← Chapters

အမှားဝန်ခံခြင်း

Vol. 02 Ch. 83

အမှားဝန်ခံခြင်း

Vol. 02 Ch. 83

ညကောင်းကင် တစ်ခုလုံးသည် ကြယ်များ ပြည့်နှက်နေပြီး ပင်လယ် မျက်နှာပြင်တွင် ကြယ်ရောင်လေးများ၏ ရောင်ပြန်ဟပ်မှုကြောင့် တလက်လက် တောက်ပနေခဲ့သည်။ လှပသော မိန်းမပျိုလေးသည် ကောင်းကင်ဘုံ၉ဆင့်မှ ဆင်းသက်လာသော နတ်သမီးလေး အလားပင်။ သူမ၏ ခြေမလေးများသည် ပင်လယ်အား ညင်သာစွာ ထိခတ်ကာ ရွေ့လျားရင်း ကမ်းခြေတွင် ခြေချိတ်ထိုင်နေသော သူဆီသို့ ရွေ့လျားလာခဲ့သည်။

အသက်၁၂ရှိုက်စာ ကြာပြီးသော် …

လှပသော မိန်းမပျိုလေးသည် ကမ်းခြေသို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူမသည် ထန်ရှုအား ၁၀မီတာအကွာမှ ရပ်တန့်ကာ သူမ၏ မျက်ဝန်း တောက်တောက်လေးများဖြင့် သေချာစွာ ကြည့်ရှုနေပေသည်။ ထို့နောက် သူမ၏ရင်ဘတ်ထဲမှ ပန်းချီကား တစ်ချပ်အား ဂရုတစိုက် ဆွဲထုတ်လိုက်ကာ ထန်ရှုနှင့် နှိုင်းယှဉ်လိုက်သည်။ မကြာမီ စိတ်ပျက်သော အမူအရာဖြင့် ခေါင်းကို ယမ်းလိုက်ကာ ပန်းချီကားအား လိပ်လိုက်ပြီးနောက် သူမ၏ အနီးဆုံးနေရာတွင် ပြန်ထားလိုက်သည်။

ထန်ရှု၏ မျက်လုံးများသည် ချက်ချင်းပွင့်လာခဲ့သည်။ သူ၏ မျက်လုံးများသည် မိန်းမလှလေးအား အေးစက်စွာ စိုက်ကြည့်နေသည်။ ထိုမိန်းကလေးသည် အသက်၂၀ခန့် ရုပ်ရည်သွင်ပြင် ရှိသည်။ သူ အံ့သြရသည်မှာ သူမ၏ ကျင့်ကြံမှုသည် သူ့ထက် များစွာ သာလွန်နေခြင်းပင် ဖြစ်သည်။ သူမရောက်လာသည်ကိုပင် မသိလိုက်ပါပဲနှင့် သူမသည် ၁၀မီတာအကွာမှသာ သိလိုက်သည်။

“နင် ဘယ်သူလဲ” မိန်းမလှလေးသည် ကြည်လင်ပြတ်သားသော အသံဖြင့် မေးလိုက်သည်။

“ငါက ဒီကို ညစာလာစားတဲ့ ဧည့်သည် တစ်ယောက်ပါ။ နင်ကရော”

“ငါက ဒီနေရာရဲ့ပိုင်ရှင်ပါ။ ဂူရှောင်ရွှဲ့လို့ ခေါ်ပါတယ်။ နင့်လိုပဲ ကျင့်ကြံသူ တစ်ယောက်ပါ။ နင့်နာမည်ကရော”

“ထန်ရှု ...  လေလွင့်ကျင့်ကြံသူ”

ထန်ရှု ...။ ဂူရှောင်ရွှဲ့ မျက်တောင် ခတ်သွားသည်။ ပန်းချီကားထဲမှ မျက်နှာသည် သူ၏စိတ်ထဲတွင် ပေါ်လာသည်။

နာမည်တူသည်။ ဘာကြောင့် ကွဲပြား ခြားနားပါသနည်း။ အမည်သည် အမည်ပဲ ဖြစ်ပါလိမ့်မည်။

သူမသည် ပြုံးလျက်

“ထာဝရခိုင်မြဲခန်းမကို သိုင်းပညာရှင်တွေ အများကြီး လာကြတယ်။ နှစ်တွေအများကြီး ကျော်လွန်ပြီးမှ သည်နေရာကို ကျင့်ကြံသူ ၁၀ယောက်ပဲ ရောက်လာတယ်”

