရေအတွက် ပိုများပေသည်။
အရှေ့ပိုင်းကုန်းမြေသည် အဓိကကုန်းမြေကြီးငါးခု၌ မူလတုန်းက အဆင့်နှစ် ဖြစ်ပေ၏။ သို့ပေမည့်လည်း ပြန်လည်မွေးဖွားမှု ဖြစ်စဉ်အတွင်း မဟာအင်ပါယာကန်းနီ၏စိတ်ဝိညာဉ် နှစ်ပိုင်းကွဲသွားသည့်နောက် အရှေ့ပိုင်းကုန်းမြေသည် အဆင့်လျော့ကျလာခဲ့ကာ အင်ပါယာအတု အရေအတွက် အနည်းဆုံး ကုန်းမြေတစ်ခု ဖြစ်လာခဲ့ခြင်းကြောင့်ပင်။
ဝတ်ရုံဖြူ အင်ပါယာအတုက သူ၏ ရောင်းရင်းအင်ပါယာအတုများစွာကို စိန်ခေါ်ခဲ့ပေ၏။ တိုက်ပွဲများနှင့် ကျယ်လောင်စွာ တုန်ဟည်းမြည်သံတို့က အတောမသပ်နိုင်အောင် ဂယက်ထခဲ့ပေသည်။ ကုန်းမြေနှစ်ခုရှိ ကလန်များမှ လူတိုင်းနီးပါးသည် သူ့ကို သိလာကြသည်။
နုန့်ယန်ကုန်းမြေ၌ သူက နုန့်ယန်ကလန်၏ အင်ပါယာအတုဘိုးဘေးနှင့် တိုက်ခိုက်ခဲ့ပြီးပင်။
ဟိုင်းလော ကုန်းမြေတွင်လည်း သူက သုစရိုက်ကလန်၏ အင်ပါယာအတုဘိုးဘေးနှင့် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
မိစ္ဆာကိုးခုကုန်းမြေ၌ သူသည် မိစ္ဆာကောင်းကင်ကလန်၏ အင်ပါယာအတု ဘိုးဘေးနှင့် တိုက်ခိုက်ခဲ့ပြီးပင်။
စိတ်ဝိညာဉ်နဂါးကုန်းမြေ၌ သူသည် မဟာအင်ပါယာတောက်ရီ လက်အောက်မှ အင်ပါယာအတု ဟန်းတောက်နှင့် တိုက်ခိုက်ခဲ့သည်။
တောင်စိတ်ဝိညာဉ်ကုန်းမြေ၌ သူက မဟာအင်ပါယာဝူဖန်း၏ လက်အောက်မှ အင်ပါယာအတု ချီဖန်းနှင့် တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲ၊ အောင်မြင်မှုတစ်ခုပြီးတစ်ခု ရရှိခြင်းက ဒဏ္ဌာရီတစ်ခုကို ဖန်တီးခဲ့လေပြီ။
ဆံဖြူအင်ပါယာအတု၊ ဝမ်လင်း၏အမည်ကို သိသောသူ သိပ်မများပေ။ ဝမ်လင်းထံ၌ ဆံပင်ဖြူများ ရှိသည်ကို လူအများက သိရှိကြပြီး သူတို့က သူ့ကို ဆံဖြူအင်ပါယာအတုဟု စတင်ခေါ်ဝေါ်ကြတော့သည်။
ဆံဖြူအင်ပါယာအတုက စိန်ခေါ်တိုက်ပွဲတစ်ရာနီးပါးတွင် အကြိမ်နှစ်ဆယ်လောက်သာ ရှုံးခဲ့သည်ဟုလည်း စကားဆိုကြသည်။ သို့သော်လည်း သည်လိုဆက်တိုက်နိုင်ပွဲများက တုန်လှုပ်ဖွယ်မှတ်တမ်းတစ်ခု ဖြစ်ပြီး ဝမ်လင်း၏ ကျော်ကြားမှုမှာ မြောက်အရပ်၊ အနောက်အရပ်နှင့် ဗဟိုကုန်းမြေတို့ထိ ပျံ့နှံ့လာလေသည်။
ကောင်းကင်ဘုံကလန်ရှိ အင်ပါယာအတုအဆင့် ထိပ်သီးအားလုံးက ဆံဖြူအင်ပါယာအတုမှာ အားကောင်းသော တိုက်ပွဲစွမ်းရည် ရှိသည်ကို သိရှိကြလေ၏။
