ထိုးထွက်ဖြတ်ကျော်ခြင်း
Vol. 143 Ch. 1981
ဆန်းကြယ်သောအားတစ်ခုကြောင့် ပတ်လမ်းကြောင်း ပြောင်းလဲသည်ဟု ထင်ရသော ဂြိုဟ်ကိုးလုံးသည် ဝမ်လင်းထံ ပျံသန်းလာကြလေ၏။
ထိုဂြိုဟ်ကိုးလုံးသည် ဝမ်လင်းထံ နီးကပ်လာကြသည်။
ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် ဝမ်လင်းက ခုလက်ရှိ တည်နေရာကို ရွှေ့လျားစေလိုက်သည်။ သို့ပေမည့် ဂြိုဟ်ကိုးလုံးသည် ဦးတည်ချက်ပြောင်းကာ သူ့ထံ ပျံသန်းဝင်လာသည်။
“ဒါက အင်ပါယာစမ်းသပ်ကွင်းရဲ့ ပထမဆုံးအဆင့် ဖြစ်နိုင်လား…” ဝမ်လင်း၏ မျက်လုံးက အရောင်ပြောင်းသွား၏။ သူက ဆက်၍ မရှောင်တော့ပေ။ သူ တိုးဝင်လာသော ဂြိုဟ်များထံ ခြေလှမ်းကာ သူ့ညာလက်ကို ပင့်မြှောက်ပြီး ယင်းတို့ထံ လက်သီးတလုံး ပစ်သွင်းလိုက်သည်။
“လေဆင့်ခေါ်ခြင်း…” ထိုလက်သီးချက်တွင် လေဆင့်ခေါ်ခြင်းမန္တာန်ကိုးခု ပါဝင်၏။ ယင်းလက်သီးခက်သည် မုန်တိုင်းတစ်ခု ဖြစ်စေကာ အစစ်အမှန်နဂါးနက်တစ်ကောင်ကဲ့သို့ ထင်ရစေပြီး ပထမဆုံးဂြိုဟ်နှင့် ထိပ်တိုက်တွေ့လေသည်။
ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်ကာ ထိုဂြိုဟ်သည် ပျက်စီးသွား၏။ ၎င်းဂြိုဟ် ပျက်စီးသွားချိန်၌ ဝမ်လင်းက လှည့်၍ ဒုတိယဂြိုဟ်ထံ ကန်ကျောက်လိုက်သည်။
ဘန်းခနဲ ပေါက်ကွဲသွားပြန်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်က လှုပ်ရှားကာ ပုံရိပ်ယောင်အထပ်ထပ် ဖြစ်စေပြီးနောက် သူသည် ကျန်သည့်ဂြိုဟ်များ ရှေ့တွင် ပေါ်လာကာ လက်သီးထိုးချက်များ ဆက်တိုက်ပစ်သွင်းလိုက်သည်။
ဒီကြယ်အဖွဲ့အစည်းတခွင် မိုးကြိုးပစ်သံအလား ဆူညံပွက်လော ရိုက်သွားသည်။ သူ့ထံ တိုးဝင်လာသော ဂြိုဟ်များသည် တစစီ ဖြစ်ကုန်လေ၏။ သို့သော် ယင်းတို့ထံမှ အစွမ်းထက်အားတစ်ခု ထွက်ပေါ်လာသည်။ ထိုအားက ဝမ်လင်းကို ဒီကြယ်အဖွဲ့အစည်းထံမှ တိုက်ရိုက် တွန်းထုတ်ပစ်လိုက်သည်။
ဝမ်လင်း၏အမြင်က ဝေဝါးသွား၏။ သူ့အမြင် ပြန်ကြည်လင်လာသည့်အခါ သူ့ခန္ဓာကိုယ် ထိန်းချုပ်မှုကို ဆုံးရှုံးသွားပြီး သူသည် ပထမဆုံးနန်းတော်ထံမှ တွန်းဖယ်ခြင်း ခံလိုက်ရတော့သည်။ သူသည် မြေပြင်ထက်သို့ ပြုတ်ကျသွားပြီး ခြေလှမ်းထောင်ချီ နောက်ဆုတ်ပြီးမှ သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်သည်။