ထန်ရှု အမူအရာ ပြောင်းသွားသည်။ သူမ၏စကားအရ ကျင့်ကြံသူများနှင့်  ကျင့်ကြံခြင်းလမ်းကြောင်း ဆိုသည့် အရေးကြီးသော အချက်အား သူဖမ်းဆုပ်မိလိုက်သည်။

“နင် မြင်ဖူးလား”

“ငါ နေရာအများကြီး ရောက်ဖူးတယ်။ ဧည့်သည်တွေ အဖြစ်နဲ့လည်း ဖိတ်တယ်။ ကံမကောင်းချင်တော့ ဆေးပညာ အကြောင်းသိတဲ့ ပညာရှင်က နည်းတယ်”

“နင်က ပိုင်ရှင်ဆိုတော့ ငါမေးပါရစေ”

“မေးပါ”

“ငါ ဒီကို လာတော့ အလွန်အစွမ်းထက်တဲ့ အစီအရင်ကို ငါတွေ့လိုက်တယ်။ ရေ၊ နဂါး၊ စိတ်ဝိညာဉ်ချီ၊ စိတ်ဝိညာဉ်သွေးကြော၊ ကောင်းကင်နဲ့မြေကြီး။ အဲဒီနေရာက အလွန်အဖိုးတန်တဲ့ ဖုန်းရွှေနည်းနဲ့ ဆွဲထားတယ်။ အဲဒီအစီအရင် အမည်က ဘာလဲ”

ဂူရှောင်ရွှဲ့ မယုံနိုင်ဟန်ဖြင့်

“နင် ... နင် ရေနဂါးထောင် အစီအရင်ကို မြင်နိုင်တယ်။ နင်က အစီအရင် မာစတာလား”

ထန်ရှု၏ နှလုံးခုန်နှုန်း မြန်လာခဲ့သည်။ မယုံနိုင်လောက်အောင် ဖြစ်နေသည်။ သည်အစီအရင်သည် သူ ဖန်တီးထားသော အစီအရင်၊ သူ၏တပည့်မ တစ်ယောက်သာ သိသည်။ ထို့နောက် သူမပျောက်သွားခဲ့သည်။

ကမ္ဘာမြေပေါ်တွင် ဘယ်လို ပေါ်လာရတာလဲ။

ဘယ်သူလဲ။သူမပဲလား။

“ငါ့ကို ပြောပြပါ။ ဘယ်သူဆွဲတာလဲ”

ဂူရှောင်ရွှဲ့ အံ့အားသင့်သွားသည်၊၊ သူမရှေ့ရှိ ကျင့်ကြံခြင်း အားနည်းသော ကောင်လေးဆီမှ ဆိုးရွားသည့်အော်ရာ ထွက်လာပြီး သူမအား သက်သောင့်သက်သာ မဖြစ်စေသောကြောင့် နောက်အနည်းငယ် ဆုတ်လိုက်သည်။

“ငါ့ဆရာပါ”

“ဘယ်သူက နင့်ဆရာလဲ” ထန်ရှုသည် လေသံတင်းတင်းဖြင့် မေးလိုက်သည်။

ဂူရှောင်ရွှဲ့ ဒေါသထွက်လာသည်။ သူမသည် ထန်ရှုအား ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်။ မထင်မှတ်ဘဲ ထန်ရှုသည် သူမအား ရိုင်းရိုင်းပျပျ သဘောထား ပြခဲ့သည်။ အေးစက်စက် နှာတစ်ချက် မှုတ်လိုက်ပြီး အော်ရာ တစ်ချက်လွှတ်ကာ ပြောလိုက်သည်။

“နင် မေးတိုင်း ငါဖြေရမှာလား။ နင့်ကို ငါ သတိပေးလိုက်မယ်။ ငါက နင် အလွယ် အနိုင်ကျင့်လို့ရမဲ့ မိန်းကလေး မဟုတ်ဘူး။ နင့်လောက်ကတော့ အသာလေး ကန်ထုတ်လိုက်လို့ ရတယ်”