ဆံဖြူအင်ပါယာအတု၏ နောက်ဆုံးတိုက်ပွဲမှာ အင်ပါယာအတု ဟိုင်းဇီကို တောင်တန်းပင်လယ်ကုန်းမြေ၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထိုတိုက်ပွဲ၌ သူက ရှုံးနိမ့်ခဲ့သည် ဟူ၏။ သည်တိုက်ပွဲပြီးသည့်နောက် နှစ်များစွာကြာ သူ ပျောက်သွားခဲ့သည်။
တောင်တန်းပင်လယ်ကုန်းမြေ၌ ကျင့်ကြံသူများ ကူးသန်းရောင်းဝယ်ဖို့ တည်ဆောက်ထားသော မြို့တစ်မြို့ ရှိ၏။ ထိုမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အဘိုးအိုတစ်ယောက်သည် အရက်သောက်နေလျက် ဇာတ်လမ်းတစ်ခုကို ဖြည်းဖြည်းချင်း ပြောပြနေသည်။ “ဒီဆံဖြူအင်ပါယာအတုဟာ အင်ပါယာဟိုင်းဇီကို ပင်လယ်အထက်မှာ တိုက်ခိုက်ခဲ့တာ။ ပင်လယ်ဟာ ပြိုလဲပျက်စီးပြီး လောကပါ ပျက်စီးစေမတတ် ထင်မှတ်ခဲ့ရတယ်။ ငါဟာ အဲ့အချိန်တုန်းက ပင်လယ်အနားသပ်မှာ ရှိနေခဲ့တယ်။ လှိုင်းလုံးတွေ မြင့်တက်လာနေရင်း ငါ့အနေနဲ့ ဆံဖြူအင်ပါယာအတုရဲ့ ပုံရိပ်ကို ဝိုးတဝါး တွေ့မြင်ခဲ့ဖူးတယ်…”
ထိုအဘိုးအို၏ ဘေးပတ်လည်တွင် သေချာနားစိုက်ထောင်နေသော ကျင့်ကြံသူလေးငါးယောက် ရှိနေ၏။
“ကံမကောင်းစွာနဲ့ ဆံဖြူအင်ပါယာအတုဟာ ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာပဲ…”
ထိုအဘိုးအိုက သက်ပြင်းချကာ ဆို၏။ သူက အနှီဆံဖြူအင်ပါယာအတုနှင့် တအား ရင်းနှီးသည့်နှယ် စိတ်မကောင်းဖြစ်ဟန် ပြသည်။
“အင်ပါယာအတုဟိုင်းဇီဟာ ဩဇာအင်ပါယာအဆင့်နဲ့ အတော့်ကို နီးကပ်နေပြီလို့ ဆိုကြတယ်။ ဆံဖြူအင်ပါယာအတုက အစွမ်းထက်ပေမယ့်လည်း သူ့အနေနဲ့ အင်ပါယာအတုဟိုင်းဇီကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ…” လူငယ်ကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံ့သည်။
“မဟာအင်ပါယာတောက်ရီကြောင့် တောင်ပိုင်းကုန်းမြေမှာ အင်ပါယာအတု အမြောက်အများ ရှိတာကို လူတိုင်း သိကြတယ်။ မဟာအင်ပါယာတောက်ရီက သူ့လက်အောက် ဝင်ဖို့ အင်ပါယာအတုတွေကို ဘယ်တော့မှ အတင်းအကြပ် မလုပ်ခဲ့ဘူး။ ဒါပေမဲ့ တောင်ပိုင်းကုန်းမြေရဲ့ ဘယ်အင်ပါယာအတုမဆို နှစ်ပေါင်းတစ်ရာကြာတိုင်း မဟာအင်ပါယာတောက်ရီရဲ့ တာအိုသင်ခန်းစာကို နားထောင်ကြရတယ်။ ဒါ့ကြောင့်လည်း အရှေ့ပိုင်းကုန်းမြေရဲ့ အင်ပါယာအတုအများအပြားဟာ ငါတို့ တောင်ပိုင်းကုန်းမြေရှိ ကူးပြောင်းလာခဲ့ကြတာပဲ…”