“ကျရှုံးသွားတာလား…” ဝမ်လင်းသည် ရုတ်တရက် အပေါ်သို့ မော့ကြည့်ကာ စဉ်းစား၏။
သည်နန်းတော်မှ ရွှေရောင်အလင်းကို မထုတ်လွှတ်ပေ။ ဆိုလိုသည်က ဝမ်လင်းသည် ပထမဆုံးအဆင့်မှာပင် ကျရှုံးသွားခြင်းဟူ၏။
ပတ်ဝန်းကျင်မှ အင်ပါယာအတုများကလည်း ထိုမြင်ကွင်းကို တွေ့မြင်သည်။ သူတို့အားလုံး အံ့အားတသင့်ဖြစ်ကုန်သည်။ ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ဖူးသော အင်ပါယာအတုများသည် မယုံကြည်နိုင်ဖွယ် ဖြစ်ကုန်၏။
“သူက ပထမဆုံးအဆင့်ကိုတောင် မဖြတ်ကျော်နိုင်ဘူးလား….ဒီလူ…”
“အင်ပါယာအတုတစ်ယောက်အတွက် ပထမဆုံးအဆင့်ကို မဖြတ်ကျော်နိုင်တဲ့သူဟာ ရှားလွန်းလှတယ်။ ဒီနေ့တော့ ငါ့အနေနဲ့ ဒီလိုတစ်ယောက်ကို မြင်ရပြီ…”
“ဒီလို မဖြစ်သင့်ဘူး။ ဒီ ဝမ်လင်းရဲ့ တိုက်ပွဲစွမ်းအားက အားကောင်းလွန်းတယ်။ သူ့အနေနဲ့ ဘယ်လိုလုပ် ပထမဆုံးအဆင့်မှာတင် ကျရှုံးသွားခဲ့ရတာလဲ…”
ထိုအခိုက်တွင် ပတ်ဝန်းကျင်မှ အင်ပါယာအတုများသည် ဝမ်လင်းကို စိုက်ကြည့်နေ၏။ သူတို့၏အကြည့်များထဲ၌ အံ့အားသင့်မှု၊ အထင်သေးမှု၊ မထူးခြားနားမှုတို့ ရှိနေ၏။
သည်နေရာရှိ လူတိုင်းသည် ပထမအဆင့်ကို အမှန်တကယ်ပင် လွယ်ကူစွာ ဖြတ်ကျော်နိုင်စွမ်း ရှိကြ၏။ ထို့ကြောင့် သူတို့က ဝမ်လင်း ကျရှုံးသည်ကို တွေ့မြင်သည့်အခါ၌ အထင်အမြင်သေးမှုအချို့ ဖြစ်ပေါ်လာခဲ့တာ အံ့ဩစရာ မရှိပေ။ သူတို့က အထင်အမြင်သေးကြောင်းကို ပေါ်ပေါ်ထင်ထင် မပြသသော်လည်း ရှိကြသည်သာ။
အင်ပါယာအတုကျူးလင်က ဝမ်လင်းကို ကြည့်၏။ ထို့နောက် သူက မျက်လုံးပြန်မှိတ်သွားသည်။
ဝမ်လင်းသည် သူ့ရှေ့ရှိ အနက်ရောင်နန်းတော်ကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားတော့သည်။ သူက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ နန်းတော်ထံသို့ တရကြမ်း ဦးတည်လေ၏။
သူ၏အပြုအမူကို အင်ပါယာအတုအများစုက မြင်၏။ အများစုက ခေါင်းခါယမ်းလိုက်ကြသည်။
“တကြိမ် ကျရှုံးပြီးရင် ဒုတိယအကြိမ်အောင်မြင်ဖို့ ဖြစ်ခဲလှတယ်။ ဒီမှာ အချိန်ဖြုန်းမယ့်အစား ထွက်သွားပြီး ကြိုးစားကျင့်ကြံတာ ပိုကောင်းတယ်…”
“ကြည့်ရတာ သူက ကံကို အားကိုးနေတုန်းပဲကို။ ဟားဟား…ဒါလည်း အဆင်ပြေပါတယ်။ သူ ကံကောင်းပြီး ပထမအဆင့်ကို ဖြတ်ကျော်နိုင်တာ ဖြစ်နိုင်လောက်မှာပါ…”