ထန်ရှု ရင်ထဲ အေးခဲသွားကာ မရည်ရွယ်ဘဲ ထုတ်ပြမိသွားသည့် သူ၏ အော်ရာများအား ပြန်သိမ်းလိုက်သည်။

ပညာရှိသည် ရန်မဖြစ်ကြချေ။ ရေနဂါး အစီအရင်အကြောင်း ကြားလိုက်သဖြင့် သူ စိတ်လှုပ်ရှားသွားခြင်းသာ ဖြစ်သည်။

“ ငါ့အပြုအမူအတွက် ငါ တကယ် တောင်းပန်ပါတယ်”

ဂူရှောင်ရွှဲ့သည် အေးစက်စက် နှာတစ်ချက် မှုတ်လိုက်ပြီး သူ၏အော်ရာများအား ပြန်သိမ်းလိုက်သည်။

“ငါ့ဆရာ ဘယ်သူလဲဆိုတာ မေ့လိုက်တော့။ ငါ နင့်ရဲ့ စိတ်နေသဘောထားကို မကြိုက်ဘူး။ နင် စားပြီးတာနဲ့ မြန်မြန်ပြန်ပါ။ ဒီနေရာကို ဘယ်တော့မှ ထပ်မလာပါနဲ့”

“ငါက ဧည့်သည် နင်က ဆိုင်ရှင်လေ။ ငါက အလကား စားနေတာမှ မဟုတ်တာ။ ပိုက်ဆံပေး စားနေတာပဲ။ နင် ဒီအမှန်တရားတော့ နင် နားလည်မယ်နဲ့တူတယ်”

“ငါတို့ နင့်ကို မကြိုဆိုဘူး”

“နင့်ကြည့်ရတာ ငါ မလာအောင် ကာကွယ်ချင်နေသလိုပဲ။ မောင်းထုတ်ဖို့ ကြိုးစားနေတာလား”

“နင်မှန်တယ်” ပျော်ရွှင်မှုသည် ဂူရှောင်ရွှဲ့၏ မျက်နှာထက်တွင် ပေါ်လာသည်။

ထန်ရှုသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ငါ ကြားတာတော့ နင့်ဆီမှာ ထောင်ပေါင်းများစွာ ချိုးဖြတ်မှု ရှိတယ်ဆို။ အဲဒါကို ချိုးဖြတ်နိုင်ရင် အလကား စားသောက်ခွင့် ရှိမယ်ဆိုတဲ့ စည်းမျဉ်း ရှိတယ်မဟုတ်လား။ ငါ ကြိုးစားကြည့်ချင်လို့ ငါ့ကို လမ်းပြပါ”

“နင်” ဂူရှောင်ရွှဲ့၏ မျက်နှာထက်မှ ပျော်ရွှင်မှုသည် ရုတ်တရက် အေးခဲသွားရသည်။ ထိုအရာသည် သူမ၏ ဆရာဖြစ်သူမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာအား အောင်မြင်စွာ ချိုးဖြတ်နိုင်သူ မည်သူမဆို ထာဝရခိုင်မြဲခန်းမ၏ လေးစားရသော ဧည့်သည်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ အစားအသောက်အား အခမဲ့ ကျွေးရုံသာမက အကောင်းဆုံး ဝန်ဆောင်မှုလည်း ပေးအပ်မည်ဖြစ်သည်။

ထန်ရှုသည် တည်ငြိမ်စွာ ဆိုလိုက်သည်။

“ဘယ်လိုလဲ။ ငါ စိန်မခေါ်နိုင်ဘူးလား”

ဂူရှေုာင်ရွှဲ့ ခေါင်းယမ်း ပြလိုက်သည်။

“မဟုတ်ပါဘူး။ နင် စိန်ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ နင့်ရဲ့ ကျင့်ကြံခြင်းကို ကြည့်ရတာ နင် ဘယ်တော့မ ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။ ပထမအလွှာကို ချိုးဖြတ်နိုင်ရင်တောင်မှ ဒုတိယအလွှာ ရောက်ရင် နင် သေရင်သေ မသေရင် ဒဏ်ရာပြင်းထန်စွာ ရလိမ့်မယ်။ အဲဒီမှာ စုစုပေါင်း ၇လွှာ ရှိတယ်။ နင်က အားလုံးကို ချိုးဖြတ်နိုင်မယ်လို့ ပြောတယ်နော်။ ဒီနေ့အထိ ၄လွှာအထိ ချိုးဖြတ်နိုင်တာ ၂ယောက်ပဲ ရှိတယ်။ သူတို့က နှစ်များစွာ ကျင့်ကြံလာသူတွေ”