သူတို့ကြားမှ သက်လတ်ပိုင်းလူတစ်ယောက်က ပြုံး၍ ဆိုလာ၏။ “ဆံဖြူအင်ပါယာအတုအနေနဲ့ ဒီဆယ်စုနှစ်တွေမှာ တခြားအင်ပါယာအတုတွေကို လိုက်စိန်ခေါ်တိုက်ခိုက်တာဟာ သူ့အနေနဲ့ မဟာအင်ပါယာတောက်ရီ အာရုံစိုက်လာအောင်လို့ ဖြစ်လိမ့်မယ်…”
“ဘာလို့များ မဟာအင်ပါယာတောက်ရီက ဆံဖြူအင်ပါယာတုကို စည်းရုံးဖို့ မကြိုးစားခဲ့ဖူးလို့ မင်း သိနေတာလဲ။ ငါ ကြားတာတော့ မဟာအင်ပါယာတောက်ရီဟာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ထဲက သူ့ကို စည်းရုံးခဲ့တယ်တဲ့။ ဒါပေမဲ့ သူက ပယ်ချခဲ့တယ်…”
“အို…ဒီလိုအရာမျိုး ဖြစ်ခဲ့သေးတာလား…”
ထိုစားသောက်ဆိုင်မှာ သိပ်မကြီးမားပေ။ ကျင့်ကြံသူများအတွက် ဖွင့်လှစ်ထားခြင်းသာ ဖြစ်၏။ ဒီဆိုင်တွင် အစားအစာများ မရောင်းဘဲ ပတ်ဝန်းကျင်ဒေသတွင် နာမည်ကျော်သော မွှေးပျံ့အရက်ကိုသာ ရောင်းပေ၏။ နေ့တိုင်းလည်း ထိုအရက်ကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးခြင်းပင်။ ဤသည်မှာ ကျင့်ကြံသူများကြား၌ နာမည်ကျော်လေ၏။
ထိုကျင့်ကြံသူများ စကားဆိုနေကြစဉ် ဝတ်ရုံဖြူလူငယ်တစ်ယောက်က ထောင့်တနေရာတွင် ထိုင်နေ၏။ သူက စားသောက်ဆိုင်အပြင်ဘက်ရှိ ကောင်းကင်ထက်သို့ ကြည့်ကာ အရက်မော့နေသည်။
သူ့တခေါင်းလုံးမှာလည်း ဆံပင်ဖြူများဖြင့်ပင်။ သို့သော် ဒီစားသောက်ဆိုင်ထဲတွင် ဆံဖြူကျင့်ကြံသူမှာ သူ တစ်ယောက်တည်း မဟုတ်ပေ။ ဘေးပတ်လည်တွင် လေးငါးယောက် ရှိနေ၏။ ဆံဖြူအင်ပါယာအတု ပို၍ ကျော်ကြားလာလေလေ ဆံဖြူကျင့်ကြံသူများက ပိုပို၍ ကိုယ်ထင်ပြလာသလို ထင်ရလေ၏။
ထိုသူတို့၏ စကားများကို နားထောင်နေရင်း ဝမ်လင်းက အရက်ခွက်ကို ပြန်ချသည်။ သူက မျက်မှောင်ကြုတ်သွား၏။ ကောင်းကင်ထက်သို့ ကြည့်ကာ သူသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ ပြီးခဲ့သော နှစ်ပေါင်းငါးဆယ်အတွင်း သူသည် အင်ပါယာအတုများစွာကို စိန်ခေါ်ခဲ့ပြီး ဖြစ်၏။ ကျော်ကြားမှု ရလာပြီးနောက် သူသည် အင်ပါယာအတုများနှင့် မည်သို့မည်ပုံတိုက်ခိုက်ရမည်ကိုလည်း ပိုရင်းနှီးလာကာ သူ့ကိုယ်သူလည်း ပိုသန်မာအောင် ကြိုးစားလာခဲ့ပေသည်။