ဝမ်လင်းသည် အတော်လေး မြန်၏။ ချက်ခြင်းပင် သူက နန်းတော်ထံ ဦးတည်၏။ သူ၏အမြင်က ဝေဝါးသွားပြီးနောက် သူသည် စောနကတုန်းက ကြယ်အဖွဲ့အစည်းတွင် ပြန်ပေါ်လာ၏။
ဝမ်လင်းက တည်ငြိမ်စွာသာ ရှိိနေပြီး သူ့ကျရှုံးသွားမှုကြောင့် တစ်စက်လေးမျှ စိတ်ကသိကအောက် မဖြစ်ပေ။ သူသည် နေရာတွင် ရပ်နေလျက် တောက်ပသောမျက်လုံးတို့ဖြင့် တည်ငြိမ်စွာ ရှေ့တည့်တည့်သို့ ကြည့်နေသည်။ တဝီဝီအသံများ ပဲ့တင်ထပ်ကာ ဂြိုဟ်ကိုးလုံးသည် ရုတ်တရက် လှည့်ပတ်လမ်းကြောင်း ပြောင်းကာ ဝမ်လင်းထံ တိုက်ရိုက် ပျံသန်းဝင်လာကြသည်။
ဝမ်လင်းသည် မလှုပ်ရှားပေ။ သူ့နတ်ဘုရားအာရုံကိုတော့ ဘေးပတ်လည်ဧရိယာသို့ ဖြန့်ကျက်ထားသည်။ ဂြိုဟ်ကိုးလုံးက သူနှင့် ပေထောင်ချီအကွာသို့ ရောက်လာသည့်အခါ ဖိအားက သူ့ကိုယ်ပေါ်သို့ ကျရောက်လာချိန်တွင် ရုတ်တရက် သူက ညာလက်ကို ပင့်မြှောက်၏။ လေဆင့်ခေါ်ခြင်းမန္တာန်ကိုးခုက သူ့လက်သီးအတွင်း ဝင်ရောက်ကာ သူက လေဟာနယ်ထံသို့ လက်သီးချက် ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်က ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို တုန်ယင်သွားစေသည်။ ကျင့်ကြံခြင်းဂြိုဟ်ကိုးခုလုံးမှာလည်း တုန်ခါသွား၏။
တချိန်တည်းမှာ ဂြိုဟ်ကိုးလုံးသည် ရုတ်တရက် ပျက်စီးသွားတော့သည်။
ထိုဂြိုဟ်ကိုးလုံး ပျက်စီးသွားသည့်အခါ အတိုင်းမသိရွှေရောင်အလင်းတို့ ပျံ့လွင့်လာ၏။ ထိုရွှေရောင်အလင်းက ဒီကြယ်အဖွဲ့အစည်းတွင် ပြည့်နှက်ကာ ပထမဆုံးနန်းတော်ထံမှ ပျံ့လွင့်လာချေတော့သည်။
အပြင်ဘက်တွင် ထိုင်နေကြသော အင်ပါယာအတုကျင့်ကြံသူများက ထိုရွှေရောင်အလင်းကို အာရုံစိုက်မိပြီး သူတို့ထံ၌ ထူးဆန်းသောအကြည့်များ ဖြစ်ပေါ်ကုန်သည်။ သူတို့က ဆံဖြူအင်ပါယာအတုက ပထမဆုံးနန်းတော်ထိပ်ဖျားကနေ ထိုးထွက်ကာ ဒုတိယမြောက်နန်းတော်ထံ မြန်လှသောနှုန်းဖြင့် ဦးတည်သွားတာကို တွေ့မြင်လိုက်ကြသည်။
“သူ အမှန်တကယ်ပဲ အောင်မြင်သွားခဲ့တာပေါ့…”
“ဒီဆံဖြူအင်ပါယာအတုက စိတ်ဝင်စားစရာပဲ…”