“အဲဒါဆို နင်တို့မှာ လေးစားရတဲ့ ဧည့်သည် မရှိဘူးပေါ့”

“မရှိဘူး။ ဒုတိယကနေ တတိယအထိ ချိုးဖြတ်နိုင်သူတောင် ၆ယောက်ပဲ ရှိတယ်”

ထန်ရှု ရင်ထဲတွင် စိတ်ကြီးဝင်ခဲ့ရသည်။ သည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို ဖန်တီးသူမှာ သူဖြစ်သည်။ ပထမအလွှာမှ ဒုတိယအလွှာသို့ပင် ခက်ခက်ခဲခဲ ချိုးဖြတ်ရမည်။ စွမ်းအားနည်းနည်း ရှိသူ အင်မော်တယ်သည် တတိယအလွှာကို ချိုးဖြတ်နိုင်လိမ့်မယ်။ သို့သော် ထိုမှတစ်ဆင့် ချိုးဖြတ်သူများသည် ၈၀% ဒဏ်ရာ ပြင်းထန်စွာရလျှင်ရ သို့မဟုတ် အထုတ်ခံရလိမ့်မည်။

“ငါ့ကို ကြိုးစားခွင့်ပေးပါ” ထန်ရှု ခပ်အေးအေးပင် ပြောလိုက်သည်။

“ကြည့်ရတာ မြစ်ကို မမြင်ခင် နင်က လက်လျှော့မဲ့ပုံ မပေါ်ဘူး။ ငါလည်း ဒီမှာငြီးငွေ့နေပြီ ဆိုတော့ ငါနဲ့ လိုက်ခဲ့”

ထန်ရှုသည် စကား ထပ်မပြောတော့ပဲ ဂူရှောင်ရွှဲ့၏နောက်မှ လိုက်ကာ တောအုပ် လမ်းလေးအား  ဖြတ်လာကြသည်။ လမ်းတစ်လျှောက်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လုံခြုံရေး အစောင့်ဖွဲ့များအား သူတို့တွေ့ရသည်။ ဂူရှောင်ရွှဲ့၏ နောက်မှ ပါလာသော ထန်ရှုအား သူတို့သည် ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကြကုန်သည်။

“ဟ ... ထူးဆန်းတယ်။ သူဌေးလေးနောက်မှာ မရင်းနှီးတဲ့ လူငယ်လေး တစ်ယောက် မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ”

“သည်ကလေးက ဘယ်သူတုန်း။ သူဌေးလေးက အဖော်လုပ်ပေးရတဲ့အထိ တောင်းဆိုတော့”

“အာ သူဌေးလေးက အရွယ်ရောက်ပြီလေ။ ယောက်ျားလေး တစ်ယောက်နဲ့ ရင်းနှီးမှုရှိသင့်တဲ့ ပုံမှန်မိန်းကလေးပဲ မဟုတ်လား”

“အာ ကောင်လေးပုံက မဆိုးပါဘူး။ ဒါပေမဲ့ သူဌေးလေးနဲ့တော့ မထိုက်တန်ဘူး။ ဒီလောကမှာ ငါတို့သူဌေးလေးနဲ့ ထိုက်တန်တဲ့သူ မရှိတော့ဘူး”

“အာ ...  သူတို့က လုံးဝ မလိုက်ဖက်ဘူးကွာ”

“ …”

ထန်ရှုနှင့် ဂူရှောင်ရွှဲ့တွင်  ထက်မြက်သော အကြားအာရုံ ရှိသောကြောင့် လုံခြုံရေးအဖွဲ့၏ တီးတိုးစကားသံများအား ရှင်းလင်းစွာ ကြားနေရသည်။ ရှေ့မှ လျှောက်နေသော ဂူရှောင်ရွှဲ့၏ နှုတ်ခမ်းထက်တွင် နက်ရှိုင်းသော အပြုံး တစ်ခု တွဲလွဲခိုနေသကဲ့သို့ နောက်မှ လိုက်လာသူ ထန်ရှုတွင်တော့ မချိပြုံး ပြုံးလျက်ရှိသည်။