လွန်ခဲ့သောနှစ်သုံးဆယ်က သူသည် တောင်တန်းပင်လယ်ကုန်းမြေသို့ သွားရောက်ခဲ့ပြီး ထိုနေရာရှိ အသန်မာဆုံးအင်ပါယာအတုဖြစ်သူ ဟိုင်းဇီနှင့် တိုက်ခိုက်ခဲ့ပေသည်။ ၎င်းတိုက်ပွဲ၌ သူ ရှုံးခဲ့ပေသည်။ သူက သူ့ကိုယ်ပွားအားလုံးကို အသုံးပြုခဲ့တာတောင်မှ ရှုံးနိမ့်ခဲ့တာ ဖြစ်သည်။
“အင်ပါယာအတု ဟိုင်ဇီဟာ သူမရဲ့လက်ချောင်းမှာ မန္တာန်ခုနစ်ဆယ်ကို ပေါင်းစည်းနိုင်တယ်။ ငါသာ စိတ်ဝိညာဉ်ချပ်ဝတ်ကို မဝတ်ဆင်ထားရင် သူမရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်ရင်လည်း ငါ့အနေနဲ့ အတွေ့အကြုံကောင်းကောင်း ရနိုင်တော့မှာ မဟုတ်ဘူး…”
ဝမ်လင်းသည် အရက်ခွက်ကို ပြန်ကောက်ယူကာ တငုံမော့သည်။
“နှစ်ပေါင်းငါးဆယ်ကြာပြီးတဲ့နောက် ငါ့အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်နှစ်ခုလုံးနဲ့ဆို ငါ့အနေနဲ့ ငါ့မန္တာန်ကိုးခုကို သုံးကြိမ်လောက် သိပ်သည်းလာနိုင်ပြီ။ ဒါက ငါ့ကို မန္တာန်သုံးဆယ့်ခြောက်ခု ပေါင်းစည်းနိုင်တဲ့ အင်ပါယာအတုအဆင့်ကျင့်ကြံသူတစ်ယောက်လို စွမ်းအားမျိုး ရစေတယ်….”
“ဒီတိုက်ပွဲတွေအပြင် ငါဟာ သတ္တုနဲ့သစ်သားအနှစ်သာရတွေကို ရှာဖွေဖို့ လိုတယ်။ ငါသာ ဒီအနှစ်သာရနှစ်ခုကို ဖွဲ့စည်းနိုင်ပြီး သူတို့ရဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ရင် ငါ့ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ဟာ ပြီးပြည့်စုံသွားလိမ့်မယ်။ ဒါဆိုရင် ငါ့အနေနဲ့ မန္တာန်ဆယ့်ရှစ်ခုကို ငါ့လက်သီးချက်ထဲမှာ ပေါင်းထည့်နိုင်ပြီ။ ငါ့နားလည်သလောက်ဆို အဲ့အခါကျရင်ငါဟာ မန္တာန်ခုနစ်ဆယ့်နှစ်ခုကို ပေါင်းစည်းနိုင်တဲ့ အင်ပါယာအတုတစ်ယောက်နဲ့ ယှဉ်နိုင်စွမ်း ရှိပြီ။ ငါ့အနေနဲ့ ဟိုင်းဇီကိုလည်း ယှဉ်တိုက်နိုင်ပြီ…”
“အင်ပါယာအတုချီဖန်းက တောင်တန်းပင်လယ်ရဲ့ အောက်ခြေမှာ တောင်တန်းပင်လယ်သစ်ပင်တစ်ပင် ရှိတယ်လို့ ပြောခဲ့ဖူးတယ်။ ပင်လယ်တစ်ခုလုံးကို ဒီဧရာမသစ်ပင်ကြီးက ထောက်ပိုးထားတယ်လို့ ဆိုတယ်။ တောင်တန်းပင်လယ်ကုန်းမြေတစ်ခုလုံးဟာ ဒီတောင်တန်းပင်လယ်သစ်ပင်ကို ချိပ်ပိတ်ထားတဲ့ကုန်းမြေပဲ…”