“ပထမတစ်ကြိမ်မှာ သူ ကျရှုံးခဲ့ပြီး ဒုတိယအကြိမ်တော့ ကံကောင်းတာပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒုတိယနန်းတော်နဲ့ ပတ်သတ်လို့တော့ ကံကောင်းမှုကလည်း သူ့ကို ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး။ ခွန်အားနဲ့ပဲ ဖြတ်ကျော်ရမှာ…”
ပတ်ဝန်းကျင်ရှိ အင်ပါယာအတုကျင့်ကြံသူများသည် ဝမ်လင်း၏ ကိစ္စကြောင့် အနည်းငယ် စိတ်ဝင်တစား ဖြစ်နေကြစဉ်မှာပင် ဒုတိယမြောက်နန်းတော်ထံမှ တောက်ပသောရွှေရောင်အလင်း ထွက်ပေါ်လာချေတော့၏။
ပထမနန်းတော်မှ ရွှေရောင်အလင်းသည်ပင် ဒုတိယနန်းတော်မှ ရွှေရောင်အလင်း ထွက်ပေါ်လာသည့်အခါတွင် လုံးလုံးလျာလျာ ပျောက်ကွယ်မသွားသေးပေ။ နန်းတော်နှစ်ခုမှ ရွှေရောင်အလင်းတို့ ယှက်လိမ်ကာ သည်ကုန်းမြေတခွင်လုံးနီးပါးကို လင်းထင်းသွားစေလေသည်။
သည်ရုတ်တရက် ပြောင်းလဲမှုက အေးစက်ကာ ဂုဏ်မောက်သော အင်ပါယာအတုကျင့်ကြံသူအချို့ကိုပင် တုန်လှုပ်သွားစေ၏။
“အယ်…”
“သူ ဒုတိယအဆင့်ကို ဒီလောက် မြန်မြန် ဖြတ်ကျော်လိုက်နိုင်တာလား…”
ဝမ်လင်းသည် ဒုတိယမြောက်နန်းတော်ထံမှ ထိုးထွက်လာပြီး တတိယမြောက်နန်းတော်ထံ တုံ့နှေးခြင်းမရှိ ဦးတည်လေ၏။
သူ၏အပြုအမူက အင်ပါယာအတုများစွာကို ချက်ခြင်း အာရုံစိုက်မိကုန်စေသည်။ အများစုက တတိယနန်းတော်တွင် ရှိနေကြသည်။ ဝမ်လင်းက ပထမနန်းတော်၌ ကျရှုံးခဲ့ဖူးသည့်အတွက်ကြောင့် သူတို့သည် ဝမ်လင်းအနေဖြင့် တတိယမြောက်နန်းတော်ကို ဖြတ်ကျော်နိုင်မည့်အပေါ် မသေချာမရေရာ ဖြစ်နေသည်။
“တတိယနန်းတော်ထဲမှာဆို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ မန္တာန်နှစ်ဆယ့်ခုနစ်ခု ပေါင်းထည့်နိုင်ရမယ့်အပြင် အဲ့နေရာက ဂြိုဟ်တွေကြားမှာ ရွှေရောင်ဂြိုဟ်တစ်လုံး ရှိနေသေးတယ်။ ဒီရွှေရောင်ဂြိုဟ်ဟာ သော့ချက်ပဲ…”
“ငါကတော့ ငါ့ခန္ဓာကိုယ်ထဲကို မန္တာန်သုံးဆယ် ပေါင်းစည်းနိုင်ခဲ့ပေမဲ့ ဒီရွှေရောင်ဂြိုဟ်ကြောင့် ကျရှုံးခဲ့ရသေးတယ်။ ၎င်းဟာ ဂြိုဟ်အားလုံး ပေါင်းစည်းထားတာနဲ့ ယှဉ်လို့ရနိုင်တယ်…”
“သူ့အတွက် ဒီတတိယအဆင့်ကို ချိုးဖျက်ဖို့ဆိုတာ ခက်မှာ သေချာတယ်…”
အင်ပါယာအတု နှစ်ရာနီးပါးထဲမှ တစ်ဝက်ကျော်သည် လှမ်းကြည့်လာကြသည်။ သူတို့က ရလဒ်ကို ခန့်မှန်းနေကြစဉ် ကျင့်ကြံသူအချို့ထံမှ တုန်လှုပ်မိ၍ အော်သံများ ထွက်ပေါ်လာလေ၏။