သူကပင် မထိုက်တန်သူ ဖြစ်ရသေးသည်လော။ ထန်ရှုသည် သူ၏စိတ်ထဲမှ အတွေးအား မောင်းထုတ်ကာ ဂူရှောင်ရွှဲ့အား ပြောလိုက်သည်။

“ နင့်မျိုးရိုးနာမည်က ဂူမဟုတ်လား။ ငါလည်း မျိုးရိုးနာမည် ဂူနဲ့တစ်ယောက် သိတယ်”

“နင် ငါ့နဲ့ နီးကပ်ဖို့ မကြိုးစားပါနဲ့။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုက ငါတို့ရဲ့ ဓလေ့ထုံးစံပဲ။ နင် မြှောက်ပင့် ပြောနေရင်တောင်မှ ငါ နင့်ကို ကူညီနိုင်ဘူး။ ဂူနာမည်က အများကြီးရှိတာ။ သေချာပေါက် ငါ သူတို့နဲ့ ပတ်သက်မှု မရှိဘူး”

“နင်က တခြားသူတွေနဲ့ ပတ်သက်မှု မရှိတာမဟုတ်လား။ နင့်ဆရာရဲ့ မျိုးရိုးနာမည်ကို နင် ယူထားတာမဟုတ်လား”

“ဟုတ်တယ်” ဂူရှောင်ရွှဲ့သည် မျက်နှာကို ဝင့်ကာ ပြောလိုက်သည်။

ထန်ရှုသည် ဂူရှောင်ရွှဲ့၏ နောက်ကျောအား စိုက်ကြည့်ကာ သူ၏ တည်ငြိမ်နေသော စိတ်သည် တစ်ဖန် ပြန်လှုပ်ခတ်လာခဲ့သည်။ သူ၏ ပထမတပည့်ကြီး မျိုးရိုးနာမည်သည် ဂူဖြစ်ပြီး သူမ၏ နောက်ဆုံးနာမည်မှာ သူ ပေးခဲ့ခြင်းဖြစ်သည်။

“ဂူရှောင်ရွှဲ့ … ဂူယန်အာဆိုတဲ့သူကို နင် ကြားဖူးသလား”

“ဘာ” သူမသည် ထန်ရှုအား စိုက်ကြည့်ကာ ပြောလိုက်သည်။ “နင် ဘယ်သူလဲ။ ငါ့ဆရာနာမည်ကို နင် ဘယ်လိုသိနေတာလဲ”

မှန်နေခဲ့တာလား။

ထန်ရှု၏နှလုံးသားသည် မုန်တိုင်းထန်နေသော ပင်လယ်ကဲ့သို့ ပရမ်းပတာ ဖြစ်နေခဲ့သည်။ သူသည် မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်ပြီး အလျင်စလို မေးလိုက်သည်။

“ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါ။ မင်းဆရာ ဘယ်လိုနေလဲ။ သူမ အခု ဘယ်နေရာမှာ ရှိနေလဲ”

“ငါ မသိဘူး” ဂူရှောင်ရွှဲ့ စိတ်ဆိုးနေသော လေသံဖြင့် ဖြေလိုက်သည်။

ထန်ရှုသည် လေးနက်သော အသံဖြင့် …

“ကျေးဇူးပြုပြီး ငါ့ကို ပြောပေးပါ။ ငါ့အတွက် အရမ်း အရေးကြီးလို့ပါ”

ဂူရှောင်ရွှဲ့ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ဟေး … နင် ငါ မေးတာ မဖြေရသေးဘူးလေ။ ငါ့ဆရာနာမည် ဘယ်လိုသိလဲလို့။ စီနီယာတွေဆီက ကြားတာမဟုတ်လား ငါသိနေတယ်။ ငါ့ဆရာက ပြင်ပလူတွေနဲ့ မဆက်ဆံတော့တာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကပဲ။ နင် သူမကို တွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

*****

All Chapters