“ဒီသစ်ပင်ဟာ အလွန်အမင်းအစွမ်းထက်လှတယ်လို့ ဆိုတယ်။ ကောင်းကင်ဘုံဘိုးဘေး ဒါကို ချိပ်ပိတ်ခဲ့စဉ်တုန်းကဆို သူပါ ဒဏ်ရာရခဲ့သေးတယ်။ ဒါပေမဲ့လည်း အချိန်ကာလ များစွာ ကုန်ဆုံးလာတဲ့နောက်တော့ ဒီတောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ဟာ သေဆုံးသွားခဲ့တာ အချိန်ကြာခဲ့ပြီး ၎င်းရဲ့ အကိုင်းအခတ်တွေသာ ကျန်နေခဲ့တယ်။ ဒါပေမဲ့ ငါသာ ဒီသစ်ပင်ကို ရခဲ့ရင် အဲ့သစ်ပင်အထဲက သစ်သားအနှစ်သာရဟာ ငါ့သစ်သားအနှစ်သာရကို ပြီးပြည့်စုံဖို့ လုံလောက်စေလိမ့်မယ်။ ငါဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တစ်ခုကိုပါ ဖွဲ့စည်းနိုင်လောက်တယ်…”
ဝမ်လင်းသည် အရက်သောက်ကာ စဉ်းစားခန်း ဝင်နေသည်။
“ငါ အင်ပါယာအတုဟိုင်းဇီနဲ့ တိုက်ခိုက်ပြီးတဲ့နောက် ဒီတောင်တန်းပင်လယ်ကုန်းမြေကို လေ့လာခဲ့တယ်။ အင်ပါယာအတု ချီဖန်း ပြောခဲ့တာဟာ မှန်နိုင်ချေများတယ်။ ဒါ့ကြောင့် ငါ့အနေနဲ့ စိတ်ဝိညာဉ်ချပ်ဝတ်ကို အသုံးပြုပြီး ဒီတောင်တန်းပင်လယ်သစ်ပင်ကို ရဖို့အတွက် ၎င်းရဲ့ သစ်သားအနှစ်သာရကို စုပ်ယူဖို့အတွက် အစောင့်အကြပ် ဖြစ်နေတဲ့ အင်ပါယာအတုဟိုင်းဇီကို တိုက်ခိုက်ရလိမ့်မယ်။
ဝမ်လင်းသည် စဉ်းစားနေလျက် ပြတ်သားသောအကြည့်ကို လှစ်ဟဖော်သည်။ သူသည် အရက်ခွက်ကို ပြန်ချပြီးနောက် စားပွဲပေါ်တွင် မူလကျောက်တုံးငယ်တစ်တုံးကို တင်ခဲ့ကာ ဒီစားသောက်ဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။
ကျင့်ကြံသူများ တည်ဆောက်ထားသော ဒီမြို့တွင် ကျင့်ကြံသူအမြောက်အများ ရှိနေပေ၏။ ဈေးဆိုင်အချို့မှ လွဲ၍ ရရှိသော ရတနာများကို ရောင်းချသော သီးသန့်ဆိုင်များလည်း ရှိပေသည်။
ဝမ်လင်းက ဒီမြို့ကို ဖြတ်လျှောက်လာရင်း ဖြတ်ခနဲ ပျောက်ကွယ်သွားသည်။ သည့်နောက် သူသည် အကွာအဝေးတစ်ခုရှိ ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူ ထွက်သွားရန် ဟန်ပြင်ပြီးမှ ရပ်လိုက်ကာ နောက်သို့ ပြန်လှည့်ကြည့်သည်။