လူတိုင်းသည် ဝမ်လင်း ဝင်ရောက်သွားပြီးနောက် တအောင့်အကြာတွင် တတိယမြောက်နန်းတော်မှာ တောက်ပလာသည်ကို တွေ့မြင်လိုက်ကြသည်။
ခုချိန်၌ ပထမနှင့်ဒုတိယမြောက်နန်းတော်တို့မှ ထွက်ပေါ်လာခဲ့သော ရွှေရောင်အလင်းပင် မပျောက်ကွယ်သေးချေ။ တတိယနန်းတော်မှ ရွှေရောင်အလင်း ထွက်ပေါ်လာပြီး ယင်းအလင်းတို့သည် ချိတ်ဆက်သွားလေ၏။
ထိုရွှေရောင်အလင်းသည် ကြောက်မက်ဖွယ်ပင်။
“ဖြတ်ကျော်သွားနိုင်တာလား…”
“သူက အဆင့်သုံးခုကို တခါတည်း ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒီလိုခွန်အားမျိုးနဲ့ သူ ဘယ်လိုလုပ် ပထမဆုံးအဆင့်မှာ ကျရှုံးခဲ့ဖူးရတာလဲ…”
“ပြီးတော့ ဒီလောက်မြန်တဲ့နှုန်းနဲ့။ ပထမသုံးဆင့်ကို ဒီအမြန်နှုန်းနဲ့ ဖြတ်ကျော်နိုင်ခဲ့တာဟာ သူ့အနေနဲ့ အတော့်ကို သန်မာတယ်လို့ ဆိုလိုနေတာပဲ…”
ဝမ်လင်းသည် တတိယမြောက်နန်းတော်ထံမှ ထိုးထွက်လာသည့်နောက် လေးခုမြောက်နန်းတော်ထံ လှမ်းမော့ကြည့်သည်။ သူသည် လူတိုင်း၏အကြည့်ရှေ့မှာပင် တုန့်နှေးမနေဘဲ လေးခုမြောက်နန်းတော်ထံ တရကြမ်း ဦးတည်သည်။
“ဒီအင်ပါယာစမ်းသပ်ကွင်းမှာ ဂြိုဟ်တွေအားလုံး တပြိုင်နက်တည်း ဖျက်စီးပစ်ဖို့ လိုအပ်တာပဲ…။ ငါ တစ်ခုပြီးတစ်ခု ဖျက်စီးရင် ကျရှုံးတယ်လို့ သတ်မှတ်လိမ့်မယ်…”
ဝမ်လင်းသည် တည်ငြိမ်စွာ ရှိနေ၏။ ပထမအဆင့်သုံးခုသည် သူ့အတွက် စိန်ခေါ်မှု မရှိလေပေ။
ဖြတ်ခနဲအတွင်း သူသည် လေးခုမြောက်နန်းတော်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
အင်ပါယာအတုကျူးလင်သည်ပင် မျက်လုံးဖွင့်လာကာ လေးခုမြောက်နန်းတော်ထံ မော့ကြည့်လာ၏။ သူသာမက လူတိုင်းနီးပါးက လှမ်းကြည့်လာ၏။
လေးခုမြောက်နန်းတော်သည် အင်ပါယာအတုများကြား၌ အတားအဆီးတစ်ခု ဖြစ်ချေ၏။ ထိုလေးခုမြောက်နန်းတော်ကို ဖြတ်ကျော်နိုင်သူမှာ လူနှစ်ရာပင် မကျော်ပေ။ အများစုက တတိယအဆင့်တွင် တစ်နေကြသည်။
ထို့အတွက်ကြောင့် ဝမ်လင်း၏အပြုအမူက သူတို့၏အာရုံကို စွဲဆောင်သွား၏။ လေးခုမြောက်နန်းတော်ကို ဖြတ်ကျော်နိုင်သူတိုင်းကို အင်ပါယာအတုများကြား၌ သန်မာသူများဟု ယူဆနိုင်ပေ၏။
အချိန်တဖြည်းဖြည်းကုန်လာသည်။ အသက်တစ်ရှိုက်စာ၊ နှစ်ရှိုက်စာ…။
အချိန်ကုန်လာသည့်အခါ ပထမနန်းတော်မှ ထွက်ပေါ်ခဲ့သော ရွှေရောင်အလင်းက မှိန်ဖျော့ကာ ပျက်စီးလွင့်ပြယ်မည့် အရိပ်အယောင် ပြသလာသည်။