ဝမ်လင်း၏နောက်မှ လောကသည် တွန့်ခေါက်ပုံပျက်သွားပြီး အရပ်ရှည်ရှည်ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုပုံရိပ်သည် ပေတစ်ရာကျော်ရှည်ကာ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုပုံရိပ်ထံ၌ ရွှေရောင်မျက်နှာဖုံးကိုပါ တပ်ဆင်ထားသေးသည်။ ယင်းမျက်နှာဖုံးထံမှ တုန်လှုပ်ဖွယ်ဖိအားကို ပေးစွမ်းနေသည်။ ထိုဖိအား ပျံ့လွင့်လာသည့်အခါ သည်ပုံရိပ်ပတ်လည်၌ လှိုင်းဂယက်များ ထလေသည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မဟာအင်ပါယာဝူဖန်းလက်အောက်က အင်ပါယာအတု ချီဖန်း…”
“ရောင်းရင်းကျင့်ကြံသူဝမ်…ငါတို့ မတွေ့ရတာ နှစ်အတော်ကြာပြီ။ ငါ့အနေနဲ့ သင် စဉ်းစားပြီးပြီလား သိချင်မိလို့ပါ…” ရွှေရောင်မျက်နှာဖုံးဖြင့် ထိုကျင့်ကြံသူက ဝမ်လင်းကို ကြည့်ကာ ပြုံးနေသည်ဟု ထင်ရသည်။
ဝမ်လင်းသည် အရင်တုန်းက အင်ပါယာအတုချီဖန်းနှင့် တိုက်ခိုက်ခဲ့ဖူး၏။ ဝမ်လင်း စိတ်ဝိညာဉ်ချပ်ဝတ်ကို မဝင်ဆင်ထားသည့်အခါ၌ သူတို့သည် ခွန်အားချင်း တူညီကြပေသည်။ နောက်ပိုင်းတွင် ထိုချီဖန်းက ဝမ်လင်းကို လာရှာခဲ့ကာ မဟာအင်ပါယာဝူဖန်း၏ သတင်းစကားကို လာပေးခဲ့သည်။
မဟာအင်ပါယာဝူဖန်းက ဝမ်လင်းကို စည်းရုံးလိုနေသည်။
ဤသည်မှာ တောက်ရီပြီးနောက် နောက်ထပ်မဟာအင်ပါယာတစ်ယောက်က ဝမ်လင်းကို လာသိမ်းသွင်းခြင်းပင်။ ဝမ်လင်းသည် မဟာအင်ပါယာဝူဖန်းသည် မိစ္ဆာတာအိုကလန်ဘိုးဘေး ပြောခဲ့သလိုမှန်း သိလာခဲ့၏။ သူက အတော့်ကို သီးခြားနေတတ်ပြီး အင်ပါယာအတုများကို တန်ဖိုးထားခဲပေသည်။ ဩဇာအင်ပါယာများကိုသာ သူ့အနေနဖြင့် အာရုံအထူးစိုက်ပေသည်။
သို့သော် ဤသည်က သူ့အောက်တွင် အင်ပါယာအတုများ မရှိဟု ဆိုလိုသည်တော့ မဟုတ်ပါ။ သူ့လက်အောက်ရှိ အင်ပါယာအတုပုဂ္ဂိုလ်များသည် လက်ရွေးစင်များ ဖြစ်နေ၏။ ဥပမာ ဒီအင်ပါယာအတုချီဖန်းကဲ့သို့ပင်။ ဝမ်လင်းက ချီဖန်းနှင့်သူ တိုက်ခိုက်ခဲ့စဉ်က ထိုသူမှာ လျှိုထားခဲ့သည်ကို ကောင်းကောင်း ခံစားမိ၏။
“အတိတ်တုန်းက အင်ပါယာအတုချီဖန်းက မဟာအင်ပါယာဝူဖန်းရဲ့ သတင်းစကားကိုပဲ ပို့ပေးခဲ့တာ။ သူ ကိုယ်တိုင် မလာရောက်ခဲ့ဖူး။ အခုတော့ သူ့အနေနဲ့ ငါ့တိုက်ပွဲစွမ်းအားကို ယုံသွားခဲ့တာ သိသာနေတယ်…”
ဝမ်လင်းသည် စဉ်းစားနေပြီးနောက် အင်ပါယာအတုချီဖန်းထံ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။
“ရောင်းရင်းကျင့်ကြံသူချီဖန်း..ငါ့အနေနဲ့ ဒီကိစ္စကို စဉ်းစားဖို့ လိုနေတုန်းပါပဲ။ ငါ အခုထိ ဆုံးဖြတ်ချက် မချရသေးဘူး…”
အင်ပါယာတုချီဖန်းက ဝမ်လင်း၏အဖြေနှင့် ပတ်သတ်၍ အံ့အားမသင့်သွားပေ။ သူက သနားဟန်အကြည့်ကို ထုတ်ဖော်ကာ ဝမ်လင်းကို ကြည့်၍ ခါးသီးဟန်ဖြင့် ပြုံးသည်။
“ရောင်းရင်းကျင့်ကြံသူဝမ်…ငါတို့ အင်ပါယာတုဆိုတဲ့ အဆင့်အတန်းဟာ မြင့်မားလှပါတယ်။ မဟာအင်ပါယာတိုင်းက သူတို့ စည်းရုံးလိုချင်ရင် ကိုယ်တိုင်လာရောက် ဖိတ်ခေါ်သင့်တယ်။ ဒါကို ငါ နားလည်ပါတယ်။ ငါ ဒီကို ရောက်မလာခင် မဟာအင်ပါယာဝူဖန်းက သင်သာ အင်ပါယာစမ်းသပ်ကွင်းရဲ့ ကိုးဆင့်မြောက်ကို ဖြတ်ကျော်နိုင်ရင် သူ ကိုယ်တိုင် လာရောက်မယ်လို့ ပြောခဲ့တယ်…”
“ရောင်းရင်းကျင့်ကြံသူဝမ်….အချိန်ရရင် အင်ပါယာစမ်းသပ်ကွင်းကို သွားကြည့်လိုက်ပါ။ အသင်သာ ကိုးခုမြောက်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ရင် မဟာအင်ပါယာငါးယောက်လုံးက သင့်ကို စည်းရုံးဖို့ လာခေါ်ကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်…”
အင်ပါယာအတုချီဖန်းက ထိုသို့ ပြောပြီးနောက် ဝမ်လင်းထံ လက်နှစ်ဆက်ဆုပ် နှုတ်ဆက်ကာ သူ့ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် ကောင်းကင်ထက်၌ ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက ကောင်းကင်ယံကို အချိန်အကြာကြီး ကြည့်ရှုနေသည်။
“အင်ပါယာအတု…. မဟာအင်ပါယာတောက်ရီကလည်း ငါသာ ကိုးဆင့်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့ရင် သူ ထပ်လာခဲ့မယ်လို့ ပြောခဲ့သေးတယ်။ မဟာအင်ပါယာဝူဖန်းကလည်း အဲ့လို ပြောလာပြန်ပြီ။ ဒီကိုးဆင့်မြောက်နဲ့ ပတ်သတ်လို့ တစ်ခုခု ထူးခြားတာများ ရှိနေနိုင်မလား…”
ဝမ်လင်းသည် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်အတွင်း အင်ပါယာစမ်းသပ်ကွင်းသို့ ဝင်ရောက်ဖို့ နည်းလမ်းကို အကြိမ်ကြိမ် သက်သေထူထားပြီး ဖြစ်၏။ သို့သော် သူက ထိုနေရာသို့ လုံးဝ မသွားခဲ့သေးပေ။ အခု သူက စဉ်းစားနေ၏။ သူ၏မျက်လုံးက အရောင်တောက်လာလေသည်။
“ငါ အဲ့စမ်းသပ်ကွင်းရှိ သွားပြီး စစ်ဆေးကြည့်သင့်တယ်…”