လေးခုမြောက်နန်းတော်တွင် ဝမ်လင်း သုံးစွဲနေသော အချိန်ပမာဏက တတိယမြောက်နန်းတော်ထက် ပိုကြာလေ၏။
သို့ပေမည့် ပထမနန်းတော်မှ ရွှေရောင်အလင်း ပျောက်ကွယ်သွားတော့မည့် အခိုက်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူဒါဇင်ချီက ရုတ်တရက် ထရပ်ကာ ကောင်းကင်ထက်သို့ ကြည့်ကြ၏။ သည်အခိုက်တွင် လေးခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်းသည် ပြီးခဲ့သော နန်းတော်သုံးခုတုန်းကထက် ပိုအားကောင်းလွန်းစွာ ထုတ်လွှတ်လာချေ၏။
ယင်း ရွှေရောင်အလင်း ပေါ်လာသည့်အခါ ထိုအလင်းက နန်းတော်လေးခုကို ပြီးပြည့်စုံစွာ အတူတကွ ချိတ်ဆက်သွားစေ၏။ ၎င်းမှာ နဂါးအမြှီး၏ အစိတ်အပိုင်းတစ်ခုနှင့်ပင် တူနေကာ တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။
“သူက လေးဆင့်မြောက်ကိုပါ ချိုးဖျက်နိုင်လိုက်တယ်…”
“သူ တကယ်ပဲ ချိုးဖျက်လိုက်နိုင်တယ်။ သူ့ကို အင်ပါယာအတုတွေကြားမှာတောင် သန်မာတဲ့သူလို့ သတ်မှတ်လို့ရပြီ…”
အင်ပါယာအတုကျူးလင်က လေးခုမြောက်နန်းတော်မှ လှမ်းထွက်လာသော ပုံရိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်၏။ သူ့အနေဖြင့် ထိုပုံရိပ်ထံမှ ချိန်းခြောက်မှုကို ခံစားမိနိုင်သည်။
ကောင်းကင်ထက်တွင် ဝမ်လင်းက လေးခုမြောက်နန်းတော်ပတ်လည်ရှိ ရွှေရောင်အလင်းကြား၌ မားမားရပ်နေကာ ငါးခုမြောက်နန်းတော်ထံသို့ မော့ကြည့်၏။ သူ၏မျက်လုံးက အရောင်တောက်လာပေသည်။
“လေးခုမြောက်အဆင့်မှာ ရွှေရောင်ဂြိုဟ်နှစ်ခုနဲ့အတူ ဂြိုဟ်ပေါင်းသုံးဆယ့်ခြောက်ခု ပါဝင်နေတယ်။ ငါ့ကိုယ်ပွားအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်တဲ့အတွက် စိတ်ဝိညာဉ်ချပ်ဝတ်ကို မဝတ်ဆင်ရင် ဒါဟာ ငါ့အတွက် အကန့်အသတ်ပဲ…”
“ဒါပေမဲ့ ငါသာ စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်ရင် အဆင့်ဘယ်နှစ်ခုလောက် ချိုးဖျက်နိုင်မလဲ ငါ သိချင်မိတယ်။ ကံမကောင်းစွာနဲ့ ငါ့အနေနဲ့ တောင်တန်းပင်လယ်ကုန်းမြေက သစ်ပင်ကို ရဖို့ လိအပ်နေပြီ။ ဒါ့ကြောင့် ဒီနေရာမှာ ငါ့ခွန်အားကို ပြသတာဟာ မသင့်တော်သေးဘူး။ ငါ တောင်တန်းပင်လယ်သစ်ပင်ကို ရပြီးတဲ့နောက်မှ တခါထပ်လာပြီး ကြိုးစားကြည့်ရမယ်…”